ကောင်းကင်အောက်က နယ်မြေအားလုံးကို ဧကရာဇ်က ပိုင်ဆိုင်တယ်
Vol. 10 Ch. 137
ဝမ်ယွိလင်က သူ့၏ငွေများအတွက် စိတ်ပူနေပြီး ၎င်းငွေများ တိုင်းပြည်၏ဘဏ္ဍာတိုက်ထဲသို့ ကျရောက်သွားပြီး ဧကရာဇ်က သိမ်းယူသွားမည်ကို သူ လုံးဝ ခွင့်မပြုနိုင်ပေ။
လုယွဲ့က ခေါင်းယမ်းလိုက်ပြီး “မရသေးပါဘူး။ ကျွန်တော်တို့ လမ်းကနေ ပြန်လုယက်လိုက်တဲ့ ငွေသေတ္တာတွေက အပေါ်ဆုံးတစ်လွှာပဲ ငွေအစစ်ပါတယ်၊ အောက်လွှာတွေက ကျောက်တုံးတွေနဲ့ ပြည့်နေတယ်။ အဲဒီအဘိုးကြီး ချင်ဖုန်းက ငွေတွေကို ဘယ်မှာဝှက်ထားလဲဆိုတာ သိချင်မိသား။ သူက ငွေတွေကို လုယက်ဖို့ တစ်စုံတစ်ယောက် ရောက်လာမယ်လို့ ခန့်မှန်းနိုင်ခဲ့ပုံရတယ်”
ဝမ်ယွိလင်၏လင်းယုန်ငှက်ကဲသို့ စူးရှနေသည့် မျက်လုံးများက ပိုစူးရှလာပြီး သူက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ထိုနောက် သူက “ငွေတွေ ရှိနိုင်မယ့်နေရာကို ရှာဖို့ သူတို့ကို အမိန့်ပေးလိုက်။ ချင်ဖုန်းကို သူ့သမက်လို အပိုင်းပိုင်းပြတ်ပြီး သေစေချင်တယ်”
“ဟုတ်ကဲ့”
လုယွဲ့က အမိန့်ကို နားခံကြောင်း တုံ့ပြန်လိုက်ပြီး အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။ ထို့နောက် သူက လျှို့ဝှက်စာတစ်စောင် ရေးလိုက်ပြီး ချင်ဖုန်းအား ခေါ်ဆောင်သွားသည့် စစ်သည်အဖွဲ့ထံ ထိုစာကို ပို့ကာ ငွေများ၏တည်နေရာကို ရှာဖွေရန် အမိန့်ပေးလိုက်သည်။
မူလက ဝမ်ယွိလင်က ၎င်းကို ကောင်းစွာ စီစဉ်ထားခဲ့သည်။ သူက ငွေအစစ်အမှန်ကို လုယက်ယူကာ ငွေအတုနှင့် လဲလှယ်ပြီး ချင်ဖုန်းက အကျင့်ပျက်ချစားပြီး ၎င်းတို့ကို အတုလုပ်ထားသည်ဟု ဧကရာဇ် ထင်မြင်သွားစေရန် စီစဥ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဤအဘိုးအိုက ဧကရာဇ်ကို လှည့်စားရန် ငွေအတုများ အသုံးပြုမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
ဒီအဖိုးကြီးက အရမ်းရဲတင်းလွန်းတယ်၊ ဧကရာဇ်မင်းကို လှည့်စားတဲ့ ပြစ်မှုအတွက် သူ့ခေါင်းကို ဆုံးရှုံးရမှာကို သူ မကြောက်ဘူးလား? ဒါမှမဟုတ် တစ်ယောက်ယောက်က ငွေတွေကို လုယက်ပြီး ဒီအခြေအနေကို အခွင့်ကောင်းယူမယ်လို့ သူ လုံးဝ ခန့်မှန်းနိုင်ခဲ့တာလား?
ညအချိန် ရောက်နေပြီဖြစ်သောကြောင့် တော်ဝင်နန်းမြို့တော်တွင် မီးပုံးများ ထွန်းညှိထားပြီး တော်ဝင်နန်းတော်၏ယန်ရှန့်ခန်းမကလည်း မီးပုံးများကြောင့် လင်းထိန်နေခဲ့သည်။ မိန်းမစိုးများက လက်ဖက်ရည်နှင့် အဆာပြေမုန့်များကို တည်ခင်းပေးနေပြီး ခန်းမအတွင်း ညင်ညင်သာသာ လျှောက်လှမ်းနေကြသည်။ သို့သော်လည်း မည်သူကမျှ အသံမထွက်ဝံ့ကြပေ။
အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် တာ့ရှပြည်ထောင်၏ အကြီးမြတ်ဆုံး အုပ်စိုးရှင်က နူးညံပျော့ပျောင်းသော သလွန်ပေါ်တွင် ထိုင်နေပြီး သူ့ရှေ့မှ စားပွဲပေါ်မှာ လျှို့ဝှက်စာတစ်စောင် ရှိနေခဲ့သည်။ သူ့မျက်နှာက မှင်ကဲ့သို့ မည်းမှောင်နေပြီး နေ့ခင်းဘက်တွင် အမြဲပြုံးနေတက်သော သူ့မျက်လုံးများက ယခုအခါ အေးစက်နေပြီး အလင်းရောင်အောက်တွင် တဖျပ်ဖျပ်တောက်ပနေခဲ့သည်။
သူက အလွန် ဒေါသထွက်နေပုံရကာ စားပွဲပေါ်ရှိ အရာအားလုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အော်ဟစ်လိုက်သောအသံတွင်ပင် ဒေါသအရိပ်အယောင်များ ပါဝင်နေခဲ့သည်။
"ကျန်းက မျက်စိကန်းပြီး အားနည်းနေတာကြောင့် အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူတို့က ထင်နေတာလား?"
(ကျန်း= ငါကိုယ်တော်)
နောက်ဆုံးတော့ သူတို့ကို ကောက်ရိုးဖျာပေါ်မှာ အိပ်ခိုင်းပြီး နားကြည်းမှုကို ခံစားခိုင်းသင့်တဲ့ အချိန်ကို ရောက်လာပြီ၊ သူ့အတွက်လည်း ဝမ်မိသားစုဆီကနေ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ နေ့ရက်တွေ ကုန်ဆုံးသင့်နေပြီ။
“အမျက်ဒေါသကို ငြိမ်းစေတော်မူပါဘုရား”
ဧကရာဇ်မင်းမြတ်၏ အပါးတွင် အမြဲတမ်း ခစားလေ့ရှိသာ ကွေ့ကုန်းကုန်းက ဧကရာဇ်မင်းမြတ်ကို ဖြောင်းဖျရန် အလျင်အမြန် ရောက်လာခဲ့သည်။
“နံရံတွေမှာ နားတွေရှိတာကြောင့် သတိထားတော်မူပါဘုရား”
သူ ဘာမှ မပြောလျှင် ပိုကောင်းလိမ့်မည် ဖြစ်သော်လည်း ယုံချီက သူ့စကားကြောင့် ပို၍ ဒေါသဖြစ်သွားခဲ့သည်။
"ကျန်းက တာ့ရှားရဲ့ဧကရာဇ်မင်းမြတ်ပဲ၊ ကျန်းက သူတို့ကို ကြောက်နေရမှာလား?
မိန်းမစိုးကြီးက သူ့ဘာသာသူ စိတ်ထဲမှ ခါးခါးသီးသီး ရယ်မောနေရင်း တွေးလိုက်မိသည်။ 'မင်း သူတို့ကို ကြောက်နေတာပဲ မဟုတ်ဘူးလား?'
“ဒီနှစ်ရက်အတွင်း ဝမ်ကွေ့ဖေးက နောင်တရနေတဲ့ပုံပေါ်လား?”
ယုံချီက အသက်ကို ပြင်းပြင်းရှူကာ သူ့စိတ်ထဲမှ လှိုင်းထန်နေသာ ဒေါသများကို ဖိနှိပ်လိုက်ပြီး သူ့၏လေသံကို လျှော့ပြီးချကာ သူ့၏အပါးတော်မြဲ ကွေ့ကုန်းကုန်းကို မေးလိုက်သည်။
“ကွေ့ဖေးမယ်မယ်က ကျမ်းဂန်တွေကို ကူးယူဖို့ ငြင်းပယ်ခဲ့ပြီး နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေအားလုံးကိုတောင် ရိုက်နှက်ခဲ့ပါတယ်”
“ဟမ့်၊ သူ(မ)က နောင်တမရဘူးပေါ့။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျန်း သူ(မ)ကို အရမ်းအလိုလိုက်ခဲ့တာတွေက သူ(မ)ကို ရက်စက်တဲ့ မိန်းမတစ်ယောက်ဖြစ်သွားစေခဲ့တယ်၊ သူ(မ)က ကျန်းရဲ့သွေးသားကို ဒုက္ခပေးဖိုတောင် ကြံစည်ရဲနေပြီ”
ယုံချီက အံကြိတ်ထားပြီး သူ့မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။
သူ ငယ်ငယ်ကကတည်းက ထီးနန်းအတွက် စောင့်မျှော်ခဲ့ရတယ်။ ဧကရာဇ်ဖြစ်လာပြီးနောက်မှတော့ သူရဲ့သားစဉ်မြေးဆက်အတွက် အစိုးရိမ်ဆုံးဖြစ် ခဲ့ရတယ်။ ဒီဝမ်ကွေးဖေးက သူမ မွေးရင်းမိသားစုရဲ့ နဂါးနောက်လိုက်ခြင်း ကောင်းကျိုးကို မှီခိုအားထားခဲ့တယ်။ သူမကိုယ်တိုင် သားသမီးမမွေးနိုင်သလို တခြား မောင်းမမိဿံတွေကိုလည်း နဂါးမျိုးစေ့ကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခွင့် မပေးခဲ့တာကြောင့် သူ အခု အသက်လေးဆယ်နီးပါးရှိနေတာတောင် သူ့မှာ ထီးနန်းအမွေကို ဆက်ခံနိုင်မယ့် သားတစ်ယောက်တောင် မရှိသေးဘူး။
သူ့မှာ သားတစ်ယောက်မှ မရှိတာကြောင့် နောက်ပိုင်းမှာ တိုင်းပြည်ရဲ့မျိုးရိုးအမည်ကို “ဝမ်”လို့ ပြောင်းလိုက်ရမှာကို သူ စိုးရွံ့နေမိတယ်။
"ချင်ဖုန်းရော အဆင်ပြေရဲ့လား?"
ယုံချီက သူ့စိတ်ထဲမှ ဒေါသကို ထိန်းပြီး သူ့မိန်းမစိုးကို အသံနက်ကြီဖြင့် ထပ်မေးလိုက်သည်။
မိန်းမစိုးက သက်ပြင်းချလိုက်ပြီး "သခင်ကြီးချင်က တောက်လျှောက် အရှက်ရနေခဲ့တယ်"
“အခြားနည်းလမ်း မရှိမှတော့ ကျန်းတို့က သူ့ကို အနစ်နာခံခိုင်းရုံပဲ ရှိတော့တယ်"
ယုံချီ၏မျက်လုံးများထဲမှ ကိုယ့်ကိုကိုယ် အပြစ်တင်နေသော အရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း သူက ချက်ချင်း လျစ်လျူပြန်ရှုလိုက်သည်။
ဒီလောကကြီးတစ်ခုလုံးက ရှင်ဘုရင်ရဲ့ပိုင်နက်ဖြစ်ပြီး မင်းမှုထမ်းတွေအားလုံးက အရှင်သခင်အတွက် သစ္စာစောင့်သိပေးရမယ်။
"သူက ကျန်းရဲ့ဆရာဖြစ်နေမှတော့ ကျန်းအတွက် အနစ်နာခံပေးရမယ်"
မိန်းမစိုးကြီးက ခေါင်းငုံ့ထားပြီး သခင်ကြီးချင်အတွက် မထိုက်တန်ဘူးဟု တွေးနေပြန်သည်။ သခင်ကြီးချင်က ဧကရာဇ်အတွက် လျန်ငွေငါးသိန်းကို ဝှက်ထားပေးဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး ဝမ်မိသားစုကို ဖြုတ်ချပေးဖို့ အစွမ်းကုန် စီစဉ်ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ဧကရာဇ်ရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရသေးတယ်။
“ကျန်း အခု လုပ်နိုင်တာက သူ့မိသားစုတစ်ခုကိုပဲ သုတ်သင်ပစ်ပြီး သူ့ရဲ့ဆွေမျိုးကိုးဆက်ကို ကာကွယ်ပေးဖို့ပဲ ရှိတော့တယ်။ မင်းဆရာကြီးက ကျန်းရဲ့အခက်အခဲတွေကို နားလည်နိုင်မယ်လို့ ကျန်း မျှော်လင့်တယ်”
ယုံချီက သက်ပြင်းချရင်း ညည်းတွားလိုက်သည်။ မိန်းမစိုးကြီးက သူ့၏ ကြောင်သူတော်ဆန်သော အသွင်အပြင်ကို ကြည့်ရန်ပင် သည်းမခံနိုင်တော့သောကြောင့် သူ့ခြေချောင်းများကို ပြန်မြင်ရသည်အထိ သူ့မျက်လုံးများကို အောက်စိုက်ထားလိုက်သည်။
"လီချန်ရဲ့အခြေအနေကရော ဘယ်လိုလဲ?"
သူက ဧကရာဇ်တစ်ယောက်ဖြစ်ပြီး တာ့ရှားပြည်ထောင်၏ အရေးကြီးသောမြို့ကို ဂရုမစိုက်ဘဲ မနေနိုင်သဖြင့် ထပ်မံမေးမြန်းလိုက်သည်။
“ဝမ်မိသားစု စစ်တပ်က သူတို့ကိုယ်သူတို့ မြို့ထဲမှာ ပိတ်ထားပြီး အပြင်ကို ထွက်မလာဘူး။ ဧကရာဇ်မင်းမြတ် ပို့ပေးလိုက်တဲ့ စစ်တပ်ရိက္ခာက သူတို့ရဲ့စစ်သည်တွေကို အဆိပ်မိစေခဲ့တာကြောင့် သူတို့မှာ တိုက်ခိုက်နိုင်တဲ့ စစ်သည် မရှိတော့ဘူးလို့ သူတို့က အကြောင်းပြချက်ပေးထားတယ်”
မိန်းမစိုးကြီးက အသံတိုးတိုးဖြင့် သတင်းပို့နေပြီး ဤစကားကို ကြားလျှင် ဧကရာဇ်က ထပ်မံဒေါသဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်ထားပြီး ဖြစ်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း သူ့စကားကို ကြားပြီးနောက်တွင် ဧကရာဇ်က စားပွဲကို မှောက်ချကာ အပိုင်းပိုင်းအစစဖြစ်အောင် ဖျက်ဆီးလိုက်သည်။ သူ၏မျက်နှာရှည်ကြီးကလည်း မှင်ကဲ့သို့ မည်းမှောင်နေလေသည်။
"ဝမ်ယွိလင်.... မင်းက မာနကြီးလွန်းတယ်။ မင်း မရှိရင် ကျန်း ဘာမှ မလုပ်နိုင်ဘူးလို့ မင်း ထင်နေတာလား?"
"ဒီနှစ်တွေမှာ စစ်သူကြီးဝမ်က အများကြီး လုပ်ဆောင်နိုင်ခဲ့တယ်" မိန်းမစိုးကြီးက ကမန်းကတန်း ထပ်ပြောလိုက်သည်။
"သွားတော့ ဝမ်ကွေ့ဖေးက အန်းကွေ့ရန်ကို ဒုက္ခပေးချင်နေတယ်လို့ အန်းမိသားစုကို သွားပြောပြလိုက်တော့"
ဧကရာဇ်က သူ့၏မိန်းမစိုးကို အမိန့်ပေးလိုက်ပြီး သူ့၏မျက်လုံးများကို မှိတ်ချကာ သူ၏ကြီးမားသောဒေါသကို ပြန်ထိန်းထားလိုက်သည်။
“အမိန့်တော်အတိုင်းပါဘုရား”
မိန်းမစိုးကြီးက လေးလေးစားစား အရိုအသေပေးပြီး ပြန်ဆုတ်သွားခဲ့သည်။ သူက အန်းမိသားစုထံ အကြောင်းကြားရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ပြီး သူ ပြန်ရောက်လာသောအခါတွင် ဧကရာဇ်က ခါတိုင်းကဲ့သို့ ငြိမ်သက်သော အမူအရာဖြင့် လက်ဖက်ရည်ထိုင်သောက်နေသည်ကို သူ မြင်လိုက်ရသည်။
“အရှင်မင်းကြီး၊ အန်းမိသားစုကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပြီးပါပြီ”
မိန်းမစိုးကြီးက တလေးတစား အစီရင်ခံလိုက်သည်။
"အင်း၊ ကျောင်းဖန့်နန်းတော်ဆီကို သွားပြီး ဒီနေ့ည ကျန်း အဲ့မှာ နေမယ်လို့ သူတို့ကို အကြောင်းကြားလိုက်ပါ"
ယုံချီက မျက်မှောင်ကြုတ်ထားပြီး သူ့စိတ်ကို သူထိန်းကာ အမိန့်ထပ်ပေးလိုက်သည်။
အဲ့မိန်းမက သူ့ကလေးကို ဒုက္ခပေးချင်နေတဲ့အပြင် သူ့ကိုတောင် ချော့မော့ခိုင်းချင်နေသေးတာလား? ခွေးမ... ခွေးမ... ခွေးမ...
ဧကရာဇ်က သူ့စိတ်ထဲမှ နင့်နင့်နဲနဲ ကျိန်ဆဲနေခဲ့သည်။
နန်းတော်ထဲမှ ရေလှိုင်းများက တဟုန်ထိုး လှုပ်ခပ်နေချိန်တွင် တစ်ဖက်ရှိ ထောင်ဟွားဝူမှ ဘေးဒုက္ခသည်များကတော့ ခရီးဆက်နေခဲ့ကြသည်။ သို့သော်လည်း စူးချင်းနှင့် ကျိရွှေရှန့်တို့ မရှိလျှင် လူတိုင်းက သူတို့ပတ်ဝန်းကျင်တွင် တစ်ခုခု ဖြစ်လာမည်ကိုတွေးကာ စိတ်မလုံမခြုံ ဖြစ်နေကြသည်။
လမ်းမကြီးပေါ်တွင် သဘာဝဘေးနှင့် စစ်ဘေးဒဏ်သင့်ခံရပြီး ထွက်ပြေးလာသည့် ဒုက္ခသည် အများအပြား ရှိနေပြီး သူ့တို့က လှည်းပေါ်တွင် ထိုင်နေသောကြောင့် သူတို့ကို မြင်သော လူတချို့က ငြူစူကြသည်။ တချို့က မနာလိုဖြစ်ကြပြီး တချို့က သူတို့ဘဝအတွက် သူတို့ဘာသာ နာကြည်းနေကြသည်။ တချို့ကတော့ လောဘကြီးလာကြသည်။
ထို့ကြောင့် သူတို့အားလုံး တလျှောက်လုံး ကြောက်ရွံ့ထိတ်လန့်စွာ စောင့်ကြည့်နေခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အဖွဲ့တွင် ကြမ်းတမ်းရက်စက်ပုံရသည့် လူနှစ်ယောက်ဖြစ်သော ကျုံးယုံနှင့် လီတာ့နျို ရှိနေသောကြောင့် တခြားလူများက ကမောက်ကမ မပြုမူဝံ့ကြပေ။
သို့သော် သူတို့ဘက်မှလည်း ချက်ပြုတ်ရန် မနားဝံ့ကြဘဲ စူးချင်း လုပ်ပေးထားသော ကြာကစီမှုန့်များကို စားကာ ခရီးဆက်နေခဲ့ကြရသည်။ ကြာကစီမှုန့်များက အေးမြပြီး ပူပြင်းသောနွေရာသီမှာပင် အပူဒဏ်ကို သက်သာစေခဲ့သည်။
ယနေ့တွင် သူတို့နှင့် ဒုက္ခသည်များကြား အကွာအဝေးတစ်ခု ထားနိုင်လောက်အောင် ခရီးပေါက်ခဲ့သောကြောင့် ချိုးယုံခန်းက လူတိုင်းကို မြစ်တစ်စင်းဆီ ခေါ်ဆောင်သွားပြီး ချက်ပြုတ်ရန် အိုးတစ်လုံး ပြင်ဆင်စေလိုက်သည်။
သူတို့ အစားအစာ စားရမှ ဖြစ်မယ် မဟုတ်ရင် ခရီးဆက်ဖို့ ခွန်အား မရှိတော့ဘူး။
"အစ်ကိုချိုး၊ ကျွန်မတို့ ပိုးစာရွက်တွေ သွားခူးချင်တယ်"
ကျိရှောင်ယင်က ချိုးယုံခန်းထံသို့ ပြေးသွားပြီး တောင်းဆိုလိုက်သည်။ သူမအစ်မရဲ့ ပိုးကောင်ကလေးတွေအတွက် စားစရာတွေ ကုန်သွားပြီ၊ ပိုးကောင်လေးတွေ အစာငတ်သေသွားရင် အစ်မဝမ်းနည်းသွားမှာကို သူမ စိုးရိမ်တယ်။
"မင်း မသွားရဘူး။ တောင်ပေါ်မှာ အန္တရာယ်တွေ ရှိနိုင်တယ်”
ချိုးယုံခန်းက မဝေးလှသော တောင်တန်းကြီးများကို လှမ်းကြည့်လိုက်သည်။ စိမ်းလန်းစိုပြေသော သစ်ပင်များ ထူထပ်နေခြင်းက တောရိုင်းတိရစ္ဆာန်များအတွက် ပုန်းအောင်းရန် လွယ်ကူစေနိုင်သည်။
ကျိရှောင်ယင်က စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။
“ဒီလို မဖြစ်လောက်ပါဘူး။ ပိုးကောင်ကလေးတွေက အစာငတ်သေတော့မယ်”
"ဒါဆို ကျုံးယုံကို မင်းနဲ့အတူ ခေါ်သွားလိုက်။ သူနဲ့ မကွဲသွားစေနဲ့"
ကျိရှောင်ယင် မည်မျှစိတ်ပူနေသည်ကို မြင်လိုက်သောကြောင့် ချိုးယုံခန်း၏နှလုံးသားက ပျော့ပျောင်းသွားပြီး သဘောတူလိုက်သော်လည်း ကျုံးယုံကို သူမတို့နောက်သို့ လိုက်သွားစေခဲ့သည်။
ကျုံးယုံက အင်အားကြီးမားပြီး သူ့လက်ထဲတွင် သံတူကြီးများကို ကိုင်ဆောင်ထားသည်။ သူက သန်မာလွန်းသောကြောင့် ရက်စက်ကြမ်းတမ်းသော သားရဲများနှင့် တွေ့လျှင်ပင် သူက ကြောက်ရွံ့နေမည် မဟုတ်ပေ။ ထို့အပြင် ချိုးယုံခန်းမပြောလျှင်ပင် ကျိရှောင်ယင်ကို ကာကွယ်ပေးဖို့က သူ့ကိစ္စသာဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီးချိုး"
ချိုးယုံခန်းက သဘောတူလိုက်သောကြောင့် ကျိရှောင်ယင်က ပျော်ပျော်ရွှင်ရွှင် ကျေးဇူးတင်စကားဆိုလိုက်သည်။ သူမ ပြုံးလိုက်သောအခါတွင် သူမ၏မျက်လုံးလေးများက လခြမ်းလေးများနှင့်တူလာပြီး ချိုးယုံခန်းက သူမနှင့်အတူ လိုက်ပြုံးကာ "သတိထားနော်"
"ငါ နင်နဲ့လိုက်ခဲ့မယ်"
လီရွှမ်းအာက နောက်ကျောတွင် ခြင်းတောင်းတစ်ခုတင်ကာ အပြေးရောက်လာသည်။ သူမလည်း အစ်မစူးချင်းရဲ့ပိုးကောင်လေးတွေကို အစာကျွေးဖို့ ကူညီပေးချင်တယ်။
တခြားမိန်းကလေးများကလည်း သူမတို့နောက်သို့ လိုက်သွားကြသည်။ သူမတို့ ပိုးစာရွက်များကို ခူးယူနိုင်ရုံသာမက ဆေးဖက်ဝင်အပင်များကိုလည်း တူးယူရန် တွေးထားကြသည်။ ထိုမိန်းကလေးများက စူးချင်းအတွက် ဆေးဖက်ဝင်အပင်များကို တူးပေးချင်နေကြပြီး ထိုသို့ ကူညီရခြင်းအတွက် ပျော်ရွှင်နေကြသည်။
ချိုးယွဲ့က လှည်းပေါ်တွင်ထိုင်နေရင်း ကောင်မလေးများ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေသည်ကို လှမ်းကြည့်နေပြီး အထီးကျန်သလို ခံစားနေရသည်။
အရင်တုန်းကတော့ ရွာက မိန်းကလေးတွေက သူမဘေးမှာ အမြဲရှိနေခဲ့တယ်။ အခု စူးချင်း ရောက်လာတော့ သူမတို့က စူးချင်း စိတ်ကျေနပ်အောင် ကြိုးစားနေကြတယ်။ သူမတို့အားလုံးက အရူးတွေပဲ။
“မွေးစားအမေ၊ ဒီမှာ ထိုင်နေနော်၊ လမ်းမလျှောက်နဲ့။ ကျွန်မတို့က ခဏနေလောက်ပဲနေပြီး ပြန်လာခဲ့မှာပါ"