← Chapters

ဖြစ်ကြောင်းကုန်စင်

Vol. 10 Ch. 150

ဖြစ်ကြောင်းကုန်စင်

Vol. 10 Ch. 150

"ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ အခုမှ ငါ့ကို လာပြောတာတုန်း?"

ချိုးယုံခန်းတစ်ယောက် ချွေးအေးများ ထွက်လာပြန်သည်။ နောက်ဆုံးအကြိမ်က အဖြစ်အပျက်ကြောင့် သူ့ညီမက သင်ခန်းစာ ရသွားခဲ့ပြီဟု သူ ထင်ထားခဲ့သော်လည်း သူမက ရူးသွပ်နေဆဲဖြစ်သည်။ သူမက အပေါ်ယံတွင် နာခံမှုရှိနေသလို ဟန်ဆောင်ငြိမ်သက်နေခဲ့သော်လည်း သူမ၏နှလုံးသားထဲတွင် လုပ်ကြံရန်အခွင့်အရေးကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။

“အစ်မချိုးယွဲ့က သူ(မ)က လူတိုင်းရဲ့အသက်ကို အန္တရာယ်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူ(မ) ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရင် ထောင်ဟွားဝူမှာရှိတဲ့ လူတိုင်းကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်လို့ ကျွန်မ သူ(မ)ကို သတိပေးခဲ့တယ်။ သူ(မ)က ကျွန်မရဲ့အစ်ကိုကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြန်ပြောတယ်။ ဒါကြောင့် ကျွန်မ သူ(မ)ကို ယုံပြီး အစ်မရွှမ်းအာနဲ့အတူ သူ(မ)ကို စောင့်ကြည့်နေခဲ့တာပါ။ သူ(မ) ဒီလို ထွက်ပြေးသွားမယ်လို့တော့ ကျွန်မ မမျှော်လင့်ထားမိဘူး"

ကျိရှောင်ယင်လည်း အလွန်နောင်တရနေမိခြင်း ဖြစ်သည်။ လူတစ်​​ယောက်​၏မျက်နှာကိုသာ မြင်နိုင်​​သော်​လည်း ထိုလူ၏နှလုံးသားကို မမြင်နိုင်​ကြောင်း ပြောဆိုဆုံးမခဲ့သည့်​​ သူမအစ်​ကိုကြီး၏စကားများကို သူမ နားလည်လာပြီ ဖြစ်သည်​။ သူမက နုံအလွန်းပြီး အယုံလွယ်လွန်းသောကြောင့် ချိုးယွဲ့က သူမအပေါ် အခွင့်ကောင်းယူနိုင်ခဲ့သည်ကို သူမ နားလည်သွားပြီး ဖြစ်သည်။

ကရုဏာဆိုတာက မင်းကို သတ်မယ့်ဓားလို့ တစ်ချိန်တုန်းက သူမရဲ့အစ်ကိုကြီးက သူမကို ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူမက လူတွေအပေါ် အကောင်းမြင်စိတ်နဲ့ပဲ အမြဲတမ်း ဆုံးဖြတ်ခဲ့မိတယ်။

ယခုအချိန်တွင် သူမက သူမ၏အစ်မစူးချင်းကို ထိခိုက်နိုင်သည်ကို တွေးမိသောကြောင့် စိုးရိမ်နေမိခြင်း ဖြစ်သည်။

"မဖြစ်သေးဘူး၊ ငါ သူ(မ)ကို သွားရှာမှ ဖြစ်မယ်"

စူးချင်းနှင့် ကျိရွှေရှန့်တို့၏အသက်အန္တရယ်နှင့် ပတ်သတ်လာလျှင် ချိုးယုံခန်းက စွန့်စားဝံ့ခြင်း မရှိပေ။

သူ့ညီမက အခြားသူတွေကို စူးချင်း အကြောင်းပြောပြချင်ရင် မြို့ထဲကို ဝင်ရမယ်ဆိုတာကို သူ သိတယ်။ ချိုးယွဲ့ ဘာမှ မပြောနိုင်ခင် သူ သူမကို ရှာဖွေပြီး သတ်ပစ်ရတော့မယ်။

ချိုးယုံခန်းက ဒဏ်ရာရသူများကို သမားတော်ထံ ခေါ်သွားပြီး ကြည့်ရှုခိုင်းရန် တာဝန်အား ကျန်းယွိရန်နှင့် လီတာ့နျိုတို့ထံသို့ လွှဲပေးလိုက်သည်။ ကျန်းယွိရန်က မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း သူမက ရဲရင့်ပြီး သတိရှိသူ ဖြစ်သည်။ တစ်ခုခု ကြုံတွေ့လာလျှင်ပင် သူမက ထိတ်လန့်ခြင်း မရှိသောကြောင့် သူမနှင့် သွားလျှင် ဘာအမှားမှ ရှိလာမည် မဟုတ်ပေ။

ကျုံးယုံက သူတို့နောက်သို့ လိုက်ချင်နေသေးသ်ေလည်း ကျိရှောင်ယင်က သူမ၏အမှားအတွက် သူ့ကို တောင်းပန်လိုက်ပြီး ထပ်တောင်းဆိုလိုက်သည်။

"ဒုတိယအစ်ကို၊ ကျွန်မ အမေ့ကို သမားတော်ပြပေးဖို့ မြို့ထဲကို လိုက်သွားပေးမယ်"

ကျိရှောင်ယင်က မြို့ထဲလိုက်သွားမည်ဟု ပြောလိုက်သောကြောင့် ကျုံးယုံက ထောင်ဟွားဝူမှ ရွာသားများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးရန် နောက်တွင်နေခဲ့ဖို့ သဘောတူလိုက်သည်။

ချိုးယုံခန်းလည်း ဘာမှ မတက်နိုင်တော့ဘဲ ကျိရှောင်ယင်ကို အစစအအရာရာ ဂရုစိုက်ရန်နှင့် သူမက မိန်းခလေးဖြစ်ကြောင်း ထုတ်ဖော်မပြမိရန် သေသေချာချာ သတိပေးလိုက်ရတော့သည်။

နောက်ဆုံးတွင် ချိုးယုံခန်းက သူ့ကိုယ်သူသာ အပြစ်တင်နေမိသည်။

သူ ချိုးယွဲ့အတွက် နူးညံ့တဲ့ခင်ပွန်းတစ်ယောက် ရှာတွေ့အောင် ကူညီပေးခဲ့မိတဲ့အတွက် သူ့ကိုယ်သူ မုန်းတီးနေမိတယ်။ ရွှေရှန့်က ထောင်ဟွားဝူက ရွာသူရွာသားတွေကို အကာအကွယ်ပေးဖို့ သူ့ကို အပ်နှံထားခဲ့ပေမယ့် သူက သူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် လူတိုင်းကို ငရဲရောက်အောင် ပို့မိလုနီးပါးဖြစ်နေခဲ့ပြီ။

ကျိရှောင်ယင်ကို ညွှန်ကြားပြီးနောက်တွင် ချိုးယုံခန်းက နှောင့်နှေးမနေဝံ့တော့ဘဲ စုကျိုး၏ မြို့တံခါးဆီသို့ အမြန်ဆုံးရောက်နိုင်ရန် အပြေးအလွှား ထွက်ခွာသွားခဲ့သည်။ ချိုးယွဲ့က ဒဏ်ရာရထားသောကြောင့် လမ်းအမြန်လျှောက်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူမ မြို့တံခါးရှေ့သို့ မရောက်သေးပါက သူ သူမကို ကြားဖြတ် တားဆီးရန် အခွင့်အရေး ရှိနေပေလိမ့်မည်။

ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က အမျိုးသမီးလီနှင့် ကျန်သူများ သမားတော်ပြသရန် မြို့ထဲသို့ လိုက်ပါသွားခဲ့ကြသည်။ လီတာ့နျိုက လှမ်းမောင်းနေပြီး ကျိရှောင်ယင်က သူမမွေးစားအမေ၏ဦးခေါင်းကို သူမ၏ပေါင်ပေါ်တွင် တင်ထားပြီး အမျိုးသမီးလီ သက်သာသက်သာဖြစ်စေရန် ကူညီပေးနေခဲ့သည်။ ထို့အပြင် သူမက ချိုးယွဲ့ကို ရှာဖွေရန် လမ်းနှစ်ဖက်စလုံးမှ လူအုပ်ကို လိုက်လံကြည့်ရှုနေခဲ့သည်။ သူမက သူမ၏အမှားကို ပြင်ဆင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

လီတာ့နျိုက လှည်းကို ခပ်မြန်မြန် မောင်းနေခဲ့သော်လည်း ရထားလုံးတစ်စီးက ရုတ်တရက် သူ့လှည်းကို ပိတ်ဆို့ထားလိုက်သည်။ ထိုရထားလုံးကို မောင်းလာသူက အရပ်ရှည်ပြီး သာမာန်သူဖြစ်ကာ လမ်းဖယ်ပေးရန် ငြင်းဆန်နေသည်။

လီတာ့နျိုက သူ့လှည်းပေါ်တွင် ရှိနေသည့်လူများအား ကယ်တင်ရန် ဆန္ဒပြင်းနေသည့်အတွက် ဘာမှ မကြောက်တော့ဘဲ တစ်ဘက်လူကို ‌လေသံမာမာဖြင့် အော်ပြောလိုက်သည်။ "လမ်းဖယ်‌ပေး၊ ငါက လူတွေကို ကယ်တင်ဖို့ အလျင်လိုနေတယ်"

သူက လူကယ်မည်ဟု ပြောနေချိန်မှာပင် ရထားလုံးမောင်းလာသူက သူ့လှည်းပေါ်မှ ဒဏ်ရာရနေသည့်သူများကို မြင်သွားခဲ့ပြီ ဖြစ်သည်။ ထိုလူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူက ရထားလုံးပေါ်မှ ခုန်ဆင်းလာကာ "ဘာတွေဖြစ်ကြတာလဲ?"

“အစ်ကိုကြီး”

ထိုအသံကို ကြားလိုက်သည်နှင့်တပြိုင်နက် ကျိရှောင်ယင်က စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ပြန်ခေါ်လိုက်သော်လည်း ထိုလူ့ကို မြင်လိုက်ရချိန်တွင် သူမ ထိတ်လန့်သွားရသည်။

ဒီအသံက သူမအစ်ကိုကြီးရဲ့အသံနဲ့ တူပေမယ့် ဒီလူကိုတော့ သူမ မသိဘူး။

"ခင်ဗျားက...ဘယ်သူလဲ?"

လီတာ့နျိုကလည်း သူ့ရှေ့မှ အရပ်ရှည်ရှည်အမျိုးသားကို မသိပေ။

သူ့အသံနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက အစ်ကိုရွှေရှန့်နဲ့ဆင်တူပေမယ့် သူ့မျက်နှာကတော့ မတူတာ သေချာတယ်။ အစ်ကိုရွှေရှန့်ရဲ့အထင်ကရ မုတ်ဆိတ်မွေးကြီးတွေ ပျောက်ကွယ်နေတဲ့အပြင် သူ့ရဲ့အသွင်အပြင်ကလည်း ဆိုးရွားလွန်းတယ်။

"ငါ ရွှေရှန့်ပါ။ မင်းတို့ ဘယ်လိုတွေ ဖြစ်လာကြတာလဲ?"

ကျိရွှေရှန့်က သူ့မျက်နှာကို သူ ပြန်ထိရင်း ပြန်ဖြေလိုက်သည်။ သူတို့ သူ့ကို မမှတ်မိတာလည်း အံ့သြစရာ မရှိဘူးလေ။ သူ့တောင်မှ သူ့ကိုယ်သူ မမှတ်မိတော့ဘူး။

သူက သူ့ကိုယ်သူ ဖော်ပြလိုက်ပြီး လှည်းပေါ်ရှိ အပြင်းအထန် ဒဏ်ရာရရှိနေသည့် လူသုံးဦးကို စိုးရိမ်တကြီး လှမ်းကြည့်နေခဲ့သည်။

"ရွှေရှန့်၊ မင်းက ဘာလို့... အဲဒါကို မပြောနဲ့ဦး၊ လူရမ်းကားတစ်စု ရောက်လာပြီး ငါတို့ဆီက လုယက်ခဲ့တယ်။ ကျန်းလောင်ချီ ဝမ်ယို့လျန်နဲ့ အ‌ဒေါ်လီတို့က သူတို့ကြောင့် ဒဏ်ရာရသွားတယ်"

နောက်ဆုံးတွင် လီတာ့နျိုက သူ့၏ကျောရိုးမဏ္ဍိုင်ကို ရှာတွေ့သွားပြီ ဖြစ်သည်။ သူက ကျိရွှေရှန့်၏အသွင်အပြင်ကြောင့် ခဏတာမျှသာ အံ့အားသင့်နေခဲ့ပြီး နောက်ပိုင်းတွင် သူက ဖြစ်ပျက်ခဲ့သည်များကို အပြစ်မကင်းသောအမူအရာဖြင့် စတင်ပြောပြလိုက်သည်။

"ရွှေရှန့်၊ ငါက အသုံးမကျဘူး၊ သူတို့ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး"

“ဒီလိုတွေ ပြောမနေနဲ့တော့”

ကျိရွှေရှန့်က လီတာ့နျိုကို ဆက်မပြောရန် သူ့လက်ကို မြှောက်ကာ တားဆီးလိုက်သည်။ သူက ကျန်းလောင်ချီနှင့် အခြားသူများ၏ ဒဏ်ရာများကို စစ်ဆေးရန် အမြန်သွားလိုက်သည်။

"အစ်ကိုကြီး၊ အစ်မစူးချင်း ဘယ်မှာလဲ?"

ကျိရှောင်ယင်က သူမ၏အစ်ကိုကြီး စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။ အစ်မစူးချင်းက အံ့ဖွယ်သမားတော်တစ်ဦး ဖြစ်သောကြောင့် သူမ၏မွေးစားမိခင်ကို ကယ်တင်ပေးနိုင်ပေလိမ့်မည်။ ပို၍ အရေးကြီးသည်က ချိုးယွဲ့ ထွက်ပြေးသွားသည့်အကြောင်းကို ပြောပြကာ စူးချင်းအား ခဏလောက် ရှောင်ပုန်းနေစေပြီး ချိုးယွဲ့ အန္တရာယ်မပြုနိုင်အောင် တားဆီးရမည် ဖြစ်သည်။

အမျိုးသမီးလီနှင့် ကျန်းလောင်ချီတို၏ဒဏ်ရာများကို စစ်ဆေးပြီးနောက်တွင် ကျိရွှေရှန့်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။

သူတို့ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်၊ အထူးသဖြင့် အမျိုးသမီးလီက သွေးထွက်လွန်နေပြီး သွေးခုန်နှုန်းက အားနည်းနေတာကြောင့် အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်နေခဲ့ပြီ။

"သူ(မ) စုကျိုးထဲကို ဝင်သွားတယ်"

သူ့ညီမလေးက စူးချင်းအကြောင်း မေးနေသည့်အသံကို ကြားလိုက်သောကြောင့် ကျိရွှေရှန့်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

သူနှင့် စူးချင်း၏ပုံတူများကို မြို့တံခါးတွင် ချိတ်ဆွဲထားသော်လည်း ကျိရွှေရှန့်ကတော့ စိတ်မပူပေ။ သူနှင့် စူးချင်းတို့က သူတို့၏အသွင်အပြင်ကို ပြောင်းလဲထားပြီးပြီ ဖြစ်သောကြောင့် သူတို့ကို မည်သူကမျှ မှတ်မိနိုင်တော့မည် မဟုတ်ပေ။

စူးချင်းက လူနာတစ်ဦးကို ကုသပေးရန် သဘောတူထားခဲ့သောကြောင့် စုကျိုးသို့ မဖြစ်မနေ သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူမက စုကျိုး၏မြို့အပြင်ဘက်တွင် နေရစ်ခဲ့ကာ သူ့ကို ထောင်ဟွားဝူမှ လူများနောက်သို့ အမီလိုက်စေခဲ့သည်။ သူမက နောက်မှ သူတို့ကို အမီလိုက်လာမည်ဖြစ်သည်။

"အမက စုကျိုးထဲကို ဝင်သွားတာလား?"

သူမ၏အစ်မစူးချင်းက စုကျိုးထဲသို့ ဝင်သွားကြောင်း ကြားလိုက်သောကြောင့် ကျိရှောင်ယင်က စိုးရိမ်တကြီး ခြေထောက်ဆောင့်လိုက်သည်။

"ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ?"

"ဘာတွေဖြစ်နေတာလဲ?"

ကျိရွှေရှန့်က သူ့ညီမ၏ ထူးထူးခြားခြား စိုးရိမ်ပူပန်မှုကို သတိပြုမိသွားပြီး အလောတကြီး ထပ်မေးလိုက်သည်။

....။.....။.....

စူးချင်းနှင့်ကျိရွှေရှန့်တို့ လမ်းခွဲပြီးနောက် စူးချင်း စုကျိုးမြို့ဆီသို့ ဦးတည်လိုက်သည်။ မြို့တော်၏မြို့ရိုးနံရံပေါ်တွင် ချိတ်ဆွဲထားသည့် သူမ၏ပုံတူပန်းချီများကို မြင်လိုက်ရလျှင် သူမက ရင်ကော့နေပြီး စည်ကားမှုကို စောင့်ကြည့်ရန် လူအုပ်ထဲတွင် ရပ်နေခဲ့သည်။

ပုံတူပန်းချီထဲမှ သူမကို ပို၍ရုပ်ဆိုးနေသည်ကို မြင်လိုက်သောကြောင့် စူးချင်း၏မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုချင်သော အရိပ်အယောင်များ ထွက်ပေါ်လာပြန်သည်။

"အဲဒါကို မြင်ကြလား? သူလျှိုတွေကို ဖမ်းပေးနိုင်ရင် ဆုလာဘ်တွေ ရမယ်တဲ့။ လူတစ်ဦးစီအတွက် လျန်ငွေငါးရာ ရနိုင်တယ်။ သူတို့ကို ဖမ်းပေးနိုင်ရင် ငါတို့ ချမ်းသာပြီ”

"ဟုတ်တယ်။ ငါတို့ ဖမ်းနိုင်ရင် ငါတို့ ချမ်းသာသွားလိမ့်မယ်”

"ငါကတော့ အဲ့ပိုက်ဆံတွေကို မင်းတို့ မသုံးနိုင်တော့မှာကို စိုးရိမ်မိတယ်"

ပုံတူပန်းချီကို ကြည့်နေသောလူအုပ်က ဆုငွေကြောင့် အံ့အားသင့်နေကြသော်လည်း ထိုလူစုထဲတွင် ဆင်ခြင်တုံတရားရှိသူများလည်း ပါဝင်နေသေးသည်။

ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်တဲ့အစိုးရကတောင် မဖမ်းနိုင်ရင် သူတို့က ဘယ်လိုဖမ်းနိုင်မှာတဲ့လဲ?

ထိုလူများ၏ဆွေးနွေးချက်များကို နားထောင်နေရင်း စူးချင်း၏မျက်လုံးများ အေးစက်နေခဲ့သည်။

သူတို့အားလုံးက သူတို့ဘဝထက် ပိုက်ဆံကို ပိုမက်မောနေကြတယ်။

နောက်ဆုံးတွင် သူမက လူအုပ်ကြားထဲမှ ပြန်တိုးထွက်လာခဲ့သည်။

ဒီလူမိုက်တွေကို ပင်လယ်ထဲမှာ အပ်တစ်ချောင်း ရှာသလို ဆက်ရှာခွင့်ပေးထားလိုက်မယ်။ သူမက သခင်ကြီးချူကို သွားကြည့်ပေးရမယ်။ ဒီရှိုးပွဲကို ဆက်ကြည့်ဖို့ အချိန်မရှိတော့ဘူး။

သို့သော် သူမ လူအုပ်ထဲမှ ပြန်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခုကို အလွန်အမင်း စိုးရိမ်နေပုံရသည့် ချိုးယုံခန်းကို လှမ်းတွေ့လိုက်ရသည်။ သူက သူ့လည်ပင်းကို ဆန့်ထုတ်ထားပြီး ပတ်ပတ်လည်ကို ကြည့်နောကာ သူ့မျက်ခုံးများကို ပင့်တင်ထားပြီး တစ်စုံတစ်ယောက်ကို ရှာဖွာနေပုံရသည်။

ချိုးယုံခန်း၏အမူအရာက ပုံမှန်မဟုတ်သည်ကို မြင်လိုက်သောကြောင့် စူးချင်းက လူအုပ်ကြားမှ တိုးကာ သူ့ဆီသို့ သွားရန် ခြေလှမ်းစလိုက်သည်။ ချိုးယုံခန်းက စူးချင်းကို မမှတ်မိဘဲ သူ့ညီမကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

စူးချင်းက ချိုးယုံခန်း၏နံဘေးအထိ ရောက်သွားပြီး သူက စစ်သည်များကို ဆီသို့ ထိတ်လန့်တကြားလှမ်းကြည့်ကာ တိုးဝင်နေသည်ကို တွေ့လိုက်ရသည်။ စူးချင်းက စိတ်လှုပ်ရှားသွားသော်လည်း ချိုးယုံခန်းကို သတိမပေးတော့ဘဲ သူ ဘာလုပ်နေသည်ကို စောင့်ကြည့်ရန် သူ့နောက်မှ လိုက်ပါသွားခဲ့သည်။

ထို့နောက် စူးချင်းက ချိုးယုံခန်း ကြည့်နေသည့်နေရာသို့ လိုက်ပါ ကြည့်ရှုလိုက်ပြီး အမျိုးသားတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသည့် ချိုးယွဲ့ကို လှမ်းတွေ့လိုက်ရသည်။ သူမက တံခါးနားရှိ စစ်သည်များထံသို့ တိုးသွားနိုင်ရန် အစွမ်းကုန် ကြိုးစားနေပြီး သူမ ထိုကဲ့သို့ လုပ်ဆောင်နေချိန်တွင် သူမအတွက် လမ်းဖွင့်ပေးရန် တောင်းဆိုနေခဲ့သည်။

"ကျေးဇူးပြုပြီး... ကျွန်တော့်မှာ အရာရှိတွေကို သတင်းပို့ဖို့ အရေးကြီးတဲ့အချက်အလက်တွေ ရှိတယ်”

သို့သော်လည်း သူမ မည်မျှပင် အော်ပြောနေပါစေကာမှု မည်သူကမျှ သူမကို တကူးတက လမ်းမဖယ်ပေးကြပေ။ ချိုးယွဲ့က သူမ မိန်းခလေးဖြစ်ကြောင်း တခြားသူများ သိသွားမည်ကို ကြောက်နေသောကြောင့် သူမရင်ဘတ်ကို သူမ၏လက်နှစ်ဖက်ဖြင့် အုပ်ကာ ရှေ့ကို ခက်ခက်ခဲခဲ တိုးနေလေသည်။

သူမ၏စကားကို ကြားလိုက်ချိန်တွင် စူးချင်း၏မျက်လုံးများက အေးစက်သွားသည်။ သူမက မြို့ရိုးပေါ်ရှိ သူမ၊ ရွှေရှန့်နှင့် အဘိုးချင်တို့၏ ပုံတူများကို တွေးနေမိသောကြောင့် ချိုးယွဲ့ ဘာလုပ်တော့မည်ကို ခန့်မှန်းရန် မခက်တော့ပေ။

ချိုးယုံခန်းက သူ့ညီမ၏မျက်နှာကို မြင်လိုက်ပြီး သူ့ညီမက စစ်သည်များထံသို့ တိုးသွားနေသည်ကို မုင်လိုက်သောကြောင့် စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။ “ချိုးယွဲ့ ပြန်လာခဲ့ပါ။ အစ်ကိုကြီးက ဘာမဆို သဘောတူပေးမယ်။ မြန်မြန် ပြန်လာခဲ့ပါ"

ချိုးယွဲ့က ချိုးယုံခန်း၏အသံကို ကြားသွားပြီး လှည့်ကြည့်လိုက်သည်။ သို့သော်လည်း သူမက တစ်ချက်သာ လှည့်ကြည့်လိုက်ခြင်းဖြစ်ကာ သူမ၏မျက်လုံးထဲမှ ရက်စက်မှုများက ချိုးယုံခန်းကိုပင် ကြောက်လန့်သွားစေခဲ့သည်။

သူ့ညီမက စူးချင်းကို အန္တရာယ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီပေါ့....

All Chapters