အခန်း (၁၄၇)
Vol. 10 Ch. 147
"အဖေ၊ မန်ထို စားပါဦး!"
ကျိရွှေရှန့်နှင့် သခင်ကြီးချင်တို့က သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်နေချိန်တွင် စူးချင်းက သခင်ကြီးချင်ကို မန်ထိုတစ်လုံး လှမ်းပေးလိုက်သည်။ သူမ၏လက်ထဲမှ မန်ထိုဖြူဖြူလေးက မွှေးပျံ့ပြီး နူးညံ့နေပုံရကာ တစ်ချက်ကြည့်ရုံဖြင့် မကြာသေးမီကမှ မီးဖိုထဲမှ ထုတ်လာကြောင်း သိနိုင်သည်။ ထိုအရာက အချိန်အကြာကြီး သိမ်းဆည်းထားသော အစာခြောက်များ မဟုတ်ပေ။
စူးချင်းက သခင်ကြီးချင်နှင့် ကျိရွှေရှန့်တို့အတွက် ရေပြည့်နေသော ဝါးကျည်တောက်များကို ပေးလိုက်ပြန်သည်။
"မင်း ဒါကို ဘယ်ကနေရခဲ့တာလဲ?"
ကျိရွှေရှန့်က စူးချင်းကို ထိတ်လန့်အံ့သြစွာ စိုက်ကြည့်နေခဲ့သည်။ သူနဲ့ သူ့အဖိုး အပြင်ထွက်သွားတာ လက်ဖက်ရည်တစ်ခွက်ရဲ့တစ်ဝက်ကုန်စာလောက်ပဲ ကြာခဲ့တယ်။ အဲ့အချိန်အတောအတွင်းမှာ စူးချင်းက မန်ထိုနဲ့ ရေကို ရလာတယ်လား?
"ကျွန်မ တစ်စုံတစ်ယောက်ဆီကနေ ဝယ်ခဲ့တာ"
စူးချင်းက ခပ်အေးအေး ပြန်ဖြေလိုက်သည်။
အဲ့လိုပဲ ဖြေရတော့မှာပဲ... မဟုတ်ရင် မန်ထိုတွေက ကောင်းကင်ကနေ ပြုတ်ကျလာတယ်လို့ ဖြေရမှာလား? ဘာပဲဖြစ်ဖြစ် ဒါက အကောင်းဆုံး ဆင်ခြေပဲ။
ကျိရွှေရှန့်က သံသယမျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေဆဲဖြစ်သည်။
သူမ ဝယ်ခဲ့တာတဲ့လား? သူမက ဘယ်သူဆီကနေ ဝယ်ခဲ့တာလဲ? ဒီအချိန်မှာ ပိုက်ဆံက စားစရာလောက်မှ အသုံးမဝင်တာကို ဘယ်သူက အစားအသောက်တွေ ရောင်းမှာတဲ့လဲ?
သူ စိတ်ရှုပ်ထွေးနေချိန်မှာပင် သူ့ရှေ့တွင် ပရမ်းပတာဖြစ်နေသည်ကို လှမ်းတွေ့လိုက်ရသည်။ လူတိုင်းက ရှေ့သို့ ပြေးရန် တိုက်ပွဲဝင်နေကြပြီး ရှေ့တွင် ရွှေရှိသကဲ့သို့ ရှေ့သို့ပြေးရန် ကြိုးစားရုန်းကန်နေကြသည်။
"ဘာတွေဖြစ်နေတာလဲ?"
ကျိရွှေရှန့်က သူ့ရှေ့တွင် ပြေးနေသော ဒုက္ခသည်များကို ကြည့်လိုက်ပြီး သူ့ဘာသာသူ ထူးထူးခြားခြား ရေရွတ်လိုက်မိသည်။ စူးချင်းက ဘာမှ ပြန်မဖြေဘဲ မန်ထိုကို စတင်စားနေခဲ့သည်။ ဗိုက်ဆာနေချိန်ဖြစ်သေသာကြောင့် ထိုနူးညံ့ပျော့ပျောင်းသော မုန့်ပေါင်းကို တစ်ကိုက်ကပင် နန်းတော်မှ အချိုပွဲများထက် ပိုအရသာရှိနေသည်ဟု ခံစားနေရသည်။
သံချပ်ကာဝတ်တပ်သားများက အေးစက်သောမျက်နှာဖြင့် မြင်းများပေါ်တွင် ထိူင်နေကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည့် ဒုက္ခသည်များကို မြင်နေရသည့်တိုင် သူတို့က ဂရုမစိုက်ပေ။ အားနည်းသော ဒုက္ခသည် အများအပြားက အားကြီးသော သူများကို အနိုင်မယူနိုင်ဘဲ လဲပြိုနေကြကာ အားကောင်းသူများ၏ ခြေထောက်များအောက်တွင် အပြင်းအထန် နင်းချေခံရသောကြောင့် အော်သံများ ထွက်လာပြန်သည်။
ကျိရွှေရှန့်က ရထားလုံးကို ရှေ့သို့ မောင်းနှင်လာခဲ့ပြီး ထိုနေရာတွင် တစ်စုံတစ်ယောက်က မန်ထိုတစ်ထုပ်ကို ကိုင်ဆောင်ထားပြီး “ငါ ဝယ်လို့ရသွားပြီ” ဟု အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
ကျိရွှေရှန့်က စူးချင်းကို ကြည့်ရန် နောက်သို့ ပြန်လှည့်လိုက်သည်။ ဒါဆို တစ်ယောက်ယောက်က တကယ်ပဲ မန်ထို ရောင်းနေတယ်ပေါ့။
စူးချင်းကလည်း ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူမက ပြောမိပြောရာ ပြောလိုက်ပေမယ့် တစ်စုံတစ်ယောက်က မန်ထိုရောင်းဖို့ ရောက်လာတယ်ပေါ့လေ။
မန်ထိုကို မဝယ်လိုက်နိုင်သောလူများက မျက်လုံးမျာ နီရဲနေကြပြီး လူတစ်ချို့က စတင်လုယက်နေသောကြောင့် လမ်းမကြီးတစ်ခုလုံး ရှုပ်ထွေးနေတော့သည်။
သူတို့၏ စစ်ဆေးမေးမြန်းမှု နှောင့်နှေးသွားသည်ကို မြင်လိုက်ချိန်တွင် သံချပ်ကာဝတ်တပ်သားများက သူတို့၏ ကြာပွတ်များကို မြှောက်ကာ ပြင်းထန်စွာ ကြိမ်းမောင်းခဲ့ပြီး အဓိကရုဏ်းကို ရပ်တန့်စေလိုက်သည်။ သို့သော်လည်း သူတို့ မတားမီ အတောအတွင်းတွင် လူပေါင်းများစွာ ဆက်တိုက် သေဆုံးခဲ့ရသည်။
စူးချင်းက မန်ထိုနှစ်လုံးကို စားလိုက်ပြီး ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသောကြောင့် ရထားလုံးမောင်းပေးရန် ကျိရွှေရှန့်နှင့်နေရာ လဲလိုက်သည်။ ယခုအချိန်တွင် မန်ထိုများက ရွှေများ၊ ငွေများနှင့် တန်းတူ တန်ဖိုးရှိသောကြောင့် လူမြင်ခံရန် မသင့်တော်ပေ။
သုံးခုမြောက် စစ်ဆေးရေးစခန်းများကို ဖြတ်သွားပြီးချိန်တွင် သံချပ်ကာဝတ်တပ်သားများက ဒုက္ခသည်များနောက်သို့ ဆက်မလိုက်တော့ဘဲ သူတို့၏မြင်းများကို အပြင်းနှင်ကာ ပြန်ထွက်သွားကြသည်။
သူတို့က လမ်းပေါ်မှာ အရပ်သားများ ရှိနေမည်ကိုလည်း ဂရုမစိုက်ကြပေ။ သူတို့က မြင်းပေါ်တွင် ထိုင်ကာ မြင်းများကို ဒုန်းဆိုင်း ပြေးလွှားခိုင်းနေသောကြောင့် မြင်းခွါဖြင့် အနင်းခံလိုက်ရသော အရပ်သားများက နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။ သို့သော်လည်း ထိုစစ်သည်များကတော့ မည်သူ့ကိုမျှ ဂရုမစိုက်ကြချေ။
ထိုအပြုအမူများက ချင်ဖုန်းကို ဒေါသထွက်သွားစေပြန်သည်။ ဝမ်မိသားစုစစ်တပ်က ဥပဒေမဲ့ ပြုမူနေတာကို သူ သိထားပြီး ဖြစ်ပေမယ့် ဒီနေ့ သူ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်လိုက်ရတာကြောင့် ဒေါသမီးက တောက်လောင်နေဆဲပါပဲ။
အခု ဒီသနားစရာကောင်းတဲ့ ပြည်သူတွေကို ကြည့်ဦးလေ၊ တချို့က မြင်းခွာနဲ့ အသေနင်းခံလိုက်ရတယ်၊ တချို့က အူတွေ တောင်ပေါက်ထွက်နေပြီး တချို့ကတော့ ခြေလက်တွေ ကျိုးသွားကြရတယ်။ ဒါက တကယ့်ကို ကြေကွဲဖွယ်ကောင်းတဲ့ မြင်ကွင်းပါပဲ။
“အဖိုး၊ ကျွန်တော်တို့က ဒီလိုမင်းဆက်မျိုးကို ဆက်ထားသင့်ပါ့မလား?”
ကျိရွှေရှန့်က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ့မျက်လုံးများမှ ဒေါသအငွေ့များ လျှံထွက်နေခဲ့သည်။
သူတို့က ဘာကြောင့် ဒီလောက် ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာတက်တဲ့ မင်းဆက်ကို ကာကွယ်ပေးနေရမှာလဲ?
“ဝမ်ယွိလင်နဲ့ တခြားသူတွေက ဒီလို လုပ်နေတာပါ၊ လက်ရှိဧကရာဇ်က ရုပ်သေးရုပ်သာသာပဲ”
အမှန်တော့ သူ့နှလုံးသားကလည်း တုန်လှုပ်နေပြီးပါပြီ။ ဧကရာဇ်က မိုက်မဲပြီး အရည်အချင်းမရှိဘူး။ အဲ့တာကြောင့် သူ့အောက်က အရာရှိတွေက သူ့ကိုတောင် ပြန်ခြိမ်းခြောက်နေပြီး မြို့စားတွေအပေါ်မှာတောင် အမိန့်တွေ ပေးဝံ့ကြတယ်။
ချင်ဖုန်းက အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ “အဖိုး မင်းကို ပေးခဲ့တဲ့ အနက်ရောင်သစ်သားသေတ္တာထဲမှာ မင်းအဖေရဲ့ ကျားခေါင်းတံဆိပ် ပါတယ်။ မင်း တကယ်လုပ်ချင်ရင် အဖိုးက မင်းကို တားမှာ မဟုတ်ဘူး"
"တကယ်လား?"
ကျိရွှေရှန့်က သူ့အဘိုးကို စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်သည်။ သူ လက်စားချေချင်ရင် စစ်အင်အားနဲ့ လက်နက်တွေ လိုအပ်လိမ့်မယ်။ သာမာန်စစ်တပ်လေးတစ်ခုတောင် မရှိရင် ဒီမင်းဆက်ကို ဘယ်လိုဖြုတ်ချနိုင်မှာလဲ?
“ဟုတ်တယ်၊ အဲဒီစစ်တပ်တံဆိပ်က ရှောင်းမိသားစုရဲ့စစ်တပ်ကို စည်းရုံးနိုင်တယ်။ မင်းအဖေက သူ မြို့တော်ကို ပြန်လာနေတဲ့အချိန်မှာ မတော်တဆမှုတွေ မှန်သမျှကို ကာကွယ်ဖို့ ကျားခေါင်းတံဆိပ်ကို အဖိုးဆီ လွှဲပေးဖို့ လူတစ်ယောက်ကို ကြိုပြီး စေလွှတ်ခဲ့တယ်။ ဝမ်ယွင်လင်က မင်းအဖေကို မြို့တော်ထဲ ဝင်ခိုင်းပြီး ချောက်ချခဲ့တယ်။ သူ့ကို ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်အပေါ်သစ္စာဖောက်တယ်လို့ စွဲချက်တင်ခဲ့တယ်။ အဲ့တာကြောင့် ဧကရာဇ်က သူ့ကို သေဒဏ်ချမှတ်ခဲ့တယ်။ ရှောင်းမိသားစုစစ်တပ်က နေ့ချင်းညချင်း ပျောက်ကွယ်သွားပြီး ဧကရာဇ်နဲ့ ဝမ်ယွီလင်တို့က သူတို့ကို ရှာဖွေရန် သူတို့အစွန်းရှိသမျှ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ရှောင်းမိသားစုရဲ့စစ်တပ်ကို ပြန်စည်းရုံးနိုင်တဲ့ တစ်ခုတည်းသော အရာက ဧကရာဇ်နဲ့ ဝမ်ယွိလင်တို့ သူတို့ လက်ထဲရောက်အောင် တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တဲ့ ကျားခေါင်းတံဆိပ်ပဲ”
လူအိုကြီးချင်က လက်ရှိတော်ဝင်ရုံးတော်အပေါ်တွင် အလွန်စိတ်ပျက်သွားခဲ့ပြီ ဖြစ်သည်။ ဤရက်အနည်းငယ်အတွင်း သူက သူ့မြေးဖြစ်သူနှင့် ပြန်လည်အသိအမှတ်ပြုခဲ့ပြီး သူ့မြေးတွင် မြင့်မားသောစွမ်းရည်များ၊ ဗျူဟာများနှင့် ရည်မှန်းချက်များရှိနေကြောင်း သူ သိခဲ့ရသည်။
သူက ရဲရင့်ရုံသာမက ပြတ်သားသောစိတ်ကိုလည်း ပိုင်ဆိုင်ပြီး သူက မိုက်မိုက်မဲမဲ သစ္စာစောင့်သိပြီး တော်ဝင်ရုံးတော်ကို သစ္စာဖောက်သည်ထက် သေလမ်းကို ရွေးချယ်ခဲ့သော ရှောင်းဟမ်ကဲ့သို့လူမျိုး မဟုတ်ပေ။
အဘိုးအို၏နှလုံးသားထဲတွင်လည်း တော်လှန်ပုန်ကန်လိုမှုတစ်ခု ရှိနေခဲ့သည်။
အနည်းဆုံးတော့ သူက ထောင်ချောက်ဆိုတာကို သိသိကြီးနဲ့ ပုန်ကန်ခြင်းမရှိပဲ လည်စင်းခံပေးလိုက်တဲ့ ရှောင်းဟမ်နဲ့တော့ မတူချင်ဘူး။
တကယ်လို့ ရှောင်းဟမ်မှာသာ ကျိရွှေရှန့်လိုမျိုး သတ္တိရှိခဲ့ရင် ဝမ်မိသားစုစစ်တပ်က ရှောင်းမိသားစုစစ်တပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး၊ အဲ့တာဆိုရင် သူတို့လည်း ဒီလို သနားစရာကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားရမှာ မဟုတ်ဘူး။
ကျိရွှေရှန့်က မုန်းတီးမှုများ၊ ဒေါသများအပြည့်ဖြင့် အံကြိတ်ထားခဲ့သည်။ သူ့အဖေက ချောက်တွန်းခံရပြီး ကြေကွဲဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရတာကို သူ သိရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပေမယ့် သူ့အဘိုးက သူ့ကို ထပ်ပြီး ပြောပြတဲ့အခါ သူစိတ်က မတည်ငြိမ်နိုင်သေးဘူး။
"ယွီအာ၊ စိတ်လျှော့စမ်း။ မင်းက လုံးဝ ရင့်ကျက်သေးဘူး!”
သူ့မြေး၏ဒေါသအမျက်များကို မြင်လိုက်ရသောကြောင့် ချင်ဖုန်းက သူ့ကို နှစ်သိမ့်ပေးရန် အမြန်ကြိုးစားလိုက်သည်။
“သေတ္တာကို သော့ခတ်ထားတာ တွေ့တယ်။ သော့က အဖိုးရဲ့လက်ထဲမှာလား?”
ကျိရွှေရှန့်က သူ့စိတ်ထဲတွင် ဆူပွက်နေသော ဒေါသများကို မျိုသိပ်ကာ သူ့အဘိုးကို အရေးကြီးဆုံးမေးခွန်းတစ်ခု တပ်မေးလိုက်သည်။
“အဲ့သစ်သားသေတ္တာကို မင်းအဖေကိုယ်တိုင် လုပ်ထားတာ။ အထဲမှာ ယန္တရားတစ်ခု ရှိတယ်။ အဲ့ဒါကို ဖွင့်ဖို့ အထူးသော့တစ်ချောင်းလိုတယ်၊ သော့မပါဘဲ သေတ္တာကို ဖွင့်ဖို့ ကြိုးစားရင် ကျားခေါင်းတံဆပ်ရဲ့ဂုဏ်ကျက်သရေကို ပျက်ဆီးစေလိမ့်မယ်”
ကျိရွှေရှန့်က မဆင်မခြင်ဖြင့် အတွင်းရှိအရာကို မြင်နိုင်ရန် မကြိုးစားခဲ့သည့်အတွက် ချင်ဖုန်းက ဝမ်းသာသွားမိသည်။ ထိုသို့မဟုတ်ရင် အဖိုးတန် စစ်တပ်တံဆိပ်ခေါင်းက ပျက်ဆီးသွားပေလိမ့်မည်။
"သော့က ဘယ်မှာလဲ?"
ကျိရွှေရှန့်ကလည်း ထိုအကြောက်တရား၏လှိုင်းတံပိုးကို ခံစားလိုက်ရသည်။
သူ့အဖိုးကို ကယ်တင်ဖို့အတွက် အလျင်စလို ကြိုးပမ်းနေရတာကြောင့်သာ မဟုတ်ရင် သူ အဲ့သေတ္တာကို ဖွင့်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေကို အသုံးပြုခဲ့မှသေချာတယ်။ အဲ့တာဆို သူ့အဖေက ချန်ထားခဲ့တဲ့ စစ်သူကြီးတံဆိပ်ကို ဖျက်ဆီးမိသွားရင် သူ့တစ်သက်လုံး နောင်တရနေရလိမ့်မယ်။
“အဖိုးလည်း မသိဘူး။ မင်းအဖေက စစ်သူကြီးတံဆိပ်ကို ပေးခိုင်းခဲ့ပေမယ့် သော့ ဘယ်မှာ ရှိတယ်ဆိုတာကိုတော့ မပြောခဲ့ဘူး။ ကျားခေါင်းတံဆိပ်က ဧကရာဇ်ဆီကို မရောက်သွားအောင် တားဆီးဖို့ ဖြစ်နိုင်တယ်!”
ချင်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူက ဧကရာဇ်ရဲ့မင်းဆရာဖြစ်နေတာကြောင့် သူ့သားမက်က သူ့ကို သတိထားနေတာကို သူ နားလည်ပေးနိုင်ပါတယ်။
"သော့က ဘယ်မှာရှိနိုင်မလဲ?"
ကျိရွှေရှန့်က မျက်မှောင်ကြုတ်ပြီး စဥ်းစားနေသော်လည်း ဘာသဲလွန်စမှ မရှိခဲ့ပေ။ ထို့ကြောင့် အစီအစဉ်များ မချမီ သူ ကျင့်ရှီလျိုမြောင်သို့ အရင်သွားရမည် ဖြစ်သည်။
"မင်းရဲ့မွေးစားအဖေက မင်းကို ကျင့်ရှီလျိုမြောင်သွားဖို့ ပြောတဲ့အချိန်မှာ အထူးညွှန်ကြားချက်တစ်ခုခု ပြောခဲ့တာရှိသေးလား?"
ချင်ဖုန်းက ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။ ထိုနေရာက ရာဇဝတ်သားများကို ပြည်နှင်ဒဏ်ပေးသော အလွန်အေးစက်သည့်နေရာတစ်ခု ဖြစ်သည်။
“ကျွန်တော့်ရဲ့မွေးစားအဖေက အဲဒီနေရာက ကျွန်တော့်အတွက် မင်္ဂလာအုတ်မြစ်လို့ ပြောခဲ့တယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ သူက မပြောခဲ့ဘူး။ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြလို့ မရဘူးလို့ပဲ ပြောခဲ့တယ်”
ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။ တကယ်လို့ သူတို့ သဘာဝဘေးကနေ ထွက်ပြေးပြီး ရွှေ့ပြောင်းနေရာချချင်တယ်ဆိုရင် ကျင့်ရှီလျိုမြောင်ကို သွားတာထက် မြေပြန့်လွင်ပြင်မှာနေတာက ပိုကောင်းတယ်လေ။ ဒါပေမယ့် သူ့ရဲ့မွေးစားဖခင်က သူ့ကို သွားစေချင်တဲ့အတွက် သူ့မွေးစားအဖေမှာ အကြောင်းပြချက် ရှိမှာ သေချာပါတယ်။
“မင်းမွေးစားအဖေရဲ့မူရင်းနာမည်က ချန်ကျင့်ရှန်းလို့ ခေါ်တယ်။ သူကို ကျူးကော အငယ်စားလို့တောင် လူသိများကြတယ်။ သူက အထင်ကြီးစရာကောင်းတဲ့ ထူးထူးခြားခြား လူတစ်ယောက်ပဲ။ သူက ကိုယ်ခံပညာ ကျွမ်းကျင်သလို ဆေးပညာလည်း ထူးချွန်တယ်၊ အဲ့တာအပြင် စာပေကျမ်းဂန်တွေကို နှံနှံစပ်စပ် နားလည်နိုင်ပြီး ဒြပ်ကြီးငါးပါးနဲ့ ရှစ်ထောင့်ဗျူဟာတွေကို ကျွမ်းကျင်တယ်၊ နက္ခတ်ဗေဒင်နဲ့ဆိုင်တဲ့ ဖြစ်စဉ်တွေကို လေ့လာတက်မြောက်ထားပြီး ရာသီဥတုကိုတောင် ကောင်းကောင်း ကြည့်ရှုခန့်မှန်းနိုင်တယ်။ မင်းအဖေသာ သူ့စကားကို နားထောင်ပြီး မြို့တော်ထဲကို မ၀င်ခဲ့ရင် မင်းအဖေ သေရမှာ မဟုတ်ဘူး။ ကံကောင်းထောက်မစွာနဲ့ သူက မင်းနဲ့ မင်းရဲ့ညီမလေးကို ကာကွယ်ပေးနိုင်ခဲ့တယ်။ သူက ရှောင်းမိသားစုရဲ့ကျေးဇူးရှင်ပဲ"
လူအိုကြီးချင်းက ရှောင်းမိသားစု၏သွေးသားများကို ကယ်တင်ပေးခဲ့သော ချန်ကျင့်ရှန်းအား တကယ်ပင် ကျေးဇူးတင်နေမိသည်။
လမ်းတစ်လျှောက်တွင် လူများ၏အသားကို စားသော လူယုတ်မာများ၏မျက်လုံးများက ဘီလူးများနှင့် ဆင်တူလာပြီး လူသားစားသောနတ်ဆိုးများ လူပြန်ဝင်စားလာသကဲ့သို့ ဖြစ်နေကာ သူတို့၏မျက်လုံးများက သွေးနီရဲများ သန်းနေကြသည်။
မူလကတည်းက ကြောက်ရွံ့ထိတ်လန့်သော သဘာဝဘေးဒဏ်ခံရသူများက ဤလူသားစားနတ်ဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့ကာ စုရုံးလာကြသည်။
စူးချင်းကဲ့သို့ သွေးအေးသည့်သူပင်လျှင် ထိုလူများ လူသား စားနေသည့်မြင်ကွင်းကို ကြည့်ကာ သူမ အံ့သြတုန်လှုပ်ခဲ့ရသည်။
ဒါက အသက်ဝင်နေတဲ့ ငရဲပါပဲ။
ကျိရွှေရှန့်ကလည်း လူများ၏ အသားကိုပင် စားနေကြသော ကြေကွဲဖွယ် အခြေအနေကို မြင်နေရပြီး ထောင်ဟွားဝူမှ ရွာသူရွာသားများအတွက် ပို၍ပင် စိုးရိမ်လာခဲ့သည်။
သူတို့တွေ လုံခြုံနေပါ့မလား မသိဘူး.....