အခန်း (၁၅၃)
Vol. 11 Ch. 153
“သခင်၊ သူ့ကို ကုသပေးလိုက်ရင် ကုသိုလ်ရမှတ်တွေ အများကြီးတိုးနိုင်ပြီး ဆေးပညာကျွမ်းကျင်မှုကလည်း အဆင့်တစ်ဆင့်တက်သွားနိုင်တယ်။ ဒါက လူအယောက်တစ်ရာကို ကယ်တင်တာထက် ပိုကောင်းတယ်”
ရှောင်ချီ၏စိတ်လှုပ်ရှားနေသော အသံလေးက စူးချင်း၏နားထဲသို့ တိုးဝင်လာသောကြောင့် စူးချင်းပင် အံ့အားသင့်သွားရသည်။
ဒီလူကြီးက ဘယ်သူလဲ? လူတစ်ယောက်ကို ကယ်တင်တာက လူအယောက်တစ်ရာကို ကယ်တင်ရတာထက် ဘာကြောင့် ပိုပြီး တန်ဖိုးရှိနေရတာလဲ?
“သူက ကိုယ်ကျိုးမဖက်တဲ့ ပေးဆပ်တက်တဲ့သူတစ်ယောက်ပဲ။ သူက ကြင်နာတက်ပြီး မရေမတွက်နိုင်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တယ်။ မရေမတွက်နိုင်တဲ့ လူတွေကိုလည်း ကယ်တင်ခဲ့တယ်" ရှောင်ချီက ထိုလူ၏ရွှေရောင်သန်းနေသော ရောင်ဝါကို မြင်နေရပြီး သူမသခင်၏ သံသယအတွေးများကို နားလည်လိုက်သောကြောင့် အမြန် ရှင်းပြလိုက်သည်။
အဲ့ဒီလိုလား? ဒီသခင်ကြီးချူကို ကယ်တင်လိုက်ရင် သူမရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်နဲ့ ကုသိုလ်ရမှတ်တွေကို အများကြီး တိုးလာနိုင်တဲ့အပြင် လျန်နှစ်ထောင်လည်း ရဦးမယ်၊ ဒါက အရမ်းကောင်းတဲ့ အစီအစဥ်တစ်ခုပဲ။
"လူကြီးမင်း၊ လူကြီးမင်း၊ ကျွန်တော်တို့ရဲ့သခင်ကြီးကို ကယ်ပေးပါဦး"
စူးချင်းက ထိုရုန်းရင်းဆန်ခတ်မှုကို စောင့်ကြည့်နေပြီး ဘာမှ မလုပ်ပဲ ရပ်ကြည့်နေသည်ကို မြင်လိုက်သောကြောင့် မုတ်ဆိတ်များ ဖြူနေသည့် အိမ်တော်ထိန်းကြီးက သူ့သခင်ကြီးကို ကယ်တင်ပေးရန် စူးချင်းရှေ့တွင် ဒူးထောက်ရန် ပြင်ဆင်လိုက်သည်။ စူးချင်းက သူ့ကို တားထားလိုက်ပြီး "သူ့ကို အရင် ထူပေးပါဦး"
စူးချင်းက သခင်ကြီးချူအား ကူသယ်ပေးရန် အိမ်တော်ထိန်းအား တောင်းဆိုလိုက်သည်။ အိမ်တော်ထိန်းကြီးက သူ့၏သခင်ကြီးကို သူ့အပေါ်သို့ မှီထားစေပြီး ထိန်းထားပေးကာ စူးချင်း သွေးခုန်နှုန်း စမ်းသပ်နိုင်ရန် ကူညီပေးခဲ့သည်။
စူးချင်းက သခင်ကြီးချူ၏အနားတွင် ထိုင်ချလိုက်ပြီး သူ့၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ အဘိုးအို၏လက်ကောက်ဝတ်က အရိုးနှင့်အရေပြားသာ ရှိတော့ကြောင်း သူမ တွေ့လိုက်ရပြီး သူ့၏အစိမ်းရောင်သွေးကြောများက ဖောင်းတက်နေသည်။ ထို့အပြင် သူ့၏အသားအရောင်က ဝါလွန်းသောကြောင့် အသားဝါဖြစ်နေသည်ဟု ပင် ထင်ရစေသည်။ အဘိုးအို ထိုင်နေစဥ်က မသိသာသော်လည်း ယခုလဲလျောင်းနေချိန်တွင် အဘိုးအို၏ဗိုက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၏ ဝမ်းဗိုက်ကဲ့သို့ ပူဖောင်းနေသည်ကို သူမ မြင်လိုက်ရသည်။
ဤသည်က အသည်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်သည့် ထင်ရှားသော လက္ခဏာဖြစ်ကာ ရေဖျဥ်းဆွဲသည်ဟု ယူဆနိုင်သည်။
စူးချင်းက အဘိုးအို၏သွေးခုန်နှုန်းကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ပြီး သူ့၏သွေးခုန်နှုန်းက အလွန်ဖျော့တော့နေသည်ဟု ခံစားမိလိုက်သည်။ သူမက သူ့၏သွေးခုန်နှုန်းကို ခံစားမိရန် သူမ၏လက်ချောင်းလေးချောင်းလုံးကို အသုံးပြုခဲ့ရပြီး အတိအကျ မသိနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။
အဘိုးအို၏အသည်းက အလွန်အားနည်းနေပြီး ပြင်းထန်သောပြသနာများရှိနေကြောင်း ညွှန်ပြနေသည်။ ရှောင်ချီ၏အသံက စူးချင်း၏နားထဲသို့ တိုးဝင်လာသည်။ "သူရဲ့စိတ်ကျရောဂါက မကျန်းမာမှုကို ဖြစ်စေခဲ့တာပါ။ သူက အလွန်အမင်း စိုးရိမ်ပူပင်တာတွေ များပြီး သူ့အသည်းကို ဆိုးဆိုးရွားရွား ပျက်စီးသွားစေခဲ့တယ်။ သူရဲအခြေအနေက အသည်းကင်ဆာရဲ့နှောင်းပိုင်း အဆင့်ကို ရောက်သွားပြီး အသည်းခြောက်တဲ့အခြေအနေကို ရောက်နေပြီ။ သူ့သွေးပြန်ကြောတွေရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကလည်း ပျက်ဆီးနေပြီဆိုတော့ သူ့မှာ အချိန်သိပ်မကျန်တော့ဘူး”
စူးချင်းက ရှောင်ချီပြောပြသည့်စကားများကို အိမ်တော်ထိန်းအား ပြန်ပြောပြလိုက်သည်။ အိမ်တော်ထိန်းက အသည်းကင်ဆာဆိုသည့်စကားကို နားမလည်သော်လည်း သူ့မှာ အချိန်သိပ်မကျန်တော့ဘူးဆိုသည့် စကားကိုတော့ နားလည်နိုင်သေးသည်။ သူက စိုးရိမ်လွန်းသောကြောင့် သူ့ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျလာကာ ငိုရှိုက်နေရင်း စူးချင်းရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
"သခင်ကြီးချီက လူကြီးမင်းကို လမ်းညွှမ်ပေးခဲ့တယ်။ လူကြီးမင်းက ကျွန်တော်ရဲ့သခင်ကြီးကို ကယ်တင်နိုင်မှာ သေချာပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့သခင်ကြီးကို ကယ်တော်ပေးပါ”
သူ့သခင်ကြီးရဲ့ရောဂါက ကုသနိုင်မယ့်အခြေအနေကို ကျော်လွန်နေပြီဆိုတာကို သူလည်း သိပါတယ်။ သူတို့က နာမည်ကြီးသမားတော်တွေ အားလုံးကို ပင့်ဖိတ်ခဲ့ပြီးပြီ၊ နန်းတော်က တော်ဝင်သမားတော်တွေကတောင် သူ့ကို ဘယ်ဆေးနဲ့မှ မကုသနိုင်တော့ဘူးလို့ ပြောခဲ့ကြတယ်။ သခင်ကြီးက သူ့ရဲ့စွဲလမ်းစိတ်ကြောင့်သာ ဒီနေ့အထိ အသက်ရှင်နေနိုင်ပါ။
သခင်ကြီးချီ၏သွေးခုန်နှုန်းကို စစ်ဆေးနေသော စူးချင်း၏အမူအရာကလည်း တဖြည်းဖြည်း လေးနက်လာခဲ့သည်။ ဤလူအိုကြီး၏စိတ်ထဲတွင် တစ်ခုခု ရှိနေပြီး ထို့အကြောင်းအရာကြောင့်သာ သူ ယနေ့ထိတိုင် ရှင်သန်နေခဲ့ကြောင်း နားလည်လာခဲ့သည်။
စူးချင်းက ရှောင်ချီကို မေးကြည့်လိုက်ရာ အဘိုးအိုကို ပြန်လည်ကောင်းမွန်စေရန် ကိုယ်တွင်းအင်္ဂါပြုပြင်ဆေးဖြင့် ကယ်တင်ပေးနိုင်သော်လည်း ဆေးဖော်ရန်အတွက်မူ အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးတစ်ခု လိုအပ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း စနစ်ထဲတွင် ထိုသို့သောလင်ဇီးမျိူး မရှိတော့ပေ။
စူးချင်းက အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော် ကြိုးစားကြည့်ပေးပါမယ်၊ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခုတော့ လိုလိမ့်မယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့။ တစ်ယောက်လောက် ဒီကိုလာဦး၊ သမားတော်လူကြီးမင်းကို အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခု သွားထုတ်ပေးလိုက်”
စူးချင်းက ကုသ၍မရနိုင်ကြောင်း မပြောဘဲ အနှစ်တစ်ထောင်လင်ဇီးသာ လိုအပ်ကြောင်း ပြောလိုက်သောကြောင့် အိမ်တော်ထိန်းက စိတ်လှုပ်ရှားဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စိတ်လောနေပြီး သူ့သခင်ကြီးကို ကူညီပေးရန် တစ်စုံတစ်ဦးကို လွှဲပေးလိုက်ပြီး ပြေးထွက်သွားတော့သည်။
စူးချင်းက ရှောင်ချီထံမှ အဘိုးအို၏အသက်အား ဆွဲဆန့်ပေးထားနိုင်မည့်ဆေးတချို့ ထပ်တောင်းလိုက်သည်။ ထိုသို့ မတောင်းလျှင် အဘိုးကြီး၏သွေးခုန်နှုန်းအရ သူက ဆယ်မိနစ်ထက် ပိုမကြာနိုင်တော့ကြောင်း သူမ ခန့်မှန်းနိုင်သည်။
ရှောင်ချီက သဘောတူလိုက်ပြီး ဆေးယူရန် သူမ၏ခြေထောက်တိုလေးများဖြင့် ပြေးသွားပြန်သည်။ ၎င်းက သွေးအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သော အသက်ရှည်ဆေးတစ်မျိုးဖြစ်ပြီး သောက်လိုက်သည်နှင့် လူကို တက်ကြွလန်းဆန်းစေကာ ၎င်းကို သောက်သုံးပြီးနောက် အသားအရေလည်း ပိုကြည့်ကောင်းစေနိုင်သည်။
စူးချင်းက ဆေးကို ရသည်နှင့်တပြိုင်နက် သခင်ကြီးချူကို ဆေးအရင် တိုက်ထားလိုက်သည်။ ငါးမိနစ် မပြည့်မီမှာပင် သခင်ကြီးချူ၏မျက်လုံးများ ပြန်ပွင့်လာပြီး သူက အားနည်းနေသေးသော်လည်း အရင်ကထက် အများကြီး ပိုအဆင်ပြေလာမှန်း သိသာနေသည်။ သူ့မျက်နှာတွင် သွေးရောင်ဖျော့ဖျော့လေး သန်းလာပြီး သူ့၏မှိုင်းဝေနေသောမျက်လုံးများက ပို၍ အသက်ဝင်လာပြီ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ သမားတော်လေး"
သခင်ကြီးချူက သူ ခွန်အားပြန်ရလာသည်ဟု ခံစားမိလိုက်သောကြောင့် စူးချင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။ သူ သတိလစ်နေစဉ်အတွင်းတွင် တစ်စုံတစ်ယောက်က သူ့ပါးစပ်ထဲသို့ ဆေးလုံးထည့်လိုက်သည်ကို သူ ခံစားမိလိုက်သည်။ ဆေးလုံးက ချိုမြိန်သောအရသာ ရှိပြီး သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားကာ သူ့လည်ချောင်းမှတဆင့် သူ့ဗိုက်ထဲသို့ စီးဝင်သွားပြီး သူ့ကို အမှောင်ထဲမှ ပြန်ဆွဲထုတ်လိုက်သည်။
စူးချင်းက အဘိုးအို၏မျက်လုံးများကို ကြည့်ကာ ထူးဆန်းသလို ခံစားလိုက်ရပြီး သူ့ကို မဖြစ်မနေ ကုသပေးရမယ်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် စူးချင်းက သခင်ကြီးချုကို အာမခံပေးလိုက်သည်။
"ကျွန်တော် သခင်ကြီးရဲ့ရောဂါကို ကုသပေးပါ့မယ်"
ယခုအချိန်တွင် သခင်ကြီးချူကလည်း စူးချင်းကို ပို၍ ယုံကြည်လာပြီ ဖြစ်သည်။ ဘာကြောင့်မှန်း မသိသော်လည်း စူးချင်းက သူ့ကို ကုသပေးနိုင်မည်ဟု သူ ခံစားလိုက်ရသည်။ သူက ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်သော ဆေးရည်များကို နှစ်အတော်ကြာ သောက်သုံးခဲ့ပြီး ထိုဆေးများက ဤသမားတော်လေး၏ ဆေးလုံးလောက် ထိရောက်မှု မရှိကြောင်း သူ သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ အမှန်ပင် အံ့ဖွယ်သမားတော် ဖြစ်သည်။
“လူကြီးမင်း၊ အနှစ်တစ်ထောင်လင်ဇီးက ဒီမှာပါ။ တခြားဆေးတွေ လိုအပ်သေးလား?"
အိမ်တော်ထိန်းက ပြင်းပြင်းထန်ထန် ပြေးလွှားလာပုံရကာ မောဟိုက်နေပြီး သူ့မျက်နှာတွင် ချွေးများ ဖုံးလွှမ်းနေသည်။ သို့သော်လည်း သူက ချွေးသုတ်ရန်ပင် သတိမရလောက်အောင် သူ့သခင်ကြီးကို စိတ်ပူနေပုံရပြီး အနှစ်တစ်ထောင်လင်ဇီးကို စူးချင်းအား ဂရုတစိုက် လှမ်းပေးလိုက်သည်။
သူ့သခင်ကြီး ပြန်သတ်ရလာပြီး သူ့အသားအရည်ကလည်း ပိုကောင်းလာသည်ကို မြင်လိုက်ရသောအချိန်တွင် အိမ်တော်ထိန်းက သူ၏နှလုံးသား ရပ်တန့်သွားတော့မတက် ဝမ်းသာသွားပြီ အ်ောခေါ်လိုက်သည်။
“သခင်ကြီး”
ထို့နောက် သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး ရှိုက်ငိုနေကာ စကားဆက်မပြောနိုင်တော့ပေ။
"ငါ အဆင်ပြေတယ်၊ ငါ အဆင်ပြေပါတယ်"
သခင်ကြီးချူက အိမ်တော်ထိန်း၏ပခုံးကို ပုတ်ကာ အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
စူးချင်းက အဘိုးအိုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူက အစေခံတွေကိုတောင် ကောင်းကောင်းဆက်ဆံတတ်တဲ့သူပဲ။ သူက ပရဟိတသမားကောင်းတစ်ယောက်လို့ ရှောင်ချီက ပြောခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။
"ဆေးဖော်ဖို့ အခန်းတစ်ခန်း လိုတယ်"
စူးချင်းက သူမ၏လက်ထဲမှ လင်ဇီးကို ကြည့်လိုက်ပြီး ၎င်းကို ဤလူများရှေ့တွင် ပျောက်ကွယ်သွားအောင် မလုပ်နိုင်သောကြောင့် အိမ်တော်ထိန်းကို ထပ်တောင်းဆိုလိုက်သည်။
“ကောင်းပါပြီ၊ လူကြီးမင်းကို ကျွန်တော်တို့ မိသားစုရဲ့ဆေးပေးခန်းကို ခေါ်သွားပေးပါ့မယ်။ အဲဒီမှာ ဆေးတွေနဲ့ ဆေးဖော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ အကုန်ရှိပါတယ်”
အိမ်တော်ထိန်းက သူ့၏မျက်ရည်များကို သုတ်လိုက်ပြီး စူးချင်းကို လမ်းပြပေးရန် အမြန်ထရပ်လိုက်သည်။
သူတို့က ခုံးတံခါးတစ်ခုကို လှည့်ပတ်ကျော်ဖြတ်လိုက်ပြီး အိမ်နောက်ဖေးဘက်သို့ ရောက်သွားခဲ့သည်။ အိမ်တော်ထိန်းက စူးချင်းကို အနောက်ဘက်ရှိ အခန်းတစ်ခုဆီသို့ ခေါ်သွားခဲ့ပြီး ထိုအခန်း၏တံခါးကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သော ဆေးရနံ့ကို ရလိုက်သည်။
သူ့အိမ်မှာ ဆေးကုခန်းတောင်ရှိတယ်ဆိုတော့ ဒီအဘိုးကြီး နေမကောင်းဖြစ်နေတာ ဘယ်လောက်ကြာနေပြီလဲ?
"လူကြီးမင်း၊ တခြားလိုတာ ရှိသေးလား?"
အိမ်တော်ထိန်းက စူးချင်းကို လေးလေးစားစား ထပ်မေးလိုက်သည်။ သူ့မျက်လုံးများက သက်ရှိနတ်ဘုရားကို ကြည့်နေသလိုမျိုး မျှော်လင့်ချက်နှင့် လေးစားမှုများ ပြည့်နှက်နေခဲ့သည်။
“မလိုအပ်တော့ပါဘူး။ ကျွန်တော့်ကို ဘယ်သူမှ လာမနှောင့်ယှက်စေနဲ့"
စူးချင်းက အိမ်တော်ထိန်းကို ပြန်နှင်လွှတ်လိုက်သည်။ ထို့နောက် သူမက တံခါးကို ပိတ်လိုက်ပြီး ဆေးကို စတင်ပြင်ဆင်လိုက်သည်။
သခင်ချူ၏မိသားစုတွင် ဆေးမျိုးစုံရှိသောကြောင့် သူမ၏စနစ်အတွင်းမှ ဆေးမျာကို အသုံးပြုရန် မလိုအပ်တော့ပေ။ စူးချင်းက အလွန်ပင် တွန့်တိုတက်သူ ဖြစ်နေသေးသည်။
ရှောင်ချီက ဆေးလုံးလုပ်ရင်း အလုပ်ရှုပ်နေကာ သူမ လိုအပ်သမျှ ဆေးများကို သူမ၏သခင်ထံမှ တောင်းယူနေပြီး စူးချင်းက သူမ၏ဆေးလက်ထောက် ဖြစ်လာခဲ့သည်။
လက်ဖက်ရည်တစ်ခွက်ကျိုစာလောက် အချိန်ယူပြီးနောက် ရှောင်ချီက ကိုယ်တွင်းအင်္ဂါများကို ပြန်လည်ကောင်းမွန်စေနိုင်သည့် ဆေးကို အပြီးသတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် စူးချင်းက လူနာကို ကုသရန်သာ စိတ်ပူနေသောကြောင့် ဆေးကို မကြည့်တော့ဘဲ လှမ်းယူလိုက်သည်။ သူမ ကိုင်ထားသော အညိုရင့်ရောင်ဆေးလုံးမှ မွှေးရနံ့ကို ခံစားမိလိုက်ချိန်မှသာ သူမက ဆေးကို သေသေချာချာ လေ့လာလိုက်သည်။
ဒါက ဘုရားပေးတဲ့ဆုကျေးဇူးကို ဖြုန်းတီးနေတာ မဟုတ်ဘူးလား?
"သခင်ကြီး၊ မြန်မြန်သွားပြီးတော့ အဲဒီ ပရဟိတသမားကြီးကို ကယ်ပေးလိုက်ပါ!"
ရှောင်ချီ၏နူးညံ့ပြီး ချစ်စရာကောင်းသော အသံလေးက စူးချင်း၏နားထဲတွင် ရစ်ဝဲလာသောကြောင့် စူးချင်းက ဆေးပညာကို လေ့လာနေခြင်းအား ရပ်တန့်လိုက်ပြီး အခန်းအပြင်သို့ ထွက်ရန် တံခါးကို ဖွင့်လိုက်သည်။ အိမ်တော်ထိန်းက ထွက်မသွားဘဲ သူမကို တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
စူးချင်း ထွက်လာသည်ကို မြင်လိုက်ချိန်တွင် အိမ်တော်ထိန်းက အရှေ့သို့ စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်ပြီး သူ့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြည့်နေခဲ့သည်။
“ဆေးဖော်လို့ ပြီးသွားပါပြီ။ ခင်ဗျားရဲ့သခင်ကြီးက ဒီဆေးကို သောက်ပြီးတာနဲ့ သက်သာလာလိမ့်မယ်”
စူးချင်းက ဆေးလုံးကို အိမ်တော်ထိန်းအား လွှဲမပေးခဲ့ပေ။
ဒါက အဖိုးတန်လွန်းတယ်။ ဒီဆေး ပျက်ဆီးသွားရင် နောက်ထပ် ဆေးထပ်ဖော်ဖို့ အချိန်မလောက်နိုင်တော့ဘူး။ ပြီးတော့ အနှစ်တစ်ထောင်လင်ဇီးဆိုတာက ကံကောင်းမှ ရှာတွေ့နိုင်တဲ့အရာလေ။
စူးချင်း ပြန်ရောက်လာသောအချိန်တွင် သခင်ကြီးချူက လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။ စူးချင်းကို မြင်သောအခါ သူက မတ်တပ်ထရပ်ပြီး စူးချင်း၏လက်ထဲမှ အညိုရောင်ဆေးလုံးကို စိုက်နေကြည့်ကာ အသက်ရှင်လိုစိတ် ပြင်းပြနေပုံရသည်။
"ဒါကို သောက်လိုက်ပါ!"
စူးချင်းက လေးနက်ဟန်ဆောင်ခြင်းမျိုးဖြင့် အချိန်မဖြုန်းတော့ဘဲ ဆေးလုံးကို သခင်ကြီးချူထံသို့ ပေါ့ပေါ့ပါးပါး လှမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်”
သခင်ကြီးချူက စူးချင်းကို ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး ဆေးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အိမ်တော်ထိန်းက သူ့သခင်ကြီး ဆေးသောက်ရ လွယ်ကူစေရန် ရေတစ်ခွက်ကို အမြန်ယူလာပေးသော်လည်း သခင်ကြီးချူက သူ့လက်ကို ဝှေ့ယမ်းကာ ငြင်းဆိုခဲ့သည်။
“ဒီဆေးလုံးက ပါးစပ်ထဲမှာ အရည်ပျော်သွားလိမ့်မယ်။ ရေ မလိုဘူး"
သူ့စကားဆုံးသည်နှင့် သခင်ကြီးချူက သူ့ဝမ်းဗိုက်ပူလောင်လာသလို ခံစားလိုက်ရပြီး အအေးဓာတ်တစ်ခုက သူ့အသည်းဆီသို့ ချက်ချင်း တိုးဝင်သွားသည်ကို သူ ခံစားလိုက်ရသည်။