သူမ လူဆိုးတစ်ယောက်ပဲ
Vol. 10 Ch. 142
အဒေါ်ချိုးကလည်း သည်းမခံနိုင်တော့ဘဲ မျက်ရည်များ ကျလာခဲ့သည်။ သူမက ချိုးယုံခန်း လှည့်ထွက်သွားတာကို မြင်လိုက်ပြီး ချိုးယွဲ့ကို ကြိုးကွင်းထဲသို့ တွန်းထည့်နေသည်ကို ပြန်ကြည့်လိုက်ကာ သူမ၏ခြေထောက်များက ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ ထိုနောက့် သူမက ငိုယိုပြီး ကျုံးယုံကို တောင်းပန်လိုက်သည်။
"ကျုံးယုံ မလုပ်နဲ့! မလုပ်ပါနဲ့! အဒေါ် မင်းကို တောင်းပန်ပါတယ်!”
ကျုံးယုံက အဒေါ်ချိုး၏စကားကို နားမထောင်ဘဲ ချိုးယွဲ့ကို ကြိုးကွင်းထဲသို့ တွန်းထည့်လိုက်သည်။ ဒီမိန်းမက စူးချင်းကို ကြိမ်းမောင်းခဲ့တယ်။ အဲ့တာကြောင့် သူမက လူဆိုးပဲ။
ချိုးယွဲ့၏ခန္ဓာကိုယ်က လေထဲတွင် တွဲလောင်းကျနေပြီး ခါးပတ်ကြိုးကွင်းက သူမ၏အသက်ကို ဆွဲနှုတ်တော့မည့် ပုံဖြင့် သူမ၏သွယ်လျသောလည်ပင်းကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည်။ ချို့ယွဲ့က သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများသူမ၏ ဦးခေါင်းဆီသို့ ထိုးတက်လာသလို ခံစားနေရပြီး သူမ၏မျက်လုံးများတွင်ပင် သွေးရောင်များ လွှမ်းနေပြီ ဖြစ်သည်။ သေခြင်းတရားကို ရင်ဆိုင်ရခြင်းက သူမကို ထိတ်လန့်စေခဲ့ပြီး အပြင်းအထန် ရုန်းကန်ရန် ခွန်အားများထွက်ပေါ်လာစေခဲ့သည်။ သူမ၏လျှာက ထွက်နေပြီဖြစ်သော်လည်း သူမက သူမ၏ခြေထောက်နှစ်ချောင်းကို အပြင်းအထန် တွန်းတိုးရုန်းကန်နေခဲ့သည်။ သို့သော်လည်း သူမ မည်မျှပင် ကြိုးစားစေကာမူ သူမ၏ခြေထောက်များက မြေပြင်ပေါ်သို့ ထောက်ရန် အလှမ်းမမီတော့ပေ။
"ချိုးယွဲ့"
အဒေါ်ချိုးက သမီးဖြစ်သူ၏ခြေထောက်ကို ပွေ့ချီကာ ငိုယိုရင်း အော်ခေါ်လိုက်သည်။ ထိုမှသာ ချိုးယွဲ့က အသက် ပြန်ရှုနိုင်သွားပြီး သူမ၏လည်ပင်းမှ ခါးပတ်ကြိုးကွင်းကို အလျင်အမြန် ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ကျုံးယုံက သူမတို့နားသို့ ရောက်လာပြီး အဒေါ်ချိုးကို ဆွဲထုတ်သွားပြန်သည်။ ထို့ကြောင့် ချိုးယွဲ့က ကြိုးကွင်းထဲသို့ ပြန်ကျသွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူမက ရုန်းကန်ရန် ခွန်အားမရှိတော့ဘဲ မကျေမချမ်းဖြင့် မျက်လုံးများ ပြူးကျယ်လာတော့သည်။
"ကူညီပါဦး၊ ကူညီကြပါဦး!"
အဒေါ်ချိုးက ကျုံးယုံလက်ထဲမှ ရုန်းထွက်ကာ ပြန်ပြေးလာပြီး သူမသမီး၏ခြေထောက်ကို ပွေ့ဖက်ကာ တောအုပ်၏အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
ထိုနေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုက အဖွဲ့ထဲရှိလူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ရွာလူကြီးချိုးပင်လျှင် သားဖြစ်သူ၏အကူအညီဖြင့် တောထဲသို့ ဝင်လာခဲ့သည်။ သူ့မြေးမလေး သစ်ပင်ပေါ်တွင် ကြိုးဆွဲချခံထားရသည်ကို မြင်လိုက်ချိန်တွင် သူက သေလုနီးပါး ကြောက်လန့်သွားပြီး သူမကို အမြန် ပြန်ချပေးရန် အမိန့်ပေးလိုက်သည်။
သို့သော်လည်း ကျုံးယုံက သူမကို လွှတ်ပေးရန် ငြင်းဆန်နေဆဲဖြစ်သည်။
“သူ(မ)က ဆိုးတယ်။ သူ(မ)က စူးချင်းကို သေစေချင်နေတယ်၊ ငါ သူ(မ)ကို မလွှတ်ပေးနိုင်ဘူး"
အဖေချိုးကလည်း သူ့သမီးလေး လေထဲတွင် တွဲလောင်းကျနေသည်ကို မြင်နေရပြီး အလွန်စိုးရိမ်သွားခဲ့သည်။ သူက ကျုံးယုံကို အနိုင်မယူနိုင်ဘဲ ကျိုးယုံက သူ့ကို ကန်ထုတ်နိုင်သည်ကို နားလည်နေသည့်တိုင် သူက လုံးဝ ဂရုမစိုက်တော့ပဲ သူ့သမီး၏ခြေထောက်ကို ပြေးပွေ့လိုက်သည်။ ချိုးယွဲ့၏ခန္ဓာကိုယ်က လေထဲတွင် လှုပ်ယမ်းနေပြီး သူမက သူမ၏မေးရိုးကို သူမ၏လက်နှစ်ဖက်ဖြင့် ပင့်တင်ထားသော်လည်း သူမ၏ ခေါင်းက နိမ့်ကျနေသောကြောင့် သူမ အသက်ရှင်နေခြင်း ရှိ မရှိ ပြောရန် ခက်ခဲလှသည်။
"ဖယ်ပေး"
ကျုံးယုံက အဖေချိုး၏အင်္ကျီကို လည်ဂုတ်မှ ဆွဲကိုင်လိုက်ပြီး ဘေးသို့ တွန်းဖယ်လိုက်သည်။ သူက သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ ချိုးယွဲ့ရှေ့တွင် ရပ်လိုက်ပြီး လူတိုင်း၏လမ်းကို ပိတ်ဆို့လိုက်သည်။
"လီရှီ၊ ငါတို့က မင်းနဲ့ မင်းရဲ့သားကို ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်၊ မင်းတို့က ငါတို့ကို ဒီလိုနည်းနဲ့ ကျေးဇူးပြန်ဆပ်တာလား?"
ကျုံးယုံကို မည်သူမျှ မကျော်ဖြတ်နိုင်သည်ကို မြင်လိုက်ရသဖြင့် ရွာလူကြီးချိုးက အမျိုးသမီးလီကို လှမ်းဟောက်လိုက်သည်။
အမျိုးသမီးလီကလည်း အခြားသူ၏ခေါင်မိုးအောက်တွင် နေထိုင်ရသောကြောင့် ခေါင်းငုံနေရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် သူမကို အတင်းတိုးဝင်လာပြီး ကျုံးယုံကို ဆွဲထုတ်လိုက်သည်။
ကျုံးယုံကို အခြားမည်သူမျှ မဆွဲခေါ်နိုင်သော်လည်း သူ့အမေက သူ့ကို ဆွဲထုတ်နေချိန်တွင် ကျုံးယုံက သူ့အမေ ထိခိုက်မည်ကို စိုးရိမ်သဖြင့် မရုန်းကန်ဝံ့ပေ။
အဖေချိုးက သူ့သမီးလေးကို အောက်သို့ အမြန်ပြန်ချလိုက်သည်။ ထိုအချိန်တွင် ချိုးယွဲ့၏မျက်နှာက ခရမ်းရောင်သန်းနေပြီ ဖြစ်ကာ သူမ၏လျှာက တစ်ဝက်တစ်ပျက် ထွက်နေပြီး အသက်ရှူရပ်သွားပုံရသည်။
"အိုက်ယား.... ချိုးယွဲ"
အဒေါ်ချိုးက အော်ငိုလိုက်ပြီး မေ့မျောသွားပြန်သည်။
ချိုးယုံခန်းက သူ့အမေကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူ့ညီမလေး၏ခန္ဓာကိုယ်ကိုပင် မကြည့်ရက်တော့ပေ။
တကယ်တော့ သူလည်း နာကျင်နေရပေမယ့် သူက သူ လုပ်ခဲ့တာတွေအတွက် နောင်တမရပါဘူး။ ထောင်ဟွားဝူမှာ ရှိနေတဲ့ လူတစ်ရာကျော်ရဲ့ဘဝက သူ့ညီမထက် ပိုအရေးကြီးတယ်။
ချိုးယွဲ့ရဲ့ အစွဲအလမ်းကြီးစိတ်က အရမ်း ပြင်းထန်လွန်းတယ်။ သူမက အခုတောင် ဘာမဆို လုပ်နိုင်နေပြီ၊ နောင်ဆိုရင် သူမက ရွှေရှန့်ကို ရဖို့အတွက် တစ်ရွာလုံးကလူတွေကို ဒုက္ခပေးတော့မှာ သေချာတယ်။
မနာလိုဝန်တိုမှုက ကြောက်စရာအကောင်းဆုံးအရာပဲ။ လူကောင်းတစ်ယောက်ကို အရူးတစ်ယောက်လို စိတ်လွတ်သွားစေပြီး လူဆိုးအဖြစ်ကို ပြောင်းလဲသွားစေခဲ့တယ်။
"ယုံအာ.... မင်းက အရူးပဲ"
အမျိုးသမီးလီကလည်း ချိုးယွဲ့ သေဆုံးသွားသည်ကို မြင်နေရသည်။
သွားပြီ.... သူမရဲ့သားက မျိုးနွယ်စုခေါင်းဆောင်ရဲ့မြေးမလေးကို ကြိုးဆွဲချပြီး သေဆုံးစေခဲ့တယ်၊ သူမတို့ သားအမိနှစ်ယောက် ဒီမှာ ဘယ်လိုဆက်ပြီး နေနိုင်တော့မှာလဲ?
သူမက သူမ၏သားကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"အစ်ကိုကြီးချိုးက သူ(မ)ကို ကြိုးဆွဲချခိုင်းတာလေ"
ကျုံးယုံက သူ့လည်ပင်းကို သူ ပြန်ကိုင်ထာပြီး သူ မမှားဘူးဟု ခံစားရသောကြောင့် ပြန်ငြင်းဆန်လိုက်သည်။
သူ မမှားဘူး။ ဒီမကောင်းတဲ့မိန်းခလေးက အသက်မရှင်သင့်ဘူးလို့ သူ ခံစားရတယ်။
"ယုံခန်း? မင်းက မင်းညီမကို ဘာလို့ ဒီလိုလုပ်ရတာလဲ?"
ကျုံးယုံက သူ့ကို ချိုးယုံခန်းက ခိုင်းစေသည်ဟု ပြောလိုက်သောကြောင့် ရွာလူကြီးချိုးက သူ့မြေး၏ပုခုံးကို တောင်ဝှေးဖြင့် လှမ်းရိုက်လိုက်သည်။ သူက ဒေါသထွက်နေသောကြောင့် သူ့၏ရိုက်ချက်က မပေါ့ပါးပေ။
“ဒါတွေ အားလုံးက ကျွန်တော့်အမှားပါ။ အဖိုးက ကျွန်တော့်ကို ရိုက်ပြီး ဆူပူကြိမ်းမောင်းလို့ ရတယ်။ အဖိုးရဲ့ဒေါသကို ဖြေချင်ရင် ချိုးယွဲ့အတွက် လက်စားချေဖို့ ကျွန်တော့်ကို သတ်ပစ်လိုက်"
ချိုးယုံခန်းကလည်း သူ့ကိုယ်သူ ကာကွယ်ရန် မကြိုးစားတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေကာ အပြစ်ဒဏ်ကို လက်ခံရန် အဆင်သင့် ဖြစ်နေခဲ့သည်။
သူ့ညီမက သေပြီးနေမှတော့ သူ့မရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်စကားမျိုးကို သူ ဘာမှ မပြောနိုင်တော့ဘူး။
"မင်း... မင်း! သူတော်ကောင်းတရား စာအုပ်တွေကို ဖတ်ထားပြီး အလကားပဲ”
ရွာလူကြီးချိုးက သူ့၏တောင်ဝှေးကို မြှောက်လိုက်သော်လည်း သူ့မြေးကို ထပ်မရိုက်တော့ပေ။ သူက သူ့မြေးကို စိတ်ပျက်စွာ ကြည့်နေပြီး ချိုးယုံခန်းကို ထို့ထက်ပိုပြင်းထန်သော တစ်ခုခု ပြောချင်နေပုံရသည်။
ချိုးယုံခန်းက ခေါင်းငုံ့ထားပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။
သူ့ညီမကို သူကိုယ်တိုင် အသေသတ်ခိုင်းလိုက်တာက သူ့တစ်ဘဝလုံး စွန်းထင်းစေမယ့်အရာပါပဲ။ သူက တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ နေထိုင်ရတော့မယ်။
သူ နောင်တမရဘူးလို့ ပြောပေမယ့် မိမိကိုယ်ကို အပြစ်တင်စိတ်က သူ့ကို နှိပ်စက်ညှဉ်းပန်းခံတာကို မချိမဆံ့ ခံစားရတာပါပဲ။
ဒါပေမယ့် သူ လုပ်ပြီးပြီ၊ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို စွမ်းဆောင်နိုင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်ပိုင်းဖြတ်နိုင်တဲ့စွမ်းရည် ရှိမှဖြစ်မယ်။
သူ့၏အတွေးနှင့် ဆုံးဖြတ်ချက်ကြောင့် ချိုးယုံခန်း၏မျက်လုံးများတွင် ခိုင်မာမှုများ ပြည့်နှက်လာခဲ့သည်။
"အိုက်ယား၊ သူ(မ)ကို မြန်မြန် ထူပြီး မြေကြီးပေါ်ကို ချပေးလိုက်ကြလေ။ အဲ့တာမှ သူ(မ) ပြန်ကောင်းလာဖို့ အထောက်အကူ ဖြစ်နိုင်လိမ့်မယ်"
ဝမ့်လာမိန်၏မိခင်က ထိုသို့ ပြောလိုက်ပြီး အခြားအမျိုးသမီးအချို့က အဒေါ်ချိုးကို ဆွဲထူကာ ချိုးယွဲ့ကိုပါ တောင်ကုန်းပေါ်သို့ တင်လိုက်ကြသည်။
အဒေါ်ချိုးက သမီးဖြစ်သူ၏ခန္ဓာကိုယ်ပေါ်သို့ မှောက်လျက်လဲလျောင်းလိုက်ပြီး သူမကိုယ်သူမ အကြိမ်ကြိမ် ထုရိုက်ကာ အော်ဟစ်ငိုကြွေးနေပြန်သည်။
"ချိုးယွဲ့၊ မင်းက မင်းအမေကို သေတဲ့အထိ နာကျင်စေခဲ့တယ်။ မင်း ခဏပဲ စောင့်ပေးပါ။ အမေ မင်းနဲ့ လိုက်ခဲ့ပေးမယ်။ အမေ မင်းကို တစ်ယောက်တည်း မထားနိုင်ဘူး"
ထိုသို့ပြောပြီးနောက် အဒေါ်ချိုးက ထရပ်ကာ ကြိုးဆွဲချရန် ကြိုးစားနေသော်ကြောင့် အဒေါ်လီနှင့် အဒေါ်ကျန်းတို့က သူမကို ချုပ်နှောင်ထားပြီး နေရာတစ်ခုလုံးက ပရမ်းပတာ ဖြစ်နေခဲ့သည်။
"မင်းတို့ တွင်းသွားတူးကြတော့... ချိုးယွဲ့ကို မြှုပ်ရမယ်!"
ရွာလူကြီးချိုးက လီတာ့နျိုနှင့် တခြားသူများကို မျက်ရည်စများဖြင့် အမိန့်ပေးလိုက်သည်။ သူက သူ့မြေးမလေးကို မကြည့်ရက်နိုင်တော့သောကြောင့် တုန်တုန်ယင်ယင်ဖြင့် တောထဲမှ ပြန်ထွက်သွားတော့သည်။
ကျုံးယုံနှင့် အမျိုးသမီးလီတို့၏ အနားမှ ဖြတ်သွားချိန်တွင် ရွာလူကြီးချိုးက ရပ်တန့်လိုက်ပြီး ကျုံးယုံကို စိုက်ကြည့်နေလေသည်။
အမျိုးသမီးလီက ခပ်မြန်မြန် တောင်းပန်လိုက်သည်။
"သခင်ကြီးချိုး ကျွန်မ တောင်းပန်ပါတယ်။ ယုံအာက နုံအတဲ့သူ ဖြစ်နေတာမို့ ဒီလိုတွေ ဖြစ်ခဲ့ရတာပါ... ရိုးရိုးသားသား ပြောရရင် ကျွန်မတို့ ဒီမှာ ဆက်နေဖို့ မျက်နှာ မရှိတော့ပါဘူး”
အမျိုးသမီးလီက ကျုံးယုံကို ကာကွယ်ပေးနိုင်ရန်အတွက် သူမ၏သားကို ခေါ်ကာ ထောင်ဟွားဝူအဖွဲ့မှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။ တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းအတွက် သူတို့၏ အသက်ဖြင့် ပြန်ပေးဆပ်ရမည် ဖြစ်သည်။ ရွာလူကြီးချိုးက ထိုကိစ္စကို အလျော့မပေးရင် သူမ၏သားက ချိုးယွဲ့အတွက် သူ့အသက်ဖြင့် ပြန်ပေးဆပ်ရလိမ့်မည် ဖြစ်သည်။
ဤဘေးဒုက္ခများ ကြုံတွေ့နေရသည့်နှစ်များတွင် လူ့အသက်က တန်ဖိုးမရှိသော်လည်း မိသားစုဝင်များက ထိုကိစ္စကို မကျေနပ်ပါက အစိုးရက ကြားဝင်ဆောင်ရွက်ပေးနေဆဲ ဖြစ်သည်။ အမျိုးသမီးလီက ရွာလူကြီးချိုးကို သနားခံသောမျက်လုံးများဖြင့် ကြည့်နေပြီး “ယောင်အာရဲ့အဖေက စောစောသေသွားပြီး ကျွန်မမှာ ဒီတစ်ယောက်ပဲ ကျန်တော့တာပါ။ သခင်ကြီး စိတ်ဆိုးနေသေးရင် ကျွန်မဘဝနဲ့ ပြန်ပေးဆပ်ပါ့မယ်"
“အမေ၊ သူ(မ)အသက်အတွက် ကျွန်တော့်အသက်ကို ပြန်ပေးနိုင်တယ်”
သူ့အမေက သူမ၏အသက်ကို ပေးမည်ဟု ပြောနေသည်ကို ကြားလိုက်ချိန်တွင် ကျုံးယုံက ရွာလူကြီးချိုး၏ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး သူ့၏သံတူကြီးကို ရွာလူကြီးချိုးထံ လှမ်းပေးလိုက်ကာ အကျယ်ကြီး အော်ပြောလိုက်သည်။
“အဖိုး၊ ကျွန်တော့်ကို သတ်လိုက်။ ကျွန်တော် အဖိုးကို ပြန်မခုခံဘူးလို့ ကတိပေးတယ်"
"ယုံအာ၊ အဖိုး... ကျွန်မကို သတ်လိုက်ပါ။ ယုံအာ့ရဲ့အသက်ကို ချမ်းသာပေးပါ"
အမျိုးသမီးလီကလည်း ရွာလူကြီးချိုး၏ရှေ့တွင် ဒူးထောက်လိုက်ပြီး သူမ၏သားဖြစ်သူကို ကာကွယ်ပေးရန် သူမ၏ပိန်လှီသော လက်နှစ်ဖက်ကို ဖြန့်ထားလိုက်သည်။ သူမက ရွာလူကြီးချိုးကို ကြည့်နေကာ သနားစဖွယ် တောင်းပန်နေခဲ့သည်။
“မွေးစားအမေ”
ကျိရှောင်ယင်က အမျိုးသမီးလီကို ကူညီပေးရန် အပြေးရောက်လာသော်လည်း မည်သို့ပင်ဖြစ်စေ အမျိုးသမီးလီက ထရန် ငြင်းဆန်နေခဲ့သည်။ ထိုမြင်ကွင်းက ကျိရှောင်ယင်ကို ဝမ်းနည်းစေခဲ့သည်။
ရွာလူကြီးချိုးက သက်ပြင်းချလိုက်ပြီး သူ့လက်ကို အားမရှိသလို ဝှေ့ယမ်းလိုက်သည်။
"ထကြတော့... မင်းတို့ရဲ့အသက်တွေကို ပြန်ယူတော့ရော ငါ့အတွက် ဘာအသုံးဝင်မှာလဲ?"
“ကျေးဇူးတင်ပါတယ် အဖိုး၊ ကျေးဇူးတင်ပါတယ်"
အမျိုးသမီးက ကျေးဇူးတင်စွာဖြင့် မြေပြင်ပေါ်သို့ ငုံကာ ဦးတိုက်နေခဲ့သည်။ ကျုံးယုံက သူမအတွက် နာကျင်ခံစားရပြီး သူမကိုယ်စား ဦးတိုက်နေကာ သူ့အမေကို သူ့လက်ဖြင့် ကာကွယ်ပေးထားခဲ့သည်။
ထောင်ဟွားဝူမှ ရွာသူရွာသားများကလည်း အတွေးထဲတွင် နှစ်ဝင်နေကြသည်။
အရင်တုန်းက သံချပ်ကာဝတ်တပ်ဖွဲ့တွေနဲ့ ဓားပြတွေ သူတို့ကို သတ်ဖြတ်ခဲ့ကြတယ်။ အခုလည်း သာမာန်ပြည်သူအချင်းချင်းတောင် သတ်ဖြတ်ခံနေရပြီ။ အနာဂတ်မှာ သူတို့ လုံခြုံတယ်လို့ ခံစားရပါတော့မလား?
အဒေါ်ချိုး ငိုနေစဉ်တွင် လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က ပေါက်တူးဖြင့် တွင်းတူးနေကြသည်။ အဒေါ်ချိုးက ရှိုက်ကြီးတငင် ငိုနေပြီး သမီးဖြစ်သူကို ပွေ့ဖက်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။
တစ်စုံတစ်ယောက်က ချိုးယွဲ့ကို သူမလက်ထဲမှ ဆွဲယူလိုက်သောအခါ သူမက သူမ၏သမီးကို ပြန်ဆွဲလုနေပြန်သည်။ သူမ လွှတ်လိုက်သည်နှင့် သူမ၏သမီးကို ခွဲခွာလိုက်ရပြီး အမေနှင့်သမီးက ဘယ်တော့မှ ပြန်တွေ့ရမည် မဟုတ်တော့ပေ။
သူမ ထိုမျှ ဝမ်းနည်းကြေကွဲနေသည်ကို မြင်နေရသောကြောင့် လူတိုင်းက ချိုးယွဲ့ကို ဆွဲမထုတ်ဝံ့တော့ပေ။ သူတို့က သူမကို ချိုးယွဲ့အား ပွေ့ဖက်ခွင့် ပေးထားခဲ့သည်။
"ချိုးယွဲ့... မင်းက ဘာလို့ ဒီလောက်ခေါင်းမာရတာလဲ? မင်း ကောင်းကောင်းမွန်မွန် နေလို့ မရဘူးလား?"
အဒေါ်ချိုးက ထိုမိန်းမငယ်လေး၏ ခေါင်းမာမှုကို မုန်းတီးလွန်းသောကြောင့် သူမကိုယ်သူမ ကြိမ်ဖန်များစွာ ပြန်ရိုက်နှက်နေပြီး မျက်ရည်များကြားမှ ကြိမ်းမောင်းနေပြန်သည်။
သူမရဲ့ခေါင်းမာမှုကြောင့် သူမရဲ့အသက်ကို စတေးလိုက်ရပြီလေ။
"ချိုးယွဲ့အမေ၊ လွှတ်ပေးလိုက်ပါတော့။ ကလေးကို အေးအေးချမ်းချမ်း အနားယူခိုင်းလိုက်ပါ”
အဖေချိုးက သူ့ဇနီးကို နှစ်သိမ့်ပေးရန် ရောက်လာသည်။ သူ၏မျက်လုံးများကလည်း ငိုထားသောကြောင့် နီရဲနေလေသည်။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က တွင်းတူးပြီးသွားပြီ ဖြစ်ကာ ချိုးယွဲ့ကို သင်္ဂြိုဟ်ပေးရန် ထိုနေရာသို့ သယ်သွားရန် ရောက်လာခဲ့ကြသည်။