ရဲရင့်တဲ့ ကျိရှောင်ယင်
Vol. 10 Ch. 148
ကျိရွှေရှန့် စိတ်ပူနေသော ထောင်ဟွားဝူမှ ရွာသူရွာသားများကလည်း အမှန်တကယ် အန္တရာယ်နှင့် ကြုံတွေ့နေကြသည်။ အခြားသူများက ဆာလောင်မှုအပြည့်ဖြင့် ဝမ်းပမ်းတနည်း ထွက်ပြေးလာရချိန်တွင် ထောင်ဟွားဝူမှလူများက နှင်းဆီရောင်မျက်နှာများဖြင့် လှည်းပေါ်တွင် ထိုင်နိုင်ကြသည်။ တချို့သော ဒုက္ခသည်များက သူတို့၏မျက်လုံးများ နီရဲလာသည်အထိ မနာလို ဖြစ်နေကြသော်လည်း သံချက်ကာတပ်သားများ ရှိနေသောကြောင့် မလှုပ်ရှားဝံ့ကြပေ။
စုကျိုးသို့ ရောက်ရှိချိန်တွင် သံချပ်ကာဝတ်တပ်ဖွဲ့များ အားလုံး ပြန်ဆုတ်ခွာသွားသောကြောင့် ကပ်ဘေးဒုက္ခသည်များက အငြိမ်မနေနိုင်တော့ပေ။
ချိုးယုံခန်းက သူ မြို့ထဲသို့ မဝင်မီ ရွာသူရွာသားများ အားလုံးကို အတူစုရုံးကာ နေထိုင်ရန် စီစဥ်ပေးခဲ့သည်။ အကြမ်းဖက်သမားများက သူတို့ကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် ကြိုးပမ်းလာပါက တားဆီးနိုင်ရန် အမျိုးသားများကို အပြင်ဘက်မှ ဝန်းရံထားသောပြီး ကျောက်တုံးများနှင့် သစ်သားတုတ်များကို ကိုင်ဆောင်ကာ တင်းတင်းကျပ်ကျပ် စောင့်ကြပ်စေခဲ့သည်။
ကျုံးယုံကလည်း သူ့လက်ထဲမှ သံတူကြီးကို လုံးဝ မချထားခဲ့ပေ။ သူက သင့်တင့်သော လက်နက်ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သော်လည်း ရက်စက်ပုံရပြီး ဘီလူးကြီးနှင့်ပင် တူနေခဲ့သည်။ ထို့ကြောင့် အခွင့်အရေးကို စောင့်ဆိုင်းနေသော လူရမ်းကားများက သူ့ဘက်မှ မတိုက်ခိုက်ဝံ့ဘဲ ကျန်းလောင်ချီ စောင့်ကြပ်နေသော မြောက်ဘက်ကို ပစ်မှတ်ထားကာ တိုက်ခိုက်ကြသည်။
လူရမ်းကားတစ်ဒါဇင်ခန့်က စုရုံးလာကြပြီး သစ်သားတုတ်များ၊ မီးဖိုချောင်သုံးဓားများနှင့် ပုဆိန်တို့ကို လက်နက်အဖြစ် ကိုင်ဆောင်ထားကြသည်။ ခေါင်းဆောင်လာသော လူရမ်းကားက သိုင်းပညာကို ကျွမ်းကျင်ပြီး သူက မူလက ဓားပြတစ်ဦး ဖြစ်သည်။ ဓားပြများ၏သဘောသဘာဝကိုက လုရက်ခြင်းတွင် ပျော်မွေ့သူများဖြစ်သောကြောင့် တောင်တန်းကြီးများ ပျောက်ကွယ်သွားလျှင်ပင် ထိုခွေးများက သူတို့၏မိုက်မဲသော အလေ့အကျင့်ကို ပြောင်းလဲနိုင်ကြမည် မဟုတ်ပေ။
သူတို့က ကြွယ်ဝသူများကို တွေ့လိုက်တိုင်း လုယက်ချင်စိတ်များ ထကြွတက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ထောင်ဟွားဝူမှ ဒုက္ခသည်အဖွဲ့က ဆူဖြိုးသောသိုးများ ဖြစ်လာခဲ့သည်။
သူတို့မှာ လှည်းတွေနဲ့ မြင်းတွေရှိတော့ ပိုက်ဆံလည်း ရှိနိုင်မယ်။ သူတို့ ဒီတစ်ကြိမ် လုယက်ပြီးရင် လဝက်လောက် အသက်ရှင်သန် နေထိုင်နိုင်လိမ့်မယ်။
ဓားပြများက မြောက်ဘက်သို့ ဦးတည်သွားပြီး ဒါဇင်ပေါင်းများစွာသော လူများက တောလမ်းဘေးမှ ထွက်လာကာ ထောင်ဟွားဝူမှ ရွာသားများဆီသို့ ပြေးသွားကြသည်။
ထိုဒါဇင်များစွာသောလူများ ပြေးဝင်လာသည်ကို မြင်လိုက်ချိန်တွင် ကျန်းလောင်ချီက ထိတ်လန့်သွားသည်။ သူက ကျုံးယုံကို အော်ဟစ်အကူအညီတောင်းလိုက်ပြီး ထောင်ဟွားဝူမှ သန်မာသော လူသုံးဦးနှင့်အတူ ဤလူဒါဇင်ပေါင်းများစွာနှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ကလည်း မြောက်ဘက်တွင် ရှိနေကြပြီး ဒါဇင်နှင့်ချီသော လူဆိုးများကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။
ကျန်းလောင်ချီနှင့် အခြားသုံးယောက်က ထိုလူများကို မယှဉ်နိုင်မှန်း သိသာနေသောကြောင့် ကျိရှောင်ယင်က သူမ၏ညီအစ်မများကို အော်ပြောလိုက်သည်။ “ငါတို့ ကူညီပေးရအောင်”
သူမ၏လက်နက်က မြင်းလှည်းတွင် နှင်တံအဖြစ်သုံးသော ကြာပွတ်ဖြစ်သည်။ သူမ၏အစ်မက မြင်းဈေးမှ အာဏာရှင်အား ကြိမ်ဒဏ်ပေးခဲ့သည်ကို မြင်ပြီးကတည်းက သူမလည်း အားလပ်ချိန်တွင် လေ့ကျင့်ထားခဲ့သည်။ စူးချင်းက သူမ လေ့ကျင့်နေသည်ကို မြင်သွားပြီး အရေးကြီးသောအစိတ်အပိုင်းများအား မည်သို့ ရိုက်နှက်ရမည်ဟူသော နည်လမ်းအချို့ကို သင်ကြားပေးခဲ့သည်။ ကျိရှောင်ယင်က ကိုယ်ခံပညာကို မသိသောကြောင့် သူမက တခြားသူကို ထိရောက်အောင် မရိုက်နိုင်သော်လည်း သူမက အခြားသူ၏ အရေးကြီးသော အစိတ်အပိုင်းများကို ရွေးရိုက်နေသောကြောင့် ထိုလူများ သူမအနားသို့ ကပ်မလာအောင်တော့ တားဆီးနိုင်သေးသည်။
အခြားသောမိန်းကလေးများက မြေကြီးပေါ်မှ ကျောက်ခဲများကို ကောက်ယူပြီး လူဆိုးများကို ပစ်ပေါက်နေကြသည်။ ချိုးယုံခန်းက ထိုကဲ့သို့သော အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီး မိန်းကလေးများနှင့် အမျိုးသမီးကြီးများအား ကျောက်ခဲဖြင့် ပစ်ပေါက်ရန် မှာကြားထားခဲ့သည်။ သူမတို့က တစ်ဖက်လူကို ပြတ်ပြတ်သားသား နိုင်နှင်းရန် မပါဝင်နိုင်သ်ေလည်း အရေးကြီးသော အခိုက်အတန့်များတွင် တစ်ဖက်လူများအား ရှုပ်ယှက်ခတ်သွားအောင် ပြုလုပ်နိုင်ကြသည်။
မိန်းကလေးများ၏အကူအညီကြောင့် ကျန်းလောင်ချီနှင့် အခြားသူများအပေါ်တွင်ရှိနေသည့်ဖိအားများက သိသိသာသာလျော့ကျသွားခဲ့သည်။ သို့သော် တစ်ဖက်တွင် လူများလွန်းသောကြောင့် သူတို့လည်း ရိုက်နှက်ခံရကာ သူတို့၏ ဦးခေါင်းများနှင့် ခန္ဓာကိုယ်များတွင် သွေးများစွန်းထင်းနေသည်။ လူမိုက်တချို့က သူတို့၏ ခုခံကာကွယ်မှုကို ဖြိုခွင်းနိုင်သွားပြီး ထောင်ဟွားဝူမှ လှည်းများနှင့် ပစ္စည်းများကို လုယူနေကြသည်။
သူတို့ ပြေးဝင်လာကြချိန်တွင် ကောင်မလေးများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ထိုအချိန်တွင် သူမတို့က ယောက်ျားလေးဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးများဖြစ်ကြောင်း လူမိုက်များက သိသွားကြပြီး ပို၍ပင် ပျော်ရွှင်သွားကြသည်။
သူတို့ ဒီနုပျိုလှပတဲ့မိန်းကလေးတွေနဲ့ အတူအိပ်ပြီးရင် သူမတို့ကို ချက်ပြုတ်စားသောက်လို့ ရသေးတယ်လေ။ သူမတို့ရဲ့အသားတွေက နူးညံ့ပြီး မွှေးကြိုင်နေမှာ သေချာတယ်။
ကျိရှောင်ယင်က လှည်းပေါ်တွင် ရပ်နေပြီး လီရွှမ်းအာကို ဖမ်းရန် ကြိုးစားနေသည့် လူဆိုးတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သူမက ထိုလူ၏မျက်လုံးများကို ကြာပွတ်ဖြင့် လှမ်းရိုက်လိုက်သည်။ မျက်လုံးက လူ့ခန္ဓာကိုယ်၏ အားအနည်းဆုံး အစိတ်အပိုင်းဖြစ်ကြောင်း သူမ၏ အစ်မစူးချင်းက ပြောခဲ့ဖူးသည်။ ယခုအချိန်တွင် သူမက စိတ်မရှည်နိုင်တော့ဘဲ သနားညှာတာမှုလည်း ကင်းမဲ့သွားပြီ ဖြစ်သည်။ ထိုလူဆိုးက သူ့၏မျက်လုံးများကို ပွတ်သပ်ကာ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့မျက်လုံးများကို မှိတ်ထားကာ မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့သည်။
သူမ၏ပထမဆုံးရိုက်ချက်အပြီးတွင် ကျိရှောင်ယင်က ပို၍ပင် ယုံကြည်မှုရှိလာသည်။ သူမက ကြာပွတ်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး ပြေးဝင်လာသော လူဆိုးများကို တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်တော့သည်။ သူမက လူဆိုးသုံးယောက်ကို ဆက်တိုက် ရိုက်နှက်ပြီးနောက် လူဆိုးခေါင်းဆောင်၏ အာရုံကို ဆွဲဆောင်မိသွားခဲ့သည်။
သူက သိုင်းပညာကျွမ်းကျင်သောကြောင့် ကျိရှောင်ယင် တခြားတစ်ယောက်အား လှမ်းရိုက်နေချိန်တွင် သူက အခွင့်ကောင်းယူကာ သူ့ပုဆိန်ဖြင့် ခုန်ဝင်သွားရင်း သူမ၏ခေါင်းကို ချိန်ရွယ်လိုက်သည်။
"ရှောင်ယင်"
ကျိရှောင်ယင် အန္တရာယ်ရှိနေသည်ကို မြင်လိုက်ရသော အမျိုးသမီးလီက သူမ၏ကိုယ်ပိုင်ဘေးကင်းရေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျိရှောင်ယင်ကို တွန်းထုတ်ကာ သူမ၏ခန္ဓာကိုယ်ကို ကျိရှောင်ယင်အတွက် အကာအကွယ်တစ်ခုအဖြစ် အသုံးပြုပေးခဲ့သည်။ သူမက ကျိရှောင်ယင်ကို တွန်းထုတ်လိုက်သောကြောင့် ပုဆိန်ချက်က သူမ၏ပုခုံးပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သွေးများက မြစ်ရေများကဲ့သို့ စီးကျလာပြီး အမျိုးသမီးလီက နာကျင်မှုကြောင့် ချက်ချင်း သတိလစ်သွားခဲ့သည်။
“မွေးစားအမေ”
ကျိရှောင်ယင်က လှည်းအောက်သို့ ပြုတ်ကျသွားပြီး သူမ၏အမေက သူမအတွက် ပုဆိန်ချက်အား ကိုယ်စား ခံပေးလိုက်သည်ကို ကူကယ်ရာမဲ့ ကြည့်နေခဲ့သည်။ သို့သော်လည်း သူမ၏နှလုံးသားက အလွန်နာကျင်ကြေကွဲသွားပြီး သူမက အမြန်ထရပ်ကာ အပြေးအလွှား ပြေးသွားလိုက်ပြီး လှမ်းပေါ်မှပြုတ်ကျလာသော အမျိုးသမီးလီကို သူမ၏ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။
"မိန်းကလေးတစ်ယောက် ရှိသေးတာလား?"
လူဆိုးခေါင်းဆောင်က ကျိရှောင်ယင်၏အသံချိုချိုလေးကို ကြားသွားပြီး ဝမ်းသာအားရ ကြည့်လိုက်ရာ သူမ၏လှပသော မျက်နှာလေးကို မြင်လိုက်ရသောကြောင့် သူ့နှလုံးပင် ယားယံလာသလို ခံစားနေရသည်။
“ကောင်းတယ်၊ အရိုင်းလေးပေါ့၊ ငါ ကြိုက်တယ်"
ထိုလူက ကျိရှောင်ယင်၏အနားသို့ ပြေးသွားပြီး သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းရန် ပြင်ဆင်လိုက်သည်။ ကျိရှောင်ယင်က သူမ၏အမေကို သတ်လိုက်သော ထိုလူဆိုးကို မုန်းတီးနေသောကြောင့် သူမလက်ကို အဆွဲခံလိုက်ရသည်နှင့် သူမ၏ခေါင်းကို ငုံ့ချကာ မြေကြီးလက်တစ်ဆုပ်စာကို အလျင်အမြန် ဆုပ်ယူလိုက်ပြီး ထိုလူဆိုး၏မျက်လုံးဆီသို့ လှမ်းပက်လိုက်သည်။
လူဆိုးခေါင်းဆောင်က သူ ကျိရှောင်ယင်ကို တစ်ချက်တည်းဖြင့် ဖမ်းနိုင်မည်ဟု တွေးထားပြီး သတိလက်လွှတ်ဖြစ်နေသောကြောင့် သူ့မျက်လုံးတစ်ဝိုက်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းသွားခဲ့သည်။ သူက သူ့မျက်လုံးများကို ချက်ချင်း မှိတ်ချလိုက်ပြီး နာကျင်စွာ အော်ဟစ်နေကာ အခြားလူဆိုးများကို ကျိရှောင်ယင်အား ဖမ်းရန် ညွှန်ကြားနေခဲ့သည်။
“ဒီမိန်းမကို ဖမ်း၊ ဖမ်းကြစမ်း၊ ငါ သူ့ကို သတ်ပစ်မယ်"
"ငါ နင်တို့ကို ရိုက်မယ်"
ကျိရှောင်ယင်က ကြာပွတ်ကို ပြန်ကောက်ကိုင်လိုက်ပြီး လှည်းပေါ်သို့ ပြန်ခုန်တက်လိုက်သည်။ သူမက သူမ၏ကြာပွတ်ကို လူဆိုးများဆီသို့ ဝှေ့ယမ်းနေပြီး သူမ၏နှလုံးသားထဲမှ ပူဆွေးသောကနှင့် ဒေါသများက ခွန်အားအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သူမက ကြာပွတ်က လေထဲတွင် တရွှီရွှီ ပျဲဝဲနေလေသည်။ ထို့ကြောင့် ထိုခဏတာ အတွင်းတွင် လူဆိုးများက သူမအနားသို့ မကပ်နိုင်တော့ပေ။
"အမေ!"
ကျုံးယုံက ဆူညံများကြောင့် တောင်ဘက်မှ အပြေးရောက်လာပြီး သွေးများဖြင့် မြေပြင်ပေါ်တွင် လဲကျနေသော သူ့အမေကို မြင်လိုက်သောကြောင့် သူ့မျက်လုံးများက နီရဲလာတော့သည်။ သူက အော်ဟစ်ရင်း ပြေးဝင်းလာကာ ပုဆိန်ကိုင်ထားသောလူဆိုးမှန်သမျှကို အရူးအမူး တိုက်ခိုက်တော့သည်။
ကျုံးယုံက သိုင်းပညာကို ကျိရွှေရှန့်ထံမှ အချိန်အတော်ကြာအောင် သင်ယူခဲ့ပြီးပြီ ဖြစ်သောကြောင့် သူက ယခင်ကဲ့သို့ သိုင်းပညာကို မသိဘဲ ထင်ရာစိုင်းနေခြင်းမျိုး မဟုတ်တော့ပေ။ သူက သူ့၏သံတူကြီးနှစ်ချောင်းကို ကိုင်ကာ ကျားတစ်ကောင်ကဲ့သို့ ခုတ်တက်သွားပြီး ထိုလူဆိုးများကို တစ်ယောက်ချင်း ထုရိုက်နေသောကြောင့် မြေကြီးပေါ်တွင် သွေးများရဲရနီလာခဲ့သည်။ ထိုလူများက ကျုံးယုံကို သူတို့၏စိတ်နှလုံး အောက်ခြေအထိ ကြောက်လန့်သွားကြပြီး ကျုံးယုံ သူတို့ဆီသို့ လာနေခြင်းအား မြင်သည်နှင့် တွန်းလှန်ချင်စိတ်ပင် မရှိတော့ဘဲ ထွက်ပြေးကြတော့သည်။
"ဒုတိယအစ်ကို၊ သူက မွေးစားအမေကို ဒဏ်ရာရအောင် လုပ်တဲ့သူပဲ"
ကျိရှောင်ယင်က မျက်လုံးမှိတ်ထားရင်း ထွက်ပြေးရန် ကြိုးစားနေသည့် လူဆိုးခေါင်းဆောင်ကို ညွှန်ပြရင်း ကျုံးယုံကို လှမ်းအော်လိုက်သည်။ ထိုလူက သူ့အမေကို နာကျင်စေသည်ဟု ကြားလိုက်သည်နှင့် ကျုံးယုံက အရူးတစ်ယောက်လို ဖြစ်သွားပြီး ပုဆိန်တစ်လက်ကို ကောက်ကိုင်ကာ ရောက်လာခဲ့သည်။ သူက ထိုလူ့ကို အပိုင်းပိုင်းခုတ်ထစ်လိုက်ပြီး ခေါင်းနှင့် ကိုယ် အိုးစားကွဲစေခဲ့သည်။
ကျုံးယုံက အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း မြင်လိုက်ရသောကြောင့် အခြားလူဆိုးများက အလွန်ကြောက်လန့်နေကြသည်။ သူတို့၏ခေါင်းဆောင်ပင် အသတ်ခံလိုက်ရသောကြောင့် သူတို့လည်း ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။ သူတို့က ယုန်များထက်ပင် ပိုမြန်အောင် ပြေးနေကြပြီး သူတို့၏မိဘများက သူတို့အတွက် ခြေထောက်အပိုမပေးခဲ့သည့်အတွက်ပင် အပြစ်တင်ချင်နေကြသည်။
ကျန်းလောင်ချီနှင့် အခြားသုံးဦး၏ခေါင်းပေါ်တွင်လည်း သွေးများထွက်နေပြီး သူတို့လည်း ခြေကုန်လက်ပန်း ကျနေပြီ ဖြစ်သည်။ ကျုံးယုံက သူတို့ကို ကယ်ဆယ်ရန် ရောက်ရှိလာသည်ကို မြင်လိုက်သည်နှင့် သူတို့က စိတ်လျော့လိုက်သောကြောင့် မေ့လဲသွားကြပြန်သည်။
“အမေ၊ အမေ”
ကျုံးယုံက လူဆိုးတစ်စုကို မောင်းထုတ်ပြီးနောက် အမျိုးသမီးလီကို ပွေ့ဖက်ကာ ငိုကြွေးနေခဲ့သည်။
"ဒုတိယအစ်ကို၊ မွေးစားအမေကို ပတ်တီး အရင်စည်းပေးရမယ်"
သူမ မွေးစားအမေ၏ပခုံးတွင် သွေးများ ထွက်နေသေးသည်ကို တွေ့လိုက်ရသည်နှင့် ကျိရှောင်ယင်က သူမ၏အဝတ်အစားများကို ဆုတ်ဖြဲကာ ကျုံးယုံကို စိုးရိမ်တကြီး အော်ဟစ် သတိပေးလိုက်သည်။
"အာ? ဟုတ်တယ်၊ ပတ်တီး... ပတ်တီး မြန်မြန်စည်းပေးလိုက်"
ကျုံးယုံ၏ မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေပြီး ကျိရှောင်ယင်၏စကားကို ကြားလိုက်ချိန်တွင် သူက သူ့အမေကို အမြန်လှဲချကာ ကျိရှောင်ယင်ကို အားကိုးတကြီး လှမ်းကြည့်နေသည်။
"ရှောင်ယင်... ကျေးဇူးပြုပြီး ငါ့အမေကို ကယ်ပေးပါ။ ငါ အမေကို မသေခိုင်းနိုင်ဘူး။ အမေ သေသွားရင် ယုံအာက အမေမရှိဘဲ နေရလိမ့်မယ်”
“မွေးစားအမေက မသေပါဘူး”
သို့သော်လည်း သူမ မွေးစားအမေ၏ပခုံးမှ သွေးထွက်နေသည့်ဒဏ်ရာကို ကြည့်နေရင်း ကျိရှောင်ယင်၏လက်များက တုန်ရီနေခဲ့သည်။ ဒဏ်ရာက အရမ်းနက်သောကြောင့် အရိုးကိုပင် မြင်နေရပြီး သွေးများက အဆက်မပြတ် စီးကျနေသည်။
သူမ၏မွေးစားအမေက သူမကို ကယ်တင်ရန် ထိုမျှလောက်ပြင်းထန်သော ဒဏ်ရာအား ခံစားခဲ့ရသည်ကို တွေးနေရင်း ကျိရှောင်ယင်၏မျက်ရည်များက နွေဦးမိုးပေါက်များသဖွယ် စီးကျလာပြန်သည်။ သူမက သူမ၏တုန်ရီနေသောလက်များဖြင့် ပတ်တီးစည်းပေးနေသော်လည်း သွေးတိတ်ဆေးမရှိသည့်အတွက် ပါးလွှာသောပိတ်စက သွေးများ ရပ်တန့်သွားအောင် မတားနိုင်ပေ။
ထိုအရာက ကျိရှောင်ယင်ကို ပို၍ ထိတ်လန့်သွားစေခဲ့သည်။
ဒီလို သွေးထွက်လွန်နေတဲ့ လူတစ်ယောက်က ဘယ်လို အသက်ရှင်နိုင်တော့မှာလဲ?
ကျိရှောင်ယင်က ဒဏ်ရာကို သူမ၏လက်နှစ်ဖက်ဖြင့် အပြင်းအထန် ဖိထားရင်း ငိုင်တွေနေသော လီရွှမ်းအာကို လှမ်းအော်ပြောလိုက်သည်။
“အစ်မရွှမ်းအာ၊ ကျွန်မရဲ့အိတ်ထဲမှာ အစ်မစူးချင်း ချန်ထားပေးခဲ့တဲ့ သွေးတိတ်ဆေးနည်းနည်း ရှိတယ်။ မြန်မြန်ယူလာပေးပါ"
လီရွှမ်းအာက သဘောတူလိုက်ပြီး လှည်းပေါ်သို့ ချက်ချင်း ပြေးတက်သွားကာ စူးချင်း ချန်ထားခဲ့သော အနီရောင်ဆေးမှုန့်နှင့် သွေးတိတ်ဆေးကို အရူးအမူး ရှာဖွေနေခဲ့သည်။
သူမတို့အားလုံးက အမျိုးသမီးလီကို အာရုံစိုက်နေကြသောကြောင့် ချိုးယွဲ့ ပြေးထွက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။