များပြားလှတဲ့ လက်ဆောင်
Vol. 11 Ch. 155
ချိုးယုံခန်းက ချိုးယွဲ့ကို နက်ရှိုင်းသော တောတန်းထဲသို့ သယ်ဆောင်သွားခဲ့သည်။ သူ့ထံတွင် တွင်းတူးရန် ဘာမှ ပါမလာသည့်အတွက် ပျော့ပျောင်းသည့်နေရာတစ်ခုကို ရှာကာ သူ့လက်ဖြင့် စတင် တူးဆွလိုက်သည်။
သူ တွင်းတူးနေသည်မှာ မည်မျှကြာနေပြီကို သူ မသိနိုင်သော်လည်း နောက်ဆုံးတွင် ခပ်တိမ်တိမ်တွင်းတစ်ခု တူးနိုင်ခဲ့ပြီး သူ့လက်သည်းများတွင် သွေးများ ရွှဲနစ်လာလေသည်။
ချိုးယုံခန်းက သူ့၏အပေါ်ဝတ်များကို ချွတ်လိုက်ပြီး သူ့ညီမလေး၏ဦးခေါင်းပေါ်သို့ လွှားပေးလိုက်သည်။ သူက သူမအတွက် ခေါင်းတလား မရှာနိုင်သောကြောင့် အမှတ်အသား ပြုခဲ့ရုံသာ ရှိတော့သည်။ ကပ်ဘေးကြီး ပြီးဆုံးချိန်မှ ပြန်လာကာ သူမကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ချိုးယုံခန်းက ချိုးယွဲ့ကို သင်္ဂြိုဟ်ပေးလိုက်ပြီး ထိုနေရာ၏ရှေ့တွင် သစ်ခြောက်ပင်တစ်ပင် ထိုးစိုက်ထားလိုက်သည်။ ထို့နောက် နောင်တွင် ရှာရလွယ်ကူစေရန် အနီးနားရှိသစ်ပင်များ၏ပင်စည်များပေါ်တွင် အမှတ်အသားများ ချန်ထားခဲ့သည်။
"ချိုးယွဲ့၊ မင်းက အရင်တုန်းက ကြင်နာပြီး သနားတတ်တဲ့ မိန်းခလေး ဖြစ်ခဲ့ပေမယ့် 'အချစ်' ဆိုတဲ့ စကားလုံးက မင်းကို ဒုက္ခပေးခဲ့တယ်။ နောက်ဘဝမှာ မင်းက ချစ်ခြင်းမေတ္တာကို အစွဲအလမ်းကြီးတဲ့သူ မဖြစ်ဖို့ အစ်ကိုကြီး မျှော်လင့်ပါတယ်"
သူက သူ့ညီမလေးကို တိုးတိုးလေး ထပ်ပြောလိုက်သည်။ ချိုးယုံခန်းက သူ့၏နီရဲနေသော မျက်လုံးများဖြင့် ချိုးယွဲ့၏မြေပုံကို စိုက်ကြည့်နေရင်း သူ့နှလုံးသားထဲမှ စူးရှသောနာကျင်မှုကို ကျိတ်မှိတ်သည်းခံနေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူတို့က သွေးသားရင်းချာတွေ ဖြစ်တာကြောင့် သူ့နှလုံးသားကို ဓားနဲ့အထိုးခံလိုက်ရသလို နာကျင်ရတာ အမှန်ပါပဲ။
သူ ထွက်သွားသင့်သည်မှာ ကြာမြင့်နေပြီ ဖြစ်ကာ သူ မည်မျှပင် တုံ့ဆိုင်းနေပါစေ နောက်ဆုံးတွင် ထွက်ခွာသွားခဲ့ရသည်။ သို့သော် သူ ထွက်သွားပြီး သိပ်မကြာခင်မှာပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က မြေပုံအသစ်၏ရှေ့သို့ တိုးကပ်လာရင်း ဆိုးသွမ်းစွာ ရယ်မောနေလေသည်။
ထိုလူက တစ်ကိုယ်လုံး အနက်ရောင် ၀တ်ဆင်ထားပြီး အနက်ရောင်မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထားသည်။ သူ့၏ဦးခေါင်းပေါ်တွင် ဝါးဦးထုပ်ကြီးတစ်လုံး ဆောင်းထားပြီး မီးစိမ်းရောင်တောက်နေသည့် မျက်လုံးတစ်စုံကိုသာ ပေါ်လွင်နေခဲ့သည်။
သူ့၏ရယ်သံကြောင့် တောထဲက ကျီးကန်းများပင် ထိန့်လန့်သွားကာ သစ်ပင်ပေါ်မှ ပျံပြေးသွားကြသည်။ သူတို့ ကောင်းကင်မှ လှည့်ပတ်ကြည့်လိုက်ချိန်တွင် ထိုအနက်ရောင်ဝတ်လူက မြေပုံအား ပြန်တူးနေသည်ကို တွေ့လိုက်ရသည်။
...။.....။.....
ချိုးယုံခန်း ပြန်ရောက်လာချိန်တွင် ရွာလူကြီးချိုးနှင့် အဒေါ်ချိုးတို့က အလောတကြီး မေးလိုက်ကြသည်။
"ချိုးယွဲ့ကို ရှာတွေ့ခဲ့လား?"
ချိုးယုံခန်းက ချိုးယွဲ့ကွယ်လွန်သည့်သတင်းကို သူ့မိသားစုဝင်များအား မပြောရက်သောကြောင့် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။ လူအိုကြီးများက ထိုသို့သော နာကျင်မှုကို သည်းခံနိုင်မည် မဟုတ်ပေ။
"မတွေ့ဘူး၊ သူ(မ) ဘယ်တွေ သွားနေလဲ မသိဘူး"
ထိုအချိန်တွင် ကျိရွှေရှန့်လည်း ပြန်ရောက်နေပြီ ဖြစ်သည်။ အဒေါ်လီ၊ ကျန်းလောင်ချီနှင့် ဝမ်ယို့လျန်တို့က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး တောင်ပေါ်သို့ ဆေးပင် သွားရှာရန်ပင် အချိန်မမီတော့သောကြောင့် ကျိရွှေရှန့်က ဆေးညွှန်းတစ်ခု ရေးလိုက်ပြီး မြို့ထဲမှ ဆေးသွားဝယ်ခဲ့သည်။ သူ ပြန်ရောက်လာချိန်တွင် သူတို့၏ဒဏ်ရာများကို ဆေးထည့်ကာ ပတ်တီးစည်းပေးပြီး ဆေးကျိုရပြန်သည်။ ထို့ကြောင့် သူက ထောင်ဟွားဝူအဖွဲ့သို့ ပြန်ရောက်လာကတည်းက အလုပ်များနေခဲ့ရသည်။
"ယုံခန်း"
ကျိရွှေရှန့်က ချိုးယုံခန်း၏မျက်လုံးများကို လှမ်းမြင်နေရသော်လည်း အချိန်အတော်ကြာပြီးနောက်မှသာ သူ မေးလိုသောကြောင်းအရာများကို မေးနိုင်တော့သည်။ မည်သို့ပင်ဖြစ်စေ သူတို့က ညီအစ်ကိုကောင်းများ ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ကြသည်။
ချိုးယုံခန်းက ကျိရွှေရှန့်ဆီသို့ လျှောက်သွားလိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်မည့် အသံဖြင့် ပြောပြလိုက်သည်။
“ချိုးယွဲ့ သေသွားပြီ”
သူမ သေသွားတာကြောင့် သူတို့အကြောင်းကို သတင်းသွားပို့မှာ မဟုတ်ဘူး၊ ထောင်ဟွားဝူကလူတွေလည်း ဘေးကင်းသွားပြီ။
ကျိရွှေရှန့်က ချိုးယုံခန်း၏ပခုံးကို ပုတ်ကာ "ငါလည်း စိတ်မကောင်းပါဘူး"
ထောင်ဟွားဝူမှ ရွာသူရွာသားများ အန္တရာယ် မရှိတော့သောကြောင့် ခရီးအလျင်စလို ခရီးဆက်ရန် မလိုအပ်တော့ပေ။ ကျိရွှေရှန့်က ထိုနေရာတွင် အနားယူပြီး စူးချင်းပြန်လာမည့်အချိန်ကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။
ကျိရှောင်ယင်က သူမမွေးစားအမေ၏အနားတွင် တစ်ချိန်လုံး ရှိနေခဲ့ပြီး သူမ၏မျက်လုံးများက ယုန်တစ်ကောင်၏မျက်လုံးများကဲ့သို့ နီရဲနေလေသည်။ သူမ၏မွေးစားအမေက သူမကို ကယ်တင်ပေးရန် ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူမ၏မွေးစားအမေ ပြန်မကောင်းလာမချင်း သူမကိုယ်သူမ အပြစ်တင်စိတ်ဖြင့် နေထိုင်ရတော့မည် ဖြစ်သည်။
ကျုံးယုံက ပို၍ပင် ဆိုးနေသေးပြီး စွန့်ပစ်ခံထားရသော ခွေးကလေးကဲ့သို့ သနားစရာ ကောင်းနေတော့သည်။ သူက သူ့အမေကို အနီးကပ် စောင့်ရှောက်ပေးနေပြီး ရံဖန်ရံခါ သူ့အမေကို တိုးတိုးလေး ခေါ်နေတက်သည်။
စူးချင်းက သခင်ကြီးချူ၏ အိမ်တွင် ခမ်းနားသော စားသောက်ပွဲတစ်ခုကို ပါဝင်ဆင်နွဲနေပြီး သူမက အထူးသဖြင့် ငရဲရနံ ကောင်းကင်အရသာဟု သတ်မှတ်ကြသော အနံဆိုးသည့် မန်ဒရင်ငါးဟင်းလျာကို အလွန်စိတ်ဝင်စားခဲ့သည်။ အနံ့က မကောင်းသလို ကြည့်ရသည်မှာ ရုပ်ဆိုးလှသော်လည်း အရသာကတော့ ကောင်းမွန်လှသည်။
(T/N : အထားခံအောင် ဆားနဲ့အချည်သိပ်ရာကနေ နောက်ပိုင်းဟင်းပွဲတွေအဖြစ် ချက်ပြတ်တဲ့ အလေ့အထ ဖြစ်လာတယ်လို့ ပြောတယ်၊ ကိုယ်တွေဆီက ငါးဆားနယ်နဲ့ ဆင်တူတယ်ထင်တာပဲ။ ဆားနည်ပြီး စည်ပိုင်းကြီးတွေနဲ့ ရှစ်ရက်လောက် လေလုံအောင် ပိတ်ထားရတယ်ပြောတယ်)
အမွှေးထူတို့ဟူး(မှိုတို့ဟူး)ကလည်း ကြက်ဥကိတ်မှုန့်ကဲ့သို့ နူးညံ့နေပြီး သာမာန်တို့ဟူးထက် အရသာပိုကောင်းနေလေသည်။
သခင်ကြီးချူက မြိန်ရေရှက်ရေ စားသောက်နေသော စူးချင်းကို ကြည့်နေပြီး သူ့၏အရသာခံဖုလေးများကို အဖွင့်ခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် ခါတိုင်းထက် ထမင်းတစ်ပန်းကန် ပိုစားမိသွားလေသည်။
"သမားတော်လေး၊ ငါတို့ စောစော မတွေ့ဆုံနိုင်ခဲ့တာကို စိတ်မကောင်းဘူး။ ငါ့ရဲ့အိမ်တော်မှာ နောက်ထပ် ရက်အနည်းငယ်လောက် နေနိုင်မလား?”
"ဟင့်အင်း၊ ကျွန်တော် ဒီကပ်ဘေးကနေ လွတ်မြောက်ပြီး အခြေချဖို့ အဆင်ပြေတဲ့နေရာအထိ ရောက်အောင် သွားရဦးမယ်!"
စူးချင်းက ပြောပြီးမှ သူမဘာသာသူမ ခေါင်းယမ်းလိုက်မိသည်။
သူမ ဘာလို့ မကွယ်မဝှက်ပဲ ဒီလိုအကုန် ပြောလိုက်မိတာလဲ?
စူးချင်းက သူမ၏ခေါင်းကို မော့လိုက်ပြီး သခင်ကြီးချူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထားပါတော့လေ... ပြောပြီးသွားပြီဆိုမှတော့ ဘာမှ အရေးမကြီးတော့ပါဘူး။
ကပ်ဘေးဒုက္ခကနေ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေက ထောင်ပေါင်းများစွာ ရှိနေတာ မဟုတ်ဘူးလား? ပြီးတော့ သူမက သူမရဲ့ အသွင်အပြင်ကို အချိန်မရွေး ပြောင်းလဲပစ်နိုင်တယ်။ ဒီလူတွေကြားထဲမှာ သူမကို ရှာတွေ့ဖို့ ခက်ခဲနေမှာဆိုတော့ သူမ လုံးဝ မကြောက်ဘူးလေ။
“သမားတော်လေး မင်း စိတ်မရှိရင် ဒီအိမ်မှာ နေနိုင်ပါတယ်။ ဒီအဘိုးအိုကြီးက သမားတော်လေး ဆေးခန်းဖွင့်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ သမားတော်လေးရဲ့ ဆေးပညာကျွမ်းကျင်မှုနဲ့ ဆိုရင် လူတွေက သမားတော်လေးကို ခဏလေးနဲ့ အားကိုးလာကြမှာပါ၊ သမားတော်လေးရဲ့အသက်မွေးဝမ်းကြောင်းအတွက် စိတ်ပူနေစရာ မလိုပါဘူး”
သူ၏ကယ်တင်ရှင်က ကပ်ဘေးဒုက္ခမှ ထွက်ပြေးလာရသည်ဟု ကြားလိုက်ချိန်တွင် သခင်ကြီးချူက စူးချင်းကို သနားနေပြီး ကူညီပေးချင်နေလေသည်။
စူးချင်းက သူမလက်ကို ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။
"မလိုပါဘူး။ ကျွန်တော်က ချည်နှောင်ခံရတာကို မကြိုက်ဘူး။ ဆေးခန်းမှာ ထိုင်နေရတာကိုလည်း မကြိုက်ဘူး။ သမားတော်နဲ့တွေ့ဆုံရတယ်ဆိုတာက ကံကြမ္မာပေါ်မှာ မူတည်ပါတယ်"
“ကောင်းပါပြီ၊ သမားတော်လေးမှာ အခက်အခဲတွေရှိရင်တော့ ဒီအဘိုးကြီးကို ပြောလို့ ရပါတယ်။ ဒီအဘိုးကြီးက အစွမ်းကုန် ကူညီပေးပါ့မယ်"
သခင်ကြီးချူက စူးချင်းကို အတင်းမတိုက်တွန်းပေ။ အရည်အချင်းရှိသူ အများစုက ချည်နှောင်ခံရခြင်းကို မကြိုက်ကြောင်း သူ နားလည်ပေးနိုင်သည်။
“အဲ့လိုဆိုရင်တော့ မေးချင်တာလေး တစ်ခု ရှိတယ်၊ ကျွန်တော့်မှာ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်လောက်က စုကျိုးမှာ ကလေးပျောက်ဆုံးခဲ့တဲ့သူ ရှိ မရှိကို စုံစမ်းပေးဖို့ အကူအညီတောင်းထားတဲ့ အသိမိတ်ဆွေတစ်ယောက်ရှိတယ်။ သုံးနှစ်အရွယ်လောက် ရှိတဲ့ မိန်းခလေးပေါ့”
လျိုပေါင်ကျူးက ပြောခဲ့တာက သူမက လျိုမိသားစုကို သုံးနှစ်အရွယ်လောက်မှာ ရောက်လာခဲ့တယ်တဲ့၊ ဆိုလိုတာက မူလပိုင်ရှင်က အသက်သုံးနှစ်အရွယ်မှာ အမျိုးသမီးစွင်း ခိုးယူတာကို ခံလိုက်ရတယ်လို့ သတ်မှတ်နိုင်တယ်။ ယခု သူမက အသက်ဆယ့်ခုနစ်နှစ်ရှိပြီဆိုတော့ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က စုကျိုးမှာ ပျောက်သွားတာ အဖြစ်နိုင်ဆုံးပဲ။
"လွန်ခဲ့တဲ့ ဆယ့်လေးနှစ်လား? သုံးနှစ်အရွယ် မိန်းကလေးတစ်ယောက်ပေါ့"
ဆရာကြီးချူက သူ့ဘာသာသူ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ စူးချင်းက ကြက်သားတစ်ပိုင်းကို ကောက်ယူကာ သူမပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဖြည်းညှင်းစွာ ဝါးရင်း စောင့်ဆိုင်းနေခဲ့သည်။ သူမက သူ့ကို အလျင်စလို ထပ်မမေးဘဲ စဉ်းစားရန် အချိန်ပေးထားခဲ့သည်။
“အဲဒီတုန်းက စူးကျိုးမှာ အရမ်းကို ကမောက်ကမ ဖြစ်ခဲ့ဖူးတယ်။ ဒီအဘိုးကြီး သိရသလောက်တော့ အစိုးရကို အဲ့လိုအမှုပေါင်း ဒါဇင်နဲ့ချီပြီး တိုင်ကြားခဲ့ကြတယ်။ အဲဒါကို ပြောရရင် ဒီလူအိုကြီးအတွက်လည်း စိတ်မကောင်းစရာတွေ ရှိခဲ့တယ်၊ ဒီလူအိုကြီးရဲ့မိသားစုကလည်း မြေးတစ်ယောက် ဆုံးရှုံးခဲ့ရတယ်လေ။ အခုထိ ဘာသတင်းမှ မရှိဘဲ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ရပြီ”
သူ့မြေးလေးကို သတိရသွားသောကြောင့် သခင်ကြီးချူ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာလေသည်။ သူက သဘာဝဘေး ကယ်ဆယ်ရေးအတွက် စပါးကျီကို သွားဖွင့်ပေးတဲ့အချိန်မှာ သူ့မြေးမလေးက သူ့နောက်ကို လိုက်ချင်လို ပူဆာခဲ့တယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်လေးအတွင်းမှာ သူ့မြေးမလေး ပျောက်ဆုံးသွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာတဲ့အထိ ဘာသတင်းမှ မကြားရတော့ဘူး။
"မြေးမလေး နာမည်က ဘယ်လိုခေါ်လဲ?"
စူးချင်းက သခင်ကြီးချူကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေရင်း ထပ်မေးလိုက်သည်။
ကြင်နာတတ်တဲ့ ဒီအဘိုးအိုရဲ့မြေးမလေးဖြစ်ရရင်လည်း မဆိုးပါဘူး။
“ဒီအဘိုးကြီးရဲ့ မြေးနာမည်က မော့မုန့်ယောင်ပါ။ ပျောက်သွားတဲ့ အချိန်မှာ သူ(မ)က အသက်ငါးနှစ် ရှိနေပြီ။ ဒီအဘိုးကြီးက သူ့(မ)ကို ရှာနေတာ ဆယ်နှစ်ကျော်ပြီ၊ ဒါပေမယ့် ဒီလိုလူပင်လယ်ကြီးထဲမှာ သူ့(မ)ကို ရှာမတွေ့နိုင်ခဲ့ဘူး”
အဘိုးအိုက သူ့မြေးမလေး၏အမည်ကို ပြောပြနေရင်း မျက်ရည်များ စီးကျလာသောကြောင့် အိမ်တော်ထိန်းမူက နာကျင်နေသောမျက်ဝန်းများဖြင့် လက်ကိုင်ပုဝါတစ်ထည် လှမ်းပေးလိုက်သည်။
သူတို့လည်း စူးချင်းပြောနေတဲ့ ကလေးက သူတို့အိမ်တော်ရဲ့သခင်မလေး ဖြစ်စေချင်တာပါပဲ။
"ငါးနှစ်လား?"
စူးချင်း၏မျက်လုံးများမှ မျှော်လင့်ချက်ရောင်ခြည်များ ပျောက်ကွယ်သွားခဲ့သည်။
နာမည်နဲ့ အသက်အရွယ်က မလိုက်ဖက်ဘူး။ ဒီအဘိုးကြီးက သူမရဲ့အဖိုး မဟုတ်ဘူး။
“ကျွန်တော့်သူငယ်ချင်းရဲ့နာမည်က ရှီးအာပါ။ သူ(မ)က သုံးနှစ်အရွယ်မှာ အခိုးခံလိုက်ရတာပါ။ သူ(မ) ပျောက်ဆုံးသွားတဲ့အချိန်မှာ ပန်းရောင်အဝတ်အစားတွေ ၀တ်ထားတယ်။ ကျေးဇူးပြုပြီး အဲ့အချက်အလက်တွေနဲ့ တူတဲ့သူကို ရှာပေးနိုင်မလား? ကျွန်တော် နောက်နှစ်တွေမှာ ထပ်လာခဲ့ပါ့မယ်"
စူးချင်းက သခင်ကြီးချူထံမှ အကူအညီ တောင်းလိုက်သည်။ မည်သို့ပင် ဖြစ်စေ သူက စုကျိုးမှ လူဖြစ်ပြီး ကျယ်ပြန့်သော လူမှုရေးအသိုင်းအဝိုင်းတစ်ခုလည်း ရှိနေသောကြောင့် စုံစမ်းရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။ သူမဘာသာသူမ ဦးတည်ရာမဲ့ ရှာဖွေနေခြင်းထက်တော့ ပိုကောင်းပေလိမ့်မည်။
“ကောင်းပါပြီ!”
သခင်ချူက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ နတ်ဆေးသမားတော်လေးက သူ့အသက်ကို ကယ်တင်ပေးခဲ့ပြီးဆိုတော့ သူ့မှာ သူ့မြေးမလေးကို ရှာဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ သူ့မြေးမလေးကို ရှာဖွေရင်း တစ်လက်စတည်း ကူညီစစ်ဆေးပေးဖို့က သူ့အတွက် ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စပါပဲ။
"စားသောက်လို့ ပြီးပြီဆိုတော့ ကျွန်တော် အခု ပြန်သင့်နေပြီ"
စူးချင်းက ပြန်ရန် မတ်တပ်ထရပ်လိုက်သည်။ သခင်ကြီးချူက ဆေးကုခ ပေးရန် အိမ်တော်ထိန်းမူ အမြန်သတိပေးလိုက်သည်။
“ဒီလျန်နှစ်ထောင်က ဆေးကုခပါ၊ ဒီလျန်တစ်ထောင်ကတော့ ဒီအဘိုးကြီးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒီအဘိုးကြီးက ကျေးဇူးဆပ်တာပါ။ ကျေးဇူးပြု၍ လက်ခံပေးပါ သမားတော်လေး"
သခင်ကြီးချူက အပိုငွေ လျန်တစ်ထောင် ပေးခဲ့သော်လည်း စူးချင်းက ငြင်းဆိုလိုက်သည်။ "မဟုတ်ဘူး၊ ကတိအတိုင်း ပေးထားတဲ့ ဆွေးနွေးကုသခကိုပဲ လိုချင်တယ်"
“သမားတော်လေးက ငွေတွေကို မမက်မောဘူးပဲ၊ တကယ့်ကို လူကြီးလူကောင်းတစ်ယောက်ပါပဲ"
စူးချင်းက မျက်တောင်ပင်မခတ်ဘဲ လျန်ငွေတစ်ထောင်ကို ငြင်းပယ်လိုက်သောကြောင့် သခင်ကြီးချူက သူမ၏စရိုက်ကို ပို၍ပင် သဘောကျလာတော့သည်။
“လောင်မူ... သမားတော်လေးအတွက် ရထားလုံးတစ်စင်း ပြင်ဆင်ပေးလိုက်ပါ”
သမားတော်လေးက ပိုက်ဆံ မလိုချင်မှတော့ သူက သမားတော်လေးအတွက် တစ်ခုခု စီစဥ်ပေးရမှာပေါ့။ ရထားလုံးက လမ်းပေါ်မှာ ပြေးလွှားနေရတဲ့သူအတွက် အသုံးဝင်ဆုံးအရာပဲ။
သူက သမားတော်လေး ကပ်ဘေးကနေ တကယ်ထွက်ပြေးနေတာ ဟုတ် မဟုတ် သေသေချာချာ မသိပေမယ့် သမားတော်လေးက ဒီနေရာကို လမ်းလျှောက်လာခဲ့တာဆိုတော့ လမ်းလျှောက်ရတာထက်စာရင် ရထားလုံးတစ်စီး ရှိနေတာက ပိုကောင်းမှာ သေချာပါတယ်။
"ကျေးဇူးတင်ပါတယ်"
စူးချင်းက ရထားလုံးကို လက်ခံလိုက်သည်။ သူမက ထောင်ဟွားဝူအဖွဲ့ကို မိရန် ခရီးနှင်ရမည် ဖြစ်ပြီး ရထားလုံးက သူမကို ပိုမိုမြန်ဆန်စေလိမ့်မည်။
နောက်ဆုံးတွင် စူးချင်းက အဖွဲ့နှင့် ပြန်ပေါင်းဆုံနိုင်ခဲ့ပြီး တစ်ခုခုဖြစ်ခဲ့သည်ကို သူမ သိလိုက်ရသည်။