သူက တကယ်ချောတယ်
Vol. 10 Ch. 144
စူးချင်းက သူမ၏အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်ပြန်သည်။ သူမ လက်ကိုင်ပုဝါ ထုတ်လိုက်သည်ကို မြင်လိုက်သည်နှင့် ကျိရွှေရှန့်က ချက်ချင်း သတိအနေအထား ဖြစ်သွားပြီး အသက်ရှုအောင့်ကာ သူ့နှာခေါင်းကို အုပ်ထားလိုက်သည်။
“....”
စူးချင်းက သူ့ကို ဘာမှ မပြောဘဲ တစ်ချက်သာကြည့်လိုက်ပြီးနောက် ကျိရွှေရှန့်၏ အကြည့်အောက်မှာတွင် ရထားလုံး၏အပြင်ဘက်သို့ ထွက်သွားခဲ့သည်။ သူမက ထိုလက်ကိုင်ပုဝါဖြင့် အဘိုးကြီးချင်၏ချွေးများကို သုတ်ပေးလိုက်ရင်း “အဖေ၊ အရမ်း ပူနေပြီ။ အဖေ အထဲကို ဝင်ပြီး အနားယူသင့်တယ်”
ချင်ဖုန်း၏ခေါင်းက လေးလံလာပြီး သူက ချက်ချင်း အိပ်ပျော်သွားတော့သည်။
ကျိရွှေရှန့်က သူ့ကို ရထားလုံးထဲသို့ ပြန်သွင်းပေးရန် ကမန်းကတန်း ကူညီပေးလိုက်ပြီး စူးချင်းက သူ့ကို မုတ်ဆိတ်မွေးဆက်ရိတ်ရန် တောင်းဆိုလိုက်သည်။
ကျိရွှေရှန့်ကလည်း သူမ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည်သောကြောင့် သူ့၏ရတနာဓားကို ထုတ်လိုက်ပြီး မှန်ပင်မပါဘဲ မုတ်ဆိတ်မွေး ရိတ်နေခဲ့သည်။ သူ မုတ်ဆိတ်မွေး ရိတ်နေသည့် ရတနာဓားက အတော်လေး ထက်ရှသော ဓားတစ်လက်ဖြစ်နေပြီး ကျိရွှေရှန့်၏မုတ်ဆိတ်ရိတ်နှုန်းက စူးချင်းထက်ပင် ပိုမြန်နေသေးသည်။
စူးချင်းက သူ့ကို လှည့်ကြည့်လိုက်ပြီး တစ်ခုခု မှားနေသည်ဟု ခံစားနေရသည်။
သူ မုတ်ဆိတ်ရိတ်တာ ဒီလောက်မြန်နေတာကို ခုနက ဘာလို့ သူ့ဘာသာသူ မရိတ်ရတာလဲ?
သူမအတွက်က အဲ့လိုမျိုး အမျိုးသားတစ်ယောက်ကို မုတ်ဆိတ်မွေး ရိတ်ပေးရတာ ဒါ ပထမဆုံးအကြိမ်ပဲ၊ အဲ့တာကြောင့် သူမလက်က လေးလံနေပြီး သူမက သူ့ကို ထိခိုက်စေမှာကိုလည်း စိုးရိမ်တာကြောင့် သူမ အရမ်း သတိထားခဲ့ရတယ်။ သူကတော့...တော်တော် ကောင်းတယ်။ ဘာလဲ? သူ့ဘာသာသူ ရိတ်ရင် အဆင်မပြေမှာ စိုးလို့လား? သူတပါးက အဲ့လို မုတ်ဆိတ်ရိတ်ပေးရင် သူ စိတ်မသက်မသာ မဖြစ်ဘူးလား?
ကျိရွှေရှန့်က သူ၏မုတ်ဆိတ်မွေးများ ရိတ်သင်ပြီးပြီ ဖြစ်ကာ သူ့ချောမောသော မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။ သူ့၏ သူရဲကောင်းဆန်သော မျက်နှာမှ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေပြီး ဓားသဏ္ဍန်မျက်ခုံးမွှေးများက ထူထဲထင်ရှားနေသည်။ မြင့်မားသောနှာခေါင်းက တည်တံ့သောအမျိုးသားတစ်ယောက်၏ စိတ်နေသဘောထားကို အပြည့်အဝ ပုံဖော်ပေးနေပြီး စူးချင်းက ကျိရှောင်ယင်၏စကားကို ယုံကြည်စပြုလာခဲ့သည်။
သူက တကယ်ချောတယ်။
"ဒါကို ရှင့်မျက်နှာပေါ်ကို တင်လိုက်"
စူးချင်းက သူ့ကို ရုပ်ဖျက်ပေးနိုင်မည့် မျက်နှာဖုံးတစ်ခု ပေးလိုက်သည်။ ထိုမျက်နှာက မီးလောင်ဖုများကဲ့သို့ ကျောက်ပေါက်ရာများနှင့် ပြည့်နေပြီး ကြောက်မက်ဖွယ်ကောင်းသော သွင်ပြင်မျိုး ဖြစ်သည်။
လူတိုင်းက သူ၏ကြမ်းတမ်းသော သွင်ပြင်ကို ကျင့်သားရနေသောကြောင့် ၎င်းက သူ့အတွက် ပိုသင့်တော်မည်ဟု သူမ ခံစားနေနေရသည်။
သူမက မနေ့ကတည်းက ထိုမျက်နှာဖုံးများ ပြုလုပ်ပေးရန် ရှောင်ချီကို အထူးညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။ ရှောင်ချီပင်လျှင် စနစ်၏စခရင်ရှေ့သို့ ပြေးသွားပြီး အချိန်အတော်ကြာအောင် သင်ယူခဲ့ရသေးသည်။
ထို့ကြောင့် စူးချင်းက ရှောင်ချီအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမက ရှောင်ချီကို အရာအားလုံး ခိုင်းစေခဲ့ပြီး အရေးအကြီးဆုံးအချက်က ရှောင်ချီက မကျေနပ်မှုမျိုး မရှိဘဲ မညည်းမညူ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ထိုအရာက စူးချင်း၏နှလုံးသားကို နွေးထွေးစေခဲ့သည်။
သူမ အရင်က ရှောင်ချီကို ကုသရေးစနစ်နဲ့ သူမရဲ့ကျေးကျွန်အဖြစ် ဆက်ဆံခဲ့မိတယ်။
အခုတော့ အရာအားလုံးက ပြောင်းလဲသွားသလို ခံစားရတယ်။ ရှောင်ချီက သူမရဲ့မိသားစုဖြစ်ပြီး သွေးမတော်တဲ့ ညီမအရင်း ဖြစ်လာခဲ့ပြီ။
ကျိရွှေရှန့်က သူ့၏မျက်နှာပေါ်သို့ မျက်နှာဖုံးကို အမြန်ကပ်လိုက်သည်။
သူက သူရဲ့ ဒီလောက်ရုပ်ဆိုးနေတဲ့ အနေအထားကြီးကို စူးချင်းကို မမြင်စေချင်ဘူး။ အဲဒါက သူ့ကို စိတ်မသက်မသာဖြစ်စေတယ်။
"ရှင် ရထားလုံး မောင်းလိုက်တော့"
စူးချင်းက သူ့ကို ထပ်ကြည့်လိုက်ပြီး အလွန်ကျေနပ်သွားကာ ယခုအခါ ဘေးကင်းသွားပြီဖြစ်သည့်အတွက် သူမက ရထားလုံးကို ကျိရွှေရှန့်ဆီသို့ လွှဲပေးလိုက်သည်။
"မုတ်ဆိတ်တွေကရော ဘယ်လို လုပ်မှာလဲ?"
ကျိရွှေရှန့်က မုတ်ဆိတ်မွေးများ ပြည့်နေသော ရထားလုံး၏ကြမ်းပြင်ကို စိုးရိမ်တကြီး လှမ်းကြည်ကာ စူးချင်းကို ပြန်မေးလိုက်သည်။
စူးချင်းက "ဒါတွေကို ဆေးဖော်တဲ့ နေရာမှာ သုံးလို့ရတယ်"
ကျိရွှေရှန့် : “….”
ကောင်းပြီ၊ မင်းက အံ့ဖွယ်သမားတော်တစ်ယောက်ဆိုတာကို ငါ မေ့သွားတယ်။
စူးချင်းက ရထားလုံးထဲသို့ ပြန်ဝင်သွားပြီး အလုပ်ရှုပ်နေပြန်သည်။ သူမ၏ရထားလုံးထဲမှ ပြန့်ကျဲနေသော မုတ်ဆိတ်မွေးများကို စုဆောင်းပြီး စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။
လူအုပ်ကြီးက ရှေ့သို့ တဖြည်းဖြည်း ရွေ့လျားနေဆဲ ဖြစ်ပြီး သံချပ်ကာဝတ်တပ်သား အရေအတွက်ကလည်း တိုးလာခဲ့သည်။ အခြေအနေက ပိုဆိုးလာပုံရသည်။
“ဒီပုံထဲက လူနှစ်ယောက်ကိုလည်း ဂရုတစိုက် ရှာကြည့်ကြ”
အရာရှိတစ်ဦးနှင့်တူသော အမျိုးသားတစ်ဦးက စစ်ဆေးရေးဂိတ်သို့ အပြေးရောက်လာပြီး သံချပ်ကာဝတ်တပ်သားများထံသို့ ပုံတူနှစ်ပုံ ထပ်ပေးလိုက်သည်။
"မိန်းကလေးတစ်ယောက် နဲ့ မုတ်ဆိတ်မွေးရှိတဲ့ယောက်ျားကြီးတစ်ယောက်လား? ဒါက ဘယ်သူတွေလဲ?"
စစ်ဆေးရေးဂိတ်ရှိ စစ်ဘက်ဆိုင်ရာ အရာရှိက နူးညံ့ပြီး လှပသော မိန်းကလေးတစ်ဦးနှင့် မုတ်ဆိတ်မွေးအပြည့်ရှိသော လူရွယ်တစ်ဦး၏ ပုံတူကို ကြည့်ရှုလိုက်ပြီး ပုံတူများ လာပေးသည့်သူအား စူးစမ်းသည့်အနေဖြင့် မေးမြန်းလိုက်သည်။
"ဒီလူနှစ်ယောက်က ဟိုချင်ဖုန်းဆိုတဲ့ သစ္စာဖောက်နဲ့ တည်းခိုဆောင်မှာ အတူတည်းခဲ့ကြတယ်လို့ စစ်သူကြီးက ပြောတယ်။ နောက်ပိုင်းမှာ သူတို့က သစ္စာဖောက်အတွက် မြို့စောင့်တပ်ဖွဲ့တွေကို ကူညီတိုက်ခိုက်ပေးခဲ့ကြတယ်။ ဒီတခါ အကျဥ်းသားကို လုယူသွားတာက သူတို့တွေလို့ စစ်သူကြီးက သံသယရှိနေတယ်။ ငွေတွေကလည်း သူတို့လက်ထဲမှာ ရှိနိုင်တယ်”
မြင်းစီးလာသော အရာရှိက မြင်းဇက်ကြိုးကို ဆွဲထားရင်း စစ်ဆေးမေးမြန်းခံနေရသော ဒုက္ခသည်များကို စိုက်ကြည့်နေခဲ့သည်။ အထူးသဖြင့် ဆံပင်ဖြူရှိသော အဘိုးအိုများကို သေသေချာချာ စစ်ဆေးနေကြသည်။
ချင်ဖုန်းကို ရှာဖွေပေးနိုင်တဲ့သူတိုင်းကို ရာထူးသုံးဆင့်တိုးပေးမယ်လို့ ဗိုလ်ချုပ်က အမိန့်ပေးခဲ့တယ်။
ဒါက ကြီးမားတဲ့ သွေးဆောင်မှုတစ်ခုပဲ။ လူတိုင်းက ချင်ဖုန်းကို ရှာနိုင်ဖို့ မျှော်လင့်နေကြတယ်။
"ဟုတ်လား? ဒါဆို ငါတို့ ပိုသတိထားရမယ်"
ထိုလူနှစ်ဦးက ချင်ဖုန်းအတွက် မြို့စောင့်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း ကြားလိုက်သောအခါတွင် စစ်ဆေးရေးဂိတ်ရှိ လူများက ချက်ချင်းအာရုံစိုက်လာပြီး အရာရှိများက စစ်သည်များအား ထိုပုံတူပန်းချီများကို ပြသလိုက်ကြသည်။
စူးချင်းက ယောက်ျားလေးဝတ်စုံကို ၀တ်ဆင်ထားသော်လည်း သက်တောင့်သက်သာ မရှိသလို ဖြစ်နေခဲ့သည်။
မူလပိုင်ရှင်ရဲ့အသွင်အပြင်က သိမ်မွေ့ပြီး ချောမောလွန်းတာကြောင့် ယောက်ျားလေး အဝတ်အစားတွေ ဝတ်ထားတာတောင် ထူးထူးခြားခြား ချောမောနေသေးတယ်။
စူးချင်းက သူမ၏အလုပ်အားလုံးကို အမြဲတမ်း စေ့စေ့စပ်စပ် လုပ်ကိုင်တက်ပြီး မည်သည့်အမှားအယွင်းကိုမျှ ချန်ထားတက်သူ မဟုတ်ပေ။ ထို့ကြောင့် သူမက ရှောင်ချီကို သူမအတွက် ရုပ်ဖျက်ရန် ဆေးပြား ပြင်ဆင်ခိုင်းလိုက်သည်။
ရှောင်ချီက သူမ၏သခင် ရုပ်သွင်ပြောင်းဆေး လိုချင်နေသည်ကို ကြားသည်နှင့် အမြန်သွားပြင်ဆင်ကာ ထုတ်ပေးလိုက်သည်။
“သခင်... ပြီးပါပြီ”
"ကျေးဇူးပဲ"
စူးချင်းက သူမကို တောင့်တောင့်တင်းတင်း ကျေးဇူးတင်လိုက်သော်လည်း ရှောင်ချီက ပျံသန်းလုမတတ် ပျော်ရွှင်သွားခဲ့သည်။
“ရပါတယ်၊ သခင်က ရှောင်ချီ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ရှောင်ချီက သခင်ကို အစေခံရမှာပါ!"
ဆေးကို မျိုချနေသော စူးချင်း၏ နှုတ်ခမ်းများက အပြုံးတစ်ခု ဖြစ်လာသည်အထိ ကွေးညွတ်သွားခဲ့သည်။ သူမ ဆေးကို မျိုချပြီးနောက် သူမ၏မျက်နှာပေါ်တွင် မီးတောက်နေသလို ခံစားလိုက်ရပြီး ယခု သူမ၏သွင်ပြင်က မည်ကဲ့သို့ ဖြစ်လာသည်ကို ကြည့်ရန် ကြေးမုံကို ယူကာဆန်းစစ်ရမည့်အလှည့်က သူမ၏အလှည့် ဖြစ်လာခဲ့သည်။
စစ်ဆေးနေသည့် အရာရှိက ပုံတူကို အရင် ယူလာပြီး ကျိရွှေရှန့်၏မျက်နှာနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ သူ့၏ပုံပန်းသဏ္ဍာန်က ပုံတူကားချပ်နှင့် မတူသည်ကို မြင်လိုက်ရသောကြောင့် ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးရန် အမိန့်ပေးလိုက်သည်။ ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်း မရှိပါက သူ့ကို သူလျှိုအဖြစ် ဖမ်းဆီးပြီး သတ်ပစ်မည်ဖြစ်သည်။
ကျိရွှေရှန့်က ကြောက်ရွံ့ဟန်ဆောင်ကာ သူ့ကို တချိန်လုံး “လူကြီးမင်း”ဟု ခေါ်နေကာ သူတို့၏ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းများကို သူ့၏အင်္ကျီလက်ထဲမှ ထုတ်ယူပေးလိုက်သည်။
"ရထားလုံးထဲက ဘယ်သူတွေလဲ? ဆင်းပြီး အစစ်ဆေးခံကြစမ်း”
ကျိရွှေရှန့်၏ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းက မှန်ကန်ကြောင်း သိလိုက်ရသဖြင့် စစ်သည်တစ်ယောက်က ရထားလုံးကို ဓားနှောက်ဖြင့်ထုကာ စူးချင်းနှင့် အဘိုးကြီးချင်ကို အောက်သို့ ဆင်းခိုင်းလိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်မျိုး အဖေက အပြင်းဖျားပြီး သတိလစ်နေတယ်။ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ"
စူးချင်းက ရထားလုံးပေါ်မှ ဆင်းကာ ရှာဖွေစစ်ဆေးနေသော အရာရှိများထံ လက်ခုပ်အုပ်ကာ အရိုအသေပေးရင်း တောင်းပန်လိုက်သည်။
"အပြင်းအထန် ဖျားနာ နေတာလား? ဒါက အလုပ် မဖြစ်ဘူး။ သူ့ကို အောက်ချလိုက်"
ရှာဖွေစစ်ဆေးနေသော စစ်သည်များက နေကောင်းသည် မကောင်းသည်ကို လုံးဝ ဂရုမစိုက်ပေ။ သူတို့က သေသွားလျှင်တောင် စစ်ဆေးရဦးမည် ဖြစ်သည်။ လူကို ရထားလုံးအောက်သို့ ဆင်းစေကာ စစ်ဆေးရုံတင်မကဘဲ ရထားလုံး၏အောက်ခြေတွင် ပုန်းခိုနေခြင်းမှ ကာကွယ်ရန် ရထားလုံးကိုလည်း စစ်ဆေးရမည်ဖြစ်သည်။
ကျိရွှေရှန့်က သူ့အဘိုးကို ရထားလုံးမှ ပွေ့ယူကာ အောက်သို့ ခေါ်ဆောင်ရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက်ဆိုသလို သူက စူးချင်းနှင့် ဝင်တိုက်မိမလို ဖြစ်သွားပြီး စူးချင်းကို ကြည့်လိုက်ရာ သူမ၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရသည်။ သူမက သိမ်မွေ့ပြီး ချောမောသော လူငယ်လေးမှ မျက်ခုံးမွှေးကျဲကျဲနှင့် မျက်လုံးမှေးမှေး ရှိသော သာမန်လူတစ်ဦးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ သူမ၏ အသားအရောင်ကလည်း အဖြူမှ အညိုရောင်သို့ ပြောင်းလဲသွားပြီး တောင်ပေါ်သားများကြားတွင် အတွေ့များသည့်နီစပ်စပ် အရောင်ဖြစ်သွားသည်။
ကျိရွှေရှန့်၏ပယင်းရောင်မျက်လုံးများပင် ကျုံ့သွားရသည်။
ဒါက အရမ်းမြန်လွန်းတယ်။
ရှာဖွေစစ်ဆေးရေး တာဝန်ခံများက ရထားလုံးကို ဇောက်ထိုးလှန်တော့မတက် ရှာဖွေနေပြီး တစ်စုံတစ်ယောက်ကလည်း စူးချင်း၏ပုံတူနှင့် သခင်ကြီးချင်၏ ပုံတူကို ကိုင်ကာ သူတို့၏မျက်နှာများကို နှိုင်းယှဉ်စစ်ဆေးနေခဲ့သည်။
ကျိရွှေရှန့်က သူနှင့်စူးချင်းတို့၏ ပုံတူများကို မြင်သွားပြီး ချွေးအေးများ ထွက်လာခဲ့သည်။
ကံကောင်းထောက်မလို့ စူးချင်းက စေ့စေ့စပ်စပ် တွေးတောပြီး သူတို့ရဲ့အသွင်အပြင်ကို ပြောင်းလဲခဲ့လို့ပေါ့။ ဒီလိုမှ မဟုတ်ရင် သူ့အဖိုးကို ကယ်တင်ဖို့ ကြိုးစားမှုခဲ့တဲ့ အရာတွေအားလုံးက အချည်းနှီးဖြစ်သွားပြီး သူနဲ့စူးချင်းလည်း ငြိစွန်းသွားလိမ့်မယ်။
ပုံတူများဖြင့် စစ်ဆေးနေသော စစ်သည်များက စူးချင်းနှင့် အဘိုးကြီးချင်တို့က သူတို့ရှာနေသောလူများ မဟုတ်ကြောင်း တွေ့သွားကြပြီး လက်ဟန်ပြကာ ပြန်လွှတ်ပေးလိုက်ကြသည်။
ကျိရွှေရှန့်က သူ့အဘိုးကို ရထားလုံးဆီသို့ ပြန်ခေါ်သွားပြီး ရထားလုံးကို ရှေ့သို့ ဆက်ဆွဲလာခဲ့သည်။
ဒီနေရာကို ဖြတ်သွားပြီးရင် သူတို့ လုံခြုံသွားပြီလို့ မဆိုလိုပါဘူး။ ရှေ့မှာ စစ်ဆေးရေးဂိတ်တွေ ရှိနေသေးပြီး ရထားလုံးတွေကို အဓိက စစ်ဆေးနေကြတယ်။ သူတို့က လူတွေကို ရှာဖွေရုံသာမက ငွေကိုလည်း ရှာဖွေနေကြသေးတယ်။
မြို့တော်၏ တော်ဝင်နန်းတော်အတွင်းတွင် ဧကရာဇ်က လျှို့ဝှက်အထောက်တော်ထံမှ အစီရင်ခံစာကို နားထောင်နေပြီး သူ့၏ဆရာက အကျဥ်းထောင်လှည်းနှင့်အတူ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားကြောင်း သိလိုက်ချိန်တွင် သူက ချက်ချင်း ပြုံးသွားခဲ့သည်။
“ကောင်းတယ်။ ငါ့ရဲ့ဆရာ သေသွားပြီဆိုမှတော့ ဝမ်မိသားစုက ငါ့ကို အတင်းအကျပ် ဖိအားပေးခိုင်းစေနိုင်မယ့် အရာတွေ ရှိတော့မှာ မဟုတ်ဘူး”
ဧကရာဇ်ကို ကြည့်နေသော မိန်းမစိုးကြီး၏မျက်နှာပေါ်မှ အပြုံးက မပျက်မယွင်း ရှိနေခဲ့သော်လည်း သူ့စိတ်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။
မျှော်လင့်ထားတဲ့အတိုင်း ဧကရာဇ်တွေအားလုံးက နှလုံးသားမဲ့ကြတယ်။ သခင်ကြီးချင်က ဧကရာဇ်မင်းမြတ်ရဲ့ဆရာ ဖြစ်ရုံသာမက သူ့ရဲ့အသက်ကိုပါ ကယ်တင်ပေးခဲ့ဖူးတယ်လေ။
မိန်းမစိုးကြီးက ဧကရာဇ်ကို သူ့စိတ်ထဲမှ မထီမဲ့မြင်ပြုနေရင်း တိုးလျသောအသံဖြင့် သတင်းပို့လိုက်သည်။
“ဝမ်မိသားစုစစ်တပ်ကတော့ သေဆုံးသွားတဲ့သူက အကြီးအကဲချင်ဆိုတာကို မယုံကြသေးဘူး။ သူတို့က လမ်းတလျှောက် လိုက်ရှာနေကြတယ်!"
"သူတို့က အရှုံးမပေးသေးဘူးလား? အဲ့တာဆို ကျန်းက ကူညီပေးရမှာပေါ့၊ အမိန့်ထုတ်ပြန်လိုက်၊ ချင်ဖုန်းက ဧကရာဇ်အပေါ် သစ္စာရှိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတယ်။ သူက တာ့ရှားကို ကာကွယ်ဖို့ သူ့အသက်ကို စွန့်ပြီး လူရိုင်းတွေကို တွန်းလှန်ခဲ့ပေမယ့် လူရိုင်းတွေရဲ့ချောက်ချတာကို ခံခဲ့ရတယ်။ ကျန်းက အမှန်တရားကို ရှာဖွေနိုင်တဲ့ အချိန်မှာ ကျန်းရဲ့တော်ဝင်မင်းဆရာကြီးက ဆုံးပါးသွားခဲ့တယ်။ အဲ့တာကြောင့် ကျန်းရဲ့နှလုံးသားက နာကျင်ရတဲ့အတွက် ကျန်းက ချင်ဖုန်းကို လူမျိုးကို ကာကွယ်စောင့်ရှောက်သူ ဆိုတဲ့ ဘွဲ့တံဆိပ် အပ်နှင်းမယ်"
ဧကရာဇ်မင်းမြတ်က ဝမ်းနည်းနေသောမျက်နှာဖြင့် အမိန့်တော်ထုတ်ပြန်နေခဲ့သော်လည်း သူ့၏မျက်လုံးများက အားမာန်အပြည့်ဖြင့် တက်ကြွနေခဲ့သည်။ မိန်းမစိုးကြီးက သခင်ကြီးချင်ကို သနားမိသော်လည်း သခင်ကြီးချင်၏တစ်မျိုးလုံး တစ်ဆွေလုံး သုတ်သင်ခံရန် မလိုအပ်တော့သည့်အတွက် ကောင်းသည့်ကိစ္စဟုသာ တွေးလိုက်တော့သည်။
ဧကရာဇ်က တော်ဝင်အမိန့်တော် ထုတ်ပြန်လိုက်မှန်းသိလိုက်ချိန်တွင် ဝမ်ယွင်လင်က ဒေါသက ထိန်းမရတော့ သူ့ရှေ့မှစားပွဲက သူ့လက်ဖဝါးဖြင့် ရိုက်ချိုးခံလိုက်ရပြန်သည်။
"ရှောင်ယုံချီ... "
"စစ်သူကြီး၊ ကျွန်တော်တို့ လမ်းတစ်လျှောက် လိုက်ရှာဖို့ လိုသေးလား?"