နင် လုပ်ရဲလား
Vol. 5 Ch. 457
ချန်းဖန်က စကားသံ လာရာသို့ လှည့်ကြည့်လိုက်ရာ လူအုပ်စု တစ်ခုကို တွေ့လိုက်ရ၏။ ထိုလူအုပ်စုကို ခေါင်းဆောင်လာသူမှာ ဆံပင်ဖြူနေသော လူအို စုံတွဲ တစ်တွဲ ဖြစ်သည်။ စောစောက အန်ရာအား လှမ်းပြောလိုက်သူမှာ လူအို စုံတွဲဘေးမှ အသက်လတ် မိန်းမ တစ်ယောက် ဖြစ်သညါ။
ထိုအသက်လတ် မိန်းမမှာ သာမန် ရုပ်ရည်ရှိပြီး သူမ၏ နှုတ်ခမ်းများက ဓားသွားကဲ့သို့ ပါးလွှာနေခဲ့၏။ သူမ၏ မျက်နှာပေါ်၌ ဈေးကြီးသော မိတ်ကပ်များ လိမ်းခြယ်ထားသည့်တိုင် သူမ၏ မျက်လုံးထဲမှ အကျည်းတန်မှုကိုမူ ဖုံးကွယ် မပေးနိုင်ချေ။
"အဘိုး အဘွား ဦးလေး အဒေါ် ..."
အန်ရာက နှုတ်ဆက်လိုက်သည်။ သူမ၏ မျက်လုံးများကမူ စိတ်ရှုပ်ထွေးမှုကို ထင်ရှားစွာ ဖော်ပြနေ၏။
အသက်လတ် မိန်းမကား အန်ရာ၏ အဒေါ်ဖြစ်သည်။ သူမက ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်ရင်း ...
"နင်က ဘယ်သူလဲ ... ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ ... လုံခြုံရေး ... လုံခြုံရေးတွေ ဘယ်ရောက်နေလဲ ..."
အစောင့်များက တစ်ယောက်ကိုတစ်ယောက် မေးငေါ့ရင်း ရှေ့သို့ တိုးလာခဲ့ကြသည်။
"နေပါဦး ... အားလုံး ရပ်ကြဦး ... သူက အစ်မအန်ရဲ့ မောင်ပဲ ... ကျွန်မ သူ့ကို ခေါ်လာတာ ..."
မိန်းမငယ်လေးက ဒေါသတကြီး အော်လိုက်၏။
"အိုး ... ရှောင်ရှီ ဒီကို ရောက်နေတာလား ..."
အန်ထျန်းရှု့၏ အချစ်ဆုံး ကလေးကို ကြည့်၍ အသက်လတ် မိန်းမက ဟန်ဆောင် ပန်ဆောင် ပြုံးလိုက်၏။
"ရှောင်ရှီ ... သမီးက လိမ္မာတဲ့ ကောင်မလေးပါ ... ဒါပေမဲ့ အဲ့ကောင်ကတော့ လူဆိုး သမီးရဲ့ ... သူက အဒေါ်တို့ မိသားစုရဲ့ ပိုက်ဆံတွေကို လိုချင်လို့ ရောက်လာတာ ... ဒီမိသားစု အပြင်ဘက်က လူတွေ အားလုံးက လူဆိုးတွေချည်းပဲ ..."
ချန်းဖန်ကမူ ထိုမိန်းမ၏ မူယာမာယာများသော အပြုအမူများကို အေးဆေးစွာပင် ကြည့်နေခဲ့၏။
"အစ်မ ... ဒါနင့်ရဲ့ ဆွေမျိုးတွေလား ..."
ချန်းဖန်က အန်ရာကို ကြည့်ရင်း မေးလိုက်၏။
အန်ရာက သူမ၏ နှုတ်ခမ်းကို ကိုက်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
အန်ရာမှာ ထိုလူများအား သွေးသားရင်းချာများ ကဲ့သို့ ဆက်ဆံသည့်တိုင် ထိုလူများကမူ သူမအား ပစ်ပယ်နေတုန်းပင်။ သုံးလကြာအောင် အတူနေ ကြပြီးသော်လည်း သူတို့က အန်ရာအား သူစိမ်းသဖွယ် ဆက်ဆံနေကြတုန်း ဖြစ်သည်။
သူတို့က အန်ရာအား မိသားစုဝင်ကဲ့သို့ တစ်ခါမျှ မတွေးခဲ့ချေ။ သူတို့၏ အသုံးချစရာ အရုပ်တစ်ရုပ် အဖြစ် မှတ်ယူထားခဲ့ခြင်း ဖြစ်သည်။
"ကျုပ်က အစ်မအန်ရဲ့ မောင် ... ဒီကို လာတာ သူ့ကို ပြန်ခေါ်ဖို့ ..."
ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်၏။
"ဟမ် ..."
ချန်းဖန်၏ စကားကြောင့် လူတိုင်း မျက်မှောင်ကြုတ်သွား၏။ အသက်လတ် မိန်းမက အလျင်စလိုပင် ဝင်ပြောလိုက်၏။
"အဓိပ္ပာယ် မရှိတာ ... ရှောင်ရာက ဖူမိသားစုက လူနဲ့ လက်ထပ်တော့မှာ ... သခင်လေးဖူတောင် ရောက်လာတော့မယ် ... နင် လုပ်ချင်တိုင်း လုပ်လို့ ရမယ် မထင်နဲ့ ..."
"အန်ရာ ... နင် ငါတို့ရဲ့ သဘောတူညီချက်ကို မေ့နေပြီလား ... ကျင်းရှို့ လုပ်ငန်းစုကို ကျိမိသားစု ရန်က ကာကွယ်ပေးဖို့ ငါတို့ ကတိပေးထားတယ်လေ ..."
အသက်လတ် ယောက်ျား တစ်ယောက်က ဝင်ရောက် ပြောလိုက်၏။
"ကျွန်မ မမေ့သေးပါဘူး ... ဦးလေး"
အန်ရာက သူမ၏ ခေါင်းကို ငုံ့လိုက်၏။
"ဒါဆို သူပြောတဲ့ အဓိပ္ပာယ်က ဘာလဲ ... ဟမ့် အန်မိသားစုကို ကစားစရာများ ထင်နေတာလား ... နင့်ကိုနင်ရော ဘာထင်နေတာလဲ ..."
အသက်လတ်လူကြီးက အန်ရာအား ကြည့်ရင်း နှာခေါင်းရှုံ့လိုက်၏။
"ကျွန်မ ... ကျွန်မတို့ သဘောတူတဲ့ အထဲမှာ ဖူမိသားစုနဲ့ လက်ထပ် မဟာမိတ်ပွဲ လုပ်ဖို့ မပါဘူး ..."
အန်ရာက အံကိုကျိတ်ရင်း မေးစေ့အား မော့လိုက်၏။
"အန် ... ရာ ..."
အသက်လတ်လူက အန်ရာအား မည်းမှောင်သော မျက်နှာဖြင့် ကြည့်လိုက်၏။
"ခင်ဗျားတို့ နှစ်ယောက်က ဘာလို့ နှုတ်ပိတ်နေတာလဲ ... အန်ရာအတွက် ဘာလုပ် စကားမပြော ပေးတာလဲ ..."
ချန်းဖန်က အန်ရာအား သူ့နောက်ကျောသို့ ဆွဲသွင်းရင်း လူအိုစုံတွဲအား မေးခွန်းထုတ်လိုက်၏။
အဘွားအိုက ချန်းဖန်၏ မေးခွန်းကို မျက်နှာလွှဲရင်း ရှောင်တိမ်းလိုက်၏။ သူမကား ချန်းဖန်ကို ဂရုစိုက်ဟန်ပင် မရချေ။
ခဏအကြာမှ အဘိုးအိုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရင်း ...
"မင်းက ကျင်းမြို့၊ ချန်းမိသားစုက တစ်ယောက်ယောက် ဖြစ်ရမယ် ... မင်းသိထားရမှာက အန်ရာဆိုတာ အန်မိသားစုရဲ့ ကလေးပဲ ... နောက်ပြီး သခင်လေးဖူ ဖူကျန့်ထင်ကို လက်ထပ်ရတာက သူ့ဘဝ အတွက် အကောင်းဘက်ကိုပဲ ဦးတည်နေတယ် ... သခင်လေးဖူက ငယ်ရွယ်ပြီး အရည်အချင်း ရှိတယ် ... မိန်းကလေးတိုင်း စိတ်ကူးယဉ်ရတဲ့ သူ့လိုလူနဲ့ လက်ထပ်ခွင့်ရတာ အန်ရာ့ အတွက် တကယ် ကံကောင်းတယ် ..."
"ဟားဟား ..."
ချန်းဖန်က သဘောကျစွာ ရယ်မောရင်း ခေါင်းကို ခါလိုက်၏။
"ငါမင်းကို အထင်ကြီးထားတာ အန်ကျိုက်ချန်း ... မင်းအသက်နဲ့ မင်းရဲ့ စိတ်ဓာတ်နဲ့က မလိုပါလား ... မင်းက ကိုယ့်သမီးကို စွန့်ပစ်ခဲ့သလို အခု ကိုယ့်မြေးကိုလည်း ပစ္စည်းတစ်ခုလို အသုံးချ နေပြန်ပြီ ... မင်းလို အရှက်မဲ့တဲ့သူ ငါ မတွေ့ဖူးဘူး ..."
"ခွေးမသား ... စကားကို ကြည့်ပြောစမ်း ..."
ချန်းဖန်၏ စကားက ထိုနေရာရှိ လူများစွာအား ဒေါသ ထွက်သွားစေ၏။ အန်ကျိုက်ချန်း၏ မျက်နှာမှာလည်း မည်းမှောင်သွား၏။
အန်ရာ၏ ဦးလေး အန်ထျန်းဖန်က ချန်းဖန်အား ဒေါသတကြီး ကြည့်လိုက်ရင်း ...
"ဒီနေရာက ကျင်းမြို့ မဟုတ်ဘူး ဆိုတာ မင်းနာလည်ထား ... နောက်ပြီး ချန်းမိသားစုရဲ့ ကံကြမ္မာက ငါတို့ လက်ထဲမှာ ... ငါတို့ မိသားစု မကူညီရင် ကျင်းရှို့ လုပ်ငန်းစု ဒေဝါလီ ခံသွားရတာ ကြာပြီ ... မင်းကို ဒီကို လာပြီး စကားပြေဖို့ ဘယ်သူက အခွင့်ပေးလို့လဲ ..."
ထိုအဖြစ်အပျက် အလှည့်အပြောင်းများကြောင့် အန်ရိုရှီမှာ ကြောက်ရွံ့၍ပင် လာခဲ့၏။
အန်းကျိုက်ချန်းမှာ အန်ရိုရှီ အဘိုး၏ ညီဖြစ်ပြီး ရန်ကျင်းမြို့ မိသားစုခွဲ၏ ခေါင်းဆောင် ဖြစ်သည်။ သူကား သူမ၏ အဘိုးပြီးလျှင် မိသားစုထဲ၌ ဒုတိယမြောက် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ အကယ်၍ အန်ကျိုက်ချန်းကပါ ချန်းဖန်ကို ကန်ထုတ်ချင်မည် ဆိုပါက အန်ရိုရှီ တတ်နိုင်သော အရာ မရှိပေ။
"သေပြီ ... သူက အဘိုးကြီးကိုတောင် ဆန့်ကျင်နေတာပဲ ... သူနိုင်မှာ မဟုတ်ဘူး ... သူ့ကို ကူညီဖို့ အဘိုးနဲ့ အဖေတို့ကို မြန်မြန်သွားရှာမှပဲ ..."
အန်ရိုရှီကား ငယ်ရွယ်ပြီး အပြစ်ကင်းသော ကောင်မလေး ဖြစ်ရာ သူမက ချန်းဖန်နှင့် မဟာမိတ်ဖွဲ့ပြီး အန်ရာကို ကူညီချင်နေခဲ့သည်။
"ပါးစပ် ပိတ်ထားစမ်း အရူးတွေ ... မင်းတို့ စကားပြောနေတာ ဘယ်သူလဲ သိရဲ့လား ..."
အန်မိသားစုဝင်များမှာ ချန်းဖန် ကြောက်လန့်ကာ ထွက်ပြေးတော့မည်ဟု ထင်နေစဉ်မှာပင် ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ရပ်လိုက်၏။ သူ၏ အသံကမူ ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ စူးရှစွာ ထွက်ပေါ်လာခဲ့သည်။
ချန်းဖန်၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေ၏။ ထိုအသံက အန်ရာ၏ အိမ်ငယ်လေးကို ဖြတ်သန်းပြီး အန်မိသားစု ခြံဝန်း တစ်ခုလုံး အထိ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်၌ ... အန်မိသားစု စီအီးအို အန်ထျန်းရှု့က ထိုင်ခုံမှ ထကာ အရှေ့မြောက် အရပ်သို့ မျှော်ကြည့်လိုက်၏။ ထိုနေရာ၌ တစ်ခုခု ဖြစ်နေခြင်း ဖြစ်ရမည်။
"အဖေ ... အဲဒါ အန်ရာ နေတဲ့ နေရာကပဲ ..."
"သွားကြည့်ရအောင်လေ ..."
သခင်ကြီးအန် အန်ကျိုက်ချင်က မျက်မှောင်ကြုတ်ရင်း ထိုင်ရာမှ ထလိုက်၏။
များစွာသော ဧည့်သည်များမှာမူ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးငေါ့လိုက်ကြသည်။ ထို့နောက် သခင်ကြီးအန့်တို့ ထွက်သွားရာနောက်ကို စိတ်ဝင်တစား လိုက်လာခဲ့ကြတော့သည်။
ထိုအချိန်၌ အန်ယုချင်ကမူ ထိုင်ခုံ၌ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်အား ဇိမ်ခံသောက်နေခဲ့၏။
"ရှောင်ရှီတော့ ဟိုကောင်ကို အန်ရာဆီ ခေါ်သွားနေပြီ ... သူ အဆင်မှ ပြေရဲ့လား ..."
"စိတ်မပူပါနဲ့ ယုချင်ရဲ့ ... လုံခြံရေး ကင်မရာတွေ နေရာတိုင်းမှာ ရှိတာပဲ ... ရှောင်ရှီ ဘာမှဖြစ်မှာ မဟုတ်ပါဘူး ..."
ဟိုဖန်းယုက နွေးထွေးစွာ ပြုံးရင်း ယုံကြည်ချက် ရှိရှိ ပြောလိုက်၏။
"အန်မိသားစုက နှစ်ရာချီ တည်ရှိခဲ့တဲ့ မိသားစုကြီးပဲဟာ ... အဲ့လို ငယ်ရွယ်တဲ့ ကောင်လေး မပြောနဲ့ အတွင်းအား ပညာရှင်တွေတောင် အန်မိသားစုကို တစ်ခုခုလုပ်ဖို့ နှစ်ခါလောက် ပြန်စဉ်းစားရမှာ ..."
"အင်း ..."
အန်ယုချင်မှာလည်း ထိုစကားထဲမှ အမှန်တရားကို မြင်သည်။ အန်ယုချင်က ခဏမျှ စဉ်းစားရင်း ဆက်ပြောလိုက်၏။
"ငါတို့ တစ်ချက်လောက် သွားကြည့်ရအောင်လေ ... အဲ့ကောင် တစ်ခုခု လုပ်ရဲရင် သူ့ကို နှင်ထုတ်ရမယ် ..."
***
တဖွဲဖွဲ ရောက်လာသော လူများအား တွေ့သည်နှင့် အန်ရာ့ အဒေါ်မှာ ရှက်စိတ်ဖြင့် ဒေါသများ ငယ်ထိပ်အထိ တက်လာခဲ့၏။
သူမက ချန်းဖန်အား လက်ညှိုးထိုးရင်း ...
"နင် ... နင်က ဘယ်က ကလေကချေလဲ ဟမ် ... နင့်ကိုနင်များ ဘာထင်နေတာလဲ ... လုံခြုံရေးတွေ ... အဘိုးကြီးဟူ ... ရှင်တို့ ဘယ်ရောက်နေလဲ ..."
"ကျွန်တော်ရှိပါတယ် ... မိန်းကလေးအန် ..."
အဘိုးကြီးဟူဟု ခေါ်သော သက်တော်စောင့်က ပြန်ထူးရင်း ချန်းဖန်အား အေးစက်စွာ ကြည့်လိုက်၏။
သူ၏ စိတ်ထဲတွင်မူ ချန်းဖန်အား ကျိန်ဆဲ နေမိသည်။
သူကား အန်မိသားစု တွေ့ဆုံပွဲတွင် လုံခြံရေး တာဝန်ရှိသူ ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်မှာ ခြံဝန်း အတွင်းသို့ ခိုး၍ ဝင်ရောက်ကာ ပြဿနာ ရှာနေခဲ့သည်။ ထို အကျိုးဆက်ကြောင့် တွေ့ဆုံပွဲ အပြီးတွင် အန်မိသားစုက သူ့အား အလုပ်ထုတ်ပစ်မည်ကိုပင် စိုးရိမ်ရသည်။
"ရှောင်ဖန် ..."
အန်ရာက ချန်းဖန်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
လူတိုင်းမှာ အန်မိသားစုဝင်များအား ကြောက်လန့်မှုကြောင့် အန်ရာမှာ ချန်းဖန်အား ဆုပ်ကိုင်ထားခြင်းဟု ထင်နေကြသည်။ သို့သော်လည်း အဖြစ်မှန်မှာမူ အနည်းငယ် လွဲချော်နေသည်။ ချန်းဖန် စိတ်လိုက်မာန်ပါဖြင့် ထိုလူများကို မသတ်စေရန် အန်ရာမှာ ဆွဲထားခဲ့ခြင်း ဖြစ်သည်။
"ဟမ့် ... နင်က ခုကျ ကြောက်တတ်တယ်ပေါ့ ... အရင်က ဘာလို့ မကြောက်ရတာလဲ ..."
အန်ရာ၏ အဒေါ်က နှာခေါင်းရှုံ့လိုက်၏။
"အန်ရာ ညည်းက ငါတို့ကို တကယ် စိတ်ပျက်စေတယ် ..."
အန်ထျန်းဖန်က ခေါင်းခါရင်း သက်ပြင်း ချလိုက်သည်။
"မဟုတ်ဘူး ... အန်မိသားစုကသာ ငါ့ကို စိတ်ပျက်စေတာ ..."
ချန်းဖန်က ကြုံးဝါးလိုက်၏။ သူကား အစ်မအန်၏ တောင်းပန်သော အမိန့်များကို လျစ်လျူရှု ထားခဲ့သည်။
"ငါ အန်မိသားစု အမှားကနေ အမှန်ပြင်ဖို့ အခွင့်အရေး ပေးခဲ့တယ် ... ဒါကြောင့်မလို့ပဲ ပြဿနာ မဖြစ်အောင် ငါရှောင်ခဲ့တယ် ... ဒါပေမဲ့ မင်းတို့က အရှက်တရား ကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေပဲ ... မင်းတို့က ငါ့ရဲ့ စေတနာနဲ့ မထိုက်တန်ဘူး ..."
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။
လေထု၏ အခြေအနေကား တဖြည်းဖြည်း ပိုမို လေးလံလာခဲ့ပြီ ဖြစ်သည်။
အဘိုးကြီးဟူက ချန်းဖန်က ပစ်ဝင်ကာ တိုက်ခိုက်ရန် ကြိုးစားလိုက်သည့်တိုင် ချန်းဖန်၏ အနားကိုပင် မကပ်လိုက်ရခင် မမြင်ရသော တွန်းအား တစ်ခုကြောင့် နောက်သို့ လွင့်စဉ်သွားခဲ့၏။
ထိုမြင်ကွင်းအား ကြည့်ရင်း အန်ရာ၏ အဒေါ်က ချန်းဖန်၏ အနားသို့ ကပ်လာရင်း ဒေါသတကြီး ပြောလိုက်၏။
"နင် ... နင် ဘာလုပ်လိုက်တာလဲ ... ဒါ အန်မိသားစုရဲ့ နေရာနော် ... နင် ဘာ ..."
"ဖောင်း ..."
သူမ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က ထိုမိန်းမ၏ ပါးအား ရိုက်ချလိုက်သည်။
သူမကား ရိုက်ချက်၏ ပြင်းအားကြောင့် နောက်သို့ အရိပ်တစ်ခု အလား လွင့်စဉ်သွားတော့၏။ သူမ၏ မျက်နှာကား အရိုးများ ကျိုးကြေမှုကြောင့် သွေးများဖြင့် လိမ်းကျံနေခဲ့ပြီ ဖြစ်သည်။
"မင်း လုပ်ရဲတယ်ပေါ့ ..."
ဒေါသနှင့် အံ့ဩမှုများက အန်ထျန်းဖန်၏ မျက်နှာအား လိမ်းခြယ်ထား၏။ သူက ချမ်းဖန်အား လက်ညှိုးထိုးရင်း စူးရဲစွာ အော်လိုက်၏။
"ဟမ့် ... ငါက ရိုက်ရုံတင် မဟုတ်ဘူး ... သတ်ပါသတ်မှာ ... ကြည့်နေလိုက် ..."
ချန်းဖန်က အေးစက်စွာ ပြုံးရင်း ပြန်ပြောလိုက်သည်။
"သတ်ကြစမ်း ... သူ့ကို သတ်ကြစမ်း ..."
အန်ထျန်းဖန်က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
"ယား ..."
အစောင့်များက အံကို တင်းတင်းကျိတ်ရင်း ချန်းဖန်ဆီသို့ ပစ်ဝင်လိုက်ကြ၏။ သို့သော်လည်း ချန်းဖန်၏ လက်တစ်ချက် အဝှေ့မှာပင် သူတို့ဟ ခန္ဓာကိုယ်များမှာ လွင့်ပျံထွက် ကုန်ကြတော့သည်။
"ငါ့ရှေ့က ထွက်သွားစမ်း ..."
ချန်းဖန်၏ ခန္ဓာကိုယ်က မူလနေရာမှာ ပျောက်ကွယ်ကာ အန်ထျန်းဖန်၏ ရှေ့၌ ပြန်ပေါ်လာခဲ့၏။
"ငါမင်းတို့ကို အခွင့်အရေး ပေးခဲ့တယ် ... ဒါပေမဲ့ ခုတော့ နောက်ကျသွားပြီ ..."
ချန်းဖန်က လက်တစ်ဖက်ကို မြှောက်ရင်း အန်ထျန်းဖန်အား ရိုက်ချရန် ပြင်လိုက်၏။
ထိုစဉ်မှာပင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ရပ်လိုက် ..."
***