← Chapters

သူက ချန်းဖန်လား

Vol. 5 Ch. 458

သူက ချန်းဖန်လား

Vol. 5 Ch. 458

"ရပ်လိုက်…"

ကျယ်လောင်သော အသံက လူအုပ်ကြီးအား ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့၏။

အော်ဟစ်လိုက်သော သူမှာ လူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေသော ခက်ထန်သည့် အမူအရာနှင့် လူကြီး တစ်ဦး ဖြစ်သည်။ သူက ချန်းဖန်အား ဒေါသတကြီး ကြည့်နေခဲ့သည်။

"ဥက္ကဌ…"

ထိုလူကြီးကား အန်လုပ်ငန်းစု ဒါရိုက်တာများ အဖွဲ့၏ ဥက္ကဌ အန်ထျန်းရှု့ပင် ဖြစ်သည်။ သူ၏ ဘေး၌ ရပ်နေသူများမှာ သခင်ကြီး အန်ကျိုက်ချင်၊ အန်ယုချင်၊ ဟိုဖန်းယုနှင့် အန်မိသားစု၏ အခြား ခေါင်းဆောင်များ ဖြစ်သည်။ သူတို့ အားလုံး၏ မျက်နှာများထက်၌ စိတ်ရှုပ်ထွေး နေပုံက အထင်းသားပင်။

"ခွေးကောင်… ငါတို့ မိသားစု သခင်ကြီးနဲ့ ဥက္ကဌတို့ ရောက်လာပြီကွ… မင်း  ခု ဘာလုပ်နိုင်သေးလဲ …"

အန်ထျန်းဖန်က နှာခေါင်းရှုံ့ရင်း ချန်းဖန်အား အေးစက်စွာ ပြောလိုက်၏။ အန်ရိုရှီကမူ ကြောက်ရွံ့မှုကြောင့် အန်ရာ၏ နောက်သို့ သွားရောက်ပုန်းရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း အန်ယုချင်က သူမကို ဖြတ်၍ တားဆီးကာ ဆွဲခေါ် ထားလိုက်သည်။

"မင်း ဒါတွေကို လုပ်ခဲ့တာလား"

အန်ထျန်းရှု့က ထိုနေရာအား တစ်ချက်မျှ ဝေ့ကြည့်ရင်း ချန်းဖန်ကို မေးလိုက်၏။ သူ၏ မျက်နှာမှာလည်း ပို၍ တင်းမာလာ နေပြီ ဖြစ်သည်။ အခြားသော လူများမှာမူ ချန်းဖန်အား စိတ်ရှုပ်ထွေး နေသော ပုံစံများဖြင့် ကြည့်နေကြသည်။

သာမန် ငယ်ရွယ်သော လူငယ်လေး တစ်ယောက်က တစ်ဒါဇင်ခန့် ရှိသော သက်တော်စောင့်များအား အနိုင်ယူ နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားကြချေ။

သို့သော်လည်း ထိုလူငယ်လေးကား မှားယွင်းသော ပြိုင်ဘက်ကို ရွေးချယ်ခဲ့သည်။ အန်မိသားစုမှာ စော်ကားသူများကို အလွယ်တကူ ခွင့်လွှတ်ပေးမည့် အထဲတွင်  မပါဝင်ချေ။

အချို့လူများ ဆိုလျှင် ခေါင်းများကို ခါယမ်းရင်း ချန်းဖန် အတွက် ဆုတောင်း ပေးနေကြပြီ ဖြစ်သည်။

"သူတို့က မင်းကို ကယ်နိုင်မယ် ထင်နေတာလား…"

ချန်းဖန်ကမူ ရောက်လာသော လူများကို စိတ်ဝင်စားပုံ မပေါ်ချေ။ သူ၏ အကြည့်များက အန်ထျန်းဖန် အပေါ်၌ပင် စူးစိုက်နေဆဲ ဖြစ်၏။

"မင်း ဘာလုပ် မလို့လဲ…"

ချန်းဖန်၏ မျက်လုံးမှ အေးစက်မှုများအား သတိထားမိသည်နှင့် အန်ထျန်းဖန်မှာ အလွန်ပင် ကြောက်လန့်လာခဲ့၏။ သူ၏ ကျောပြင် တစ်ခုလုံး ဆိုလျှင် ချွေးစေးများဖြင့် စိုရွှဲ နေခဲ့ပြီ ဖြစ်သည်။

"ဒူးထောက်စမ်း…"

ချန်းဖန်က အော်ငေါက်ရင်း အန်ထျန်းဖန်၏ ခြေထောက်များအား သိမ်းကန်လိုက်၏။

"ဖျောင်း…"

ကျယ်လောင်သော အရိုးကျိုးသံနှင့် အတူ အန်ထျန်းဖန်၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ထက်သို့ ဒူးထောက်လျက်သား ကျသွားတော့သည်။ သူ၏ မျက်နှာ တစ်ခုလုံးလည်း နာကျင်မှုကြောင့် ရှုံ့မဲ့လာခဲ့သည်။

"ဒီကောင်လေးက သေချင်နေတာလား…"

လူများစွာက ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်မိကြသည်။

အန်ထျန်းရှု့မှာမူ ဒေါသကြောင့် မျက်နှာ တစ်ခုလုံး မည်းမှောင်နေခဲ့ပြီ ဖြစ်၏။ သူကား ဆာလောင်နေသော ကျားရဲ တစ်ကောင်နှယ် သားကောင်ကို ခုန်အုပ်ရန် အဆင်သင့် ဖြစ်နေခဲ့၏။

ချန်းဖန်၏ အပြုအမူက အန်ယုချင်နှင့် အန်ရို့ရှီ တို့ကိုပါ အလွန်အမင်း အံ့အားသင့် သွားစေ၏။ ထိုကောင်လေးကား နေ့ခင်း ကြောင်တောင်ပင် အန်မိသားစုမှ တစ်စုံ တစ်ယောက်အား ဒူးထောက်စေခဲ့သည်။ ထိုအရာမှာ မည်သူမှ မျှော်လင့် မထားသော အရာပင်။

အန်ရာမှာမူ အခြေအနေများ နောက်ပြန်လှည့်၍ မရနိုင်တော့ကြောင်း သဘော ပေါက်မိသည်နှင့် မျက်လုံးကိုသာ စုံမှိတ် ထားတော့သည်။ ဆိုးဝါးသော မြင်ကွင်းများကို သူမ မကြည့်လိုပေ။

"ရှောင်ဖန်က ငါ့ရဲ့မောင်… ငါ့ရဲ့ မိသားစုဝင် အစစ်ပဲ… သူ ဘာပဲလုပ်လုပ် ငါသူ့ဘက်ကနေ ရှိမယ်… ဘယ်တော့မှ နောင်တ မရဘူး…"

ထိုအတွေးဖြင့် အန်ရာက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် သူမ၏ စိတ်မှာ ပိုမို ရှင်းလင်း လာတော့သည်။

"မင်းက အတွင်းအား ပညာရှင်ပေါ့… ဟမ့် အဲဒီ လှည့်ကွက်လေးနဲ့ မင်း ထင်ရာဆိုင်းနိုင်မယ် ထင်နေတာလား…"

အန်ထျန်းရှု့က နှာခေါင်းရှုံ့ရင်း အော်ဟစ်လိုက်၏။

"အစ်ကိုရှင်း…"

"သူဌေးအန်… ကျွန်တော် ရှိပါတယ်…"

အန်ထျန်းရှု့၏ နောက်မှ ပျင်းရိသော မျက်နှာနှင့် အသက်လတ် လူကြီး တစ်ယောက် ရှေ့သို့ ထွက်လာခဲ့၏။

သူ၏ မျက်နှာ ပုံသဏ္ဌာန်က သာမန်ဆန်သော်လည်း ရှည်လျားသော လက်နှစ်ဖက်ကမူ ဒူးဆစ် အထိပင် ရောက်နေခဲ့သည်။ သူ၏ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများကမူ ထက်မြက်သော အလင်းရောင် တစ်ခုအား ဆောင်ကျဉ်းထား၏။

"သူက မဟာသူတော်စင် ဖိကွာဂိုဏ်းက ရှင်းလျှိုချုံးပဲ…  နောက်ပြီး သူက အတွင်းအား ကျင့်ကြံခြင်းရဲ့ ထိပ်ဆုံးကို ရောက်နေပြီ… အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်…"

ဟိုဖန်းယုက ထိုပုဂ္ဂိုလ်ကြီးအား ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။ များစွာသော လူများမှာမူ ရှင်းလျှိုချုံးအား ကြည့်ရင်း ဆွံ့အမိ သွားကြတော့၏။

အထွတ်အထိပ် အဆင့်များကား အစစ်အမှန် နဂါးများ ဖြစ်ကြသည်။ ရှင်းလျှိုချုံး အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ခြင်းမှာ အစစ်အမှန် ဖြစ်လျှင်  လူငယ်လေး၏ ကံကြမ္မာကား မတွေးရဲ စရာပင်။

"သူက အန်မိသားစုရဲ့ ကာကွယ်သူ ဖြစ်မယ် ထင်တယ်…"

တစ်ယောက်က ခန့်မှန်းလိုက်၏။

"ဒါပေါ့… ဦးလေးရှင်းက အဖေ့ဆီမှာ အလုပ်လုပ်နေတာ ကြာလှပြီ… သူက တုန်းဟယ် ပြည်နယ်မှာ ထိပ်ဆုံး အဆင့်ရှိတဲ့ သိုင်းပညာရှင် တစ်ယောက်ပဲ… သူ့ရဲ့ နာမည်ပြောင်ကိုက ပြိုင်ဘက်ကင်းရှင်းတဲ့…"

အန်ယုချင်က ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။ သူမ၏ အေးစက်သော အကြည့်များကမူ ချန်းဖန်ထံသို့သာ စူးစိုက်နေသည်။ ထိုခွေးကောင် မည်သို့ အရိုက်ခံရမည် ကြည့်ရှု့ရန် သူမ အလွတ်မခံနိုင်ပေ။

"ဦးလေးရှင်း… ဒါက…"

အန်ရိုရှီက ပါးစပ်အား ပိတ်ရင်း ကြောက်ရွံ့စွာ ရေရွတ်လိုက်၏။

သူမ ဖခင်၏ သက်တော်စောင့် အကြောင်းအား အန်ရိုရှီ ကောင်းစွာ သိထားသည်။ ဦးလေးရှင်းမှာ ကျားတစ်ကောင် အလား သွေးအေး ရက်စက်သည်။ အစ်မအန်၏ မောင်ဆိုသော ကောင်လေးမှာ ဦးလေးရှင်းကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

"ဒီလူငယ်လေးတော့ ဒုက္ခ လှလှ ရောက်ပြီ…"

များစွာသော လူများက သက်ပြင်းချရင်း ခေါင်းများကိုသာ ခါယမ်းမိကြသည်။

"ကောင်စုတ်လေး… မင်း တကယ်ပဲ ဒီကို မလာခဲ့သင့်ဘူး… မင်းက အရမ်းငယ်သေးတယ် ဆိုတော့ ငါမင်းကို မသတ်ပါဘူးကွာ… မင်းရဲ့ ခြေထောက်လေးတွေကိုပဲ သင်ခန်းစာ ပေးတဲ့ အနေနဲ့ ရိုက်ချိုး ပေးလိုက်မယ်…"

ရှင်းလျှိုချုံးက ချန်းဖန် အနားသို့ တိုးကပ်လာရင်း ကြုံးဝါး လိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ဓားတစ်ချောင်း အလား ဖြောင့်မတ်သွားကာ ရှည်လျားသော လက်နှစ်ဘက်မှာလည်း ရှေ့သို့ ဆန့်တန်းသွား၏။ ထိုခဏတွင်ပင် သူ၏ လက်ချောင်းများ၌ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာကာ ချန်းဖန်အား ဝါးမြိုရန် ပြင်သည်။ ချန်းဖန်ကမူ အေးဆေးစွာပင် ရှင်းလျှိုချုံးအား လှမ်းကြည့်လိုက်၏။

အန်မိသားစု အတွက် ရှင်းလျှိုချုံး ကဲ့သို့သော သိုင်းပညာရှင်မှာ အထင်ကြီးစရာ ဖြစ်သော်လည်း သူ့ အတွက်မူ ပုရွက်ဆိတ်လေးသာ ဖြစ်သည်။ သူ့အတွက် အတွင်းအား ထိပ်ဆုံးအဆင့် သိုင်းပညာရှင်ကို သတ်ဖြတ်ရန် လက်တစ်ဖက်ပင် လှုပ်ရှားရန် မလိုချေ။

"ခဏ နေပါဦး…"

ရုတ်တရက် အဘိုးအိုအန် အန်ကျိုက်ချင်က လှမ်းအော်လိုက်၏။

ရှင်းလျှိုချုံးက ချက်ချင်းပင် သူ၏ စွမ်းအားများကို ရုတ်သိမ်းကာ နောက်သို့ ဆုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ…"

အန်ထျန်းရှု့ အပါအဝင် လူတိုင်းက အဖိုးအိုအန်အား နားမလည်စွာ လှည့်ကြည့် လိုက်ကြသည်။

"လူငယ်လေး… မင်းက ချန်းမိသားစုက လာတာလား…"

အန်ကျိုက်ချင်က ချန်းဖန်အား ကြည့်ရင်း မေးလိုက်သည်။ သူ၏ မျက်လုံးတွင်မူ မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုတို့က ရောနှော ဖြစ်ပေါ် နေခဲ့၏။

"ချန်းမိသားစု… ချန်းမိသားစု ဆိုတာ ဘာကြီးတုန်း…"

"ကျန်းနန်နယ်က ချန်းမိသားစုကို ပြောတာများလား… အန်ရာက အန်မိသားစုကို ပြန်ရောက် မလာခင် ကျန်းနန်နယ်က ချန်းမိသားစုမှာ နေခဲ့တယ်တဲ့…"

"အဘိုးကြီးက ကျင်းမြို့တော်ရဲ့ ချန်းမိသားစုကို ပြောတာ ထင်တယ်… ချန်းမိသားစု ဆိုတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဘယ်သူမှ မထိရဲခဲ့တဲ့ မိသားစုကြီးပဲ… ဒါပေမဲ့ သူတို့ မိသားစုရဲ့ အထူးချွန်ဆုံး တစ်ယောက်က သေပြီး ကတည်းက ပြန်ပြီး ဆုတ်ယုတ်သွားခဲ့တာ မဟုတ်လား…"

လူအများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။

"ဘိုးဘိုး… သူက အစ်မအန်ရဲ့ မောင်လေးပါ… သူ့ကို ရိုက်ဖို့ ဦးလေးရှင်းကို မခိုင်းပါနဲ့…"

အန်ရိုရှီက ငိုသံပါဖြင့် အဘိုးအိုအန်ကို တောင်းပန်လိုက်သည်။

"အရူးမလေး… နင့် ပါးစပ်ကို ပိတ်ထားစမ်း…"

အန်ယုချင်က အန်ရိုရှီအား ဒေါသတကြီး ဆူရင်း သူမ၏ နားကို လှမ်းဆွဲလိုက်၏။ သို့သော်လည်း အန်ရိုရှီက လျှင်မြန်စွာပင် ဟိုဖန်းယု၏ နောက်သို့ ဝင်ရောက် ပုန်းကွယ် လိုက်သည်။

"ကျင်းမြို့တော် ချန်းမိသားစု…"

အန်ထျန်းရှု့က မျက်မှောင်ကြုတ်ရင်း ချန်းမိသားစု အကြောင်း ပြန်လည် စဉ်းစားလိုက်သည်။ သူ သိရသလောက် ဆိုလျှင် ချန်းမိသားစုမှာ ကာလတို တစ်ခု အတွင်း လျှင်မြန်စွာ တိုးတက်လာခဲ့ပြီး လျှင်မြန်စွာပင် ကျဆင်းသွားခဲ့သော မိသားစု ဖြစ်သည်။ အကယ်၍ ချန်းမိသားစုသာ အင်အားကြီးနေဆဲ ဆိုလျှင် အစ်ကိုရှင်းအား တိုက်ခိုက်ရန် သူ အမိန့်ပေးခဲ့မည် မဟုတ်ချေ။

"အန်ရာမှာ မောင်တစ်ယောက်ပဲ ရှိတယ်လို့ ကျုပ်သိထားတယ်…  သူ့နာမည်က ချန်းဖန်တဲ့… ဒါပေမဲ့ သူက လွန်ခဲ့တဲ့ တစ်နှစ်လောက်က သေသွားပြီ…"

အန်ကျိုက်ချင်က ချန်းဖန်အား အကဲခတ်ရင်း ပြောလိုက်၏။

"ချန်းဖန် ဆိုတာ ငါပဲ…"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အေးဆေးစွာ အဖြေ ပေးလိုက်သည်။ ချန်းဖန်၏ အဖြေကြောင့် များစွာသော လူများက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးငေါ့ လိုက်ကြသည်။ ထိုနာမည်မှာ သူတို့၏ မှတ်ဉာဏ်ထဲတွင် မရှိချေ။ သို့သော်လည်း ချန်းဖန် ဟူသော အမည်ကြောင့် အသားများ တဆတ်ဆတ် တုန်သည် အထိ ကြောက်လန့် သွားခဲ့သော လူတစ်ယောက် ရှိနေခဲ့၏။

"ကျင်းမြို့ ချန်းမိသားစုက … ခင်ဗျား … ခင်ဗျားက ချန်းပေ့ရွှမ်းလား…"

ရှင်းလျှိုချုံးက ချန်းဖန်အား မယုံကြည်နိုင်စွာ ငေးကြည့်ရင်း မေးလိုက်၏။ ရှင်းလျှိုချုံးမှာ တရုတ် သိုင်းပညာရှင် များစွာနှင့် ရင်းနှီးရာ ချန်းဖန် အကြောင်း အကြိမ်များစွာ ကြားဖူးခဲ့သည်။ အထူးသဖြင့် ဂျပန် ဓားသူတော်စင် တာကီမီယာ ဟီရိုနှင့် တိုက်ပွဲတွင် ချန်းဖန်၏ နာမည်မှာ တရုတ် သိုင်းပညာရှင်များ ကြား၌ ဟိုးဟိုးကျော်ခဲ့၏။ အလွန်ကျော်ကြားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး၏ ရှေ့၌ ရှင်းလျှိုချုံး၏ အဆုပ်များမှာ အောက်စီဂျင် ပြတ်လတ် သလိုပင် ခံစား လာရတော့သည်။

"ဘုန်း…"

အားလုံး၏ အကြည့်များ အောက်တွင်ပင် ရှင်းလျှိုချုံးက ဒူးထောက်ချရင်း ချန်းဖန်အား ဦးခိုက်လိုက်၏။

"မ… မဟာ သူတော်စင် ဖိကွာဂိုဏ်းက ရှင်း… ရှင်းလျှိုချုံးက ဆရာ ချန်းပေ့ရွှမ်းကို နှုတ်ဆက်ပါတယ် ခင်ဗျာ…"

ထိုလူငယ်လေးကား အစစ်အမှန် ချန်းပေ့ရွှမ်းပင်။ ရှင်းလျှိုချုံးမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးအား ယခုကဲ့သို့ တွေ့မြင် ရလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ချေ။

သူကား အစောပိုင်း၌ သူလုပ်ခဲ့သော အပြုအမူများ အတွက် နောင်တ ရနေခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြစ်တည်မှုက ချန်းပေ့ရွှမ်းရှေ့၌ ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားနားပေ။

"အစ်ကိုရှင်း… ဒါက ဘာအဓိပ္ပာယ်လဲ…"

အန်ထျန်းရှု့က ရှင်းလျှိုချုံးအား နားမလည်နိုင်စွာ ကြည့်သည်။ အန်ယုချင်နှင့် အန်ရိုရှီ တို့မှာလည်း မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ဝိုင်းစက်နေခဲ့ပြီ ဖြစ်သည်။

ပြိုင်ဘက်ကင်း ရှင်းက လူငယ်လေးအား ဒူးထောက်ကာ ဦးခိုက်နေခြင်း။ ထိုအရာက မည်သည်ကို ဆိုလိုသနည်း။

"ဒီကောင်က ဘယ်သူလဲ… သူက ရှင်းလျှိုချုံးကို နာမည် တစ်ခုနဲ့တင် ကိုင်တွယ် နိုင်ခဲ့တယ်… ချန်းဖန် ဆိုတာက ဘာလဲ… ချန်းပေ့ရွှမ်း ဆိုတာကရော ဘယ်သူလဲ…"

ဟိုဖန်းယုက ချန်းဖန်အား ကြည့်ရင်း တွေးလိုက်မိ၏။

"အာ… ဘယ်သူလဲလို့ ဗိုလ်ချုပ်ချန်းကိုး… လူအိုကြီးရှင်းက ခင်ဗျားကို ရိုသေတာ မဆန်းပါဘူး… နားလည်မှု လွဲခဲ့တဲ့ အတွက် တောင်းပန်ပါတယ်… ကျုပ်က အန်မိသားစုက အန်ကျိုက်ချင်ပါ… ဗိုလ်ချုပ်ချန်းကို တွေ့ရတာ ကျုပ် တကယ်ပဲ ဂုဏ်ယူမိပါတယ်…"

အန်ကျိုက်ချင်က ခေါင်းငုံ့ရင်း ချန်းဖန်အား ရိုရိုသေသေ ပြောလိုက်၏။ ထိုအဘိုးကြီးကား အခြေအနေကို လျှင်မြန်စွာ အကဲခတ် နိုင်သလို ကိုယ်နှုတ် အမူအရာကိုလည်း လိုက်လျော ညီထွေအောင်လည်း ပြောင်းလဲနိုင်စွမ်း ရှိသူ ဖြစ်သည်။

အန်ကျိုက်ချင်မှာ ဂျပန်နှင့် ရုရှား၌ ဖြစ်ပျက်ခဲ့သော ချန်းဖန်၏ အောင်မြင်မှုများကို မသိသည့်တိုင် ထန်လုံ တပ်ဖွဲ့၏ ဗိုလ်ချုပ်၊ ကောင်းကင် စာအုပ် နံပါတ်တစ် စသော ဂုဏ်ပုဒ်များကိုမူ သိထားသည်။ ထို့ကြောင့်ပင် ချန်းဖန်အား လေးစားစွာ ဆက်ဆံခဲ့ခြင်း ဖြစ်၏။

"ဗိုလ်ချုပ်ချန်း… အဲဒီ လူငယ်လေးက ဗိုလ်ချုပ်လား…"

လူများစွာက အဖြစ်အပျက် အလှည့်အပြောင်းအား နားမလည်နိုင်တော့ချေ။

"အစ်မအန်ရဲ့ မောင်က ဗိုလ်ချုပ်လား…"

အန်ရိုရှီက ချန်းဖန်အား ခြေဆုံး ခေါင်းဆုံးကြည့်ရင်း ရေရွတ်လိုက်၏။

"အနည်းဆုံး ချန်းမိသားစုက တစ်ယောက်ကတော့ အမြင်မှန် ရှိသားပဲ…"

ချန်းဖန်က အေးဆေးစွာပင် အန်ကျိုက်ချင်အား ကြည့်လိုက်၏။

"မင်း ငါ ဘယ်သူလဲ ဆိုတာ သိရင် ဘာလို့ ငါ့အစ်မကို ခေါ်ထားသေးလဲ…"

"ဗိုလ်ချုပ်ချန်း ခင်ဗျာ… အန်ရာက ကျွန်တော်တို့ မိသားစုနဲ့ သွေးချင်း ဆက်စပ်နေတဲ့ သူပါ… ဒါက ပြောင်းလဲလို့ မရပါဘူး… နောက်ပြီး ကျွန်တော်တို့က သူ့ကို တွန်းအား ပေးခဲ့တာ မဟုတ်ပါဘူး… လက်ထပ်ပွဲ စီစဉ်တယ် ဆိုတာကလည်း သူ့ဘဝကို အဆင်ပြေ ပျော်ရွှင် စေချင်လို့ပါ…"

အန်ကျိုက်ချင်က ယဉ်ကျေးစွာပင် ရှင်းပြလိုက်၏။

"မင်းက သူ့ကို ပျော်စေချင်တယ် ဆိုရင် ဘာလို့ သူ့ကို အစေခံတွေ နေတဲ့ နေရာမှာ ထားလဲ… ဘာလို့ ဖူမိသားစုဆီကို သက်မဲ့ ပစ္စည်း တစ်ခုလို ရောင်းလဲ…"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း မေးခွန်း ထုတ်လိုက်၏။

"မင်းတို့ မိသားစုဝင် အကုန်လုံးကို သတ်ပြီးတဲ့ အခါကျ ငါ့ကိုရော လူကောင်းလို့ ခေါ်ဦးမလား ကြည့်ရ သေးတာပေါ့…"

***

All Chapters