ဖူမိသားစု
Vol. 5 Ch. 456
"ဟမ် ..."
ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်းရင်း ထိုမိန်းမအား ကြည့်လိုက်၏။ သူ့အား ကမ္ဘာပေါ်တွင် ယခုကဲ့သို့ ပြောရဲသူ မရှိချေ။
တရုတ်၏ သာမန် သူဌေးများ မဆိုထားနှင့် နိုင်ငံခေါင်းဆောင်များပင် သူ့အား ရိုရိုသေသေ ဆက်ဆံရသည်။ ထိုမိန်းမကား သူ့အား ခြိမ်းခြောက်ရဲလောက်အောင် ရိုင်းစိုင်းလွန်းသည်။
"ဒီမှာ ရှင့်ကို ပြောတာ ... ရှင်က အစ်မအန်ရဲ့ သူငယ်ချင်းလား ... ဒါမှမဟုတ် ရည်းစားလား ... မဖြစ်နိုင်ပါဘူး ... ရှင်က ကျွန်မထက်တောင် သိပ်အသက် မကြီးသေးဘူး ... နောက်ပြီး အစ်မအန်ရဲ့ ပုံစံကို ကျွန်မ သိတယ် ... သူက သူ့ထက် အသက်ပိုကြီးတဲ့ လူကိုပဲ ကြိုက်မှာ ... ရှင်က အစ်မအန်ရဲ့ အခြောက် သူငယ်ချင်းမလား ... မိန်းကလေးတိုင်းမှာက အခြောက် သူငယ်ချင်း ရှိတတ်ကြတယ်လေ ... အာ ... ဘာပဲ ဖြစ်ဖြစ် ... အပြင်မှာ အရမ်းအေးတယ် ... အထဲကို ဝင်ရအောင် ..."
အန်ရိုရှီက ချန်းဖန်အား အသက်ပင် မရှူပဲ မေးခွန်းများ တရစပ် မေးလိုက်သည်။ ထို့နောက် ချန်းဖန် ပြန်မဖြေရသေးခင် မှာပင် သူမက ချန်းဖန်၏ လက်ကို ဆွဲရင်း ခြံဝန်း အတွင်းသို့ ဆွဲခေါ်လာခဲ့သည်။
သူမကား ရှပ်အင်္ကျီနှင့် စကပ်ကို တွဲဖက် ဝတ်ဆင်ထားရာ အပြင်၏ အအေးဒဏ်ကို သိသိသာသာပင် ခံစားနေရသည်။ ထို့ကြောင့်ပင် အထဲသို့ ဝင်ရန် လောနေခြင်း ဖြစ်သည်။
အရပ်ရှည်ရှည် မိန်းကလေးကမူ အထဲသို့ ဝင်သွားသော သူတို့ နှစ်ယောက်ကို ဖြူရော်စွာ ပြုံးကာ ကြည့်ရင်း ...
"အဲဒါသာ ကြည့်တော့ ဖန်းယုရေ ... ငါ့ညီမကတော့ ဆုံးမလို့ကို မရဘူး ..."
လူငယ်က နွေးထွေးစွာ ပြုံးရင်း အန်ယုချင်ကို ကြည့်လိုက်၏။
"ဒါနဲ့ နင်တို့ ပြောနေတဲ့ အန်ရာ ဆိုတာက တရုတ် အနောက်မြောက်ပိုင်း၊ ဖူမိသားစုနဲ့ လက်ထပ်ဖို့ ရွေးထားတဲ့ တစ်ယောက်မလား ..."
"ဟုတ်တယ် ..."
အန်ယုချင်က သူမ မျက်ဝန်းထဲမှ သဝန်တိုမှုများ မပေါ်စေရန် အဝေးသို့ ငေးကြည့်ရင်း တိတ်ဆိတ်စွာ ပြန်ဖြေလိုက်သည်။
အန်ယုချင်မှာ အန်ရာ မိခင်၏ အဖြစ်အပျက်ကြောင့် အန်ရာ့ အပေါ် အထင်မကြီးသော်လည်း အန်ရာ၏ လှပသော ရုပ်ရည်နှင့် ထက်မြက်သော အရည်အချင်းက သူမအား မနာလိုစေသည်။
"အနောက်မြောက်ပိုင်းက ဖူမိသားစု ... တကယ့်ကို အင်အားကြီး မိသားစုပဲ ... သူတို့ရဲ့ လွှမ်းမိုးမှုက ငါတို့ မိသားစုတွေထက် အများကြီး သာတယ် ... သခင်လေး ဖူကျန့်ထင်ဆို သူ့ရဲ့ အရည်အချင်းတွေကြောင့် ရုပ်ဖျက်ထားတဲ့ နဂါးလို့တောင် လူတွေက ခေါ်ကြတယ် ... တကယ့် အသိုင်းအဝိုင်းကြီးတွေက လူတွေတောင် သူ့ကို ရိုရိုသေသေ ဆက်ဆံရတယ် ..."
ချောမောသော လူငယ်က မှတ်ချက်ချလိုက်သည်။
ဖူကျန့်ထင်မှာ တရုတ်မြောက်ပိုင်း၌ ကျော်ကြားသော နာမည်တစ်ခု ဖြစ်သည်။ သူ၏ ပါရမီနှင့် အရည်အချင်းက တုန်းဟယ်ပြည်နယ်၏ ဒေသခံ သူဌေးများ မဆိုထားနှင့် ရန်ကျင်း၏ လူငယ် ခေါင်းဆောင်များ ထက်ပင် သာလွန်သည်။
ထို့ကြောင့် ဖူမိသားစု၏ ဆက်ခံသူကို လက်ထပ်ရမည့် အန်ရာမှာ အမှန်ပင် ကံကောင်းလှသည်။ အန်ယုချင်မှာ သူမ၏ စေ့စပ်ကြောင်းလမ်း ထားခြင်းကြောင့် မဟုတ်လျှင် ဖူမိသားစု၏ ဆက်ခံသူကို လက်ထပ်ရမည့် အခွင့်အရေးအား လက်လွှတ်လိမ့်မည် မဟုတ်ပေ။
"ဒီနှစ် တွေ့ဆုံပွဲမှာ ဖူမိသားစုကိုလည်း ဖိတ်ထားသေးတယ် ... ဖူကျန်းထင် ကိုယ်တိုင်တောင် လာမယ် ထင်တယ် ... ဒီ လက်ထပ် မဟာမိတ်ပွဲက ငါတို့ မိသားစု နှစ်ခုလုံး အတွက် အရေးကြီးတယ်လေ ..."
အန်ယုချင်က ပင့်သက်ရှိုက်ရင်း ပြောလိုက်၏။
"အင်း ... ငါကြားတာကတော့ သခင်လေးဖူက မီးငှက်မြို့ကို ရောက်နေပြီ တဲ့ ... သူက ဒေသခံ လူငယ် ခေါင်းဆောင်တွေဆီမှာ လည်ပတ်နေတာ ... ငါ့အထင် သခင်လေးဖူ ဒီနေ့ ကိုယ်ထင်ပြလိမ့်မယ် ..."
ဟွာဖန်းယုက ခိုင်မာစွာ ဆိုလိုက်၏။
ထိုအချိန်၌ ချန်းဖန်နှင့် အန်ရိုရှီတို့မှာ ခြံဝန်း အတွင်း ရောက်နေခဲ့ပြီ ဖြစ်သည်။ အန်ရိုရှီမှာ ချန်းဖန်၏ လက်ကို ဆုပ်ကိုင်ထားရင်း နွေးထွေးနေသလို ခံစားနေရသည်။
"ရှင်က တကယ်ပဲ အစ်မအန်ရဲ့ သူငယ်ချင်းလား ... ရှင့်နာမည်က ဘယ်သူလဲ ... ကျွန်မနဲ့ အစ်မအန်က ရင်းနှီးတယ်နော်... ရှင် ကျွန်မကို အရူးလုပ်လို့ မရဘူး ..."
မိန်းကလေးက ချန်းဖန်ကို ကြည့်ရင်း ပြောလိုက်သည်။
"ငါ့နာမည်က ချန်းဖန် ... အစ်မအန်က ငါ့ရဲ့ အစ်မ ..."
ချန်းဖန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
"အင်း ... အစ်မအန်က ကျွန်မကို သူ့မောင် အကြောင်း ခဏခဏ ပြောဖူးပါတယ် ... ဒါပေမဲ့ ရှင်ဆိုတာ ဘယ်လိုလုပ် သေချာမှာလဲ ... ဘာပဲဖြစ်ဖြစ် အစ်မအန်ရှေ့ ရောက်ရင်တော့ သိရမှာပေါ့ ..."
မိန်းကလေးကား အပြစ်ကင်းစင်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူမ ပြုံးလိုက်သည့် အချိန်တိုင်း၌ ရိုးရှင်းသော အလှတရားက ပိုမို ပေါ်လွင်လာကာ မြင်ရသူ၏ ရင်ကို အေးချမ်းစေသည်။ သို့သော်လည်း သူမ၏ မြေခွေးကဲ့သို့ ပါးနပ်မှုကလည်း ဩချစရာပင်။
"ဒီမိန်းကလေးသာ ကြီးလာရင် မလွယ်ဘူး ..."
ချန်းဖန်မှာ ထိုမိန်းကလေးဟ ချစ်စဖွယ် ကောင်းပုံကို အသိအမှတ် ပြုသည့်တိုင် ထိုသို့ တွေးလိုက်မိ၏။
ဤသို့ဖြင့် သူတို့ နှစ်ယောက်ကား အန်မိသားစု ခြံဝန်း အတွင်းမှ လူများကို ဖြတ်ကျော်ရင်း လျှောက်လာခဲ့၏။
ဤတွေ့ဆုံပွဲသို့ လာသော လူတိုင်းကား တကယ့် ထိတ်ထိတ်ကြဲများသာ ဖြစ်ကြသည်။ သူတို့ကား ဝတ်ကောင်းစားလှများ၊ ရတနာများဖြင့် သူတို့၏ ကြွယ်ဝမှုကို လှစ်ဟပြနေသည်။ ထိုအထဲတွင် လက်လုပ်လက်စား အသွင် သဏ္ဌာန် တစ်ယောက်မျှ ရှိမနေခဲ့ချေ။
ချန်းဖန်မှာ အပြစ်ကင်းစင်သော အန်ရိုရှီထံမှ အန်ရာ့ အကြောင်းကို အလွယ်တကူပင် နှိုက်ထုတ် နိုင်ခဲ့သည်။
"ဒါဆို အစ်မအန်က ဖူမိသားစုက ဖူကျန့်ထင်နဲ့ တကယ်ပဲ လက်ထပ်ရတော့မှာပေါ့ ... ဖူမိသားစုက တရုတ် အနောက်မြောက်ပိုင်းက ရှေးဟောင်း မိသားစုကြီးပဲ ... နောက်ပြီး ဖူကျန့်ထင်ကလည်း ဝမ်မိသားစုက ငါ့ရဲ့ ဝမ်းကွဲ ဝမ်ချန်းလို ကျော်ကြားတယ် ..."
ချန်းဖန်ပ အေးစက်စွာ ပြုံးရင်း တွေးလိုက်၏။
သိပ်မကြာခင်မှာပင် သူတို့ နှစ်ယောက် အိမ်တစ်လုံးဆီသို့ ရောက်လာခဲ့၏။ အန်ရိုရှီက ထိုအိမ်အတွင်းသို့ ပြေးဝင်လိုက်ရင်း ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။
"အစ်မအန် ... ဘယ်သူ ရောက်လာလဲ ခန့်မှန်းကြည့် ..."
"ရှောင်ရှီ ... ညီမလေးလား ..."
ရင်းနှီး နွေးထွေးသော အသံတစ်ခု အိမ်ထဲမှ ထွက်ပေါ်လာ၏။ ထိုအသံထဲ၌ ချစ်ခင်၊ ရင်းနှီးခြင်းများ ပါဝင်နေရာ ထိုအသံရှင်မှာ အန်ရိုရှီကို မည်မျှ ဂရုစိုက်ကြောင်း ပေါ်လွင်နေခဲ့၏။
"ဒါက အစ်မအန်ပဲ ..."
ချန်းဖန် အိမ်အတွင်းသို့ လှမ်းမျှော်ကြည့်လိုက်၏။
"အစ်မရဲ့ မောင်ရောက်နေတာ ... အစ်မရဲ့ မောင်လေးကို ထွက်တွေ့ပါဦး ..."
အန်ရိုရှီက အစ်မအန်၏ လက်မောင်းကို ဆွဲရင်း အပြင်သို့ အတင်းအကျပ် ခေါ်လာခဲ့သည်။
အစ်မအန်က ဖြူရော်စွာ ပြုံးလိုက်ရင်း မိန်းကလေး၏ ဆွဲခေါ်ရာသို့ လိုက်လာခဲ့သည်။ သူမက အစိမ်းရောင် ချီပို ဝတ်စုံကို ဝန်ဆင်ထားပြီး ဆံပင်ကို ဖားယားချထားသည်။ သူမ၏ နူးညံ့ သိမ်မွေ့ပြီး အိပ်မက်ဆန်သော ပုံစံက တရုတ်မြောက်ပိုင်း ဒေသနှင့် လိုက်ဖက်ညီနေ၏။
"ညီမလေးပြောတာ ဘယ်သူ ..."
ချန်းဖန်အား တွေ့သည်နှင့် အစ်မအန်၏ စကားမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားသည်။ သူမကား ရုပ်တု တစ်ခုကဲ့သို့ အေးခဲသွား၏။ သူမက ကြောင်တောင်တောင်ပင် ချန်းဖန်အား ငေးမော ကြည့်မိသည်။
ခဏမျှ အကြာ၌ သူမ၏ မျက်လုံးများက တဖြည်းဖြည်း လင်းလက်လာခဲ့သည်။ အစ်မအန်က တံခါးဘောင်အား ကိုင်ရင်း တုန်ယင်သော အသံဖြင့် မေးလိုက်၏။
"မောင်လေးလား ..."
"ဟုတ်ပါတယ် ... ကျွန်တော်ပါ ..."
ချန်းဖန်က ရှေ့သို့ လျှောက်လာရင်း အန်ရာ၏ ပခုံးကို ကိုင်ကာ သူမ၏ ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
"အစ်မ ... ကျွန်တော် ပြန်လာပြီ ... အစ်မကို စိုးရိမ်အောင် လုပ်မိတဲ့ အတွက် တောင်းပန်ပါတယ် ... ဒီနေ့က စပြီး အစ်မ ဘယ်တော့မှ စိတ်မဆင်းရဲ စေရဘူးလို့ ကတိပေးပါတယ် ..."
ချန်းဖန်က အန်ရာအား ခိုင်မာစွာ ပြောလိုက်၏။
"ရှောင်ဖန် ... အစ်မ မင်းကို အရမ်း သတိရတာပဲ ... မင်း အသက်ရှင်နေသေးတယ် ဆိုတာ အစ်မ သိပါတယ် ..."
အန်ရာက ချန်းဖန်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ရင်း ပြောလိုက်၏။ သူမကား ချန်းဖန် နောက်တစ်ကြိမ် ပျောက်ကွယ်သွားမည်ကို အလွန်အမင်း စိုးရိမ်နေပုံ ရသည်။
အန်ရိုရှီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ဝိုင်းစက်လာခဲ့၏။
"ဘုရားရေ ... သူက အစ်မရဲ့ မောင်မဟုတ်ဘူး ... ရည်းစားပဲ ဖြစ်ရမယ် ..."
"အစ်မအန်မှာ ရည်းစားက ရှိပြီးသား ဆိုတော့ ဖူမိသားစုနဲ့ လက်ထပ်ပွဲကို ဘယ်လိုလုပ်မယ် မသိဘူး ..."
ခဏမျှ အကြာ၌ အန်ရာမှာ သူမတို့ ချည်းသာရှိသည် မဟုတ်ကြောင်း သတိပြုမိသွား၏။ သူမက ချန်းဖန်ကို ညင်သာစွာ တွန်းထုတ်ရင်း ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်လိုက်သည်။
ထို့နောက် ချန်းဖန်အား ဆူပူ ကြိမ်းမောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်ရင်း ...
"ရှောင်ဖန် ... ကလေးလို လုပ်မနေနဲ့တော့ ... ရှောင်ရှီက ကြည့်ပြီး ရယ်နေဦးမယ် ..."
"အစ်မက ကျွန်တော့် အစ်မပဲဟာ ... ကိုယ့်အစ်မကို ဖက်တာ ဘာမှားနေလို့လဲ ..."
ချန်းဖန်က အပြစ်ကင်းစွာ ပြုံးရင်း ပြောလိုက်၏။
အန်ရာက ရူးကြောင်ကြောင် လုပ်နေသော ချန်းဖန်အား မျက်စောင်းတစ်ချက် ထိုးလိုက်၏။
ခဏအကြာ၌ ချန်းဖန်မှာ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း ဟူသော အကြောင်းရင်းကို ပြန်လည် သတိရလာခဲ့သည်။ သူက အနည်းငယ် မည်းမှောင်သော မျက်နှာဖြင့် မေးလိုက်၏။
"အစ်မ ... ကျွန်တော် ကြားတာတော့ အစ်မနဲ့ ဖူမိသားစု ကြားမှာ လက်ထပ် မဟာမိတ်ပွဲ လုပ်မလို့ဆို ... သူတို့က အစ်မကို တွန်းအား ပေးတာလား ... အဲ့လိုဆို အန်မိသားစု ခေါင်းဆောင် ကိုယ်တိုင် ကျွန်တော့်ကို ဒီကိစ္စ ရှင်းပြရမယ် ..."
ချန်းဖန်၏ မျက်လုံးများက အေးစက်စွာ လင်းလက်လာခဲ့၏။ အဝါရောင် ကျောက်မျက်က ချန်းဖန်၏ ဒေါသကို ခံစားမိသည်နှင့် တဆတ်ဆတ် တုန်ခါလာပြန်သည်။ ကျောက်မျက် အတွင်းရှိ "အမတေ အားဖြည့်ခြင်း" ကား လူသား၏ သွေးများကို သောက်သုံးရန် အဆင်သင့် ဖြစ်နေပုံရသည်။
ချန်းဖန်၏ ဒေါသထွက်နေသော အမူအရာကို တွေ့သည်နှင့် အန်ရာက ချန်းဖန်၏ လက်ကို နောက်တစ်ကြိမ် ဆွဲကိုင်ရင်း နှစ်သိမ့်လိုက်သည်။
"စိတ်လျှော့ပါဦး ... သူတို့က အစ်မကို တွန်းအား မပေးပါဘူး ..."
အန်ရာက သက်ပြင်း တစ်ချက်ချရင်း ဆက်ပြောလိုက်၏။
"သခင်ကြီးအန်က ကျင်းရှို့ လုပ်ငန်းစုကို ကူညီပေးမယ် ဆိုတဲ့ စကားကြောင့် အစ်မ လက်ခံလိုက်တာပါ ... နောက်ပြီးတော့ သူတို့က အစ်မရဲ့ ဆွေမျိုးတွေပဲလေ ... သူတို့က အစ်မကို သတိရ နေကြတာ ..."
"ဒါဆို ဖူမိသားစုကရော ..."
ချန်းဖန်၏ မျက်နှာက မည်းမှောင်နေဆဲပင်။
ချန်းဖန်မှာ သူမကို ကလေးဘဝတည်းကပင် အမြဲ ကာကွယ်ပေးချင်ခဲ့သည်။ သူမအား "မိမစစ် ဖမစစ်" ဟု နောက်ပြောင်သည့် သူမ၏ အတန်းဖော်များကိုပင် ချန်းဖန်က ရိုက်နှက်ခဲ့သည်။
ချန်းဖန် ယခု ပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ် စွမ်းအားများနှင့် ဆိုပါက အန်မိသားစုနှင့် ဖူမိသားစုတို့ တစ်ခုခု ဖြစ်တော့မည် ဖြစ်ကြောင်း သူမ သိသည်။
"ဖူမိသားစုနဲ့က ခုမှ စကားပြောနေဆဲ အဆင့်ပဲ ရှိသေးတာပါ ... အစ်မ သဘောမတူသမျှ ဘာမှ ဖြစ်လာဦးမှာ မဟုတ်ပါဘူး ... နောက်ပြီး အစ်မက ဆယ်ကျော်သက် ကောင်မလေး မဟုတ်တော့ဘူးလေ ... တစ်နေ့မှာ လက်ထပ်ရမှာပဲ ..."
"ဟင်း ..."
ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း အန်ရာအား ကြည့်လိုက်၏။
"အစ်မ ... ကျွန်တော့်ကို ညာမနေပါနဲ့ ..."
"သူတို့က အစ်မကို အစေခံတွေ နေတဲ့ နေရာမှာတောင် ထားတာ ... ဘာလို့ သူတို့အတွက် စကားပြောပေး နေတာလဲ ... သူတို့သာ အစ်မကို ကြင်ကြင်နာနာ ဆက်ဆံရင် သူတို့ကို ကျွန်တော် လက်ချောင်းလေးနဲ့တောင် ထိမှာ မဟုတ်ဘူး ..."
"ဒါပေမဲ့ ..."
ချန်းဖန်က အေးစက်စွာ ပြုံးလိုက်၏။
"ဂိတ်စောင့်တွေကတောင် အစ်မနာမည်ကို မကြားဖူးကြဘူး ... အဲဒီ အဓိပ္ပာယ်ကို ကျွန်တော် ကောင်းကောင်းသိတယ် အစ်မ ... သူတို့က သူတို့ရဲ့ အကျိုးအမြတ် အတွက်ပဲ အစ်မကို အသုံးချချင်တာ ..."
ချန်းဖန်၏ စကားကြောင့် ဖြူရော်သော အပြုံးတစ်ခု အန်ရာ၏ မျက်နှာထက်တွင် ပေါ်လာခဲ့၏။ ချန်းဖန်၏ စကားက မှန်ကန်ကြောင်း သူမ ကောင်းစွာ သဘောပေါက်သည်။
"စိတ်မပူပါနဲ့ ... အစ်မ ခုထိ သဘောမတူ ရသေးပါဘူး ... မင်းမလာရင်တောင်မှပဲ အဘိုးကို ရှင်းရှင်းလင်းလင်း ပြောဖို့ အစ်မ စီစဉ်ပြီးပါပြီ ..."
အန်ရာက မေးစေ့ကို အနည်းငယ် မော့ရင်း ပြောလိုက်၏။
"သူတို့က အစ်မ အတွက် ပိုက်ဆံနဲ့ အချိန်တွေ ရင်းနှီးမြှုပ်နှံထားတာပဲ ... သူတို့က အစ်မ ပြောတာကို လွယ်လွယ်လေး လက်ခံမယ် ထင်နေလား ..."
ချန်းဖန်က မေးလိုက်သည်။
"ဟမ့် ... သူတို့က အပြစ်မရှိတဲ့ မိန်းကလေး တစ်ယောက်ကို သူတို့ရဲ့ အကျိုးအမြတ် အတွက် အသုံးချချင် နေကြတာပဲ ... သူတို့ ဘယ်သူလဲ ဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး ... ဒီအတွက် သူတို့ ပြန်ပေးဆပ်ရမယ် ..."
ရုတ်တရက် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"အန်ရာ ... ဘယ်သူက ဟာသ လာပြောနေတာလဲ ..."
***