စွပ်စွဲခံရခြင်း
Vol. 9 Ch. 128
အစောင့်အကြပ်အဖြစ် ဝန်ဆောင်မှုပေးသောအဖွဲ့တစ်ဖွဲ့က ထောင်ဟွားဝူအဖွဲ့နားမှ ကျော်ဖြတ်သွားခဲ့ပြီး သူတို့စကားဝိုင်းမှ စကားများက စူးချင်းနှင့် ကျိရှောင်ယင်၏နားထဲသို့ ရောက်ရှိလာခဲ့သည်။ ကျိရှောင်ယင်က စိတ်မသက်မသာဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် "အစ်မ၊ သူတို့က အဘိုးချင် အကြောင်းကို ပြောနေတာလား?"
စူးချင်းက သူမလက်ထဲမှ လုပ်လက်စအလုပ်ကို ချထားလိုက်ပြီး ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဧကရာဇ်မှာ တော်ဝင်မင်းဆရာတစ်ယောက်ပဲရှိတယ်"
“စွပ်စွဲခံရတာ.... ဟုတ်တယ် ဒါက ထောင်ချောက်တစ်ခုပဲ ဖြစ်ရမယ်။ အဘိုးချင်က လူရိုင်းတွေကို ဘယ်တော့မှ ဝင်ခွင့်ပေးမှာ မဟုတ်ဘူး”
ကျိရှောင်ယင်က အလွန်ဒေါသထွက်နေပြီး သူမ၏မျက်နှာပင် နီရဲနေလေသည်။ အဘိုးချင်က ဧကရာဇ်အပေါ် သစ္စာစောင့်သိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့အပြင် အကျင့်ပျက် အရာရှိတွေကို အပြစ်ပေးခဲ့တဲ့ လူကောင်းတစ်ယောက်ပဲ။ အဲ့လိုလူကောင်း တစ်ယောက်က တိုင်းပြည်ကို သစ္စာဖောက်ပြီး တာ့ရှားရဲ့တိုင်းသူပြည်သားတွေကို ဒုက္ခပေးခဲ့တယ်ဆိုတဲ့ စကားကို ဘယ်လိုယုံရမှာလဲ?
"လူတစ်ယောက်ကို အပြစ်ပေးချင်ရင် ဆင်ခြေကောင်းလေးတစ်ခုပဲ ရှာဖို့ လိုတယ်"
စူးချင်းက သူမ၏အေးစက်စက်အသံဖြင့် ခပ်လှောင်လှောင် ရယ်မောလိုက်သည်။ ဒီကျိုးပဲ့ပျက်စီးနေတဲ့ မင်းဆက်ကတော့ အစားထိုးခံရဖို့ အချိန်တန်နေပြီ။
"ကျွန်မတို့ ဘာလုပ်ကြမလဲ? အဘိုးချင်က ခေါင်းဖြတ်ခံရမှာလား?"
ကျိရှောင်ယင်က သူမ အလွန်ကြည်ညိုလေးစားပြီး ချစ်ခင်မိသည့် အဘိုးအိုအတွက် အလွန်စိုးရိမ်နေခဲ့သည်။
အဘိုးချင်လိုမျိုး ကြင်နာတက်တဲ့အဘိုးအိုက ဘာမှ မဖြစ်ဖို့ သူမ မျှော်လင့်နေမိတယ်။
“အဲလိုတော့ မဖြစ်လောက်ပါဘူး။ သူက ဧကရာဇ်ရဲ့ တော်ဝင်မင်းဆရာဆိုတော့ လွယ်လွယ်နဲ့ ခေါင်းဖြတ်ခံရမှာတော့ မဟုတ်လောက်ဘူး”
စူးချင်းက ခဏတာ တုံ့ဆိုင်းနေပြီးမှ ကျိရှောင်ယင်၏အတွေးကို ငြင်းပယ်လိုက်သည်။
အမှန်တော့ သူမလည်း သေချာသိနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဧကရာဇ်တစ်ပါးရဲ့အတွေးဆိုတာက နားလည်ဖို့ လွယ်ကူနိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က သူရဲ့ရာဇပလ္လင်ကို ကိုင်လှုပ်ဖို့ ကြိုးစားလာရင် ဧကရာဇ်ဆိုတာမျိုးက အဖေနဲ့ အစ်ကိုတွေ ညီတွေကိုတောင် မဆိုင်းမတွ သတ်ပစ်နိုင်တဲ့ လူမျိုးတွေပါ။ ဆရာဆိုတာကတော့ ထည့်ပြောနေဖို့တောင် လိုပါ့မလား?
"အဲ့တာဆို ထောင်ဒဏ်ကျခံရမှာလား?"
ကျိရှောင်ယင်က အလွန်စိုးရိမ်သွားပြန်သည်။
ဆံပင်ဖြူတွေနဲ့အဘိုးအိုကို သံကြိုးတွေနဲ့ ချုပ်နှောင်ထားတဲ့ မြင်ကွင်းကို တွေးလိုက်မိရုံနဲ့ ဧရာမလက်တစ်စုံက သူမရဲ့နှလုံးသားကို ဖစ်ညှစ်ဆုပ်ကိုင်ထားသလို ခံစားနေရတယ်။
"အဲ့လိုတော့ ဖြစ်နိုင်တယ်"
ကျိရှောင်ယင် ဝမ်းနည်းနေသည်ကို မြင်နေရသော်လည်း စူးချင်းက သူမကို မလိမ်ပြောချင်တော့ပေ။
တကယ်တော့ ထောင်ဒဏ်ဆိုတာက အကောင်းဆုံးရလဒ်ပဲ၊ ဒါပေမယ့် အဲ့ဒါက သူမတို့ ထင်သလောက် ရိုးရှင်းနိုင်ပါ့မလား?
အခြားတစ်ဘက်မှ ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့ကလည်း အန်းချန်သို့ မဝင်မီ မြို့စောင့်တပ်၏ တင်းကြပ်သော စစ်ဆေးမှုကို ဖြတ်ကျော်ခဲ့ရသည်။ ထို့နောက် သူတို့က စားနပ်ရိက္ခာနှင့် မရှိမဖြစ် လိုအပ်သည့်အရာများကို အမြန်ဝယ်ပြီး အမြန် ပြန်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
အန်းချန်တွင် စပါးဈေးက ကျင့်ချန်ထက် နှစ်ဆပိုမြင့်နေသော်လည်း စပါးဆိုင်၏အပြင်ဘက်တွင် လူများ တန်းစီနေကြဆဲဖြစ်သည်။
"ဦးလေး၊ လူတွေက ဘာလို့ အစားအသောက်တွေ အများကြီး ဝယ်နေကြတာလဲ"
ချိုးယုံခန်းက တန်းစီနေသော လူများဆီမှ စူးစမ်းရန် ချဥ်းကပ်သွားလိုက်သည်။ သူက မျက်နှာဖြူဖျော့ဖျော့ဖြစ်ကာ ပညာရှင်တစ်ယောက်နှင့် တူနေသောကြောင့် သူ ဘာမေးသည် ဖြစ်စေ လူအများက သူ့ကို ကျေကျေနပ်နပ်ကြီး ဖြေပေးကြပေလိမ့်မည်။ ကျိရွှေရှန့်ကတော့ ကြမ်းတမ်းပုံပေါက်သောကြောင့် လူအများက သူ့ကို ကြောက်လန့်တက်ကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားကြီးက အသံကို လျှော့ပြီး ချိုးယုံခန်းကို သေသေချာချာ ရှင်းပြလာခဲ့သည်။
“လူရိုင်းတွေ ဝင်လာတာကို မင်း မသိသေးဘူးလား? မင်းမှာ ပိုက်ဆံရှိရင် စားစရာတွေ ထပ်ဝယ်ဖို့ ငါ အကြံပေးချင်တယ်။ စားစရာတွေ ဝယ်ပြီးတာနဲ့ ရှောင်ထွက်သွားတော့။ လူရိုင်းတွေ ရောက်လာပြီး တိုက်ခိုက်တာကို စောင့်နေရင် ထွက်ပြေးဖို့ အရမ်းနောက်ကျသွားလိမ့်မယ်”
“ကျွန်တော်တို့ ကျင့်ချန်ကနေ လာတာပါ၊ ဒါပေမယ့် လူရိုင်းတွေကို မတွေ့ခဲ့ဘူး။ ဘာလို့ သူတို့လာနေပြီလို့ ပြောနေကြတာလဲ?”
ချိုးယုံခန်းက ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြန်မေးလိုက်သည်။
“ဧကရာဇ်ရဲ့တော်ဝင်မင်းဆရာက လူရိုင်းတွေကို ဝင်ခွင့်ပေးလိုက်တယ်လို့ ကြားတယ်။ ဝမ်မိသားစုစစ်တပ်က လီချန်ကို မကာကွယ်နိုင်တော့ဘူး။ လူရိုင်းတွေက လီချန်ကို သိမ်းပိုက်ပြီးတာနဲ့ သူတို့တပ်တွေကို တောင်ပိုင်းကို ဦးတည်တော့မယ်။ ကြီးမားတဲ့ ဘေးဒုက္ခတွေ ရောက်လာဖို့က သေချာနေပြီလေ၊ စစ်သူကြီးရှောင်း အသက်ရှင်နေသေးရင် အရမ်းကောင်းမှာပဲ”
သူ့စကားဆုံးသွားချိန်တွင် ထိုလူကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ သူစကားမှားမှန်း သိသွားကာ ကြောက်လန့်တကြားဖြင့် ချိုးယုံခန်းကို မော့ကြည့်လိုက်သည်။
စစ်သူကြီးရှောင်းလည်း ရန်သူတွေနဲ့ ပူးပေါင်းဖို့ ကြံစည်ပြီး တိုင်းပြည်ကို ပုန်ကန်တဲ့အမှုကို ကျူးလွန်ခဲ့တဲ့ သစ္စာဖောက် စစ်သူကြီးတစ်ယောက်လေ။ အခု သူက စစ်သူကြီးရှောင်းကို တမ်းတနေတယ်တဲ့လား? ဒါက သေစေလောက်တဲ့ အပြစ်ကြီး မဟုတ်ဘူးလား?
“ကျွန်တော် သိပါပြီ၊ ကျေးဇူးတင်ပါတယ်”
ချိုးယုံခန်းက ထိုလူကြီး၏ကြောက်ရွံ့မှုကို မြင်နေသော်လည်း ခုနစကားကို မကြားချင်ယောင်ဆောင်ကာ ကျေးဇူးတင်လိုက်ပြီး အပြုံးဖြင့် ပြန်ထွက်ခွာလာခဲ့သည်။
"ရွှေရှန့်"
ချိုးယုံခန်းက ကျိရွှေရှန့်ကို တင်းမာသော အမူအရာကို မြင်လိုက်သောကြောင့် သူ့ကို သတိပေးသည့်အနေဖြင့် ခေါ်လိုက်သည်။
ကျိရွှေရှန့်က ခေါင်းခါလိုက်ပြီး “စိတ်မပူပါနဲ့”
သူ့ရဲ့ကနဦး အဆင်အခြင်မဲ့တဲ့ အချိန်တွေက ကျော်လွန်သွားခဲ့ပြီ။ သူ့ရဲ့ပြိုင်ဘက်တွေက အရမ်း အင်အားကြီးလွန်းနေတယ်။ သူ ကလဲ့စားချေချင်ရင် သူက သူတို့ထက် ပိုသန်မာရမယ်။ ကံကောင်းတာက သူ ပထမခြေလှမ်းကို လှမ်းပြီးသွားပြီ။ နောက်ထပ် ကလဲ့စားချေဖို့က အချိန်ကာလလေးတစ်ခုပဲ လိုတော့တာပါ။
သူတို့၏လှည်းများအပြည့် ရိက္ခာဝယ်ရန် ချိုးယုံခန်းက ပုံမှန်ဈေးထက် နှစ်ဆလောက် ပိုသုံးလိုက်ရသည်။ အပြန်လမ်းမှာ ဟင်းရွက်ခေါက်ဆွဲများ ရောင်းနေသော ဆိုင်တစ်ဆိုင်ကို တွေလိုက်သောကြောင့် ချိုးယုံခန်းတစ်ယောက် အံကြိတ်ပြီး ကျင်းတစ်ရာလောက် ထပ်ဝယ်လိုက်တော့သည်။
ချက်ပြုတ်ဖို့ အချိန်ကုန်သက်သာစေမှတော့ ငွေကုန်ရကျိုးနပ်တယ်ပဲ ပြောရတော့မှာပေါ့။
ထို့နောက် သူတို့က စူးချင်းနှင့် တခြားသူများကို အမီလိုက်ရန် အန်းချန်မှ အမြန် ပြန်ထွက်ခွာလာခဲ့ကြသည်။ အပြန်လမ်းတလျှောက်တွင် ဒုက္ခသည်များ ပိုများလာကြောင်း သူတို့ သိလိုက်ရပြီး အများစုက ချမ်းသာသူများ ဖြစ်ကာ မြင်းဖြင့်ဆွဲသော ရထားလုံးများကို စီးလာကြသည်။ ရထားလုံးများထဲတွင် အဖိုးတန်ပစ္စည်း အများအပြား ပါလာပုံရပြီး အစောင့်များနှင့် အစေခံများက သူတို့ကို အကာအကွယ် ပေးထားကြသည်။
အထုတ်အပိုးများနှင့် ကလေးများကို သစ်သားလှည်းများပေါ် တင်ပြီး လက်ဖြင့် ဆွဲလာကြသော သာမန်လူများလည်း ရှိနေကြပြီး သူတို့၏မျက်လုံးများတွင် သူတို့၏အနာဂတ်နှင့် ပတ်သက်သော ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
ဘယ်သူက ကိုယ့်အိမ်ကိုယ့်ယာကနေ ထွက်ခွာချင်ပါ့မလဲ? ဒါပမေယ့် သူတို့ အသက်ရှင်ချင်တယ်လေ၊ အဲ့နေရာမှာ ဆက်နေရင် စစ်သည်တွေက အနိုင်ကျင့်လုယက်ကြမယ်။ လူရိုင်းတွေက သတ်ဖြတ်၊ မီးရှို့ ကြမယ်။ အဲ့လူရိုင်းတွေက မိန်းမတွေကို လုယူပြီး ကလေးတွေကို ဆွဲခေါ်သွားကြမယ်။ သူတို့က ကလေးတွေရဲ့နှလုံးသားကိုတောင် အရှင်ကိုက်ဖဲ့ စားသောက်တယ်လို့ ပြောကြတယ်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ နှစ်ယောက်လုံးတွင် စိတ်လေးနေသော အမူအရာများကိုယ်စီ ရှိနေကြသည်။ တိုင်းပြည်နဲ့ မိသားစုအတွက် မုန်းတီးတဲ့ အမုန်းထက်စာရင် ဒီလူမျိုးရေးမုန်းတီးမှုက ပိုအရေးကြီးတယ်။ အဲဒီလူရိုင်းတွေက သူတို့ရဲ့ လူမျိုးတွေ ရက်ရက်စက်စက် သတ်ဖြတ်နေတာကို တွေးမိတာနဲ့ ကျောရိုးမရှိတဲ့လူ မဟုတ်တဲ့ သွေးမရှိတဲ့လူ မဟုတ်တဲ့ ယောကျာ်းတိုင်းက မခံမရပ်နိုင် ဖြစ်မိကြတာပါပဲ။
နောက်ဆုံးတွင် သူတို့နှစ်ယောက် အဖွဲ့ထဲသို့ ပြန်ရောက်လာပြီး လူရိုင်းများ တိုက်ခိုက်တော့မည့်သတင်းကို ရွာသားများကလည်း ကြားထားပြီး ဖြစ်နေခဲ့သည်။ ကျိရွှေရှန့် ပြန်ရောက်လာသည်ကို မြင်သောအခါတွင် လူတစ်စုက သူကို ချက်ချင်း ဝိုင်းလာကြသည်။
"ရွှေရှန့်၊ လူရိုင်းမျိုးနွယ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းကို မင်း ကြားခဲ့လား?"
ရွာလူကြီးချိုးက ကျိရွှေရှန့်ကို မေးလိုက်သည်။ သူ အရင်တုန်းက လူရိုင်းတွေ လူသတ်တာကို မြင်ခဲ့ဖူးတယ်။ သူတို့က အသက်ရှင်နေတဲ့ လူတွေရဲ့နှလုံးတွေကိုတောင် ဆွဲထုတ်ကြပြီး နှလုံးတွေ အထုတ်ခဲ့ရတဲ့သူတွေရဲ့အော်သံတွေက ဘာနဲ့မှ နှိုင်းယှဥ်လို့ မရနိုင်ဘူး။ ပြန်တွေးကြည့်ရုံနဲ့ အသဲတအေးအေး ဖြစ်တဲ့အထိ တုန်လှုပ်နေမိတုန်းပဲ။
"အင်း၊ ကြားခဲ့တယ်"
ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး စူးချင်းနှင့် ကျိရှောင်ယင် ရှိနေသော ရထားလုံးကို လှမ်းကြည့်လိုက်သည်။ စူးချင်းကို စုကျိုးသို့ မသွားစေရန် ဆွဲဆောင်သင့်သလားဟု သူ တွေးနေမိသည်။
လူအိုကြီးချင်က လူရိုင်းများကို ဝင်ခွင့်ပေးခဲ့သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသောကြောင့် ယခုအချိန်တွင် လူအိုကြီးချင်ကို ဖမ်းဆီးပြီး ချုပ်နှောင်ထားပြီးလောက်ပြီဟု သူ ခန့်မှန်းလိုက်သည်။
တော်ဝင်ရုံးတော်က သူ့အိမ်ကို ဝင်စီးပြီး ချိတ်ပိတ်ထားတာမျိုးတောင် ဖြစ်နိုင်တယ်။
စူးချင်းကလည်း ကျိရွှေရှန့် ပြန်လာကြောင်း ကြားလိုက်သောကြောင့် ရထားလုံးအပြင်သို့ လှမ်းကြည့်လိုက်သောကြောင့် သူတို့ မျက်လုံးချင်းဆုံသွားပြီး ကျိရွှေရှန့်က သူမဆီသို့ လှမ်းလာခဲ့သည်။
ကျိရွှေရှန့်က "စူးချင်း၊ သခင်ကြီးချင် တစ်ခုခုဖြစ်သွားတယ်၊ မင်း စုကျိုးကို သွားဦးမှာလား?”
စူးချင်းက ခေါင်းညိတ်လိုက်ပြီး "ကျွန်မ သွားမယ်။ တခြားလူနာတစ်ယောက်က ကျွန်မ ကုသပေးမှာကို စောင့်နေသေးတယ်”
ဘာပဲဖြစ်ဖြစ် သူမက သူမရဲ့နောက်ခံသမိုင်းကြောင်းကို စုံစမ်းရဦးမှာဆိုတော့ စုကျိုးကို မဖြစ်မနေ သွားရမှာပါပဲ။
"ကောင်းပြီလေ၊ ဒါဆိုလည်း စုကျိုးကို သွားကြတာပေါ့"
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့လည်း အဲ့နားကနေ ဖြတ်ပြီး ခရီးထွက်လို့ရပါသေးတယ်။
သူ အဘိုးကြီးချင်နဲ့ တစ်ကြိမ်ပဲ တွေ့ဆုံဖူးပေမယ် ဒီလူကြီးက ဖြောင့်မတ်ခြင်းတရားနဲ့ ပြည့်စုံပြီး သစ္စာဖောက်တဲ့အလုပ်ကို မကျူးလွန်လောက်ဘူးဆိုတာတော့ သူ ယုံကြည်တယ်။ ဒီအခြေအနေက လှည့်စားမှုတွေ ပါဝင်နေတာလည်း ဖြစ်သွားနိုင်သေးတယ်။
အခုတော့ အရာအားလုံးက နဂါးပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူက အဘိုးကြီးချင် တိုင်းပြည်ကို သစ္စာဖောက်တယ်ဆိုတဲ့ စကားကို ယုံကြည်ခြင်း ရှိ မရှိဆိုတဲ့ အပေါ်မှာပဲ မူတည်တော့တယ်။
“ဖယ်ကြ၊ ဖယ်ကြစမ်း၊ လမ်းပေါ်ကနေ မြန်မြန် ဖယ်ပေးကြ”
သူတို့ စကားစမြည် ပြောနေကြစဉ်တွင် ရှေးပြေးရဲမက်အနည်းငယ်က မြင်းများဖြင့် ရောက်ရှိလာကာ လမ်းသွားလမ်းလာများကို ကြာပွတ်ဖြင့် ရိုက်နှက်ပြီး မောင်းထုတ်နေကြသည်။
ကျိရွှေရှန့်က ရထားလုံးကို လမ်းဘေးသို့ ကမန်းကတန်း မောင်းချလိုက်သည်။ နောက်ဆုံးတွင် ထိုရိုင်းစိုင်းပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော ရဲမက်များ အရင် ဖြတ်သန်းသွားစေရန် လူတိုင်းက ဘေးသို့ ကပ်ပေးလိုက်ကြသည်။
မြင်းစီးလာသော ရှေ့ပြေးရဲမက်များက လူများကို မောင်းထုတ်ပြီးနောက် သူတို့၏နောက်တွင် အကျဥ်းသားများကို တင်ဆောင်လာသော လှည်းသုံးစီး လိုက်ပါလာခဲ့သည်။ သူတို့ ရှေ့သို့ ဆက်သွားနေရန် ရဲမက်တစ်ယောက်က မောင်းကို ထုပြီး အော်ဟစ်နေခဲ့သည်။
“အားလုံး မြန်မြန် ကြည့်ထားကြ။ ဒါက သစ္စာဖောက် ချင်ဖုန်းပဲ၊ သူက လူရိုင်းတွေကို ဝင်ခွင့်ပေးလိုက်တဲ့သူပဲ။ သူ့ကြောင့် မင်းတို့အားလုံးကို နေအိမ်တွေကနေ ထွက်ခွာလာရတာ။ သူက လူတိုင်းကို ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်အောင်လုပ်တဲ့သူပဲ။ သူက တာ့ရှားရဲ့အပြစ်သားပဲ။ အားလုံး သူ့ကို လက်စားချေကြ”
ရဲမက်၏အော်သံကို ကြားလိုက်ချိန်တွင် စူးချင်းနှင့် ကျိရှောင်ယင်တို့က ရထားလုံးပေါ်မှ ချက်ချင်း ခုန်ဆင်းကာ နှစ်ယောက်သား အကျဥ်းသားများ တင်ဆောင်သည့် လှည်းကို အတူတူ ပြေးကြည့်လိုက်ကြသည်။
ထိုလှည်း၏ ဘေးတွင် ဒါဇင်နှင့်ချီသော စစ်သည်များ ရှိနေပြီး ထိုလှည်းကို သစ်လုံးထူထူများဖြင့် ကာရံထားသောကြောင့် အကျဥ်းသားက မည်သည့်နည်းနှင့်မျှ ထိုအကျဥ်းခန်းကို ချိုးဖျက်ပြီး ထွက်ပြေးနိုင်မည် မဟုတ်ပေ။ အကျဥ်းလှည်း၏အတွင်းတွင် ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးရှည်များ ရှိသော အဘိုးအိုတစ်ဦး ရှိနေပြီး သံကြိုးကြီးများက သူကို မတ်တပ်အနေအထားဖြစ်အောင် တုန်နှောင်ထားသည့်အပြင် ခြေကျင်းဝတ်တွင်လည်း သံခြေကျင်းများ တပ်ဆင်ပေးခံထားရသည်။ သူ့၏ခန္ဓာကိုယ်ပေါ်တွင် 'အပြစ်သား' ဟူသော စာလုံးများပါသည့် အဖြူရောင်အင်္ကျီကို ဝတ်ဆင်ပေးထားသည်။
ဆံပင်ဖြူများက အဘိုးအို၏မျက်နှာကို ဖုံးအုပ်ထားသေည်လည်း ထိုဆံပင်များကြားမှ ဝမ်းနည်းဒေါသများ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံက ရဲမက်များကို စိုက်ကြည့်နေခဲ့သည်။
မြင်းပေါ်မှ ရဲမက်ခေါင်းဆောင်က သခင်ကြီးချင်ကို လှောင်ပြောင်ချင်သည့်အမူအရာများ ရှိနေပြီး သူ့၏မျက်နှာတွင် မထီမဲ့မြင် ပြူမူများ ပေါ်လာကာ “သစ္စာဖောက်၊ ငါက မင်းကို ပြည်သူတွေရဲ့ ဒေါသအကြောင်း သိအောင် ပြောပြပေးမယ်"
သူက ထိုသို့ပြောပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြသည့် ပြည်သူများကို ထပ်မံ သွေးထိုးလှုံ့ဆော်နေခဲ့သည်။ နောက်ဆုံးတွင် ပြည်သူများ လမ်းဘေးမှ ကျောက်တုံးများနှင့် မြေစိုင်မြေခဲများကို ကောက်ကိုင်လိုက်ကြပြီး ချင်ဖုန်း၏မျက်နှာဆီသို့ ပစ်ပေါက်ကြတော့သည်။
“တိုင်းပြည်ကို သစ္စာဖောက်တဲ့ သူခိုးကြီး... သတ်ပစ်ကြ”
"ဒါက တာ့ရှားရဲ့အပြစ်သားပဲ.... သူ့ကို သတ်ပစ်ကြ"
ချင်ဖုန်း၏ဦးခေါင်းက ကျောက်ခဲများကြောင့် ပေါက်ပြဲသွားပြီး သူ၏ ဆံပင်ဖြူများက သွေးများကြောင့် နီရဲသွားရသည်။ ချင်းဖုန်းက ဒေါသထွက်နေသော ပြည်သူများကို ဝမ်းပမ်းတနည်း ကြည့်နေပြီး သူ့၏ခန္ဓာကိုယ်က တုန်ယင်နေခဲ့သည်။
ဒီလူတွေက သူ အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားပေးခဲ့တဲ့သူတွေတဲ့လား?
ထိုအချိန်တွင် သူက ရုတ်တရက် လူအုပ်ထဲမှ ကျိရွှေရှန့်၊ စူးချင်းနှင့် ကျိရှောင်ယင်တို့ကို လှမ်းတွေ့သွားခဲ့သည်။