မင်းရဲ့သွေးသားကို ငါ ရှာတွေ့ပြီ
Vol. 10 Ch. 136
“ကောင်းပြီ”
ကျိရွှေရှန့်က စူးချင်း၏အစီအစဥ်ကို သဘောတူလိုက်ပြီး စူးချင်းက သူ့ကို ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သခင်ကြီးချင်က ကျိရွှေရှန့်ကို လှမ်းကြည့်နေပြီး သူ၏ ပယင်းရောင်မျက်လုံးများထဲမှ အလင်းရောင်များက စစ်သူကြီးရှောင်းကဲ့သို့ ရဲရင့်ပြတ်သားမှုများဖြင့် တောက်ပနေသည်ကို သူ မြင်နေရသည်။
ထိုအရာက အဘိုးကြီးချင်ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ရှောင်ယင်က လင်အာနဲ့တူတယ်၊ ကျိရွှေရှန့်ရဲ့ မျက်လုံးတွေက ရှောင်းဟမ်နဲ့ အတူတူပဲ၊ ပြီးတော့ သူတို့ရဲ့စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကလည်း အရမ်းတူနေတယ်။ တစ်ခုတည်းသော ခြားနားချက်က အသက်အရွယ် မတူတာပဲ။
"ယွိအာ?"
သခင်ကြီးချင်က ရုတ်တရက် အော်ခေါ်လိုက်သည်။ ကျိရွှေရှန့်၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့က ခေါင်းကို မော့မကြည့်သော်လည်း မြေပုံကို ကိုင်ထားသည့် သူ့လက်က အနည်းငယ် တုန်ယင်နေခဲ့သည်။
"လင်အာ၊ ငါရဲ့ကလေးတွေကို ရှာတွေ့ခဲ့ပြီ"
အဘိုးအိုက ကောင်းကင်ကို မော့ကြည့်ကာ လှမ်းအော်နေပြီး သူ့မျက်လုံးထဲမှ မျက်ရည်များက မိုးပေါက်များကဲ့သို့ စီးကျနေခဲ့သည်။
၁၆ နှစ်..... သူ ၁၆ နှစ် လုံးလုံး ရှာနေခဲ့တယ်။ နောက်ဆုံးတော့ ကလေးတွေကို သူ ရှာတွေ့ခဲ့ပြီ။ ၁၆ နှစ်ကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ သူ့အတွေးတွေက မျက်ရည်တွေအဖြစ်ကို ပြောင်းလဲသွားပြီ။
ထို့နောက်တွင် အဘိုးအိုက ကျိရွှေရှန့်ကို လုံးဝ လက်လွှတ်မခံနိုင်သည့် ပုံစံဖြင့် ပွေ့ဖက်လိုက်ရင်း မျက်ရည်များဖြင့် ရယ်မောလိုက်ပြန်သည်။
"ဖိုးဖိုး"
ကျိရွှေရှန့်က သူ့၏ဒူးနှစ်ဖက်ကို မြေကြီးပေါ်သို့ ထောက်ချလိုက်သည်။
တကယ်တော့ သူ အရင်က သူ့အဘိုးကို အသိအမှတ်မပြုချင်လို့ မသိချင်ယောင်ဆောင်နေတာပါ။
ဒါပေမယ့် အဘိုးအိုနဲ့ တွေ့တဲ့နေ့ကစပြီး သူ ဂရုတစိုက် စောင့်ကြည့်နေခဲ့တယ်။ သူ့အဘိုးက သူ့မိဘတွေ ဆုံးပါးသွားချိန်မှာ ဘာကြောင့် သူတို့ကို မကယ်တင်ခဲ့တာလဲလို့ သူ တွေးခဲ့မိတယ်။
အစပိုင်းမှာ သူက လူအိုကြီးချင်ကို မယုံခဲ့ပေမယ့် ကျင့်ချန်မှာ သူ့အဖိုးရဲ့စိတ်နေသဘောထားနဲ့ အပြုအမူတွေကို သူ မြင်ခဲ့ရတယ်။ သူ့အဘိုးက ဖြောင့်မတ်ပြီး သေခြင်းတရားကို မကြောက်သလို သာမာန်လူတွေ အပေါ်ကို စေတနာထားမှန်း သိသာလွန်းတယ်။ ဒီလိုလူမျိုးက သူ့မိဘတွေကို မကယ်ဘဲ နေခဲ့မှာ မဟုတ်ဘူး။
ဒါပေမယ့် အဲ့အချိန်အထိလည်း သူ လူအိကြီးချင်ကို သူ့အဘိုးအဖြစ် အသိအမှတ် မပြုချင်သေးဘူး။ သူ့အဘိုး အကျဥ်းထောင်ရထားလုံးပေါ်မှာ အရှက်ရနေတာကို တွေ့နေရတဲ့အထိ သူ့ရင်ထဲမှာ အာဃာတတရားတွေ ရှိနေတုန်းပဲ။ အဲ့အချိန်တုန်းက သူ့နှလုံးသားက ဒေါသတွေနဲ့ပဲ ပွက်ပွက်ဆူနေခဲ့တာ။
ဒါပေမယ့် လီဝူက အနက်ရောင်သစ်သားသေတ္တာနဲ့အတူ စကားစုတစ်ခုကို ယူဆောင်လာတဲ့အချိန်မှတော့ သူက သူရဲ့အာဃာတတွေကို လုံးလုံးလျားလျား စွန့်လွှတ်နိုင်ခဲ့တယ်။ သူ့အဘိုးက သူ့မိဘတွေ ထားခဲ့တဲ့ ဒီပစ္စည်းတွေအတွက် အရှက်ရမှုကို ကြံ့ကြံ့ခံပြီး သူနဲ့ရှောင်ယင်အတွက် သည်းခံနေခဲ့တာကို သူ နားလည်လာခဲ့တယ်။
အဲဒီတုန်းက 'မင်းရဲ့အတောင်တွေ လုံလုံလောက်လောက် မဖွံ့ဖြိုးသေးခင် မင်းရဲ့ချွန်ထက်တဲ့ လက်သည်းတွေကို ဖုန်းကွယ်ထားရမယ်’ ဆိုတဲ့ စကားကြောင့် သူ့အဘိုးက သူ့ကို မှတ်မိသွားပြီလားဆိုတာ မသေချာပေမယ့် သူအဘိုးရဲ့စကားတွေက သူ့ကို ငြိမ်သက်သွားစေပြီး သူက ဒေါသတကြီး တုံ့ပြန်တာမျိုးတော့ လုပ်ဖို့ မကြိုးစားတော့ဘူး။
အတိအကျပြောရရင် စူးချင်းအတွက် သူက အဘိုးချင်ကို ကယ်တင်ဖို့ ကူညီပေးတယ်ဆိုတာထက် စူးချင်းက သူ့အတွက် သူ့အဘိုးကို ကယ်တင်ဖို့ ကူညီပေးခဲ့တာပါ။
ဒီနေ့ စူးချင်းကြောင့်သာမဟုတ်ရင် သူ့အဘိုးကို ဒီလောက်အလွယ်တကူ ကယ်တင်နိုင်ခဲ့မှာမ ဟုတ်ဘူး။ သူ့အဖိုးက အဲဒီရဲမက်ခေါင်းဆောင်ဆီကနေ အရှက်ခွဲခ့နေရတာကို သူ သည်းမခံနိုင်တာကြောင့် ယာဂုပန်းကန်လုံးကို ခွဲပစ်လိုက်မိတယ်၊ အဲ့တာကြောင့် စစ်သည်ခေါင်းဆောင်ကို သတိပေးလိုက်သလို ဖြစ်သွားခဲ့တာပါ။
စူးချင်းရဲ့ဆေးတွေကြောင့်သာ မဟုတ်ရင် သူ သံချပ်ကာဝတ်တပ်သားတွေရဲ့လက်ထဲကနေ သူအဘိုးကို မကဘ်နိုင်ခင် စစ်သည်တွေက အကျဉ်းသား လုယူခံရခြင်းကနေ ကာကွယ်ဖို့ သူ့အဘိုးကို သတ်ပစ်မှာ အသေအချာပဲ။
စူးချင်းက သူတို့နှစ်ယောက် ပြန်လည်ပေါင်းဆုံနေသည့်မြင်ကွင်းကို ကြည့်နေပြီး နားမလည်နိုင်ဖြစ်နေခဲ့သည်။
အဘိုးချင်က ဘာလို့ ငိုနေတာလဲ? သူတို့ပြန်ဆုံရတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား?
စူးချင်းက သူမတို့ ပြန်ရောက်လျှင် ထောင်ဟွားဝူမှလူများကို အဘိုးကြီးချင်အား သူမ၏ဖခင်အဖြစ် မိတ်ဆက်ပေးမည့်အကြောင်းကို ရုတ်တရက် သတိရသွားသည်။
ကျိရွှေရှန့်က အဘိုးကြီးချင်ကို 'ဖိုးဖိုး' လို့ ခေါ်နေတယ်၊ ဒါကြောင့် သူမက သူ့ထက် အသက်ကြီးတဲ့ မျိုးဆက်ဖြစ်သွားပြီး သူ့အဒေါ်ဖြစ်သွားမှာ မဟုတ်ဘူးလား?
စူးချင်းက ထိုကဲ့သို့ မျိုးဆက်တစ်ခု ရုတ်တရက် ထိုးထက်သွားမှုကို အသားမကျသေးပေ။
သူမက သူမကိုယ်သူမ မထိန်းနိုင်ဘဲ ကျိရွှေရှန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။
သူ့မှာ မုတ်ဆိတ်မွေးတွေရှိနေပြီး သူမထက်တောင် အသက်ပိုကြီးနေပုံရသေးတယ်။ သူမက သူ့အဒေါ်ဖြစ်နေရင် ဘယ်လောက်တောင် အဆင်မပြေဖြစ်လိမ့်မလဲ?
ကျိရွှေရှန့်က သူ့အဘိုးကို ပြန်လည်အသိအမှတ်ပြုပြီးနောက် သူလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူက သူ့အဘိုးကို ကျောပေါ်တင်သည့်အချိန်တွင်ပင် သူ့အဘိုး၏ဒဏ်ရာများကို ထိမိမည်အား စိုးရိမ်နေပြီး သတိထားနေခဲ့သည်။
သူတို့က ဝမ်မိသားစုတပ်မတော်ကို သတိပေးသလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သူတို့၏ရထားလုံးကို တစ်လီအကွာလောက်တွင် ဝှက်ထားခဲ့ကြသည်။
ရထားလုံးဆီသို့ ပြန်ရောက်ကာ ဝင်ထိုင်ပြီးနောက်တွင် စူးချင်းက လူအိုကြီးချင်၏ဆံပင်ဖြူများကို ဆေးဆိုးရန် အလုပ်များနေပြန်သည်။ သူ့၏ဆံပင်ဖြူဖြူများက မျက်စိကျစရာ ကောင်းလွန်းနေပြီး အနက်ရောင် ပြန်ဆေးဆိုးပြီးနောက်တွင် သာမန်လူတစ်ယောက်နဲ့ မကွာခြားတော့ပေ။
“မိန်းခလေးစူး၊ ဒီနေ့ ဒီအဖိုးကြီးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
သခင်ကြီးချင်က စူးချင်းကို ခံစားချက်များ ရောထွေးနေသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူက သူ့ရောဂါဟောင်းကို ကုသချင်လို့ စူးချင်းဆီကို သွားခဲ့ပေမယ့် လင်အာရဲ့ကလေးကို ရှာတွေ့ခဲ့တယ်။ အဲ့တာကြောင့် သူက စူးချင်းကို အရမ်းကျေးဇူးတင်နေမိတယ်။ ဒီကောင်မလေးက အပြင်မှာ အေးစက်ပေမယ့် အတွင်းစိတ်ကတော့ နွေးထွေးလွန်းတယ်။ သူမက ထူးဆန်းတဲ့ စရိုက်ကို ပိုင်ဆိုင်ထားပေမယ့် သူမက ယွိအာအတွက် အထောက်အပံ့ကောင်း ဖြစ်လာလိမ့်မယ်။
"ကျွန်မက ကျွန်မရဲ့ကတိကို မဖျက်ဘူး"
လူအိုကြီးချင်၏ဆံပင်ဖြူများကို ဆေးဆိုးပေးနေသော စူးချင်း၏လက်များက ခဏတာမျှ ရပ်တန့်သွားခဲ့သော်လည်း သူမ၏ ခံစားချက်မဲ့ပြီး အေးစက်သော အသံက ချက်ချင်း ထွက်လာပြန်သည်။
“ဟား ဟား၊ တကယ်ကို အဖိုးတန်တဲ့ ကတိစကားပဲ။ မိန်းခလေးစူးရဲ့အမြင်တွေက အရမ်း ကောင်းမွန်လွန်းတယ်။ အခုတော့ ဒီအဖိုးကြီးက မိန်းခလေးစူးရဲ့မိဘတွေက ဘယ်လိုလူတွေဖြစ်မလဲလို့ သိချင်နေမိပြီ။ ဒီလိုမျိုး ထူးချွန်တဲ့ မိန်းမပျိုလေးကို ပြုစုပျိုးထောင်ဖို့က သာမန်လူတွေ လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး”
လူအိုကြီးချင်က စူးချင်း၏နောက်ကြောင်းကို စူးစမ်လိုက်သည်။ သူမရဲ့မိသားစုက ရှောင်းမိသားစုရဲ့ရန်သူတွေ ဖြစ်နေမှာကို သူ အကြောက်ဆုံးပဲ။ ဒီလိုသာဆိုရင် သူမက ယွိအာကို မကူညီနိုင်တဲ့အပြင် ရန်သူတွေပါ ဖြစ်သွားလိမ့်မယ်။
အဲ့လိုဆိုရင် ယွိအာအတွက် ဒီတကြိမ်တွေ့ဆုံမှုက အမှိုက်ဖြစ်သွားလိမ့်မယ်။
“ကျွန်မက မိဘမဲ့ပါ။ ကျွန်မမှာ မိဘတွေ မရှိဘူး"
စူးချင်းက သူမ၏မူရင်းဘဝမှန် အကြောင်းကို ရည်ညွှန်းနေခြင်း ဖြစ်သော်လည်း ဤခန္ဓာကိုယ်၏ပိုင်ရှင်ကလည်း မိဘမဲ့မဟုတ်ရုံသာဖြစ်ပြီး ပြန်ပေးဆွဲခံရသောကြောင့် မိဘမဲ့တစ်ယောက်နှင့် ဘာမှ မကွာခြားတော့ပေ။
“ဒါဆို ဒီလိုမိန်းမငယ်လေးတစ်ယောက်က ဒီအရည်အချင်းတွေအားလုံးကို ဘယ်သူတွေဆီက သင်ယူခဲ့တာလဲ?”
စူးချင်းက မိဘမဲ့တစ်ယောက် ဖြစ်နေလိမ်မ့ည်ဟု မမျှော်လင့်ထားသောကြောင့် သခင်ကြီးချင်က စိတ်မကောင်း ဖြစ်သွားပြီး သူ့မျက်လုံးများတွင် စာနာသနားနေသော အရိပ်အယောင်များ ပေါ်လာပြီး မေးလိုက်ခြင်း ဖြစ်သည်။
“မပြောပြချင်ဘူး”
စူးချင်း၏အသံက ပို၍ အေးစက်လာပြီး သူမက သူမ၏မှောင်မိုက်သောအတိတ်ကို လုံးဝ အမှတ်မရချင်တော့ပေ။
“ကောင်းပါပြီ”
သခင်ကြီးချင်က ခေါင်းညိတ်လိုက်သည်။
လူတိုင်းမှာ သူများတွေ မသိစေချင်တဲ့အတိတ်တွေ ရှိနေတက်တာကို နားလည်နေတာကြောင့် သူ ထပ်မမေးချင်တော့ဘူး။
သူတို့က ထောင်ဟွားဝူမှအဖွဲ့ကို မီနိုင်ရန် အရှိန်အဟုန်ဖြင့် လိုက်လာခဲ့ကြသည်။ သူမတို့ ထောင်ဟွားဝူအဖွဲ့မှ ထွက်လာခဲ့ပြီ အကျဥ်းထောင်လှည်းကို မှီရန် တစ်ရက်ကျော်ကျော် အချိန်ကုန်ခဲ့ရသည်။ ထို့နောက် သူတို့ နောက်သို့ နောက်တစ်ရက်လောက် ချဥ်းကပ်လိုက်ပါခဲ့ရသည်။ ဤကာလအတွင်း ထောင်ဟွားဝူမှလူများက အခြားအကွာအဝေးတစ်ခုအထိ ခရီးပေါက်နေမည်ဖြစ်ပြီး ၎င်းတို့ကို အမီလိုက်ရန် အနည်းဆုံး သုံးရက်ကြာမည် ဖြစ်သည်။
ကျိရွှေရှန့်က ထိုသုံးရက်မှ နှစ်ရက်အထိ အတိုချုံးချင်နေသည်။ ထောင်ဟွားဝူအဖွဲ့ထဲသို့ အလျင်အမြန် ရောနှောပူးပေါင်းနိုင်မှသာ သူတို့ ဘေးကင်းမည် ဖြစ်သည်။
လူစုလူဝေးထဲတွင် ရောနှောနေခြင်းက ရှာဖွေရန် အခက်ဆုံးဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူတို့သုံးယောက်တည်းသာ ဖြစ်နေပါက ဝမ်မျိုးနွယ်မှ စစ်သည်များအတွက် အပြင်းအထန် စုံစမ်းစစ်ဆေးရန် ပစ်မှတ်များ ဖြစ်လာမည် ဖြစ်သည်။
ကျိရွှေရှန့်တို့ သုံးယောက် ထောင်ဟွားဝူအဖွဲ့နောက်သို့ အမီလိုက်နေချိန်တွင် ဝမ်ယွိလင်က သူ့စတုတ္ထညီလေး၏ရုပ်အလောင်းကို မြို့တော်ကို သယ်ဆောင်ရင်း ခရီးဆက်နေခဲ့သည်။ သူက သခင်ကြီးချင်၏အခြေအနေကို သိနိုင်ရန် လိုက်ပါသွားသော အစောင့်စစ်သည်များထံသို့ ခိုများကို နေ့တိုင်း ပျံသန်းစေခဲ့သည်။
ချင်ဖုန်းက သူရဲ့စစ်တုရင်တုံးကြီးဖြစ်တာကြောင့် သူ အမှားလုပ်မိပြီး ချင်ဖုန်းကို ဆုံးရှုံးသွားတာမျိုး မဖြစ်မခံနိုင်ဘူးလေ။
ယနေ့ညတွင် သူက နားနေတည်းခိုဆောင်တွင် တည်းခိုနေပြီး သူ့၏လက်အောက်ငယ်သားများ ပေးပို့လာသော ထောက်လှမ်းရေး အစီရင်ခံစာများကို ကြည့်ရှုနေခဲ့သည်။
ဝမ်ယွိလင်၏ မျက်ခုံးများက တချိန်လုံး မျက်မှောင်ကြုတ်နေပြီး သူ့မျက်နှာက အနက်ရောင်သံကဲ့သို့ အုံ့မှိုင်းနေကာ သူ၏ စူးရှသော လင်းယုန်မျက်လုံးများက လူသတ်ရိပ်များဖြင့် တောက်ပနေသည်။
“ဧကရာဇ်က အဲ့ဒိနေရာကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ဖို့ လူတွေ အများကြီး စေလွှတ်ထားခဲ့ပါတယ်။ ကွေးဖေးမယ်မယ်က အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အန်းကွေ့ရန်ရဲ့သန္ဓေသားကို ထိခိုက်စေဖို့ မတက်နိုင်ခဲ့ပါဘူး။ ကွေးဖေးမယ်မယ်က စိတ်လောသွားတာကြောင့် ဖူရှိးခန်းမကို ကိုယ်တိုင်သွားခဲ့ပါတယ်။ ရလာဒ်အနေနဲ့ အန်းကွေ့ရန်ရဲ့ အကြံအစည်ကြောင့် ဧကရာဇ်နဲ့ ကွေးဖေးမယ်မယ်တို့ကြားမှာ မလိုလားမှုတွေ ရှိလာပြီး ဧကရာဇ်က ကွေးဖေးမယ်မယ်ကို ကျောင်းဖန့်နန်းဆောင်မှာ အကျယ်ချုပ် ချထားပါတယ်၊ အမိန့်မရဘဲ ထွက်ခွာခွင့် မပြုတော့ပါဘူး။ အခု မြို့တော်ရဲ့ မြို့စောင့်တပ်က လူတွေကို မကြာခဏ ဆင့်ခေါ်ပြီး တစ်ခုခု လှုပ်ရှားဖို့ ဧကရာဇ်ကိုယ်တိုင် ကြီးကြပ်နေပုံရပါတယ်”
လုယွဲ့က မြို့တော်မှ အမတ်ချုပ်ကြီးဝမ် ပေးပို့သော လျှို့ဝှက်စာကို ဖတ်ကြားပြီး ပြန်တင်ပြနေခဲ့သည်။ ဝမ်ယွိလင်က ရယ်မောလိုက်ပြီး
“အရင်တုန်းက ယုံချီက အာဏာရဖို့အတွက် ငါတို့ဝမ်မိသားစုကို မျက်နှာသာပေးခဲ့ဖူးတယ်။ သူက ငါ့ညီမကို တတ်နိုင်သလောက် ချစ်ပေးပြီး သူ(မ)ကိုပဲ ဂရုစိုက်ခဲ့တယ်။ သူက နေ့တိုင်းနေ့တိုင်း ကျောင်းဖန့်နန်းဆောင်ကို မျက်နှာသာပေးခဲ့ပြီး အခု သူ ထီးနန်းကို ပိုင်ဆိုင်နေတာကြောင့် ငါတို့ဝမ်မိသားစုကို မျက်ကွယ်ပြုချင်နေတယ်ပေါ့”
“စစ်သူကြီး ဒီကိစ္စကို သတိထားသင့်ပါတယ်။ ဧကရာဇ်က ကွေ့ဖေးမယ်မယ်ကို ဒီလိုမျိုး ဆက်ဆံဝံ့တယ်ဆိုမှတော့ သူ ဒီလိုမကြောက်မရွံ့ဖြစ်နေရတဲ့ အကြောင်းအရင်း တစ်ခုခု ရှိနေနိုင်ပါတယ်”
မောက်မာသော စစ်သည်များက ရှုံးနိမ့်တက်သောကြောင့် လုယွဲ့က ဝမ်ယွိလင်ကို သတိပေးလိုက်သည်။
ဝမ်စစ်သူကြီးက မာနကြီးလွန်းပြီး ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်ဘူး။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ဧကရာဇ် ဖြစ်နေတုန်းပဲ။ ချွန်ထက်တဲ့ ခြေသည်းတွေကို ဝှက်ထားရင်တောင် သူက ကြောင်မဟုတ်ဘဲ ကျားတစ်ကောင် ဖြစ်နေသေးတယ်လေ။
စစ်သူကြီးက မာနကြီးနေပြီး သူ့ရဲ့အောင်မြင်မှုတွေက ဧကရာဇ်ထက် မြင့်မားလာရင် ဧကရာဇ်က သူ့ကို ချေမှုန်းပြီး ဖယ်ရှားချင်မှာ သိသာနေတယ်လေ။
"ငါ နားလည်တယ်"
ဝမ်ယွိလင်က ခေါင်းညိတ်လိုက်သည်။ လုယွဲ့၏ခွဲခြမ်းစိတ်ဖြာချက်က သူတွေးနေသည့်အတိုင်း ဖြစ်နေသေးသည်။
ဧကရာဇ်က ပြုံးနေတဲ့ကျားတစ်ကောင်ပဲ။ အပေါ်ယံမှာတော့ သူက အားနည်းပြီး ဝမ်မိသားစုရဲ့စကားကို မလွန်ဆန်နိုင်ဘူးလို့ ထင်နေရပေမယ့် သူက ဝမ်မိသားစုကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကို တွေးတောပြီး လျှို့ဝှက်စီစဉ်ထားတာမျိုး ရှိနိုင်တယ်။
ယခုအချိန်က ယုံချီ့ကို ဒေါသ ထွက်ရမည့်အချိန် မဟုတ်သောကြောင့် ဝမ်ယွိလင်က သူ့၏စိတ်ထဲမှ ဒေါသများကို မျိုသိပ်လိုက်ပြီး လုယွဲ့ကို ထပ်မေးလိုက်သည်။
"ချင်ဖုန်းဘက်ကရော ဘယ်လိုလဲ?"
လုယွဲ့က “မနက်ဖြန် ကျင့်ချန်ကို ရောက်မယ်လို့ ပြောထားတဲ့ စာပို့ခိုကို ဒီနေ့ညနေ့လောက်က လက်ခံရရှိခဲ့ပါတယ်။ ဒီညတော့ တောထဲမှာ စခန်းချလိုက်မယ် ထင်တယ်”
ဝမ်ယွိလင်က မျက်ခုံးပင့်ကာ ထပ်မေးလိုက်သည်။
"လူတစ်သောင်းရဲ့စုပေါင်းစာကရော ဘယ်မှာလဲ?"
လုယွဲ့က သူ့၏စက္ကူယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး ရယ်မောလိုက်ကာ "လူတစ်သောင်းရဲ့ လက်မှတ်တွေပါတဲ့ စာကို ကျွန်တော်တို့ စုဆောင်းထားပြီးပါပြီ၊ ချင်ဖုန်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့ တော်ဝင်ရုံးတော်မှာ တောင်းဆိုနိုင်ပြီ"
“မလုံလောက်သေးဘူး”
ဝမ်ယွိလင် အေးတိအေးစက် အမိန့်ပေးလိုက်သည်။
“အဲ့လောက်နဲ့ ငါ မပျော်နိုင်သေးဘူး။ သူတို့ ကြိုက်သလောက် ချင်ဖုန်းကို အရှက်ခွဲပြီး နှိပ်စက်ပလေ့စေ၊ ဒါပေမယ့် သူ့ခွေးရဲ့အသက်ကိုတော့ ချန်ထားပေးခိုင်းလိုက်”
“ဟုတ်ကဲ့”
လုယွဲ့က အမိန့်နာခံကြောင်း တုံ့ပြန်လိုက်ပြီး ဝမ်ယွိလင်က ထပ်မေးလိုက်ပြန်သည်။
"ငွေတွေ ပြန်ရပြီလား?"