လူတွေရဲ့နှလုံးသားများကို ဝယ်ယူခြင်း
Vol. 11 Ch. 157
"ပြေး! ပြေးကြ ငါတို့ နောက်မှာ လူသတ်သမားတွေ ရှိတယ်!"
ထိတ်လန့်တုန်လှုပ်နေပုံရသော ဘေးဒုက္ခသည်များက အော်ဟစ်ရင်း ပြေးလွှားနေကြသည်။ သူတို့၏နောက်ရှိ ဖုန်လုံးကြီးထဲမှ ငှက်မွေးဦးထုပ်များဆောင်းထားပြီး မြင်းစီးလာသည့် ဟူလူမျိုးတစ်ဒါဇင်ခန့် ထွက်ပေါ်လာသည်။ ထိုလူများက လေးနှင့်မြှားများကို ကိုင်ဆောင်ထားကြပြီး သူတို့ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှ လူများကို မြှားဖြင့် ပစ်သတ်နေကြသည်။
“အားလုံးပဲ တောထဲကို မြန်မြန်ဝင်ကြ”
စူးချင်း အသားများ ချက်ပြုတ်ထားနေသည့်နေရာကလည်း တောထဲတွင် ဖြစ်သော်လည်း သူတို့၏ရထားလုံးများ၊ လှည်များနှင့် မြင်းများအားလုံးကို လမ်းဘေးတွင် ရပ်နားထားခြင်း ဖြစ်သည်။ ရထားလုံးနှင့် လှည်းများကို တောထဲသို့ မသွင်းနိုင်သော်လည်း မြင်းများကို တောထဲသို့ အမြန်ခေါ်သွင်းရန် ပြင်ဆင်လိုက်ကြသည်။ သို့သော်လည်း သူတို့ နောက်ကျသွားပြီဖြစ်ကာ သူတို့ မြင်းများကို မခေါ်နိုင်မီမှာပင် ဟူလူမျိုးများက မြင်းများဖြင့် ရောက်ရှိလာကြသည်။
အသား၏ရနံ့ကို အနံ့ခံမိသွားသော ဟူလူမျိုးများက သူတို့မြင်းများ၏ ဇက်ကြိုးကို ခပ်တင်းတင်း ဆွဲလိုက်ကြသည်။ ဟူလူမျိုးများ၏ခေါင်ဆောင် ဖြစ်ပုံရသောလူက သူ့မျက်နှာပေါ်တွင် ဆေးများဖြင့် ရုပ်ပုံများ ရေးဆွဲထားပြီး ကျားသစ်အရေခွံကို ၀တ်ထားသည်။ သူ့၏ခန္ဓာကိုယ်က နွားတစ်ကောင်ကဲ့သို့ သန်မာပုံရပြီး ကျိရွှေရှန့်နှင့် ရွာသားများက ရထားလုံးဘေးတွင် ရှိနေသည်ကို မြင်လိုက်သည်နှင့် သူက သူ့ပါးစပ်ကို ဖွင့်ကာ အကျယ်ကြီးရယ်မောလိုက်လေသည်။
"မင်းတို့ရဲ့မြင်းတွေကို ထားခဲ့၊ မင်းတို့ရဲ့စားစရာတွေကိုလည်း လွှဲပေးစမ်း။ ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ်"
ကျိရွှေရှန့်က ချိုးယုံခန်းနှင့် တခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး အချက်ပြလိုက်သောကြောင့် အားလုံးက တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်လိုက်ကြသည်။ သူတို့ ဟူလူမျိုးများကို ပြန်တိုက်ခိုက်ခါနီးတွင် တာရှားဘုရင့်စစ်တပ်တစ်စုက ဖုန်မှုန့်များကို ကျော်ဖြတ်ပြီး ထွက်လာကာ ဟူလူမျိုးအနည်းငယ်ကို ဝိုင်းထားလိုက်ကြသည်။
"တာ့ရှားပြည်ထောင်ကို စော်ကားတဲ့သူမှန်သမျှ ကရုဏာမထားဘဲ သတ်ပစ်မယ်”
တာရှားပြည်ထောင်၏စစ်တပ်ကို ဦးဆောင်လာသူက လူငယ်တပ်မှူးလေးတစ်ယောက်ဖြစ်သည်။ သူ့မျက်နှာက ကျောက်စိမ်းကဲ့သို့ဖြူစင်ပြီး ပြောင်လက်တောက်ပသောဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲတွင် ငွေလှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး အလွန်ရဲရင့်ပုံပေါ်နေကာ အလွန်ကြီးကျယ်ခမ်းနားသော စစ်သူကြီးတစ်ဦး၏အသွင်အပြင်ကို ဖော်ထုတ်ပြသနေသည်။
ထိုဟူလူမျိုးများက သာမန်လူများကို အနိုင်ကျင့်နေသည်အချိန်တွင် သိုးအုပ်ထဲမှ ဝံပုလွေများကဲ့သို့ ခက်ထန်နေသော်လည်း စစ်မှန်သော စစ်တပ်၏ရှေ့တွင် သူတို့က လုံးဝကို အားနည်းသွားကြသည်။ စစ်သူကြီးငယ်လေးနှင့် သူ၏လူများက ၎င်းတို့အားလုံးကို သတ်ပစ်လိုက်ကြသည်။
"အားလုံး၊ မထိတ်လန့်ကြပါနဲ့။ စစ်သူကြီးအန်းက ဟူလူမျိုးကျူးကျော်သူတွေ အားလုံးကို သတ်ပစ်လိုက်ပါပြီ”
လက်ထောက်စစ်သူကြီးဖြစ်ပုံရသည့် လူတစ်ဦးက အော်ဟစ်ပြေးလွှားနေသော ဒုက္ခသည်များကို လှမ်းအော်လိုက်သည်။ ဟူလူမျိုးမှန်သမျှ အသတ်ခံလိုက်ရကြောင်း ကြားသောအခါ ထိတ်လန့်တုန်လှုပ်နေသော ဒုက္ခသည်များက ဆက်မပြေးတော့ဘဲ ဒူးထောက်ထိုင်ချလိုက်ကြသည်။
“ကျွန်တော်မျိုးတို့ရဲ့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် စစ်သူကြီးအန်းကို ကျေးဇူးတင်ပါတယ်”
ငယ်ရွယ်သော စစ်သူကြီးလေးက သူ၏မြင်းပေါ်တွင် ခန့်ထည်သော အမူအရာဖြင့် ထိုင်နေရင်း ဒုက္ခသည်များကို ခပ်ဝင့်ဝင့် ပြန်ပြောလိုက်သည်။
“ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး။ အန်းမိသားစု ဒီမှာရှိနေသရွေ့ လူရိုင်းတွေက ငါတို့ရဲ့ တာရှားကို ကျူးကျော်နိုင်မှာ မဟုတ်ဘူး”
အန်းမိသားစု?
ကျိရွှေရှန့်က ရည်မှန်းချက်ကြီးမားပြီး စိတ်အားထက်သန်ပုံရသော စစ်သူကြီးလေးကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများကို မှေးကျဥ်းထားလိုက်သည်။
လက်ရှိဧကရာဇ်က ဝမ်မိသားစုရဲ့အင်အားကို ဟန်ချက်ညီညီ ပြန်ထိန်းနိုင်ဖို့ အန်းမိသားစုကို အသုံးပြုနေတဲ့အကြောင်း သူရဲ့မွေးစားဖခင်က သူ့ကို ပြောပြထားတယ်။ ဧကရာဇ်ဆိုတဲ့လူက တတိယလူအဖြစ် ရပ်တည်ပြီး ရေညှောင့်ကောင်ငှက်(စနိုက်ငှက်/ ဗိုလ်စားငှက်)နဲ့ ခုံးကောင်းရဲ့တိုက်ပွဲကို အကျိုးအမြတ်ယူဖို့ စောင့်နေတဲ့ တံငါသည်လို ပြုမူနေတာကို သူ သိထားပြီးပြီ။
(ရေညှောင့်ကောင်ငှက်/စနိုက်ငှက်/ ဗိုလ်စားငှက်)
ဒီငယ်ရွယ်တဲ့ စစ်သူကြီးကောင်လေးရဲ့လုပ်ရပ်ကို ကြည့်လိုက်ရင် သူက ပြည်သူတွေရဲ့နှလုံးသားကို သိမ်းသွင်းဖို့ ကြိုးစားနေတာ အရမ်းသိသာတယ်။
ဝမ်မိသားစုစစ်တပ်က ဘာမှမလုပ်ပေးတဲ့အချိန်မှာ အန်းမိသားစုစစ်တပ်က ပြည်သူတွေကို ကာကွယ်ပေးပြီး ပြည်သူတွေကြားမှာ သူတို့ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပြီး ဝမ်မိသားစုစစ်တပ်ရဲ့ဖြစ်တည်မှုကို နိမ့်ကျအောင် ဆွဲချကြလိမ့်မယ်။ ဒါက တကယ်ကို အကြံကောင်းတစ်ခုပါပဲ။
အရာအားလုံးက ကျိရွှေရှန့်၏အတွေးများနှင့် အတိအကျ ထပ်တူညီနေခဲ့ပြီး အန်းမိသားစုစစ်တပ်က သူတို့ကို အကာအကွယ်ပေးမည်ဟု ကြွေးကြော်သံကို ကြားလိုက်ချိန်တွင် ပြည်သူများက အန်းမိသားစုစစ်တပ်ကို ချီးကျူးနေကြပြီး ကျေးဇူးတင်မျက်ရည်များ ကျလာကြသည်။
အန်းကွမ်ရှင်းက လူအများ၏ချီးကျူးစကားများကို နားထောင်နေရင်း ပို၍ပင် ကျေနပ်နေပုံရသည်။ သူက သူ၏လူများကို ဟူလူမျိုး၏အလောင်းများအား ရှင်းလင်းရန် အမိန့်ပေးလိုက်သည်။
ကျိရွှေရှန့်က ဟူလူမျိုးများ၏အလောင်းများကို ကြည့်နေပြီး တစ်ခုခုမှားနေသလို ခံစားရသော်လည်း သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင် အလောင်းများကို ယူဆောင်သွားကြသည်။
အန်းကွမ်ရှင်းက ထွက်ခွာရန် ပြင်လိုက်သော်လည်း အသား၏ရနံ့ကို ရှူရှိုက်မိသွားသောကြောင့် သူက မြင်း၏ဇက်ကြိုးကို ပြန်ဆွဲကာ ရပ်တန့်လိုက်သည်။ သူက ရက်အတော်ကြာ လှည့်ပတ်ပြေးလွှားနေရပြီး ဖြစ်သလိုနေထိုင်စားသောက်ခဲ့ရသောကြောင့် ဤရနံ့ကို ရှူရှိုက်မိချိန်တွင် သူ မမေးဘဲ မနေနိုင်တော့ပေ။
"ဘယ်လောက်တောင် မွှေးလိုက်တဲ့အနံ့လဲ!"
အန်းကွမ်ရှင်းက အစားအသောက်နှင့်ပတ်သတ်လာလျှင် အလွန် ဇီဇာကြောင်သောကြောင့် သာမာန်အစာများက သူ့မျက်လုံးထဲသို့ မဝင်နိုင်ပေ။ ယနေ့တွင် ထိုအသားရနံ့က သူ့ဗိုက်ထဲမှ လောဘကို နှိုးဆွပေးနေပြီး အရသာရှိသော ဟင်းတစ်ခွက်ကို စားချင်နေမိသည်။
“ကျွန်တော်မျိုး သွားကြည့်လိုက်ပါ့မယ်”
လက်ထောက်စစ်သူကြီးက အန်းကွမ်ရှင်း၏စကားအရိပ်အယောင်ကို ခန့်မှန်းနိုင်ပြီး အန်းကွမ်ရှင်းက ထိုရနံကို စိတ်ဝင်စားနေကြောင်း သူ ပြောပြနိုင်သည်။ သူက မြင်းပေါ်က အမြန်ခုန်ဆင်းပြီး သူ့အကြီးအကဲ နှစ်သက်သော စားစရာကို ရှာဖွေရန် ထွက်သွားခဲ့သည်။
"ဒါ ဘယ်သူ ချက်ပြုတ်နေတာလဲ?"
လက်ထောက်စစ်သူကြီးက မြင်းပေါ်မှ ခုန်ဆင်းပြီး အနံအတိုင်းလိုက်ရှာလိုက်ရာ အမဲသားအိုးကြီးတစ်လုံးကို ရှာတွေ့သွားပြီး ထောင်ဟွားဝူမှ ရွာသားများကို လှမ်းမေးလိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်မျိုးတို့ရဲ့နွားကြီးက အိုမင်းပြီး သေသွားခဲ့ပါတယ်။ အဲဒါကို မဖြုန်းတီးချင်လို့ ကျွန်တော်မျိုးတို့ ချက်ပြုတ်နေတာပါ”
ချိုးယုံခန်းက သူ့လက်များ လက်ခုပ်အမြန်အုပ်လိုက်ပြီး အလျင်အမြန် ဦးညွှတ်ရင်း ပြန်ဖြေလိုက်သည်။ တာ့ရှားပြည်ထောင်တွင် ကျွဲနွားများကို သတ်ခွင့်မပြုသည့် စည်းကမ်းများ ရှိသော်လည်း အသက်ကြီး၍ သေဆုံးသွားသော ကျွဲ၊ နွားများ ရှိလျှင် တာဝန်ရှိသူများထံ သတင်းပို့ပြီး စားသုံးခွင့်ရှိသည်။
“အင်း”
လက်ထောက်စစ်သူကြီးက အသံခပ်တိုးတိုး တုံ့ပြန်ပြီး အန်းကွမ်ရှင်းကို သတင်းပို့ရန် ပြန်လှည့်လိုက်သည်။
“နွားက အိုပြီး သေသွားတာကို ဘယ်သူက သက်သေပြနိုင်လို့လဲ?”
အန်းကွမ်ရှင်းက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ လက်ထောက်စစ်သူကြီး၏နောက်မှ လိုက်ပါလာသော ချိုးယုံခန်းက ချက်ချင်း ရှေ့တိုးကာ ဦးညွှတ်လိုက်ပြီး “စစ်သူကြီးမင်း၊ ကျွန်တော်မျိုးတို့က နွားခေါင်းကို မြှုပ်ထားခဲ့ပါတယ်။ အရှင် မယုံကြည်ရင် နွားက အိုမင်းပြီး သေတာ ဟုတ်မဟုတ် စစ်ဆေးဖို့ အတွေ့အကြုံရှိတဲ့ တိရစ္ဆာန်ကုဆေးဆရာကို ဆင့်ခေါ်လို့ ရပါတယ်”
အန်းကွမ်ရှင်းက သူ့မြင်းပေါ်မှ နေပြီး ချိုးယုံခန်းကို ငုံ့ကြည့်လိုက်သည်။ ချိုးယုံခန်း၏အမူအရာက တည်ငြိမ်နေပြီး လိမ်ပုံမပေါ်ကြောင်း သူ မြင်လိုက်သည်။ သို့သော် သူက သေချာစေရန် သူ့အဖွဲ့ထဲမှ မွေးမြူရေးနှင့်ပတ်သက်ပြီး နားလည်နေသည့်သူကို စေလွှတ်ကာ ဆက်လက်စစ်ဆေးစေခဲ့သည်။
အမှန်တရားကို မတွေ့ရသေးသောကြောင့် သူက သူ့ဗိုက်ထဲမှ ဆာလောင်မှုကို သည်းခံကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် မွှေးရနံ့က စွဲဆောင်နေသောကြောင့် သူ မြည်းစမ်းကြည့်ရန် ဆန္ဒစောနေမိသည်။
နွားခေါင်းနှင့် ခွာများကို စစ်ဆေးရန် ချိုးယုံခန်းနှင့်အတူ လိုက်ပါသွားသည့်သူက အလျင်အမြန် ပြန်ရောက်လာပြီး အန်းကွမ်ရှင်းကို သတင်းပို့လိုက်သည်။
“စစ်သူကြီး၊ သူတို့က နွားကို မသတ်ခဲ့ပါဘူး။ နွားရဲ့သွားတွေကို ကြည့်လိုက်တော့ နွားရဲ့သက်တမ်းက ဆယ်နှစ်ကျော်ရှိနေပြီလို့ ခန့်မှန်းရပါတယ်။ သဘာဝအတိုင်း သေသွားတာ ဖြစ်နိုင်ပါတယ်။”
"ကောင်းတယ်၊ ကောင်းတယ်၊ မဆိုးဘူး"
အန်းကွမ်ရှင်းက ခေါင်းတညိတ်ညိတ်ဖြင့် တောထဲသို့ လှမ်းကြည့်နေပြီး သူ့မျက်လုံးထဲတွင် တောင့်တရိပ်များ ရှိနေလေသည်။ သူ့အမူအရာကို အမြဲမပြတ် အကဲခတ်နေသော လက်ထောက်စစ်သူကြီးက မြင်းပေါ်မှ အမြန်ဆင်းကာ ချိုးယုံခန်းကို လက်သီးအုပ် နှုတ်ဆက်လိုက်ပြီး “ငါတို့ အဲ့တာကို ဝယ်ချင်တယ်။ ဒီညီအစ်ကိုက သူ့ရဲ့ပိုင်ဆိုင်မှုကို ခွဲဝေပေးဖို့ ဆန္ဒရှိပါ့လားလို့ တွေးမိတယ်”
“စစ်သူကြီးမင်းက ကျွန်တော်မျိုးတို့ကို ကာကွယ်ပေးခဲ့တပါ။ ကျွန်တော်မျိုးတို့က စစ်သူကြီးမင်းကို အရိုအသေ ပြုသင့်ပါတယ်၊ ကျွန်တော်မျိုးတို့ ပိုက်ဆံ မလိုပါဘူး”
ကျိရွှေရှန့်က ဝင်ပြောလိုက်ပြီး အန်းကွမ်ရှင်းက စစ်သူကြီးငယ်ဝတ်စုံကို ၀တ်ဆင်ထားသော်လည်း သူ၏ထိုစစ်သူကြီးမင်းဟူသောစကားက အန်းကွမ်ရှင်းကို အလွန်ပျော်ရွှင်စေသည်ဟု ဆိုရမည် ဖြစ်သည်။
ကျိရွှေရှန့်က သူ ပိုက်ဆံမလိုချင်ကြောင်းပြောလေလေ၊ အန်းကွမ်ရှင်းက သူ သာမန်လူများဆီမှ အပ်တစ်ချောင်း သို့မဟုတ် အပ်ချည်တစ်မျှင်ပင် မယူချင်ကြောင်း ပြသလေလေ ဖြစ်လာပြီး သူက ပိုက်ဆံပေးချင်ရုံသာမကဘဲ အများကြီးပင် ပေးချင်လာလေ ဖြစ်နေခဲ့သည်။ သူက မြင်းပေါ်မှနေပြီး ကျိရွှေရှန့်ကို ကြင်နာသော အမူအရာဖြင့် “မင်းတို့လည်း ပြေးလွှားနေရတော့ မလွယ်ကူလောက်ဘူး။ ငါက ဒီအသားကို ဝယ်လိုက်မယ်၊ မင်းတော့က အဲ့ငွေကို စားနပ်ရိက္ခာပြန်ဝယ်ဖို့ သုံးလိုက်ကြ"
“တစ်ယောက်လောက် လာစမ်း၊ အသားအတွက် လျန်တစ်ရာပေးလိုက်”
လျန်တစ်ရာက သူတို့အတွက် တစ်လစာ ရိက္ခာဝယ်ရန် လုံလောက်နေသောကြောင့် သူ့၏စေတနာကောင်းမှုကို ပတ်ဝန်းကျင်မှလူများက ပို၍ပင် သဘောကျလာခဲ့သည်။
ကျိရွှေရှန့်က အရှေ့မှ ဦးဆောင်ပြီး အော်ဟစ်လိုက်သည်။
“စစ်သူကြီးမင်းက ပြည်သူတွေကို သူ့သားသမီးတွေလို ချစ်ခင်တယ်။ ဒါက နတ်ဘုရားတွေအနေနဲ့ တာ့ရှားပြည်ထောင် ငြိမ်းချမ်းသာယာဝပြောဖို့ ကောင်းချီးပေးတာပဲ။ ဟူလူရိုင်းတွေက စစ်သူကြီးရဲ့ဂုဏ်သတင်းကို ကြားတာနဲ့ ကြွက်တွေလို ထွက်ပြေးပြီး တာရှားကို ကျူးကျော်ဝံ့မှာ မဟုတ်ဘူး”
သူ စတင်အော်ဟစ်လိုက်သောကြောင့် အခြားပြည်သူများကပါ လိုက်အော်လာကြသည်။ အန်းကွမ်ရှင်းက သူ့၏လက်ထောက်စစ်သူကြီးကို တစ်ချက်ကြည့်ကာ ဝမ်းသာအားရ အမိန့်ပေးလိုက်သည်။
“ယူလာတဲ့ စပါးတွေကို ယာဂုကျိုပြီး ဒီလူတွေကို ဝေပေးလိုက်”
သူ့စကားကြောင့် ဘေးပတ်ဝန်းကျင်မှ ဒုက္ခသည်များ၏မျက်လုံးများက တောက်ပလာပြီး ‘စစ်သူကြီးမင်းက သက်ရှိ နတ်ဘုရားဖြကြောင်း’ ကြွေးကြော်လိုက်ကြသည်။
ကျိရွှေရှန့်က မြေပြင်မှ မတ်တပ်ထရပ်လိုက်ကာ သူ့မျက်လုံးများထဲမှ အလင်းရောင်ကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သည်။ သူက ရိုးသားသော သာမာန်ရွာသားတစ်ယောက်ကဲသို့ ပြုမူနေခဲ့သည်။
ချိုးယုံခန်းကတော့ သူ့လက်ထဲမှ လျန်တစ်ရာကို ကြည့်နေပြီး အလွန်ပျော်ရွှင်နေခဲ့သည်။
သူက အသားရောင်းဖို့ ပြင်ဆင်နေခဲ့ပြီး အခုတော့ စျေးကြီးကြီးနဲ့ ရောင်းလိုက်ရတယ်။ ဒီလျန်တစ်ရာက နွားဆယ်ကောင် ပြန်ဝယ်ဖို့တောင် လုံလောက်တယ်။
အန်းကွမ်ရှင်းက စူးချင်း၏အမဲသားကို စားပြီးနောက် ချီးကျူးခြင်းကို မရပ်တန့်နိုင်တော့ပေ။ သူက တော်ဝင်စားဖိုမှူးနှင့် ယှဉ်ပြိုင်နိုင်သော ဟင်းချက်ကျွမ်းကျင်သူကို တွေ့ဆုံချင်နေပြန်သည်။
သူ့စခန်းမှာ ထူးချွန်တဲ့ စားဖိုမှူး မရှိဘူဆိုတော့ သူ ဒီလူကို ခေါ်သွားပြီး အလုပ်ကောင်းကောင်းတစ်ခု ပေးလိုက်မယ်။
အန်းကွမ်ရှင်းက ထမင်းချက်သမားနှင့် တွေ့လိုကြောင်း သိသွားသည်နှင့် လက်ထောက်စစ်သူကြီးကလည်း ပျော်ရွှင်သွားခဲ့သည်။
ဒီအကြီးအကဲရဲ့မျက်စိထဲကို ဝင်နိုင်ရင် သင်္ချိုင်းဂူထဲက ဘိုးဘေးတွေတောင် ပျော်ရွှင်ရလိမ့်မယ်။ မိုင်ထောင်ချီလည်း ပြေးလွှားနေဖို့လည်း မလိုအပ်တော့ဘူး။
ထို့ကြောင့် သူက ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို ထပ်မေးလိုက်သည်။
"ဒီအသားကို ဘယ်သူချက်တာလဲ? စစ်သူကြီးက ထမင်းချက်သမားကို တွေ့ချင်နေတယ်”
“လူကြီးမင်း၊ ကျွန်တော်တို့ရွာက အမျိုးသမီးကြီးတစ်ယောက်က ဒီအသားကို ချက်ပြုတ်ခဲ့တာပါ။ အမျိုးသမီးကြီးတွေက ရှက်ကြောက်တက်ပြီး အရာရှိတွေကို တွေ့ဆုံဖို့ မဝံ့ရဲကြပါဘူး။ ကျေးဇူးပြုပြီး သူ(မ)ကို ခွင့်လွှတ်ပေးပါ"
ကျိရွှေရှန့်က ဤစစ်သူကြီးငယ်လေး စူးချင်းကို တွေ့ချင်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက သူတို့ ဘာကို ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်ပြီး လက်သီးအုပ်ကာ သတင်းပို့ရန် ရောက်လာခဲ့သည်။
စစ်ချီနေစဥ်အတွင်း အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်မလာရန် တားမြစ်ချက်က စစ်တပ်၏အတင်းကျပ်ဆုံးသော စည်းကမ်းများထဲတွင် ပါဝင်ပေသည်။
မျှော်လင့်ထားသည့်အတိုင်း အမျိုးသမီးတစ်ဦးက ထိုအမဲသားကို ချက်ပြုတ်ကြောင်း ကြားလိုက်ချိန်တွင် အန်းကွမ်ရှင်းက ထိုလူကို စခန်းထဲသို့ ခေါ်ဆောင်သွားမည့်အကြံကို စွန့်လွှတ်လိုက်သည်။
အန်းကွမ်ရှင်း၏ယာဂုကို လက်ခံရရှိသော ဒုက္ခသည်များအားလုံးက သူ့ကို ကျေးဇူးတင်နေကြပြီး သူ့ကို 'စစ်သူကြီးမင်း'ဟု ခေါ်ဝေါ်ကာ အရိုအသေ ပေးနေကြသည်။ အန်းကွမ်ရှင်းက လုံလုံလောက်လောက် အောင်ပွဲခံနေပြီး သာမန်လူများကို ဆက်မအော်ရန် သူ့လက်ကို ဝှေ့ယမ်းက တားဆီးလိုက်သည်။
"ငါက စစ်သူကြီးမင်း မဟုတ်ပါဘူး၊ ဒါကြောင့် ငါ့ကို အဲ့လို မခေါ်ပါနဲ့"
“စစ်သူကြီးမင်းက စစ်သူကြီးဝမ်ထက် အဆပေါင်းရာနဲ့ချီ သန်မာတယ်။ သူတောင် စစ်သူကြီးမင်း ဖြစ်နေသေးတာ စစ်သူကြီးမင်းကလည်း စစ်သူကြီးမင်းပဲ"
ကျိရွှေရှန့်က လူစုလူဝေးထဲတွင် ပုန်းအောင်းရင်း အော်ဟစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များကလည်း တညီတညွှတ်လိုက်အော်ကြပြန်သည်။
အန်းကွမ်ရှင်း၏နောက်တွင် လိုက်ပါလာသော သူလျှိုတစ်ဦးက ဤမြင်ကွင်းကို မှတ်သားထားပြီး ဝမ်ယွိလင်ထံသို့ သတင်းပြန်ပို့ခဲ့သည်။