ပြင်ပသူခိုးကို တားဆီးနိုင်ခဲ့ပေမယ့် အတွင်းထဲက သူခိုးကို သတိမမူမိလိုက်ဘူး
Vol. 10 Ch. 149
ပုံမှန်အားဖြင့် ချိုးယွဲ့က ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ထံမှ အနီးကပ် စောင့်ကြည့်ခြင်းကို ခံနေရသူ ဖြစ်သည်။ သို့သော်လည်း လူဆိုးများ ပြေးလာသည်ကို မြင်လိုက်သည်နှင့် သူမက ထိတ်လန့်တကြား လှည်းပေါ်မှ ခုန်ဆင်းကာ ကျုံးယုံစောင့်ကြပ်နေသည့် တောင်ဘက်ပိုင်းသို့ ပြေးသွားခဲ့သည်။
သူမ ရွာလူကြီးချိုး၏ လှည်းဘေးမှ ဖြတ်သွားချိန်တွင် သူမ၏အဘိုးက လူအိုကြီးအချို့နှင့်အတူ လှည်းပေါ်မှ ဆင်းသွားသည်ကို သူမ တွေ့လိုက်ရသည်။ သူမ၏အစ်ကိုကြီး သိမ်းဆည်းထားခဲ့သော ပိုက်ဆံအိတ်က ထိုလှည်းပေါ်တွင် ရှိနေပြီး ချိုးယွဲ့က သူမ ထွက်ပြေးချင်လျှင် ပိုက်ဆံမရှိဘဲ အသက်မရှင်နိုင်ကြောင်းကို တွေးလိုက်မိသည်။ သူမ မယူသွားလျှင်ပင် လူဆိုးများက ထိုပိုက်ဆံအိတ်ကို သိမ်းသွားမည်ဟု သူမ စဥ်းစားလိုက်သောကြောင့် ထိုပိုက်ဆံအိတ်ကို ခိုးယူသွားရန် ဆုံးဖြတ်လိုက်သည်။
ထောင်ဟွားဝူမှ လူများက သူတို့၏ရတနာများကို လုယူရန် စောင့်ဆိုင်းနေသည့် လူဆိုးများအပေါ်တွင်သာ လူတိုင်းအာရုံစူးစိုက်မှုနေခဲ့ကြပြီး ချိုးယွဲ့၏လုပ်ရပ်ကို မည်သူကမျှ သတိမထားမိလိုက်ကြပေ။ သူတို့က ပြင်ပသူခိုးရန်မှ ကာကွယ်ရန် တိုက်ခိုက်နေကြပြီး အိမ်တွင်းသူခိုးကို လွတ်သွားလိမ့်မည်ဟု တွေးပင်မတွေးမိခဲ့ကြပေ။
ချိုးယွဲ့က သူမကို မည်သူမျှ ဂရုမစိုက်နေသည်ကို နားလည်နေပြီး ပိုက်ဆံအိတ်ကို သူမ၏အဝတ်များထဲသို့ ထိုးထည့်ကာ တိတ်တဆိတ် ထွက်ပြေးသွားခဲ့သည်။
သူမ အခု မပြေးရင် သူမအစ်ကိုကြီး ပြန်လာတဲ့အခါ ပြေးဖို့ မဖြစ်နိုင်တော့ဘူး။ သူမက အစ်ကိုရွှေရှန့်က လွဲရင် တခြားဘယ်သူကိုမှ လက်မထပ်ချင်ပေမယ့် သူမရဲ့အစ်ကိုကြီးကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တာမျိုး မလုပ်ရဲဘူးလေ။ သူမ လက်ထပ်ဖို့ သဘောမတူရင် ကြိုးဆွဲချပြီး သတ်ခံရလိမ့်မယ်။
ထောင်ဟွားဝူက အများပိုင် ပိုက်ဆံတွေကို ယူလာခဲ့မိတဲ့အတွက်လည်း သူမရဲ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးရှိနေသလို မခံစားရဘူး။ ဒီငွေတွေကို ဆုံးရှုံးလိုက်ရရင် သူတို့အားလုံး အသက်ဆက်ရှင်ချင်စိတ်တောင် ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ အသက်ဆက်ရှင်နေဦးမှာပဲ? ဘယ်သူကများ ကိုယ်ကိုကိုယ် နစ်နာအောင် ပြုမူနိုင်ကြလို့လဲ?
ချိုးယွဲ့က ထောင်ဟွားဝူ၏အများပိုင် ပိုက်ဆံများနှင့်အတူ ထွက်ပြေးသွားသော်လည်း ကျိရှောင်ယင်တို့အာလုံးက ၎င်းကို သတိမထားမိကြသေးပေ။ ကျိရှောင်ယင်က သူမမွေးစားအမေ၏ဒဏ်ရာကို သူမ၏လက်ဖြင့် တင်းတင်းကြပ်ကြပ် ဖိထားသောကြောင့် သူမ၏လက်များတွင်ပင် သွေးများဖြင့် ပြည့်နေပြီ ဖြစ်သည်။ လီရွှမ်းအာက ဆေးကို တွေ့ရှိခဲ့ပြီး ကျိရှောင်ယင်ကို ကူညီပေးရန်အတွက် အမျိုးသမီးလီ၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
စူးချင်း ချန်ထားပေးခဲ့သော ဆေးမှုန့်က သွေးထွက်ခြင်းကို ရပ်တန့်စေခဲ့သည်။ ထိုဆေးမှုန့်ကို ဒဏ်ရာပေါ်သို့ ဖြန်းလိုက်သည်နှင့် လှိုင်းထန်နေသော သွေးစီးဆင်းမှုက နှေးကွေးသွားတော့သည်။ သွေးများ ဒလဟော မထွက်တော့သည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်က သက်ပြင်းချလိုက်ပြီး သူမ၏အဝတ်တစ်ထည်ကို ဆုတ်ဖြဲလိုက်ကာ သူမ၏မွေးစားအမေကို ပတ်တီးထပ်စည်းပေးရန် ပြင်ဆင်လိုက်သည်။
"အစ်မစူးချင်း ဒီမှာ ရှိနေရင် အရမ်းကောင်းမှာပဲ"
ကျိရှောင်ယင်က စူးချင်းကို အလွန်လွမ်းနေမိသည်။
အစ်မနဲ့ အစ်ကိုကြီးသာ ဒီမှာ ရှိနေခဲ့ရင် အဲဒီလူဆိုးတွေက ရွာသူရွာသားတွေကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး။
"ဟုတ်တယ် ငါလည်း အစ်မစူးချင်းကို အရမ်းလွမ်းတယ်"
လီရွှမ်းအာနှင့် ကျန်းယွိရန်က ကျိရှောင်ယင်၏ခံစားချက်နှင့် ထပ်တူကျနေသော သူမတို့၏အတွေးအမြင်များကို မျှဝေခဲ့သည်။
စူးချင်းရဲ့အကာအကွယ်အောက်မှာ ရှိနေရတာက သူမတို့အတွက် သက်တောင့်သက်သာ အရှိဆုံးပါပဲ။
“သူတို့ရဲ့ဒဏ်ရာတွေကို ဆေးသွားထည့်ပေးကြမယ်”
သူမတို့ ထွက်ပြေးလာသည့် လမ်းတစ်လျှောက်တွင် သိသိသာသာ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များစွာကြောင့် ကျိရှောင်ယင်က ပို၍ သန်မာကာ ရဲရင့်လာခဲ့သည်။ သူမက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး ကျုံးယုံကို သူမ၏မွေးစားအမေအား လှည်းပေါ် တင်ပေးရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူမက ကျန်းလောင်ချီနှင့် အခြားသူများ၏ ဒဏ်ရာများကို ဆေးထည့်ပြီး ပတ်တီးပေးရန်အတွက် မိန်းကလေးအနည်းငယ်ကို ခေါ်ဆောင်သွားခဲ့သည်။
မြို့ထဲတွင် ရှိနေသည့် ချိုးယုံခန်းက သူ့၏ညီမအတွက် သင့်တော်သောခင်ပွန်းတစ်ယောက်ကို ရှာဖွေနေခဲ့ပြီး သူက သူ့ညီမကို လူကောင်းတစ်ဦးနှင့် အိမ်ထောင်ချပေးနိုင်ရန် အောင်သွယ်လုပ်ပေးမည့်သူအား အောင်သွယ်ကြေးအဖြစ် ငွေတစ်လျန် ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
ငွေကို မြင်သောအခါ အောင်သွယ်တော်၏မျက်လုံးများက တောက်ပလာပြီး ချိုးယုံခန်းအတွက် အဖြေကောင်းကို ချက်ချင်း ယူလာပေးခဲ့သည်။
အမှန်တကယ်တွင် သူမ၏လက်ထဲ၌ လက်တွဲဖော်ကောင်းအဖြစ် သတ်မှတ်နိုင်သည့်လူတစ်ယောက် ရှိနေပြီးသားဖြစ်သည်။ ထိုလူငယ်ကို လီယွဲ့ဟုခေါ်ပြီး သူတို့က သားစဉ်မြေးဆက်ပညာရှင်များ ဖြစ်ကြသည်။ သူ့ထံတွင် အမေအိုတစ်ယောက်သာရှိပြီး သူ့အဖေက အစိုးရရုံးတော်တွင် စာရင်းကိုင်လုပ်ခဲ့သောကြောင့် သူ့ဖခင်ကွယ်လွန်ပြီးနောက် ပညာသင်သားဖြစ်သော လီယွဲ့က သူ့ဖခင်၏နေရာကို ယူကာ အစိုးရရုံးတော်တွင် စာရင်းကိုင်အဖြစ် ဆက်လက်အမှုထမ်းခဲ့သည်။
လီယွဲ့က လာမည့်ဆောင်းရာသီတွင် တော်ဝင်စာမေးပွဲ ဝင်ဖြေရန် စာဖတ်နေသူ ဖြစ်ပြီး အပိုဝင်ငွေရှာရန် စာရင်းကိုင်တစ်ဦးအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ သူက ငယ်ရွယ်ပြီး အလားအလာရှိသော ပညာသင်သားတစ်ဦးသာ ဖြစ်သည်။
သို့သော် ချွင်းချက်တစ်ခုရှိနေပြီး ထိုလူငယ်က မာနကြီးလွန်းကာ ဇနီးသည်ရှာချိန်တွင် မိန်းခလေး၏အရည်အချင်းကို မကြည့်ဘဲ သူနှင့်လိုက်ဖက်မှု ရှိ မရှိကိုသာ ရွေးချယ်ခြင်း ကြည့်သည်။ တစ်နည်းဆိုရသော် သူက လှပသူနှင့်သာ လက်ထပ်လိုခြင်းဖြစ်သည်။
သူ့၏မိသားစုကလည်း အတန်အသင့် ပြည့်စုံသည်ဟု ပြောနိုင်ပြီး သူတို့ပိုင်ဆိုင်သော မြေဆယ်မူကျော်ကို အငှားချထားသေးသည်။ သူ့မိခင်က ကြင်နာတတ်ပြီး သားဖြစ်သူ၏စကားကိုသာ နားထောင်လေ့ရှိသည်။ ထို့ကြောင့် ထိုအိမ်ထောင်ရေးက သူမ၏သားဖြစ်သူ သဘောကျနေသရွေ့တော့ သူမအတွက် အဆင်ပြေသည်ဟု သတ်မှတ်နိုင်သည်။
ချိုးယုံခန်းက အောင်သွယ်လုပ်သူ မိတ်ဆက်ပေးသည့်စကားများကို နားထောင်ပြီးသည်အထိ စိတ်ပူနေဆဲဖြစ်သောကြောင့် လီယွဲ့ကို သွားတွေ့ရန် သူ့ကို တရားရုံးတော်သို့ ခေါ်သွားပေးရန် တောင်းဆိုလိုက်သည်။ အောင်သွယ်လုပ်သူကလည်း ချိုးယုံခန်း၏အောင်သွယ်ကြေးကြောင့် လီယွဲ့ကို ရုံးတော်မှ ခေါ်ထုတ်ပေးခဲ့သည်။ ချိုးယုံခန်းက လီယွဲ့၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် ချောမောသော ရုပ်ရည်ကို မြင်တွေ့ခဲ့ပြီး သူ့ကို သဘောကျသွားခဲ့သည်။
သို့သော်လည်း သူ ကြိုက် မကြိုက်က အရေးမကြီးဘဲ ချိုးယွဲ့ကို သဘောကျ မကျ ကြည့်ချင်နေသည့် လီယွဲ့၏သဘောထားလည်း ရှိနေသေးသည်။
အောင်သွယ်က လီယွဲ့ ကြည့်နိုင်ရန် ချိုးယွဲ့၏ပုံတူ ယူလာပေးဖို့ ချိုးယုံခန်းကို တောင်းဆိုလိုက်သည်။ အဆင်ပြေလျှင် သူတို့ ပြန်ဆုံကြပြီး ဇာတာများ ဖလှယ်နိုင်မည် ဖြစ်သည်။
လီယွဲ့နှင့် ချိုးယုံခန်းတို့က စကားစမြည် ပြောဆိုလိုက်ကြပြီး လီယွဲ့က ချိုးယုံခန်း၏စကားပြောကျွမ်းကျင်မှုနှင့် စာနာနားလည်တက်မှုကို အထင်ကြီး လေးစားသွားပြီး သူတို့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံရတာ အရမ်းနောက်ကျနေသည်ဟု ခံစားနေရသည်။
ထို့ကြောင့် သူက သူတစ်ခါမှ မတွေ့ဖူးသေးသော ချိုးယွဲ့ကိုပင် စတင်နှစ်သက်လာပြီ ဖြစ်သည်။
ချိုးယုံခန်းက စာပေနှင့် ကိုယ်ခံပညာ နှစ်ရပ်စလုံးတွင် ထူးချွန်သူ ဖြစ်ပြီး သူကလည်း လီယွဲ့၏တိုးတက်လာမည့်အနာဂတ်ကို တွေးမြင်နိုင်သည်။ ထို့ကြောင့် သူက လီယွဲ့ကို အထူးတလည် သဘောကျနေကာ လီယွဲ့ထံမှ ပုံဆွဲစာက္ကူ တောင်းလိုက်ပြီး လီယွဲ့ရှေ့မှာပင် သူ့ညီမ၏မျက်နှာကို ဆွဲပြလိုက်သည်။
သူက ချိုးယွဲ့၏ပုံတူကို ကောင်းကောင်းမွန်မွန် ဆွဲနိုင်ပြီး သူမက လူတိုင်းရှေ့တွင် လာရပ်နေသလို ထင်ယောင်စေခဲ့သည်။ သူမ၏ မျက်ခုံးများ၊ မျက်လုံးများနှင့် လှပသော မျက်နှာတို့အပြင် သူမ၏ နူးညံ့သိမ်မွေ့ပုံရသော အသွင်အပြင်က လီယွဲ့၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမက သူမကို မြင်မြင်ချင်း ချစ်မိသွားပြီး သူ့အမေထံမှ ထိမ်းမြားစေ့စပ်စာနှင့် ဇာတာတောင်းရန် အိမ်ပြန်သွားခဲ့သည်။ နောက်ဆုံးတွင် ထိုအိမ်ထောင်ရေးက ပြေလည်သွားခဲ့သည်။
သူ့ညီမလေးအတွက် သင့်တော်သည့်ခင်ပွန်းတစ်ယောက် ရှာနိုင်ခဲ့သောကြောင့် ချိုးယုံခန်းကလည်း ကျေနပ်နေခဲ့သည်။ လီယွဲ့က ရုပ်ရည်ချောမောပြီး ရည်မှန်းချက်ကြီးသူဖြစ်သောကြောင့် ချိုးယွဲ့က ထိုလူကောင်းလေးကို သူမတစ်သက်တာလုံးအတွက် အားကိုးနိုင်တော့မည် ဖြစ်သည်။
နောက်ဆုံးတွင် သူက ချိုးယွဲ့ကို ပြန်သွားခေါ်ကာ လီယွဲ့နှင့် တွေ့ဆုံပေးရန် သဘောတူလိုက်သည်။ ဤကဲ့သို့ ကပ်ဘေးဆိုက်နေသည့်အချိန်များတွင် ယခင်ကကဲ့သို့ ခက်ခဲစေမည့်အရာများကို မဆောင်ရွက်နိုင်ကြတောပေ။ အောင်သွယ်ပေးသူက ဦးဆောင်ညှိုနှိုင်းပြီး စာသုံးမျိုးနှင့် အိမ်ထောင်ရေး လက်ဆောင်ခြောက်ခုကို ကင်းလွတ်ခွင့်ပေးခဲ့သည်။ အိမ်ထောင်ရေးလက်ဆောင်များက မလိုအပ်သော်လည်း ချိုးယွဲ့ထံတွင် ပါလာမည့် ခန်းဝင်ပစ္စည်းကတော့ နည်းပါးမည် မဟုတ်ပေ။ ထို့ကြောင့် လီမိသားစုက ချိုးယွဲ့အပေါ် အမြင်ကောင်းရှိလာမည် ဖြစ်ပြီး သူမ၏ဘဝက ပိုကောင်းလာမည် ဖြစ်သည်။
စေ့စပ်ကြောင်းလမ်းစာရပြီးနောက်တွင် လက်ထပ်ရန် နေ့ကောင်းတစ်ရက်ကို ရွေးချယ်လိုက်ကြသည်။
ချိုးယွဲ့၏ကိစ္စအဝဝကို ဖြေရှင်းပြီးနောက် ချိုးယုံခန်းက စပါးအချို့ဝယ်ချင်နေကြောင်း သိသွားသော လီယွဲ့က ချိုးယုံခန်းကို သူ့နှင့်ရင်းနှီးသော စပါးသို့ စိတ်အားထက်သန်စွာ ခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် ချိုးယုံခန်းအတွက် တန်းစီရန် မလိုအပ်တော့သလို စျေးကြီးကြီးလည်း ပေးစရာမလိုတော့ဘဲ စပါးလှည်းတစ်စီးစာ ဝယ်နိုင်ခဲ့သည်။
စပါး ဝယ်ယူပြီးနောက်တွင် လီယွဲ့က ချိုးယုံခန်းကို မြို့တံခါးအပြင်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးပြီး သူ့၏စေ့စပ်ထားသူနှင့် အမြန်ဆုံးတွေ့နိုင်ရန် မျှော်လင့်နေမိသည်။
ချိုးယုံခန်းက အဖွဲ့ထံသို့ စပါးလှည်းနှင့်အတူ ပြန်ရောက်လာခဲ့ပြီး သူ သွားနေစဉ်အတွင်း တစ်စုံတစ်ခု ဖြစ်ခဲ့သည်ကို သိလိုက်ရသည်။
လူဆိုးများက သူတို့အဖွဲ့ဆီမှ လုယက်ရန် ကြိုးပမ်းခဲ့ပြီး သူတို့ထဲမှ အများအပြားက ဒဏ်ရာရခဲ့ကြသည်။ ဝမ်မိသားစုမှ အကြီးဆုံးသား၊ ကျန်းလောင်ချီနှင့် သခင်မလီတို့က ဒဏ်ရာအပြင်းအထန်ရကာ သတိမေ့မြောနေကြသည်။
သူ့ကို ပိုအံ့သြစေသည်က ချိုးယွဲ့ ထွက်ပြေးသွားခြင်း ဖြစ်ပြီး သူမနှင့်အတူ ထောင်ဟွားဝူ၏ ငွေတုံးများလည်း ပျောက်ကွယ်သွားခဲ့သည်။ ငွေလျန်သုံးဆယ်ကျော် ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် ရွာလူကြီးချိုးက ငွေစက္ကူလက်မှတ်များအားလုံးကို ကိုယ်နှင့်မကွာ သိမ်းဆည်းထားခဲ့သည်။ ထိုသို့မဟုတ်လျှင် ထောင်ဟွားဝူအဖွဲ့၌ ဘာမှ ကျန်တော့မည် မဟုတ်ပေ။
ချိုးယွဲ့ ထွက်ပြေးသွားသောကြောင့် ချိုးယုံခန်းက လီယွဲ့ကို မရှင်းပြနိုင်တော့သလို ချိုးယွဲ့က ထောင်ဟွားဝူမှ ပိုက်ဆံများကို ခိုးယူသွားခဲ့သည့်အတွက် ချိုးမိသားစုက တစ်ရွာလုံးရှေ့တွင် ခေါင်းမထောင်နိုင်တော့ပေ။
သူမ၏သမီးကို အမြဲအလိုလိုက်ခဲ့သော အဒေါ်ချိုးပင်လျှင် ချိုးယွဲ့ကို သေသည်အထိ မုန်းတီးနေခဲ့ကြသည်။ ရွာလူကြီးချိုးကိုယ်တိုင်လည်း ထောင်ဟွားဝူမှရွာသားများနှင့် မျက်နှာချင်းဆိုင်နိုင်ခြင်း မရှိတော့သောကြောင့် သူ့၏မြေးဖြစ်သူက ချိုးယွဲ့ကို ကြိုးဆွဲချချိန်တွင် တားမြစ်ခဲ့သည့်အတွက် နောင်တရနေမိသည်။
နေရာတိုင်းတွင် ဒုက္ခသည်များ ပြည့်နှင်နေပြီး ချိုးယွဲ့ကို ရှာမတွေ့တော့သောကြောင့် သူမကို သေသူအဖြစ်သာ သတ်မှတ်လိုက်ကြသည်။
ချိုးယုံခန်းက သူ့အဖိုးနှင့် ဆွေးနွေးလိုက်ပြီး ချိုးယွဲ့ကို ဆက်မရှာတော့ရန် ဆုံးဖြတ်လိုက်သည်။
ဒဏ်ရာရသူများကို တတ်နိုင်သမျှ အမြန်ဆုံး ကုသပေးရမည် ဖြစ်ပြီး လီယွဲ့ကိုလည်း အကြောင်းကြားရဦးမည် ဖြစ်သည်။ ထို့ကြောင့် ချိုးယုံခန်းက ကျန်းလောင်ချီ၊ ဝမ်မိသားစုမှ အကြီးဆုံးသားနှင့် အမျိုးသမီးလီတို့ အတွက် ဆေးဆရာရှာရန် သူတို့ကို လှည်းပေါ်တင်ကာ လီတာ့နျိုနှင့်အတူ မြို့ထဲသို့ ပြန်ဦးတည်ရန် ပြင်ဆင်လိုက်သည်။
"ငါလည်း လိုက်ချင်တယ်"
ကျုံးယုံက သူ့မိခင်ကို ထည့်ပေးလိုက်ရန် ငြင်းဆန်နေပြီး သူမနောက်သို့ လိုက်ရန် အတင်းအကျပ် တောင်းဆိုနေခဲ့သည်။
"ကျုံးယုံ၊ မင်းက ငါတို့ ထောင်ဟွားဝူရဲ့ လူတွေနဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ မင်း ဒီမှာ နေခဲ့ပြီး သူတို့ကို ကာကွယ်ပေးပါ။ ငါ အဒေါ်လီကို ကုသပေးဖို့ မြို့ထဲကို ခေါ်သွားပေးပါ့မယ်။ မင်း စိတ်မပူပါနဲ့။ အဒေါ်က ပြန်သက်သာလာမှာပါ"
ချိုးယုံခန်းက ကျုံးယုံကို နှစ်သိမ့်ပေးလိုက်ပြီး ကျုံးယုံမှ လွဲ၍ အခြားမည်သူမျှ ထောင်ဟွားဝူမှ လူများကို အကာအကွယ် မပေးနိုင်သောကြောင့် သူ သက်တောင့်သက်သာ မထားခဲ့နိုင်ကြောင်း ပြေပြလိုက်သည်။
"မရဘူး၊ ငါက ငါ့အမေကို ကာကွယ်ပေးရမယ်"
ကျုံးယုံ၏ခေါင်းကို ပလုပ်တုတ်ကဲ့သို့ ယမ်းခါနေပြီး ဘာမှ နားမထောင်တော့ပေ။ သူ့မျက်လုံးများက နီရဲနေပြီး သူ့အမေကို ကာကွယ်ပေးမည်ဟုသာ အော်ဟစ်နေခဲ့သည်။
"ရွှေရှန့်နဲ့ စူးချင်း ဒီမှာ ရှိနေရင် အရမ်းကောင်းမှာပဲ"
ရွာလူကြီးချိုးက သက်ပြင်းချလိုက်သည်။ ထိုအခိုက်အတန့်တွင် ကျိရှောင်ယင်က ချိုးယုံခန်းဆီသို့ လျှောက်လာပြီး သူ့ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အစ်ကိုကြီးချိုး၊ စုကျိုးရဲ့မြို့တံခါးမှာတုန်းက အစ်မချိုးယွဲ့က အစ်မစူးချင်းရဲ့ပုံတူကို တွေ့သွားခဲ့တယ်”
ကျိရှောင်ယင်က စူးချင်း၏ပုံတူကို မြင်ပြီးနောက် ချိုးယွဲ့၏တုံ့ပြန်မှုများကို ချိုးယုံခန်းအား ပြောပြလိုက်သည်။
"အစ်မစူးချင်းကို ထိခိုက်စေမှာ စိုးရိမ်မိတယ်..."