နားမလည်နိုင်သော ရင်းနှီးကျွမ်းဝင်မှု
Vol. 9 Ch. 129
ကျိရှောင်ယင်က ချင်ဖုန်း ထိုမျှ ဆိုးဆိုးရွားရွား အနှပ်စက်ခံနေရသည်ကို မြင်သွားပြီး သူမမျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူမက ထိုပြည်သူများကို အော်ဟစ်တားဆီးကာ အဘိုးချင်က တိုင်းပြည်ကို ဘယ်သောအခါမှ သစ္စာဖောက်မည် မဟုတ်ကြောင်း သူတို့ကို ပြောပြချင်နေမိသည်။
"ရှောင်ယင်၊ မင်း အခု အဘိုးချင်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ မင်းတောင်မှ ကြံရာပါလို့ စွပ်စွဲပြီး အဖမ်းခံရလိမ့်မယ်”
စူးချင်းက ကျိရှောင်ယင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏နား နားသို့ကပ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။
"ရှောင်ယင်၊ စိတ်မလောနဲ့"
ကျိရွှေရှန့်ကလည်း သူ့ညီမလေးကို ပြန်ဆွဲခေါ်သွားသည်။ စူးချင်းက သူ့ကို အံ့သြစွာ တစ်ချက် ကြည့်လိုက်သည်။
သူမရဲ့အမြင်မှာတော့ ကျိရွှေရှန့်ကလည်း မဆင်မခြင် မလုပ်တက်ပေမယ့် စိတ်မြန်တဲ့လူတစ်ယောက် ဖြစ်နေတုန်းပဲ၊ အဲ့တာကြောင့် သူ ဒီလောက်ငြိမ်သက်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိတာပါ။
ဒါပေမယ့် ပြန်တွေးကြည့်ရင်လည်း အဓိပ္ပါယ်တော့ ရှိတာပါပဲ။ သူက လူအိုကြီးချင်ကို တစ်ကြိမ်ပဲ တွေ့ဖူးတာလေ။ အဲ့တာကြောင့် သူက ဘယ်လိုလုပ်ပြီး လူအိုကြီးချင်အတွက် အသက်စွန့်ဖို့ တွေးမှာလဲ?
စူးချင်းက လူအိုကြီးချင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
ဒါက သူမအတွက် အသက်အရွယ် ကွာခြားပေမယ့် ပထမဆုံးချစ်ခင်လေးစားရတဲ့ သူမရဲ့မိတ်ဆွေပါ။ သူမက အဘိုးအိုရဲ့စိတ်ဓာတ်ကို လေးစားပြီး သူ့ကို ခင်မင်မိပေမယ့်လည်း အခုအချိန်မှာ သူမလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။
ရဲမက်ခေါင်းဆောင်က သာမန်လူများ၏အရှေ့တွင် အရှက်ရနေသော ချင်ဖုန်းကို ကြည့်ကာ ကျေနပ်နေပြီး ဘေးမှ အေးအေးဆေးဆေး စောင့်ကြည့်နေလေသည်။ အကျဉ်းသားကို လိုက်ပို့ရသော စစ်သည်များကတော့ ဘာအမူအရာမှ မရှိဘဲ စူးရှသော မျက်လုံးများဖြင့် လူစုလူဝေးကို လိုက်ကြည့်နေကြသည်။ သူတို့တာဝန်က အကျဉ်းသား လုယူခံရခြင်းမှ တားဆီးရန်သာ ဖြစ်သည်။
ရဲမက်ခေါင်းဆောင်က အချိန်အကြာကြီး စောင့်ကြည့်နေပြီးမှ ဒေါသထွက်နေသော ပြည်သူများက ချင်ဖန်းကို သတ်ပစ်လုနီးပါး ဖြစ်လာမှ သူက အော်ဟစ်တားဆီး လိုက်သည်။
“ကောင်းပြီ၊ တော်ကြတော့ ၊ တိုက်ခိုက်နေတာကို ရပ်လိုက်ကြ။ ချင်ဖုန်းက လူရိုင်းတွေကို မြို့ထဲ ဝင်ခွင့်ပေးပြီး မင်းတို့ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တယ်။ အဲ့တော့ လူတိုင်းက လူတစ်သောင်းပါဝင်တဲ့ တိုင်တန်းစာ ရေးပြီး သူ့အပြစ်တွေကို တော်ဝင်ရုံးတော်က သိအောင် တိုင်တန်းနိုင်တယ်။ ငါက ပြည်သူတွေအားလုံးရဲ့ တိုင်တန်းစားကို တော်ဝင်ရုံးတော်ကို ပို့ပေးပြီး ပြည်သူတွေရဲ့သံတမန်ဖြစ်ပေးဖို့ ဆန္ဒရှိတယ်”
တစ်ယောက်ယောက်ရဲ့နှလုံးသားကို အရင် ဖျက်ဆီးပြီးမှ အဲ့လူကို သတ်မယ်ပေါ့။ ဒီ့ထက် ပိုဆိုးတဲ့ အရာမျိုး ရှိပါဦးမလား?
သူက ပြည်သူတွေကို ချစ်ခင်ပြီး သူတို့ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အခု သူ ကာကွယ်ပေးနေခဲ့တဲ့ ဒီလူတွေက သူ့ကို ပြန်ပြီး တိုင်တန်းကြတော့မှာလား?
သူက ဧကရာဇ်ဆီကို လျှေက်တင်လွှာစာတစ်တောင် ကြိုပို့ထားလို့ ဧကရာဇ်က သူ့ကို ယုံပြီး သူ့အသက်ကို ချမ်းသာပေးချင်ရင်တောင် ပြည်သူတွေ ဒေါသထွက်လာရင် အဲ့ဒါက မဖြစ်နိုင်တော့ဘူး။ ပြည်သူတွေရဲ့ဒေါသတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ဧကရာဇ်က သူ့ကို ကွပ်မျက်ပြီး သူရဲ့ဆွေမျိုးကိုးဆက်လုံးကိုတောင် သုတ်သင်ပစ်ရလိမ့်မယ်။
ထိုအတွေးများကြောင့် ချင်ဖုန်းက ကောင်းကင်ကို မော့ကြည့်ကာ ကျိန်ဆဲလိုက်သည်။
"ဝမ်မျိုးရိုး၊ မင်းက စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့လူပဲ။ ငါ ချင်းဖုန်းက ကောင်းကင်နဲ့မြေကြီးကို အရှက်ရစေမယ့် ကိစ္စတွေ မလုပ်ခဲ့ဘူး။ မင်းကတော့ မင်းရဲ့မကောင်းမှုအတွက် အပြစ်ပေး ခံရလိမ့်မယ်”
"မင်းက ဝမ်လူကြီးမင်းကို ကျိန်ဆဲဝံ့တယ်လား? လူအိုကြီး မင်းက သေလမ်းကို ရှာနေတာလား?”
ချင်ဖုန်းက သူ့သခင်ကို ကျိန်ဆဲနေသောကြောင့် ရဲမက်ခေါင်းဆောင်က ချင်ဖုန်း၏မျက်နှာကို ကြာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။ “ရွှမ်း” ဟူသောအသံနှင့်အတူ ချင်ဖုန်း၏မျက်နှာပေါ်တွင် သွေးနီရောင် အစင်းကြောင်းကြီးတစ်ခု ပေါ်လာပြီး သူ့မျက်နှာမှ သွေးများ စီးကျလာသည်။
ချင်ဖုန်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေပြီး မကြောက်သည့်အပြင် ပြန်လှောင်ပြောင်လိုက်သည်။
"မင်းမှာ ငါ့ကို သတ်ဖို့ သတ္တိရှိလို့လား?"
ရဲမက်ခေါင်းဆောင်က ဒေါသထွက်သွားပြီး ချင်ဖုန်းကို ကြိမ်ဖန်များစွာ ရိုက်နှက်နေခဲ့သည်။ သူက ချင်ဖုန်းထံမှ အော်ဟစ်တောင်းပန်ငိုကြွေးသံများကို ကြားချင်နေသော်လည်း အဘိုးအိုက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး သွားများကို တင်းတင်းစေ့ထားကာ လုံးဝ အသံမထွက်ဘဲ ပြင်းထန်သော နာကျင်မှုကို သည်းခံနေခဲ့သည်။
ထို့အပြင် ချင်ဖုန်းက သူ့ကို စိုက်ကြည့်နေရင်း အေးစက်သော စကားလုံးများကို တစ်လုံးချင်းစီ အေးအေးဆေးဆေး ပြောနေသေးသည်။
"ငါ ကိုယ့်ကိုယ်ကိုသတ်သေဖို့ ငါ့လျှာကို ငါ ကိုက်လိုက်ရင်တောင် မင်းရဲ့သခင်က မင်းရဲ့ခွေးအသက်ကို နှုတ်ယူသွားလိမ့်မယ်"
ရဲမက်ခေါင်းဆောင်က ထိုအရာကို အမှန်တကယ် ကြောက်ရွံ့သောကြောင့် လူအိုကြီးကို ထပ်မထိရဲတော့ပေ။ သူက ချင်ဖုန်းကို ခပ်တင်းတင်း စိုက်ကြည့်နေပြီး “ကောင်းပြီလေ၊ ငါ မင်းအသက်ကို ချမ်းသာပေးထားမယ်၊ ဧကရာဇ်မင်းမြတ်က မင်းကို စီရင်မှာကို ငါ စောင့်နေမယ်”
ချင်ဖုန်းက သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေပြီး ထိုနောက်တွင် အကြည့်ပြန်လွှဲကာ လမ်းဘေးရှိ ကျိရွှေရှန့်ကို စိုက်ကြည့်လိုက်ပြန်သည်။ အဘိုးအို၏အကြည့်က လေးလံနေပုံရပြီး သူ့ထံတွင် ပြောစရာ စကားလုံးတစ်ထောင် ရှိနေသော်လည်း ဘာမှ မပြန်နိုင်ဖြစ်နေသော အမူအရာမျိုး ဖြစ်သည်။
အကျဥ်းထောင်လှည်းက သူတို့ဘေးမှ ဖြတ်သွားနေပြီး ကျိရွှေရှန့်က သွေးများ စိုရဲနေသောသော အဘိုးအိုကို ကြည့်နေရင်း သူ့လက်သီးများကို တင်းတင်း ဆုပ်ထားခဲ့သည်။
ဒီသတ္တိမရှိတဲ့ လူကြီးက လေးစားဖို့ ထိုက်တန်တဲ့ စိတ်ဓာတ်တော့ ရှိနေသေးတယ်။
စူးချင်းက အကျဥ်းထောင်လှည်း ဖြတ်မောင်းသွားသည်ကို တချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"သွားကြစို့!"
ကျိရှောင်ယင်က အလွန်အကျွံ ငို နေခဲ့ပြီး သူမ၏မျက်လုံးများက နီရဲနေသည့်အပြင် သူမက အသက်မဲ့နေသလို ဖြစ်နေခဲ့သည်။ ထိုလူက ချင်ဖုန်းအား ရိုက်နှက်သည်ကို သူမ လုံးဝ သည်းမခံနိုင်ပေ။
အဲဒီလူတွေက အရမ်းရက်စက်တယ်။ ဘာလို့ အဘိုးအိုတစ်ယောက်ကို ဒီလို လုပ်နိုင်ကြတာလဲ?
စူးချင်းနှင့် အခြားသူများက သူမကို တစ်ယောက်ပြီး တစ်ယောက် ပြန်ချော့ခေါ်သွားပြီး နောက်ဆုံးတွင် သူမို့အားလုံး အဖွဲ့ထဲသို့ ပြန်ရောက်သွားခဲ့သည်။
"စူးချင်း"
ခေါ်သံကြောင့် စူးချင်း လှမ်းကြည့်လိုက်ချိန်တွင် လူအုပ်ထဲမှ မုတ်ဆိတ်မွေးအပြည့်ရှိသည့် ဝါးဦးထုပ်နှင့် လူတစ်ယောက်ကို သူမ သတိပြုမိသွားခဲ့သည်။ သူက သူမကို လက်ဝှေ့ယမ်း ပြနေသောကြောင့် စူးချင်းက သူ့ကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး မှတ်မိသွားခဲ့သည်။
သူက သခင်ကြီးချင်ဘေးမှာ ရှိနေခဲ့တဲ့ လီဝူ မဟုတ်ဘူးလား?
စူးချင်းက အမူအရာ လုံးဝ မပြောင်းဘဲ သူ့ဆီသို့ လျှောက်သွားလိုက်သည်။ လီဝူ၏ မျက်လုံးများက သွေးရောင်ပေါက်နေပြီ ဖြစ်ကာ သူ့၏နဖူးပေါ်ရှိ သွေးပြန်ကြောများက ဖောင်းကားနေပြီး သူ့၏လက်များက တုန်ရီနေခဲ့သည်။
“ဒါက အနှစ်တစ်ထောင်သက်တမ်းရှိတဲ့လင်ဇီးပါ၊ သခင်ကြီးက ငါ့ကို ယူလာခိုင်းတာ။ သူ့ရောဂါကို ကုသဖို့ မလိုအပ်တော့ဘူးလို့ သူက ပြောခဲ့တယ်။ ပြီးတော့ မင်းတို့ အဝေးကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာပါနဲ့လို့ ပြောခိုင်းလိုက်တယ်”
လီဝူ၏အသံတွင် ရှိုက်သံများ ပါဝင်နေခဲ့သည်။
သူက သူ့သခင်ကြီးကို ကယ်တင်ဖို့ အသေခံမယ်လို့ ဆုံးဖြတ်ပြီးနေပြီ၊ အဲ့တာကြောင့် သူ မထွက်ခွာခင် သခင်ကြီး ပေးထားခဲ့တဲ့ တာဝန်တွေအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့မှ ဖြစ်မယ်။
သူက စုကျိုးမှာ ရှိတဲ့ သူတို့ရဲ့အိမ်တော် မစီးနင်းခံရခင်မှာ သူ့သခင်ကြီး သူ့ကို ယူခိုင်းတဲ့အရာတွေကို ထုတ်ယူလာနိုင်ခဲ့တယ်။
ဒါပေမယ့် သူ စူးချင်းနဲ့ တခြားလူတွေ စုကျိုးကို ရောက်လာတဲ့အထိ အေးအေးဆေးဆေး ထိုင်စောင့်မနေနိုင်ဘူး။ အဲ့တာကြောင့် သူတို့ လာမယ့်လမ်းအတိုင်း သူ လာခဲ့ပြီး ဒီကို ရောက်လာခဲ့တာပါ။ အခု သူ့သခင်ကြီးက အကျဉ်းလှည်းပေါ်မှာ ရှိနေပြီး အဲ့လူတွေက သူ့သခင်ကြီးကို ရိုက်နှက်နှိပ်စက်နေတာကို သူ မြင်နေရပြီး သူ့အသက်ကိုတောင် ဂရုမစိုက်ဘဲ သူ့သခင်ကြီးကို ပြေးကယ်ချင်နေမိတယ်။
ဒါပေမယ့် သူ့သခင်ကြီး သူ့ကို ခိုင်းထားတဲ့အရာတွေကို သူ ပြီးအောင် မလုပ်ရသေးတာကို သူ ပြန်တွေးလိုပ်မိတယ်။ ပြီးတော့ ဒီနေရာက စတင်ဖို့နေရာကောင်း မဟုတ်တာကိုလည်း သူ သိတယ်။ သူ့သခင်ကြီးကို မကယ်နိုင်ဘဲ သူ့အသက်နဲ့ ပေးဆပ်လိုက်ရတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲ့တာကြောင့် သခင်ကြီးကို မကယ်တင်ခင်မှာ သခင်ကြီးက သူ့ကို ခိုင်းထားတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်သွားချင်တယ်။
ကျိရွှေရှန့်က အရပ်ရှည်ပြီး သန်မာသည့်အပြင် သူ့၏အသွင်အပြင်က သိသာထင်ရှားသော အသွင်အပြင်မျိုး ဖြစ်သည်။ လီဝူ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားပြီး ထို့နောက်တွင်မှု သူ့နောက်တွင် ရပ်နေသော ယောက်ျားလေးဝတ်စုံများ ဝတ်ထားသည့် စူးချင်းနှင့် ကျိရှောင်ယင်တို့ကို မှတ်မိသွားခဲ့သည်။ သူတို့အားလုံး ဤနေရာတွင် ရှိနေသောကြောင့် သူက သူတို့ကို ရှာဖွေရန် အချိန်ပေးစရာ မလိုတော့ပေ။ လီဝူက သူ့သခင်ကြီးနောက်သို့ လိုက်သွားနိုင်ရန် ပစ္စည်းများကို အမြန်လွှဲပေးချင်နေခဲ့သည်။
“ကောင်းပြီလေ”
စူးချင်းက အနှစ်တစ်ထောင်လင်ဇီးကို လက်ခံလိုက်သည်။ လီဝူက သူမကို တစ်ခုခုပြောချင်ပုံဖြင့် ကြည့်နေသော်လည်း တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် သူက ဘာမှ မပြောတော့ဘဲ ကျိရွှေရှန့်ဆီကို လျှောက်သွားတော့သည်။
"ငါ့သခင်ကြီးက မင်းကို ဒီသေတ္တာ ပေးခိုင်းတယ်။ 'မင်းရဲအတောင်တွေ လုံလုံလောက်လောက် မဖွံ့ဖြိုးသေးခင် မင်းရဲ့ချွန်ထက်တဲ့ လက်သည်းတွေကို ဖုန်းကွယ်ထားရမယ်’ တဲ့ အဲ့ဒီစကားကိုလည်း ပြောခိုင်းခဲ့တယ်”
လီဝူက ထိုသေတ္တာထဲတွင် ဘာရှိနေသည်ကို မသိသော်လည်း ၎င်းက အလွန်အရေးကြီးမှန်းတော့ သူ သိနေခဲ့သည်။
အဲ့ဒီလိုမှ မဟုတ်ရင် သူ့ရဲ့သခင်ကြီးက ဘာလို့ ဒီလောက် လျှို့ဝှက်ထားမှာလဲ? ပြီးတော့ သူ့သခင်ကြီး ကျိရွှေရှန့်သို့ လက်ဆင့်ကမ်းခိုင်းတဲ့ စကားတွေထဲမှာလဲ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေ ရှိနေသေးတယ်။
လီဝူ၏ စကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က သူ့နှလုံးတစ်ခုလုံး တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသော်လည်း သူက သစ်သားသေတ္တာကို ခပ်အေးအေး ကြည့်နေပြီး ချက်ချင်း မယူသေးပေ။ သူက လီဝူကို တစ်ချက်ကြည့်ကာ ထပ်မေးလိုက်သည်။
"ငါ့ အတွက်လား?"
“အင်း” လီဝူက ခေါင်းညိတ်ပြလိုက်ပြီး "ဆရာကြီးက မင်းကို လူကိုယ်တိုင် ပေးခိုင်းပြီး အဲ့စကားလုံးတွေကို ပြောခိုင်းခဲ့တယ်"
လီဝူ သူ့စကားဆုံးသည်နှင့် သူလက်ထဲမှ သစ်သားသေတ္တာကို ကျိရွှေရှန့်ထံ လှမ်းပေးလိုက်သည်။ ကျိရွှေရှန့်က သစ်သားသေတ္တာကို လှမ်းယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ရာ အနက်ရောင်သစ်သားသေတ္တာပေါ်တွင် ချီလင်တစ်စုံ ရုပ်ပုံများ ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။ ထိုခမ်းနားထည်ဝါသော သားရဲနှစ်ကောင်က ရွှေသော့ခလောက်ကို ငုံထားပြီး ထိုသော့ခလောက်ကလည်း အလွန်ထူးဆန်းနေကာ ထိုသေတ္တာကို ဖွင့်နိုင်ရန် အထူးသော့တစ်ချောင်း လိုအပ်မည့်ပုံရသည်။
"သော့က ဘယ်မှာလဲ?”
ကျိရွှေရှန့်က သူ့ခေါင်းကို ပြန်မော့လိုက်ပြီး လီဝူ့ကို ထပ်မေးလိုက်သည်။ လီဝူက ခေါင်းခါပြလိုက်ပြီး “မသိဘူး၊ ငါမှာ မရှိဘူး”
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး အနက်ရောင်သစ်သားသေတ္တာကို သိမ်းဆည်းလိုက်သည်။ ကျိရွှေရှန့်က သစ်သားသေတ္တာကို လက်ခံလိုက်သောကြောင့် လီဝူက လေးလံသောဝန်ထုပ်ဝန်ပိုးမှ သက်သာရာရသွားသလိုမျိုး ကျိရွှေ့ရှန့်နှင့် စူးချင်းကို လက်ဟန်ဖြင့် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
“မင်းတို့နှစ်ယောက်အတွက် ငါ့သခင်ကြီး ပေးခဲ့တဲ့ အရာတွေကို ငါ ပေးပြီးသွားပြီ။ ငါတို့ အချင်းချင်း နောက်ထပ် ပြန်မတွေ့တော့ဘူး”
စူးချင်းက လီဝူ့၏မျက်လုံးများထဲမှ ဆုံးဖြတ်ချက်ကို မြင်နိုင်ခဲ့သည်။
သူက သူ့သခင်ကြီးကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ပြီးပုံရပြီ။
"တစ်ယောက်တည်းသွားရင်တော့ သေမှာပဲ"
စူးချင်းက ခပ်ပေါ့ပေါ့ ပုံစံဖြင့် ပြောလိုက်သော်လည်း လီဝူက ရယ်မောလိုက်ကာ “ငါက သေမှာကို မကြောက်ပါဘူး၊ ဒါပေမယ့် သူ့ကို မကယ်နိုင်မှာကိုတော့ ကြောက်တယ်”
ယခုအချိန်အထိ လီဝူက သူ့သခင်ကြီးကို ကယ်တင်ပေးရန် စူးချင်းနှင့် ကျိရွှေရှန့်ကို မတောင်းပန်ခဲ့ပေ။
ဒီခရီးက ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်သလိုမျိုး ဖြစ်မှာကို သူလည်း သိပါတယ်။ သူ့သခင်ကို ခေါ်ဆောင်သွားတဲ့သူတွေက လီချန်ရုံးတော်က လူတွေလို့ ထင်နေရပေမယ့် တကယ်တမ်းတော့ သူတို့အားလုံးက သံချပ်ကာဝတ်တပ်ဖွဲ့က လူတွေပါ။ သူတို့က နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့ လက်ရွေးစင်စစ်သည်တွေလေ၊ သူဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
ဒါပေမယ့်လည်း သူ့သခင်ကြီး ခံစားနေရတဲ့ စိတ်ဒဏ်ရာနဲ့ ဝေဒနာတွေကို ဘာမှ မလုပ်ပေးဘဲ ဒီအတိုင်းလည်း ကြည့်မနေဖူးလေ။ အဆုံးသတ်က ဘာမှန်း သိနေရင်တောင် သူ လုပ်ရမှာပါပဲ။ သူ သေသွားရင်တောင် သူ့သခင်ကြီးရဲ့အနားမှာ သေရလိမ့်မယ်။
စူးချင်းက လီဝူကို လှမ်းတားလိုက်ပြီး “ဒီလောက်များတဲ့ လူတွေနဲ့ ရှင် သူ့ကို ဘယ်လို ကယ်မှာလဲ? ရှင် အဲဒီလူတွေကို ရန်စမိရင် သူတို့က ဒေါသကြောင့် ရှင့်သခင်ကြီးကို သတ်လိုက်ရင် ရှင်က ရှင့်သခင်ကြီးကို ထိခိုက်စေမှာ မဟုတ်ဘူးလား?”
လီဝူက မချိပြုံး ပြုံးကာ ခေါင်းယမ်းလိုက်ပြီး “တကယ်တော့ လူတွေ အများကြီး မဟုတ်ဘဲ ဘယ်သူမှ မရှိရင်တောင် ငါက သခင်ကြီးကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး”
"ရှင် သေမယ်ဆိုတာကို သိနေတာတောင် သွားချင်နေသေးတာလား?"
စူးချင်းက ထပ်မေးလိုက်ပြီး လီဝူက ပြတ်သားသော အကြည့်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
"ဟုတ်တယ် ငါ သေရမယ်လို့ သိနေတောင်မှ ငါ သွားချင်သေးတယ်"
“အင်း” စူးချင်းက ခေါင်းညိတ်လိုက်သည်။
ကျိရွှေရှန့်က သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေပြီး သူမ အသံက တစ်ခုခု မှားနေပြီဟု သူ ခံစားမိသည်။ ထို “အင်း” ဟူသော အသံတွင် သူနားမလည်နိုင်သော ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။
သူ မျှော်လင့်ထားသည့်အတိုင်း စူးချင်းက လက်ကိုင်ပုဝါတစ်ထည် ထုတ်ယူလိုက်သည်ကို သူ မြင်လိုက်ရသည်။