အမှန်တရားကို တကယ်ကြားချင်တာလား?
Vol. 10 Ch. 140
အားလုံးက လမ်းမကြီးဆီသို့ မျှော်ကြည့်လိုက်ကြပြီး တစ်စုံတစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ရွှေရှန့်နဲ့ ကျန်တဲ့သူတွေ ပြန်လာကြပြီလား?"
သို့သော် ရှင်းရှင်းလင်းလင်း မြင်နိုင်ချိန်တွင် လမ်းမကြီးပေါ်တွင် ပြေးလွှားနေသည်က ရထားလုံးမဟုတ်ဘဲ မြင်းများဖြစ်ကြောင်းကို မြင်လိုက်ရသောကြောင့် လူတိုင်း စိတ်ပျက်သွားကြသည်။ ထိုလူများက ကျိရွှေရှန့်နှင့် စူးချင်းတို့ မဟုတ်ဘဲ သူတို့က အလျင်လိုနေပုံရကာ သူတို့ကိုပင် မကြည့်ဘဲ လေကဲ့သို့ ဖြတ်သန်းသွားကြသည်။
"စူးချင်းက သူ(မ)အဖေကို ရအောင်ခေါ်နိုင်ပါ့မလားလို့ တွေးပူ နေမိတယ်"
ရွာလူကြီးချိုးနှင့် အဘိုးလီတို့က ထိုအကြောင်းအရာကို ဆွေးနွေးနေကြပြီး အချိန်နှစ်ရက်ကြာသွားပြီးသည်အထိ စူးချင်းတို့ ပြန်မလာသေးသောကြောင့် သူတို့ စိုးရိမ်နေကြသည်။ စူးချင်းတို့ ပြန်မလာပဲ အပြီးတိုင် ပျောက်ကွယ်သွားမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
"သူတို့ ပြန်လာသင့်နေပြီ မဟုတ်ဖူးလား?"
အဘိုးကြီးလီကလည်း မရေမရာ ရေရွတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် တကယ်တမ်းမှာ ဒုက္ခသည်တွေ အများအပြား ရှိနေခဲ့တာကြောင့် သူတို့ တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်မလားဆိုတာက ပြောဖို့ခက်ခဲလွန်းတယ်။
ဒီလိုငတ်မွတ်ခေါင်းပါးတဲ့ကာလတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ကွဲကွာသွားရင် တခြားလူကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး။
"အဲ့ဒါက စူးချင်းရဲ့အဖေလေ။ အစ်ကိုရွှေရှန့်က ဘာလို့ သူ့ကို ပြန်ခေါ်လာရမှာလဲ?"
သူမအဖိုး၏စကားကို ကြားလိုက်ချိန်တွင် လွန်ခဲ့သည့်နှစ်ရက်ကတည်းက မျိုသိပ်ထားရသည့် ချိုးယွဲ့၏ဒေါသများက ပေါက်ကွဲထွက်လာတော့သည်။
"စူးချင်းက ငါတို့ ထောင်ဟွားဝူက လူတွေကို အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့တဲ့အချက်ကို ထည့်မတွက်ရင်တောင် သူ(မ)က လူတိုင်းကို ကူညီဖို့ စားစရာတွေ ဘယ်လို ရှာပေးခဲ့လဲ? အဲ့တော့ ရွှေရှန့်က ဘာလို့ စူးချင်းအဖေကို ခေါ်ဆောင်ဖို့ စူးချင်းနဲ့ မလိုက်သွားရမှာလဲ?"
ရွာလူကြီးချိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူ့မြေးမကို စိုက်ကြည့်နေသည်။
ဒီမိန်းခလေးရဲ့စိတ်နေသဘောထားက ပိုပိုပြီး လွတ်ထွက်နေပြီ။
သူမ၏အဖိုးက စူးချင်းအတွက် အကာအကွယ်ပေးနေသည်ကို မကျေမနပ် ဖြစ်နေသော်လည်း ချိုးယွဲ့က ပြန်မငြင်းခုံဝံ့ဘဲ သူမ၏ခေါင်းကို ငုံ့ကာ သူမ၏လက်ချောင်းများကို ဖိချေနေခဲ့သည်။
ရွာလူကြီးချိုးက ခေါင်းယမ်းလိုက်ပြီး သူ့စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။
သူ ချိုးယွဲ့ကို တတ်နိုင်သမျှ အမြန်ဆုံးအိမ်ထောင်ချပေးဖို့ လိုနေပြီ။
အဒေါ်ချိုးက ခေါင်းစားဖိုမှူးအဖြစ် တာဝန်ယူထားပြီး သူမက စူးချင်းကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားသော်လည်း ဝံပုလွေအသားက ပြင်းထန်သော အညှီနံ့ ကျန်ရှိနေဆဲဖြစ်သည်။
လူတိုင်းနီးပါးက အသားကို မလွှင့်ပစ်မိစေရန် သူတို့ကိုယ်သူတို့ ဖိအားပေးလိုက်ပြီး ဝံပုလွေအသားကို မျိုချနေကြရသည်။ တချိန်တည်းမှာပင် သူတို့က စူးချင်းနှင့်အတူ ရှိနေခဲ့သောနေ့ရင်များကို လွမ်းဆွတ်နေမိကြသည်။
ညစာစားပြီးနောက် ကျိရှောင်ယင်က ပိုးကောင်လေးများကို အစာကျွေးရန်အတွက် ပိုးစာရွက်ကို ယူသွားခဲ့သည်။ အဖြူရောင် ပိုးကောင်ဝတုတ်တုတ်လေးများကို ခြင်းတောင်းကြီးတစ်ခုထဲတွင် ထည့်ထားပြီး ထိုခြင်းတောင်းကြီးကို စူးချင်းကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပိုးကောင်လေးများကို ပြုစုပျိုးထောင်ရာမှာ အဓိက အသုံးပြုရန် ဖြစ်သည်။
နောက်ထပ်ခြင်းတောင်းအကြီးကြီးတစ်လုံးထဲတွင် စက္ကူဖြတ်စနှစ်ထပ် ထည့်ထားသည်။ စူးချင်းက တခြားလူများ သုံးနိုင်ရန်အတွက် အဖွဲ့နှင့်အတူ ထိုစက္ကူဖြတ်စများကို လှည်းပေါ်တွင် ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။ သူမ မထွက်သွားခင်တွင် စူးချင်းက ကျိရှောင်ယင်ကို ခေါ်ကာ မိန်းကလေးများ ဓမ္မတာလာချိန်တွင် အပင်ပြာများကို မသုံးခိုင်းပဲ ထိုစက္ကူဖြတ်စများကို သုံးခိုင်းရန် မှာထားခဲ့သည်။
မိန်းကလေးများက ထိုစျေးကြီးသောစက္ကူဖြတ်စများ ပေးထားခဲ့သည့်အတွက် စူးချင်းကို အလွန်ကျေးဇူးတင်နေကြပြီး စူးချင်းအတွက် ပိုတန်ဖိုးရှိသော ဆေးဖက်ဝင်အပင်များကို တူးပေးချင်နေကြသည်။
ထိုသို့မဟုတ်ပါက သူမတို့ ၎င်းတို့ကို အသုံးပြုသည့်အခါ သက်တောင့်သက်သာရှိမည် မဟုတ်ပေ။
ကျိရှောင်ယင်က လတ်ဆတ်ပြီး နူးညံ့သော ပိုးစာရွက်များကို ခြင်းတောင်းကြီးထဲသို့ ထည့်လိုက်သည်။ ပိုးကောင်ကလေးများက ၎င်းတို့ကို တွေ့ရှိသွားပြီး စိတ်အားထက်သန်စွာ စားသောက်နေကြသည်။ ကျိရှောင်ယင်က ဘေးနားတွင် ထိုင်နေကာ ပိုးကောင်လေးများ စားသောက်နေသည်ကို ပျော်ပျော်ရွှင်ရွှင် ထိုင်ကြည့်နေခဲ့သည်။
“မင်းတို့ များများစားပြီး မြန်မြန် ကြီးလာရမယ်။ အဲ့တာဆို အစ်မ ပြန်လာရင် ပျော်သွားလိမ့်မယ်”
ချိုးယွဲ့က ဤပိုးကောင်များကို အလွန်ကြောက်ရွံ့သောကြောင့် ကျိရှောင်ယင်နှင့် မထိုင်ရဲတော့ပေ။ ကျိရှောင်ယင်ကလည်း ထူးဆန်းသော စကားများကို နားထောင်ရန် မလိုအပ်တော့သည့်အတွက် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
ချိုးယွဲ့က သူမ၏ဝမ်းဗိုက်မှ အပူစီးကြောင်းတစ်ခု ထိုးထွက်လာသည်ကို ခံစားလိုက်ရပြီး အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ လျောဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ယခင်က သူမလည်း ရာသီခံခါးပတ်ထဲသို့ ထည့်ရန် အပင်ပြာများကို အသုံးပြုခဲ့သော်လည်း ယမန်နေ့တွင် ကျန်းယွိရန်က စက္ကူဖြတ်စများ အသုံးပြုနေသည်ကို မြင်တွေ့ပြီးနောက် သူမက အပင်ပြာများကို မသုံးချင်တော့ပေ။
ထိုကြောင့် စူးချင်းရှိမနေချိန်တွင် စက္ကူဖြတ်စတောင်ရန် ကျိရှောင်ယင်ဆီကို သွားလိုက်သည်။
"ရှောင်ယင်၊ ငါ့ကို စက္ကူဖြတ်စနည်းနည်း ပေးပါ၊ ငါ...သုံးဖို့ လိုတယ်"
“ပေးလို့ မရဘူး၊ အဲ့ဒါက အစ်မစူးချင်းရဲ့ပစ္စည်းတွေ။ ကျွန်မမှာ အစ်မကို ပေးပိုင်ခွင့်မရှိဘူး"
ကျိရှောင်ယင်က ခေါင်းခါပြီး ငြင်းဆန်လိုက်သည်။ စူးချင်းက သူမ ထွက်မသွားခင် ချိုးယွဲ့မှ လွဲ၍ တခြားမည်သူမဆို သုံးနိုင်ကြောင်း အတိအကျ ညွှန်ကြားခဲ့သည်။
သို့သော် ကျိရှောင်ယင်က ချိုးယွဲ့မျက်နှာပျက်ရမည်ကို စိုးရိမ်သောကြောင့် ပို၍ လိမ္မာပါးနပ်စွာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
"ရှောင်ယင်၊ နင်က ဘာလို့ အခု ငါ့ကို ဒီလိုတွေ ဆက်ဆံနေရတာလဲ? ထောင်ဟွားဝူမှာ နေတုန်းက နင် ငါ့နဲ့ အရမ်းရင်းနှီးခဲ့တာ မဟုတ်ဘူးလား?"
ကျိရှောင်ယင်က သူမတောင်းသည်ကို မပေးသောကြောင့် ချိုးယွဲ့က ဝမ်းပမ်းတနည်း ပြန်မေးလိုက်သည်။
“ဒါပေမယ့် ဒါက ကျွန်မရဲ့ဥစ္စာတွေ မဟုတ်ဘူးလေ”
ချိုးယွဲ့က ထိုသို့ ပြုမူလိုက်ချိန်တွင် ကျိရှောင်ယင်၏မျက်နှာတွင် ခါးသီးသော အမူအရာများ ပေါ်လာခဲ့သည်။
အစ်မချိုးယွဲ့ရဲ့စကားတွေက ငါ့အပေါ်ကို အပြစ်ပုံချနေတာလား?
ချိုးယွဲ့ကလည်း ကျိရှောင်ယင်ကို ဝမ်းပမ်းတနည်း စိုက်ကြည့်နေရင်း ထပ်ပြောလိုက်သည်။
"နင် မနေ့က ကျန်းယွိရန်ကို ပေးလိုက်တာကို ငါ တွေ့တယ်"
"အစ်မချိုးယွဲ့၊ ကျွန်မ မပြောချင်ပေမယ့် အစ်မက ကျွန်မကို အတင်းဖိအားပေးနေတာပဲ။ အစ်မစူးချင်းက မသွားခင် သေသချောချာ မှာသွားတယ်၊ အစ်မက လွဲပြီး ဒီစက္ကူတွေကို ဘယ်သူမဆို သုံးလို့ရတယ် တဲ့"
ကျိရှောင်ယင်ကလည်း ဒေါသထွက်သွားပြီး ပြန်အော်လိုက်သည်။
အစ်မချိုးယွဲ့က ဘာလို့ ဒီလို ဖြစ်သွားရတာလဲ? အမှန်တရားကို တကယ် ကြားမှဖြစ်မှာလား?
ချိုးယွဲ့၏မျက်နှာက နီရဲလာပြီး သူမက အံကို တင်းတင်းကြိတ်ထားကာ သူမ၏နှလုံးသားထဲတွင် အမုန်းတရားများ ပေါက်ဖွားလာခဲ့သည်။
စူးချင်း... နင်က ဘာလို့ ငါ့ကို အဲ့လို လုပ်နိုင်ရတာလဲ?
လှည်းပေါ်ရှိ ရွာသူရွာသားများအားလုံးက ချိုးယွဲ့၏ မျက်လုံးများမှ ထွက်ပေါ်လာသော မုန်းတီးရိပ်များကြောင့် ထိတ်လန့်သွားကြသည်။
သူမရဲ့မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်။
"အဲ့ဒါတွေက သူ့ဥစ္စာမှန်း သိခဲ့ရင် ငါ လာမတောင်းဘူး"
ချိုးယွဲ့က သူမ၏မျက်နှာကို ပြန်လည်ရရှိရန် ထိုစကားကို ပြောပြီးနောက် ခပ်မြန်မြန် ပြန်ထွက်သွားခဲ့သည်။
ကျိရှောင်ယင်က သူမ၏နောက်ကျောကို ကြည့်နေရင်း မျက်မှောင်ကြုတ်သွားပြန်သည်။ ထောင်ဟွားဝူက ဘယ်သူမဆို ဒီစက္ကူဖြတ်စတွေကို အစ်မစူးချင်း ယူလာတာ သိနေတယ် မဟုတ်ဘူးလား? အခု အစ်မချိုးယွဲ့က အစ်မစူးချင်း မရှိတာကို အခွင့်ကောင်းယူပြီး သူတစ်ပါး ပစ္စည်းတွေကို တိတ်တဆိတ် သုံးချင်နေတဲ့အပြင် ကျေးဇူးလည်း မတင်ချင်ဘူး။
အဒေါ်ချိုးကလည်း ထိုမြင်ကွင်းကို မြင်နေရပြီး သူမက အလွန်ရှက်ရွံ့သွားကာ သူမ၏ ညီအစ်မကောင်းများက သူမသမီးကို ကြည့်နေသော မထီမဲ့မြင်မျက်နှာကို မကြည့်ဝံ့တော့ပေ။
အဲ့စက္ကူဖြတ်စတွေက စူးချင်းရဲ့ပစ္စည်းဆိုတာကို ဒီမှာရှိတဲ့ လူတိုင်း သိနေကြတယ်လေ။ ပြီးတော့ သူမတို့က ဖြစ်နေတဲ့ အကြောင်းအရာကိုလည်း အတိအကျ နားလည်နေတယ်။ ချိုးယွဲ့က စူးချင်းကို အကြိမ်ကြိမ် ရန်စခဲ့ပေမယ့် သူတစ်ပါးရဲ့ပစ္စည်းကို သုံးချင်နေသေးတယ်။ အဲ့တာတွေကို မသုံးရတော့ သူမကတောင် ဒေါသ ထွက်နေသေးတယ်။
ချိုးယွဲ့က ဒေါသတကြီးဖြင့် တောအုပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ စက္ကူဖြတ်စ မရှိလျှင် သူမကိုယ်တိုင် ပြာအတွက် မီးရှို့ရလိမ့်မည် ဖြစ်သည်။ သူမ တောထဲသို့ ပြေးဝင်လာပြီးနောက် သူမ၏နံရိုးများမှ နာကျင်ခြင်းကို ခံစားလိုက်ရပြန်သည်။ သူမက သူမ၏ခါးကို ကိုင်ကာ သစ်ပင်ကြီးတစ်ပင်ကို အချိန်အတော်ကြာ မှီနေခဲ့ရသည်။
အဒေါ်ချိုးက တောထဲသို့ လိုက်လာပြီး သမီးဖြစ်သူ၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်သောကြောင့် နာကျင်စွာဖြင့် လှမ်းပြောလိုက်သည်။
"အမေ ကူညီပေးပါ့မယ်!"
“အမေ၊ စူးချင်းက ထောင်ဟွားဝူကလူ မဟုတ်ဘူးလေ။ ကျွန်မတို့ ထောင်ဟွားဝူတစ်ဝိုက်မှာ သူ(မ)က ရင်ကော့နေဖို့ ဘာအခွင့်အရေးရှိလို့လဲ?"
ချိုးယွဲ့က ဒေါသထွက်လွန်းသောကြောင့် သစ်ပင်၏အခေါက်များကို အငြိုးတကြီး ဆွဲခွာလိုက်သည်။
“သူ(မ)က ငါတို့မိသားစုအတွက် ကယ်တင်ရှင်လေ။ အဲ့ဒါကြောင့် ငါတို့က သူ့(မ)ရဲ့ကျေးကျွန်တွေတောင် ဖြစ်ပေးသင့်တယ်။ မင်း အဲ့လောက် မနာလိုဝန်တိုဖြစ်နေရင် မင်းရဲ့အသက်ကို အနှေးနဲ့အမြန် ဆုံးရှုံးရလိမ့်မယ်။ မင်း အဘိုးပြောတာကို နားထောင်ပြီး စုကျိုးရောက်တဲ့အခါ မင်းကို အိမ်ထောင်ပြုပေးရမယ်"
အဒေါ်ချိုးက မနာလိုစိတ်ကြောင့် ရှုံတွနေသော ချိုးယွဲ့၏မျက်နှာကို ကြည့်လိုက်ပြီး ချိုးယွဲ့ကို အိမ်ထောင်ချပေးရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်မ အိမ်ထောင်ပြုမှာ မဟုတ်ဘူး၊ အစ်ကိုရွှေရှန့်ကလွဲလို့ တခြားဘယ်သူနဲ့မှ လက်ထပ်မှာ မဟုတ်ဘူး။ အစ်ကိုရွှေရှန့်ကို လက်ထပ်လို့မရဘူးဆိုရင် ကျွန်မ သေပစ်လိုက်မယ်"
စူးကျိုးတွင် အိမ်ထောင်ပြုပေးမည်ဟု သူမ၏အမေ ပြောသည်ကို ကြားလိုက်ချိန်တွင် ချိုးယွဲ့က ဒေါသတကြီး ငိုယိုကာ ငြင်းဆန်နေခဲ့သည်။
အဒေါ်ချိုးက သူမ၏သမီးကို မည်မျှပင် ဂရုစိုက်စေကာမူ သူမ၏စိတ်ကြိုက်လည်း လုပ်ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူမက ဘာမှ ထပ်မပြောတော့ဘဲ အပင်ပြာများကို မီးရှို့ပြီး ခါးပတ်တစ်ခုဖြင့် ပတ်ကာ ချိုးယွဲ့အား လှမ်းပေးလိုက်သည်။
"ဒီမှာ"
“အမေ၊ ကျွန်မကို ကူညီပြီး အဘိုးကို ပြောပေးပါဦး၊ ကျွန်မ အိမ်ထောင်မပြုတော့ဘူး။ ဘယ်သူ့ကိုမှ လက်မထပ်တော့ဘူး။ အိမ်မှာပဲ တစ်သက်လုံး နေပြီး အမေတို့ကို ပြုစုပေးမယ်လေ... ရလား? အမေကရော ကျွန်မကို ထားခဲ့ဖို့ နှလုံးသားရှိလို့လား?"
သူမ၏အမေက သူမကို လက်ထပ်ပေးရန် စိတ်ပိုင်းဖြတ်ထားပြီးပြီကို နားလည်လိုက်သောကြောင့် ချိုးယွဲ့က သူမအမေ၏လက်မောင်းကို ခါယမ်းကာ ငိုယိုရင်း တောင်းပန်လိုက်သည်။
“ဒီနှစ် မင်းအသက် ဆယ်ခုနှနစ် ရှိနေပြီ။ ဒိထက် နောက်ကျရင် မင်း အဘွားကြီး ဖြစ်သွားလိမ့်မယ်။ မင်း စိတ်မပူပါနဲ့။ မင်းအစ်ကိုက မင်းအတွက် မိသားစုကောင်းကောင်းရှာဖို့ ကူညီပေးမယ်လို့ ပြောတယ်။ မင်းရဲ့ယောက္ခမမိသားစုက မင်းကို အထင်ကြီးလေးစားစေဖို့ ခန်းဝင်ပစ္စည်းကောင်းကောင်းတစ်ခုကိုလည်း ပြင်ဆင်ထားပေးတယ်"
အဒေါ်ချိုးက သူမသမီး၏ ဆံပင်လေးများကို ပွတ်သပ်ကာ ညင်ညင်သာသာ ချော့မော့ပေးလိုက်သည်။
"အမေက ကျွန်မကို အိမ်ထောင်ချပေးတော့မှာလား?”
ချိုးယွဲ့၏မျက်လုံးများက အမုန်းတရားများကြောင့် တောက်ပလာပြီး မျက်လွှာပင့်ကာ သူမ၏အမေကို ပြန်မေးလိုက်သည်။
"ညှိနှိုင်းလို့ မရှိတော့ဘူးလား?"
"မင်းအဘိုးက သူ့စိတ်ထဲကနေ ဆုံးဖြတ်ပြီးပြီ။ ချိုးယွဲ့... အမေ မင်းကို အကြံဉာဏ်ပေးမယ်၊ မင်း သေသေချာချာ နားထောင်... အနာဂတ်မှာ မင်း အိမ်ထောင်ပြုပြီးတဲ့အခါ မင်း အခုလို အရမ်း စိတ်ဆိုးနေလို့ မရတော့ဘူး။ မင်းက မိသားစုနဲ့ စည်းစည်းလုံးလုံးနေပြီး ယောက္ခမကို လုပ်ကျွေးပြုစုရမယ်။ အဲ့ဒါမှ မင်းရဲ့ယောက်ျားနဲ့ သူ့မိသားစုက မင်းကို ချစ်ကြလိမ့်မယ်"
အဒေါ်ချိုးက သူမ၏သမီးအတွက် စိတ်ထက်သန်စွာ အကြံပေးနေသော်လည်း ချိုးယွဲ့က ဘာမှ နားမဝင်တော့ပေ။ သူမက စွန့်ပစ်ခံထားရသော ခွေးကလေးကဲ့သို့ တုန်တုန်ယင်ယင်နှင့် ငိုကြွေးနေလေသည်။
"ဘာကြောင့်လဲ? ကျွန်မက အမေ့ရဲ့သမီးအရင်းပါ၊ စူးချင်းက ယောက်ျားတစ်ယောက်ဆီကနေ စွန့်ပစ်ခံထားရတဲ့ မိန်းမပါ။ သူ(မ)က ဘယ်သူမှ မလိုချင်တဲ့ မိန်းမတစ်ယောက်ပဲ၊ ဘာလို့ လူတိုင်းက သူ(မ)ကို ရတနာတစ်ခုလို ဆက်ဆံနေရတာလဲ? အမေကရော သူ(မ)အတွက် ကျွန်မကို ဒီလိုတွေ လုပ်နေတာလား? မုန်းတယ်.... အားလုံးကို မုန်းတယ်။ ကျွန်မ အမေတို့ အားလုံးကို အရမ်းမုန်းတယ်"
ချိုးယွဲ့က ဒေါသူပုန်ထနေပြီး ရူးတော့မလို ဖြစ်နေကာ သူမ၏အမေကို ပြန်အော်နေခဲ့သည်။
"ချိုးယွဲ့"
အဒေါ်ချိုးက သူမသမီး၏ ထိုကဲ့သို့သော ပုံစံကို မြင်နေရသည့်အတွက် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ဒီကိစ္စတွေက ဘာလို့ ဒီအခြေအနေအထိ ရောက်လာခဲ့မှန်း သူမလည်း မသိတော့ဘူး။ သူမ သမီးနဲ့ စူးချင်းက မျက်နှာချင်းမဆိုင်နိုင်တဲ့ ရန်သူတွေလို ဖြစ်နေကြပြီ။
ချိုးယွဲ့က သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏အမေကို အမိန့်ပေးလိုက်သည်။
"ထွက်သွား!"