ချက်ပြုတ်ခြင်းက သူမကို ပျော်ရွှင်စေတယ်
Vol. 11 Ch. 165
စူးချင်း ကမ်းပေါ်ပြန်တက်လာသည်ကို မြင်လိုက်သည်နှင့် လီတာ့နျိုက ပန်းရောင်ပုလဲကြီးတစ်လုံးကို ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြေးလာပြီး ရတနာတစ်ခုကို ဆက်သနေသကဲ့သို့ စူးချင်းကို ပေးအပ်လိုက်သည်။
“အင်း”
စူးချင်းက ငြင်းဆန်ခြင်း မရှိဘဲ မဆိုင်းမတွ လက်ခံလိုက်သည်။ စူးချင်းက ထိုပုလဲကို လက်ခံလိုက်သည်နှင့် လီတာ့နျိုက ဝမ်းသာအားရဖြစ်သွားသည့်အမူအရာကို ဖော်ပြပြီး ဂုံးကောင်းများ ဆက်ဖွင့်ရန် ပျော်ပျော်ရွှင်ရွှင် ပြန်သွားတော့သည်။
စူးချင်းက ပုလဲအင်တုံကို စစ်ဆေးရန် လျှောက်သွားလိုက်ပြီး ထိုအင်တုံထဲတွင် သေးငယ်သောပုလဲများစွာရှိနေပြီး အများစုက အဝိုင်းမဟုတ်ဘဲ ပုံစံမကျသော ပုလဲများစွာ ရှိနေခဲ့သည်။ ဝိုင်းပြီး ပြည့်ဝသော ပုလဲကတော့ အများကြီးမရှိပေ။ သူမက ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့အား ဝိုင်းပြီး ပြည့်စုံသော ပုလဲများကို ရွေးထုတ်ခိုင်းလိုက်သည်။
လက်ဝတ်ရတနာအဖြစ် မပြုလုပ်နိုင်သော ကျန်ပုလဲများကို ပုလဲမှုန့်အဖြစ် ကြိတ်ရမည် ဖြစ်သည်။ လေနှင့် နေရောင်ခြည်က မိန်းကလေးများ၏ အသားအရေကို ဆိုးရွားစွာ ပျက်စီးစေခဲ့သောကြောင့် သူမက ထိုပုလဲမှုန့်ဖြင့် လူတိုင်း မျက်နှာကပ်ရန် Mask များ ပြုလုပ်ပေးပြီး သူမတို့၏အသားအရေကို ကူညီထိန်းသိမ်းပေးတွေးထားလိုက်သည်။
ရှောင်ချီက စူးချင်း၏ဗိုက်ထဲမှ သံကောင်လေး ဖြစ်ပုံရပြီး စူးချင်း၏ညွှန်ကြားချက်မလိုဘဲ သူမအတွက် ဟင်းချက်နည်းကို ရှာဖွေပေးခဲ့သည်။
"သခင်၊ ဒီမှာ ဟင်းချက်နည်းပါ"
ရှောင်ချီ၏ချစ်စဖွယ်အသံလေး ထွက်ပေါ်လာသောကြောင့် စူးချင်းက ဂုံးသားများချက်နိုင်မည့် နည်းလမ်းများကို စစ်ဆေးရန် လှမ်းကြည့်လိုက်ရာ ရှောင်ချီက သူမသခင်ဆီမှ ချီးကျူးမှုကို တောင်းခံနေသည့်ဟန်ဖြင့် သူမ၏မျက်လုံးကြီးများက သခင်ဖြစ်သူကို စိတ်အားထက်သန်စွာ လှမ်းကြည့်နေခဲ့သည်။
"တော်တယ်"
စူးချင်းက စနစ်ထဲတွင် ချီးမွမ်းခံရန် စောင့်နေသည့် ရှောင်ချီ၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရပြီး သူမ၏နှုတ်ခမ်းပေါ်တွင် မပီမပြင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမက စကားနှစ်လုံးကို တည်တည်ငြိမ်ငြိမ် ပြောလိုက်သော်လည်း ရှောင်ချီက အလွန်လှပသော ဘဲလေးအကကို ကခုန်နေတော့သည်။ သို့သော်လည်း သူမက ပုပုလုံးလုံးလေး ဖြစ်နေသောကြောင့် မပျံသန်းနိုင်သော ငန်းတစ်ကောင်ကဲ့သို့ ရယ်ချင်စဖွယ်သာ ဖြစ်နေခဲ့သည်။
"တောဝက် ရှိတယ်"
စူးချင်း ချက်ပြုတ်တော့မည်ကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က အပြုံးဖြင့် လှမ်းပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး၏အသွင်အပြင်များက အရင်ကနှင့် မတူတော့ကြောင်း ပြောနိုင်သော်လည်း သူတို့၏မျက်လုံးများကတော့ မပြောင်းလဲသေးပေ။ သူက တည်ကြည် ရဲရင့်ပြီး အလွန်ရှင်းလင်းပြတ်သားသော သူမ၏မျက်လုံးများကို ကြည့်ရခြင်းအား အလွန်အမင်း နှစ်သက်နေခဲ့သည်။
“အင်း ပိုကောင်းတာပေါ့”
စူးချင်းက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ယခု ပြဿနာက အဖွဲ့မှဆားများက ကုန်သွားခြင်း ဖြစ်သည်။ သူမ၏စနစ်တွင် ဆားရှိသေးသော်လည်း တောဝက်သားများကို ဆားနယ်ရလောက်သည့်အထိ မဖြုန်းတီးနိုင်တော့ပေ။
ဤလမ်းပေါ်မှာ ပစ္စည်းများ ဝယ်နိုင်မည့် နေရာ မရှိသလို သူမ၏စနစ်ထဲမှ ဆားကလည်း အကန့်အသတ် ရှိနေသောကြောင့် တက်နိုင်သလောက် ချွေတာ သုံးစွဲရမည် ဖြစ်သည်။
ရှောင်ချီ စူးချင်းကို ပေးခဲ့သည့် ဂုံးဟင်းလျာချက်နည်းက လေးမျိုးဖြစ်သည်။
ပထမတစ်ခုက မြစ်ဂုံးကြော်.... အရင်ဆုံး ဂုံးသားကို ငရုတ်သီးနဲ့ နှပ်ထားရမယ်၊ ပြီးရင် ကြွပ်ကြွပ်ရွရွနဲ့ နူးနူးညံ့ညံ့လေး ဖြစ်ဖို့ မြန်မြန်ဆန်ဆန် မွှေကြော်ရမယ်။ ကြော်တဲ့အချိန် ကြာသွားရင် မာသွားပြီး ဝါးလို့ရမှာ မဟုတ်တော့ဘူး။ အဲ့လို ခပ်မြန်မြန်ကြော်ထားတဲ့ ဂုံးရဲ့အရသာက စပ်စပ်လေးဖြစ်လာပြီး အရသာလည်းရှိသလို အနံကလည်း အရမ်းမွှေးတယ်။
နောက်တစ်နည်းက ပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုးထဲကို ဂုံးတွေ ထည့်ရမယ်။ စက္ကန့် ၂၀ လောက် မီးပြင်းပြင်းနဲ့ ပြုတ်ပြီးရင် ရေတွေကို ဖယ်ထုတ်ရမယ်။ ပြီးရင် အသင့်ပြင်ထားတဲ့ ပါဝင် ဟင်းရွက်တွေနဲ့ ဟင်းခတ်အနှစ်တွေ ထည့်ပြီး မိနစ်ဝက်လောက် မွှေပေးလိုက်ရင် ဂုံးသားဟင်း ဖြစ်သွားလိမ့်မယ်။
နောက်တစ်ခုကတော့ အရည်ပါတဲ့ ဂုံးသားစွပ်ပြုတ်ပေါ့။ ဂုံးသားက လတ်ဆတ်နေတဲ့အတွက် ဟင်းခတ်မှုန်တောင် မလိုဘူး။ အဲ့စွပ်ပြုတ်ထဲက ဂုံးသားရဲ့အရသာက ပေါ့ပါးပြီး ဟင်းရည်ကလည်း လန်းဆန်းစေလိမ့်မယ်။
နောက်ဆုံး ဟင်းပွဲကတော့ မြစ်ဂုံးအစပ်ကြော်ပဲ... လုပ်ရမယ့်နည်းလမ်းက သန့်စင်ထားတဲ့ ဂုံးသားတွေကို ပါးပါးလှီးထားရမယ်။ အိုးတစ်လုံးကို ရေနည်းနည်းထည့်၊ ရေပွက်ပွက်ဆူလာရင်... ဟင်းချက်ဝိုင် နည်းနည်း ထည့်ပြီး ဆယ်စက္ကန့်လောက် စောင့်နေပြီးမှ လှီးထားတဲ့ဂုံးသားတွေကို ထည့်ရမယ်။ ပြီးရင် အသားတွေကို အမြန်ပြန်ထုတ်ပြီး ရေစစ်ထားရမယ်။ ရေစစ်သွားမှ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး မွှေကြော်ရမယ်။ ဒါပေမယ့် ငရုတ်သီး၊ ကြက်သွန်မြိတ်နဲ့ ဂျင်းကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်တယ်။
စူးချင်းက ဟင်းချက်နည်းများကို ကြည့်လိုက်ပြီး မြစ်ဂုံးအစပ်ကြော်နှင့် ဂုံးသားစွပ်ပြုတ် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
စူးချင်းက သူမ ဂုံးသား လှီးဖြတ်နေစဥ်အတွင်း မိန်းခလေးများအား ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းရိုင်းများ ရှာဖွေခိုင်းလိုက်သည်။
လူသတ်ရန် လူသတ်ဓားများကို ကိုင်ဆောင်လေ့ရှိသည့် သူမ၏လက်များက ယခု အချိန်တွင် မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားသော်လည်း သူမ လှီးဖြတ်လိုက်သော ဂုံးသားများက ပေတံဖြင့် တိုင်းတာကာ လှီးဖြတ်ထားသလို ဖြစ်နေပြီး အသားများအားလုံး၏ အလျားနှင့် အထူက တူညီလုနီးပါးဖြစ်နေလေသည်။
စူးချင်းက ဟင်းချက်ရသည့် ခံစားချက်ကို သဘောကျပြီး ထိုအရာက သူမကို ပျော်ရွှင်စေသည်။ ဟင်းချက်နေချိန်တွင် သူမ၏ခန္ဓာကိုယ်နှင့် စိတ်က ပျော်ရွှင်နေသည့်အပြင် လူတိုင်းက သူမ ချက်ထားသော ဟင်းများကို ကျေကျေနပ်နပ် စားနေကြလျှင် သူမ၏အလုပ် ပြီးမြောက်သွားသလို ခံစားရစေသည်။
အရေးကြီးဆုံးကတော့ သူမ ယနေ့ အဆင့်တက်နိုင်မည် ဖြစ်သည်။
သူမ အဆင့်မတက်နိုင်သည်မှာ ရက်အနည်းငယ်ကြာနေပြီ ဖြစ်ကာ လက်ရှိသူမ၏အရည်အချင်းက ယခင်ဘဝက တစ်ဝက်ပင် မရှိသေးပေ။ ထိုအရာက သူမ လုံးဝ သည်းမခံနိုင်သောအရာ ဖြစ်သည်။
ကျိရွှေရှန့်ကလည်း ဓားတစ်ချောင်းကိုင်ထားပြီး တောဝက်ကို လှီးဖြတ်နေခဲ့သည်။ သူက ဝက်သားကို ဖြတ်ရန် လူသတ်ဓားကို သုံးနေပြီး ထိုအရာက အခွံမာသီးကို ခွဲထုတ်ရန် ဆယ်ပေါင်တူကို သုံးနေခြင်းနှင့်အတူတူ ဖြစ်ကာ ဖြုန်းတီးမှုတစ်ခုသာ ဖြစ်သည်။
ကျုံးယုံက တောဝက်၏အောက်မှ အင်တုံတစ်တုံ ခံထားပြီး ဝက်သွေးများက အင်တုံတစ်လုံး ပြည့်တော့မည် ဖြစ်သည်။ တောဝက်၏အနံ့က မနှစ်မြို့ဖွယ်နှင့် ရွံရှာဖွယ်ကောင်းသော်လည်း ကျုံးယုံကတော့ သားရည်ကျနေဆဲဖြစ်သည်။
ဒါကို စူးချင်းချက်လိုက်တာနဲ့ အသားက အရသာ ရှိသွားလိမ့်မယ်။
ကျိရွှေရှန့်က တောဝက်အား ကိုင်တွယ်ပြီးသွားကြောင်း မြင်လိုက်သောကြောင့် စူးချင်းက ဝက်သားပြုတ်ရန် အရင် ပြင်ဆင်လိုက်သည်။ သူမက အနံ့ဆိုး မထွက်စေရန်အတွက် ကြက်သွန်မြိတ်ရိုင်းနှင့် ဂျင်းရိုင်းများကို ထည့်ကာ မီးပြင်းပြင်းဖြင့် အရင် ပြုတ်လိုက်ပြီးမှ မီးရှိန်လျော့ကာ ဖြည်းဖြည်းချင်း ပြုတ်ထားလိုက်သည်။ ထို့နောက် အဒေါ်ချိုးနှင့် အဒေါ်လီတို့က မီးကြည့်ပေးရန် တာဝန်ယူလိုက်ကြသည်။
စူးချင်းက သူမ၏ဂုံးသားများကို ဆက်လက်လှီးဖြတ်နေခဲ့ပြီး ဒုတိယအိုးက ပူလာချိန်တွင် ဂုံးသားကို ပြုတ်ရန် ရေထည့်ထား လိုက်သည်။ ငရုတ်သီး မရှိသောကြောင့် စူးချင်းက ငရုတ်သီးအတောင့်တစ်ဒါဇင်လောက် ယူရန် ရထားလုံးဆီသို့ ပြန်သွားခဲ့သေးသည်။
သူမ ဂုံးသားကို ကြော်ပြီးချိန်တွင် ယခင်က တောင်နှင့်ပင်လယ်အနှံ့မှ အရသာမျိုးစုံကို စားဖူးပြီး ဘာကိုမှ စိတ်မဝင်စားသော ချင်ဖုန်းပင်လျှင် ထိုဟင်း၏အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ ငရုတ်သီးအနီနှင့် မွှေကြော်ထားသော ဂုံးသားက အလွန် စွံမက်ဖွယ်ကောင်းလှသည်။
"ဦးလေး၊ ကျွန်မ ဦးလေးအတွက် ယူပေးမယ်"
ကျိရှောင်ယင်က ချင်ဖုန်းအတွက် မြစ်ဂုံးသားတစ်ဇွန်းကို လှမ်းယူပေးရင်း ရယ်မောကာ ပြောလိုက်သည်။
ဒီဦးလေးကြီးက အစ်မစူးချင်းရဲ့အဖေလေ။ အဲ့တာကြောင့် သူမက သူမအစ်မကို ကူညီတဲ့အနေနဲ့ အစ်မရဲ့အဖေကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးရမယ်။
ထို့ကြောင့် ချင်ဖုန်း အဖွဲ့ထဲသို့ ဝင်လာကတည်းက ကျိရှောင်ယင်က သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့သည်။
ချင်ဖုန်းက ကျိရှောင်ယင်ကို ကြင်နာမှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။
သူ့မြေးမလေးက လင်အာရဲ့ရုပ်ရည်နဲ့ ချွတ်စွပ်တူတဲ့အပြင် လင်အာအတိုင်း ကြင်နာတက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အသ်အမှတ်ပြုဖို့ ခက်ခဲပေမယ့် နေ့တိုင်းအတူတူ အချိန်ဖြုန်းနေနိုင်တုန်းပါပဲ။ ဒီလိုမိသားစုနဲ့အတူ ရှိနေရတဲ့ ပျော်ရွှင်မှုကပဲ ဒီအဘိုးအိုရဲ့နှလုံးသားကို နွေးထွေးနေစေပါပြီ။
သူ့ညီမထံမှ ဦးလေးဟူသော ခေါ်သံကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်၏မျက်ခုံးများက ပင့်တက်သွားခဲ့သည်။
ကြားရတာ တကယ်ကို အဆင်မပြေတော့ဘူး။ သူ ဆက်နားမထောင်နိုင်တော့ဘူး။ သူက စူးချင်းထက် တစ်ဆင့်နိမ့်တဲ့ မျိုးဆက်တစ်ဆက်ကလူ ဖြစ်သွားရုံသာမကပဲ အခု သူ့ညီမထက်လည်း နိမ့်ကျတဲ့မျိုးဆက်တစ်ခုကလူ ဖြစ်သွားပြန်ပြီ။ ဒါကို ဘယ်လို ပြောရမလဲ?
ကောင်းပြီ.... သူ သူမတို့နဲ့ ခပ်ဝေးဝေးပဲနေလိုက်တော့မယ်။ သူ ဘာမှ မကြားရရင် ဒီပြဿနာက သူ့ကို အနှောက်အယှက် ပေးနိုင်မှာ မဟုတ်ဘူး။
စူးချင်းကလည်း သူမ၏ ဟင်းချက်လက်ရာကို သူမသာသာသူမ ပြန်သဘောကျနေလေသည်။ အထူးသဖြင့် သူမက လတ်လတ်ဆတ်ဆတ်နှင့် အစပ်အရသာ ရနေသည့် မြစ်ဂုံးကြော်ကြွပ်ကြွပ်လေးကို အရမ်း ကြိုက်နေမိသည်။ သူမက ရှောင်ချီ သူမ၏ဟင်းချက်လက်ရာကို မြည်းစမ်းနိုင်ရန် ရှောင်ချီ့အတွက် ပန်းကန်လုံးတစ်လုံးစာလောက် ပေးချင်နေမိသည်။
ရှောင်ချီကလည်း တံတွေးများ ရွှဲနေပြီ ဖြစ်ကာ သူမသခင်၏ အတွေးသံကို ကြားလိုက်သည်နှင့် သူမက ချက်ချင်း သခင်ဖြစ်သူကို မြှောက်ပင့်လိုက်သည်။ "သခင်၊ သခင်က ရှောင်ချီအပေါ် အရမ်းကောင်းတယ်! ကျေးဇူးတင်ပါတယ် သခင်။ သခင်ချက်ထားတဲ့ဟင်းတွေက အရမ်းအရသာရှိတယ်"
ရှောင်ချီ၏တုံ့ပြန်သံက စူးချင်း၏နှုတ်ခမ်းများက ကော့တက်သွားစေခဲ့သည်။
ဒီကလေးငယ်က ဘယ်လိုမြှောက်ပင့်ရမယ်ဆိုတာကို တကယ်သိတယ်။ တစ်ကိုက်တောင် မစားရသေးဘဲနဲ့ အရသာရှိတယ်လို့ ပြောနေပြီ။
စူးချင်းက ရှောင်ချီအတွက် ဂုံးစွပ်ပြုတ်တစ်ပန်းကန်နှင့် ဂုံးသားကြော်တစ်ပန်းကန် လှမ်းပေးလိုက်သည်။
ဖက်တီးလေးရှောင်ချီက သူမ၏ပါးစပ်လေးကို ခပ်ကျယ်ကျယ် ဖွင့်ပြီး စတင် စားသောက်နေတော့သည်။ သူမက ကိုယ်အလေးချိန် ချရန် သူတို့ရဲ့အစာအိမ်များကို အလွဲသုံးစား လုပ်နေသည့် တခြားသောမိုက်မဲသူများနှင့် မတူပေ။ သူမအတွက်က ဝဖြိုးခြင်းက ကောင်းမွန်ပြီး သူမ၏ခပ်ဖို့င့်ဖိုင့် ခန္ဓာကိုယ်လေးက သူမအတွက် ကောင်းချီးတစ်ခုဖြစ်သည်။
လူတစ်ရာကျော်က အဓိက အစားအစာ မရှိဘဲ တောဝက်သားနှင့် ဂုံးအသားများကိုသာ စားကြပြီး အရသာရှိသော ဟင်းချိုကို သောက်နေကြသည်။ ထိုအစားအစာကပင် သူတို့ကို ဗိုက်ဝစေပြီး ကျေနပ်စရာကောင်းလှသည်။
သူတို့ လမ်းကြောင်းပြောင်းပြီးကတည်းက ဤဟင်းက သူတို့စားခဲ့ရသမျှထဲမှ အကောင်းဆုံး အစားအစာသာ ဖြစ်သာသည်။
ချိုးယုံခန်းကတော့ ကုန်တင်လှည်းများပေါ်ရှိ ပစ္စည်းများကို စစ်ဆေးရန် ထွက်သွားခဲ့သည်။ သူက အရမ်း စေ့စပ်သေချာပြီး သူတို့၏ဆားများက လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ကုန်နေကြောင်း သူ သိနေခဲ့သည်။
ဒီနေ့ ဂုံးဟင်းနဲ့ တောဝက်သားက အရမ်း အရသာရှိတယ်။ သူတို့မှာ ဆားမရှိတော့ဘူး။ စူးချင်းက သူမရဲ့ဆားကို ထုတ်ပေးခဲ့တာလား?
[ဂုဏ်ယူပါတယ် Host။ သင့်ရဲ့ဟင်းချက်စွမ်းရည်က အဆင့် ခုနစ်ကို ရောက်ရှိသွားပါပြီ။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အား၊ တိုက်ခိုက်ရေးစွမ်းအား၊ စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ စစ်နတ်ဘုရားစွမ်းအားတွေ အားလုံးက အဆင့် ၃၁ ကိုရောက်ရှိသွားပါပြီ။ ကျေးဇူးပြုပြီး ဆက်လက်ကြိုးစားပါ။ မင်းက အကောင်းဆုံးပါပဲ]
စနစ်၏အသံက စူးချင်းနားထဲတွင် ထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင် စနစ်ကပင် သူမကို အားပေးနေခဲ့ပြီး လူသားဆန်သော အငွေ့အသက်ကို ထပ်ပေါင်းထားခဲ့သည်။
"ဆု ရှိသေးလား?"
စူးချင်းက တွန့်တိုလွန်းသော စနစ်အား ဆုချီးမြှင့်ရန် တောင်းဆိုလိုက်သည်။
ဆုက မတောင်းရင် ပေးတော့မှာ မဟုတ်ဘူး။
“ဆုက ရှိပါတယ်၊ ဆုက ပဲပိစပ် ကျင်း ၃၀၀ ပါ။ ဒါပေမယ့် Host ကိုယ်တိုင် သွားရှာရပါမယ်"
စူးချင်းက သူ့ဆီမှ ဖျစ်ညှစ်နေသောကြောင့် စနစ်ကလည်း စူးချင်းအတွက် အသေးအမွှားပြဿနာတစ်ခုကို ဖန်တီးပေးခဲ့သည်။
ဆုလိုချင်ရင် ရတော့ရမယ်... ဒါပေမယ့် ကိုယ့်ဘာသာ ရှာယူ ရမယ်။
ဒီတွန့်တိုတဲ့စနစ်က မပျော်ရွှင်တော့ဘူး။
စူးချင်းက စနစ် ပျော်ရွှင်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူမအတွက်တော့ ပဲပိစပ်ကလည်း ကောင်းမွန်သောပစ္စည်းသာ ဖြစ်သည်။
ကြော်ပြီးရင် စားစရာ ဖြစ်လာနိုင်သေးတယ်။ လမ်းတစ်လျှောက် စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာကို နည်းနည်းတော့ ဖြေရှင်းပေးနိုင်လိမ့်မယ်။
ပြီးတော့ ပဲနို့၊ တို့ဟူး၊ တို့ဟူးခြောက်နဲ့ တို့ဟူးနှောက်လည်း လုပ်နိုင်တယ်။ ဒီလို ကပ်ဘေးရှောင်နေတဲ့ လမ်းပေါ်မှာဆိုရင် တို့ဟူးနှောက်ကလည်း အရမ်းကောင်းမွန်ပြီး ဗိုက်ပြည့်စေနိုင်တယ်။
ပြီးတော့ စနစ်က သူမကို ပေးထားတဲ့ ပဲငံပြာရည် ချက်နည်းလည်း ရှိသေးတယ်။ သူမမှာ ပဲပိစပ်ရှိနေသရွေ့ ပဲငံပြာရည် လုပ်လို့ရတယ်။ နောက်ဆုံးတော့ သူမ ပဲငံပြာရည် ကုန်သည်တစ်ဦးဖြစ်လာဖို့ ခြေတစ်လှမ်းတိုးလာခဲ့ပြီ။
စူးချင်းက မတ်တပ်ထရပ်ပြီး မိန်းကလေးများကို လှမ်းအော်လိုက်သည်။
"စားစရာရှိ မရှိ သွားကြည့်ရအောင်"