← Chapters

ဒီတိုင်းပြည်က တည်ငြိမ်နိုင်ပါ့မလား?

Vol. 11 Ch. 158

ဒီတိုင်းပြည်က တည်ငြိမ်နိုင်ပါ့မလား?

Vol. 11 Ch. 158

ထိုသတင်းကို ကြားပြီးနောက် ဝမ်ယွင်လင်၏မျက်နှာက ချက်ချင်း မှုန်မှိုင်းသွားသည်။

ကောင်ငယ်လေး... မင်းရဲ့နားရွက်နောက်တောင်မှ စိုစွတ်နေသေးတာကို မင်းက လူတွေရဲ့ နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ သင်ယူပြီးပြီလား?

“စစ်သူကြီး၊ အန်းမိသားစုက အဆက်မပြတ် လှုပ်ရှားနေတယ်။ အခုလည်း သူတို့က ဘာမှန်းမသိနိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ပြည်သူတွေကဆီကနေ ထောက်ခံအားပေးမှုရဖို့ ပြည်သူ့တွေရဲ့နှလုံးသားကို လာဘ်ထိုးနေကြပြီ။ သူတို့မှာ ရည်မှန်းချက်အကြီးကြီးတစ်ခု ရှိတယ်ဆိုတာ ထင်ရှားနေပြီ”

လုယွဲ့က ဝမ်ယွိလင်ကို စိတ်ပူစွာ သတိပေးလိုက်သည်။

အဲ့လူတွေက သူတို့အတွက် ပုရွက်ဆိတ်သာသာဆိုပေမယ့် တစ်ခါတလေမှာ မိုင်ထောင်ချီရှည်တဲ့မြစ်ကမ်းပါးတောင်မ ပုရွက်ဆိတ်အသိုက်ကြောင့် တအိအိပဲ့ကျပြီး ပျက်စီးသွားရတက်တယ်။

လူ‌တွေကြားထဲက အန်းမိသားစုရဲ့ဂုဏ်သိက္ခာက ဝမ်မိသားစုစစ်တပ်ရဲ့အောင်မြင်မှုတွေကို ကျော်တက်နိုင်သွားရင် ဧကရာဇ်က အန်းမိသားစုကို မြှင့်တင်ပေးဖို့ ဝမ်မိသားစုကို ဖိနှိပ်စရာ အကြောင်းပြချက် ရှိသွားလိမ့်မယ်။

“ဧကရာဇ်က အချိန်တွေ အရမ်းပေါနေပုံပဲ။ အန်းမိသားစုက‌တော့ သူတို့ကိုယ်သူတို့ အရမ်းပေါ်လွင်ချင်နေတယ်ပေါ့လေ။ သူတို့က တာ့ရှားရဲ့ကန်ရေပြင်ကို ဘယ်လို မွှေနှောက်ပြီး ဘယ်လို ပြန်ထိန်သိမ်းမလဲဆဆိုတာကို ငါ ကြည့်ချင်ပါသေးရဲ့"

ဝမ်ယွိလင်က အန်းမိသားစုကို လုံးဝမထီမဲ့မြင်ပြုထားပြီး ကဲ့ရဲ့လှောင်ပြောင်နေခဲ့သည်။

ဝမ်မိသားစုစစ်တပ်ရဲ့အကာအကွယ် မပါဘဲ ဒီတိုင်းပြည်က တည်ငြိမ်နိုင်မလားဆိုတာကို သူ ကြည့်ချင်သေးတယ်။

ကျိရွှေရှန့်က ထိုအတွင်း ပဋိပက္ခများအကြောင်းကို အတိအကျ မသိနိုင်သော်လည်း သူက ၎င်းတို့ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။

ဝမ်မိသားစုက ဧကရာဇ်ကို လှည့်စားပြီး လက်အောက်ခံတွေကို သူတို့ဘာသာ အမိန့်ပေးလေ့ရှိတယ်။ ဧကရာဇ်ဆိုတာမျိုးကလည်း သူ မအိပ်ယာမဝင်ခင် အခြားသူတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ခွင့်မပြုနိုင်တဲ့ သူမျိုးပဲ။ သူက ဝမ်မိသားစုရဲ့နေရာမှာ အန်းမိသားစုကို အစားထိုးချင်ရင် ပြင်းပြင်းထန်ထန် ရုန်းကန်ရလိမ့်မယ်။ သူတို့ အချင်းချင်းရဲ့တိုက်ပွဲတွေ ပြင်းထန်လေလေ၊ သူ့အတွက် ပိုကောင်းလေလေပဲ။ ဒီရေကန်က ရွှံ့ရောင်ပေါက်နေမှ သူ လက်စားချေဖို့ အခွင့်အရေးတွေ ပိုများလာမှာပေါ့။

အန်းကွမ်ရှင်း ထွက်သွားပြီးနောက် ကျိရွှေရှန့်က သူ့လူများကို ထုပ်ပိုးသိမ်းဆည်းစေပြီး ခရီးဆက်ခဲ့ကြသည်။ သူတို့က ခရီးအကွာအဝေး၏လေးပုံတစ်ပုံမျှသာ လွှမ်းခြုံထားနိုင်ခဲ့ပြီး ကျင့်ရှီလျိုမြောင်သို့ ရောက်နိုင်ရန် ထောင်နှင့်ချီသော တောင်များနှင့် မြစ်များကို ဖြတ်ကျော်ရန် ကျန်ရှိနေသေးသည်။

ချိုးယုံခန်းက အန်းကွမ်ရှင်းထံသို့ ပြုတ်ထားသော အမဲသားများကိုသာ ရောင်းချခဲ့ပြီး သူက အခြောက်ပေါင်းထားသော အမဲသားကို မရောင်းခဲ့ဘဲ ခရီးအတွက် ယူဆောင်လာခဲ့သည်။ ထို့နောက် လမ်းခရီးတွင် စားသောက်ရန် အစာခြောက်အိုးသုံးအိုးကို ချက်ပြုတ်ခဲ့ပြီး တစ်ဦးစီအတွက်ဝေစုများကို ဝေငှပေးခဲ့သည်။ ရေ အလုံအလောက် ပြင်ဆင်ပြီးနောက် လမ်းခရီးတွင် ချက်ပြုတ်ရန် အနားမယူတော့ဘဲ ခရီးထွက်ရန် အဆင်သင့် ဖြစ်သွားခဲ့သည်။

သူတို့ မထွက်ခွာမီတွင် အ‌ဒေါ်ချိုးက သူမ၏သမီးလေး စိတ်ပြောင်းသွားပြီး အဖွဲ့ထဲသို့ ပြန်ရောက်လာမည်ကို မျှော်လင့်ရင်း လမ်းမကြီးကို ငေးကြည့်နေခဲ့သည်။

ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ စစ်ပွဲတွေကြားထဲမှာ မိန်းခလေးတစ်ယောက်တည်း ဘယ်လို ရပ်တည်နိုင်မှာလဲ?

သူမက အလွန်စိုးရိမ်နေသော်လည်း ချိုးယွဲ့၏အရိပ်အယောင်ကိုပင် ရှာမတွေ့နိုင်ခဲ့ပေ။

စူးချင်းက ရထားလုံးပေါ်တွင် ထိုင်နေပြီး အမဲသားပြုတ်နှင့် မန်ထိုကို တွဲဖက်စားသောက်နေခဲ့သည်။ ကျိရှောင်ယင်ကတော့ နွားအိုကြီးအတွက် ခံစားနေရပြီး သူ့အသားကို မစားရက်နိုင်သောကြောင့် သူမက မန်ထိုကိုသာ စားနေခဲ့သည်။

သခင်ကြီးချူ ထည့်ပေးလိုက်သော မန်ထိုအားလုံးကို သန့်စင်သော အဖြူရောင် ဂျုံမှုန့်ဖြင့် ပြုလုပ်ထားပြီး အခြောက်ခံထားသည့် အချိန်တွင်ပင် မွှေးကြိုင်နေသေးသည်။

စူးချင်းကလည်း ကျိရှောင်ယင်ကို အသားစားရန် အတင်းအကြပ် ဖိအားမပေးခဲ့ပေ။ သူမ ဗိုက်ပြည့်သွားပြီးနောက် စူးချင်းက နွားအရွတ်များကို စတင်စစ်ဆေးလိုက်သည်။ နွားတစ်ကောင်၏အရွတ်များကို ဒူးလေးရှစ်ခုပြုလုပ်ရန် လုံလောက်သောပမာဏ ဖြစ်သည်။ ထောင်ဟွားဝူတွင် မိန်းကလေး ခုနစ်ယောက် ရှစ်ယောက်ခန့်သာ ရှိသောကြောင့် လုံလောက်သည်ဟု ဆိုရပေတော့မည်။

"အစ်မ ဘာတွေလုပ်နေတာလဲ?"

ကျိရှောင်ယင်က သူမ၏ မန်ထိုကို လက်စသတ်လိုက်ပြီး သူမ၏မွေးစားအမေကို အရင် စစ်ဆေးကြည့်လိုက်သည်။ သူမမွေးစားအမေ၏အသက်ရှူသံက တည်ငြိမ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမ စိတ်သက်သာရာရသွားပြီး ပြန်ထိုင်နေလိုက်သည်။ ထို့နောက် စူးချင်းက နွားအရွတ်များကို စူးစိုက်နေသည်အား မြင်လိုက်ပြီး လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

“ဒူးလေး လုပ်မလို့၊ နောက်ဆိုရင် မင်းတို့အားလုံး ဒူးလေး အသုံးပြုနည်းကို သင်ထားမှ ဖြစ်မယ်။ ငါက မင်းရဲ့အနားမှာ အမြဲရှိပေးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းကိုယ်မင်း ကာကွယ်ဖို့ ဒါကို သင်ယူရမယ်"

စူးချင်းက ကျိရှောင်ယင်ကို ခပ်တင်းတင်းအမူအရာဖြင့် သတိပေးလိုက်သည်။

ဒီခရီးက အန္တရာယ်တွေနဲ့ ပြည့်နှက်နေမှတော့ အခြားသူတွေကို အားကိုးနေတာထက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိတာက ပိုကောင်းလိမ့်မယ်။

အဲ့ဒါကြောင့် သူမ ဒီမိန်းကလေးတွေအားလုံးကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒူးလေးက အနီးကပ်ပစ်နိုင်တဲ့အတွက် မိမိကိုယ်ကို အကောင်းဆုံး ခုခံကာကွယ်နိုင်ပြီး ရန်သူကို တုံ့ပြန်သတ်ဖြတ်နိုင်မယ့် လက်နက်ပဲ။

ပြီးတော့ ကျိရှောင်ယင်ရဲ့နောက်ခံကလည်း သူမ သာမန်လူတစ်ယောက်လို ဘယ်တော့မှ နေနိုင်ဖို့ ကံကြမ္မာဖန်တီးထားပြီးသားဖြစ်နေပုံပဲ။ ကျိရှောင်ယင်အတွက်ကတော့ ဒူးလေးအသုံးပြုနည်းကို သင်ကြားရုံသာမကပဲ တစ်ချက်တည်းနဲ့ အသေပစ်သတ်နိုင်တဲ့အထိ သင်ယူရလိမ့်မယ်။

"ကောင်းပါပြီ ကျွန်မ သေသေချာချာ သင်ယူပါ့မယ်"

ကျိရှောင်ယင်က အလေးအနက် ခေါင်းညိတ်လိုက်သည်။

သူမလည်း အစ်မစူးချင်းလိုမျိုး အရည်အချင်းတွေကို ပိုင်ဆိုင်ချင်တယ်။

စူးချင်း ဒူးလေး ပြလုပ်နေချိန်တွင် ကျိရှောင်ယင်က ဘေးမှ ကူညီပေးပြီး စူးချင်း လိုအပ်တာမှန်သမျှကို လှမ်းယူပေးနေခဲ့သည်။

အမျိုးသမီးလီ သတိမေ့မြောရာမှ ပြန်နိုးလာချိန်တွင် စူးချင်းက ဒူးလေးနှစ်ချောင်းကို ပြုလုပ်ပြီးသွားပြီ ဖြစ်ကာ တတိယမြောက်ဒူးလေးကို ပြုလုပ်ရန် ပြင်ဆင်နေခဲ့သည်။

"မွေးစားအမေ၊ နိုးလာပြီလား?"

ကျိရှောင်ယင်က သူမ၏မွေးစားအမေ ပြန်နိုးလာသည်ကို မြင်သွားပြီး ဝမ်းသာအားရ ထူမပေးလိုက်သည်။ အမျိုးသမီးလီက သူမ အသက်ရှင်နိုင်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာများ ရှိနေသေးသည်။ ကျိရှောင်ယင်ကို မြင်လိုက်ပြီးနောက်မှသာ သူမ မသေသေးကြောင်း သူမ လက်ခံလိုက်ရသည်။

“နိုးပြီတဲ့လား? ငါ အသက်ရှင်နေသေးတယ်ပေါ့"

အမျိုးသမီးလီက မျက်ရည်စများဖြင့် ပြုံးလိုက်သည်။

ဒါဆို သူမရဲ့သားလေးကို လက်ထပ်တာကို မြင်နိုင်ဦးမှာပေါ့၊ အရမ်းကောင်းတယ်။

"ဒုတိယအစ်ကို၊ မွေးစားအမေ နိုးနေပြီ"

ကျိရှောင်ယင်က ရထားလုံး၏ အပြင်ဘက်သို့ ပျော်ပျော်ရွှင်ရွှင် လှမ်းအော်ပြောလိုက်သည်။ ကျုံးယုံက ရထားလုံး၏ရှေ့ခုံပေါ်တွင် ထိုင်နေပြီး သူက ရှည်လွန်းသောအရပ်ကြောင့် သူ ရထားခုံပေါ် ထိုင်နေလျှင် သူ့၏ခြေထောက်ရှည်များက မြေကြီးပေါ်သို့ ထိနေကာ ပွတ်ဆွဲလုမတက်ဖြစ်နေလေသည်။ သို့သော်လည်း သူက သူ့အမေကို အကာအကွယ် ပေးချင်နေသောကြောင့် အနောက်မှ လှည်းများပေါ်တွင် ထိုင်မနေချင်ခဲ့ပေ။

သူ့အမေ ပြန်နိုးလာသည်ဟု ကြားလိုက်သည်နှင့် ကျုံးယုံက ရထားလုံးထဲသို့ တွားသွားဝင်သွားရင်း အဆုတ်ထိပ်မှ အသံဖြင့် ငိုနေပြန်သည်။ သူက ရထားလုံး၏ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး သူ့ခေါင်းက ရထားလုံး၏ခေါင်မိုးနှင့် ထိကပ်နေသော်လည်း သူက ခေါင်းကို ငုံထားကာ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

"အမေ၊ ကျွန်တော် အမေ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ"

"ယုံအာ၊ အမေက မင်းကို လက်ထပ်ပေးချင်သေးတယ်။ မင်းအဖေက မင်းအတွက် အိမ်ထောင်ရေးကောင်းတစ်ခု စီစဉ်ပေးထားခဲ့တယ်။ မင်းအမေက မင်းရဲ့ဇနီး အမေတို့မိသားစုထဲကို ဝင်လာတာကို ကြည့်ချင်သေးတယ်လေ”

အမျိုးသမီးလီက သားဖြစ်သူ၏မျက်နှာကို သူမ၏လက်ဖဝါးများဖြင့် ဆုပ်ကိုင်ထားပြီး သူမကိုယ်တိုင်လည်း မျက်ရည်များ စီးကျနေသည်။ သူမက ကျုံးယုံ၏အိမ်ထောင်ရေးအကြောင်းကို ပထမဆုံးအကြိမ် ပြောဖူးခြင်း ဖြစ်ပြီး စူးချင်းက သူမ၏ခေါင်းကို မော့ကာ အမျိုးသမီးလီကို တစ်ချက်ကြည့်လိုက်သည်။

“အမေ၊ ကျွန်တော် မိန်းမ မရှာဘူး။ ယုံအာက အမေကိုပဲ လုပ်ကျွေးပြုစုချင်တယ်"

ကျုံးယုံက ခေါင်းခါလိုက်ပြီး ရယ်ချင်စရာကောင်းသော အသံဖြင့် ပြန်ပြောလိုက်သည်။

"လူမိုက်ကလေး၊ မင်းက ဘာလို့ မိန်းမကို မရှာချင်တာလဲ? မင်းက မိသားစုရဲ့မျိုးဆက် ထိန်းသိမ်းဖို့ လိုနေသေးတယ်လေ!”

အမျိုးသမီးလီက ကျုံးယုံကို ကြင်နာစွာ ကြည့်နေရင်း မျက်ရည်များကြားမှ ပြုံးနေလေသည်။

သူမရဲ့သားမိုက်လေးက ငယ်ငယ်က နေမကောင်း မဖြစ်ခဲ့ရင် အစ်ကိုဖုန်းလိုပဲ ထူးချွန်ထက်မြက်မှာ သေချာတယ်။

"မွေးစားအမေ၊ မွေးစားအမေက ဒုတိယအစ်ကိုကို မွေးကတည်းက စေ့စပ်ပေးခဲ့တာလား?"

ကျိရှောင်ယင်က အမျိုးသမီးလီကို စပ်စုကြည့်လိုက်သည်။

“အင်း၊ ငါမှာ ကိုယ်ဝန်မရှိခင်ကတည်းက စေ့စပ်ပေးခဲ့တာ”

အမျိုးသမီးလီက အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏အင်္ကျီလက်ကို မြှောက်လိုက်ကာ သူမ၏မျက်ရည်များကို သုတ်လိုက်သည်။

"ဒါဆို အဲ့ဒီကောင်မလေး ဘယ်ရောက်နေလဲဆိုတာ သိလား?"

ကျိရှောင်ယင်က သူမ၏အနာဂတ်ဒုတိယယောင်းမကို မြင်ချင်နေမိသည်။

သူမက နူးညံ့တဲ့မိန်းခလေးလား? အစ်မချိုးယွဲ့လောက် ခေါင်းမမာ ပါစေနဲ့။

“မွေးစားအမေ… မွေစားအမေလည်း… သေသေချာချာ မသိဘူး”

အမျိုးသမီးလီက ကျိရှောင်ယင်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီး ချီတုံချတုံ ပြန်ဖြေလိုက်သည်။

"မသေချာဘူးလား? အဲ့တာဆို သူ(မ) ဘယ်မှာနေလဲဆိုတာ မွေးစားအမေ မသိဘူးလို့ ဆိုလိုတာလား?"

ကျိရှောင်ယင်က သူမ မွေးစားအမေ၏ စကားများက အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

"မသေချာသေးတာပါ"

အမျိုးသမီးလီက ကျိရှောင်ယင်ကို ကြင်နာစွာ ကြည့်နေပြီး သူမ၏အပြုံးက ဆောင်းရာသီတွင် ထွက်လာသော နေရောင်ကဲ့သို့နွေးထွေးကာ အခြားသူ၏နှလုံးသားထဲသို့ရောက်အောင် တောက်ပနေခဲ့သည်။

"ဆိုလိုတာက မွေးစားအမေ သူ(မ)ကို ရှာတွေ့ပြီလား? သူ(မ) ဘယ်မှာလဲ? ကျွန်မရဲ့အနာဂတ် ဒုတိယယောင်းမကို တွေ့ချင်တယ်"

အမျိုးသမီးလီကို စိတ်လှုပ်ရှားစွာ မေးနေရင်း ကျိရှောင်ယင်၏မျက်လုံးများက တောက်ပလာသည်။

“ခဏလောက်စောင့်ရအောင်။ အချိန်မကျသေးဘူး”

အမျိုးသမီးလီက ကျိရှောင်ယင်၏သိချင်စိတ်ကို ဖြည့်ဆည်းပေးရန် ငြင်းဆန်ကာ ခေါင်းယမ်းလိုက်သည်။

လေးရက်ကြာပြီးနောက် အဖွဲ့က ဖူရှန့်(ဖူခရိုင်)သို့ ရောက်ရှိလာခဲ့ကြသည်။ မြို့၏နာမည်က ကောင်းမွန်ပြီး ဖူရှန့်က အလွန်ချမ်းသာသည်ဟု ထင်ရသော်လည်း သူတို့ ရောက်သွားသည့်အချိန်တွင် အပျက်အစီးများကို တွေ့ခဲ့ကြရသည်။ မီးခိုးများ တလူလူ လွင့်နေဆဲဖြစ်ကာ မြို့ရိုးပေါ်မှ အလံများက ဖြတ်တောက်ခံထားရပြီး မြို့တံခါးအနီးတွင် အချိန်မီ မကောက်ယူရသေးသော အလောင်းများပင် ရှိနေဆဲဖြစ်သည်။

အလောင်းများက ဓားများ၊ ပုဆိန်များဖြင့် ခုတ်သတ်ခံထားရပုံပေါ်ပြီး မြို့စောင့်တပ်သားများ၊ သာမန်လူများနှင့် ဒုက္ခသည်များ ပါဝင်နေကြသည်။

"ဘာတွေဖြစ်ခဲ့တာလဲ?"

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ဖူရှန့်၏ အခြေအနေကို မြင်သွားပြီး ထိတ်လန့်သွားကြသည်။ အစပိုင်းတွင် သူတို့က ဖူရှန့်တွင် စားနပ်ရိက္ခာဝယ်ရန် တွေးထားသော်လည်း ဤအခြေအနေမျိုးတွင် မြို့ထဲသို့ မဝင်ရဲတော့ပေ။

"ငါ သွားမေးလိုက်မယ်"

ချိုးယုံခန်းက ရှေ့တိုးပြီး သွားမေးရန ပြင်လိုက်သော်လည်း ကျိရွှေရှန့်က သူ့တို တားဆီးလိုက်သည်။

“မသွားနဲ့... သူတို့က မင်းကို သူလျှိုလို့ စွပ်စွဲကြလိမ့်မယ်”

ချိုးယုံခန်းက သူ့ခြေလှမ်းကို ရပ်လိုက်သည်။ ဖူရှန့်၏မြို့တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားသော်လည်း မြို့စောင့်တပ်သားများက မြို့တံခါး၏မျှော်စင်ပေါ်တွင် ရပ်နေကာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြသည်။

အထူးသဖြင့် မြို့စောင့်တပ်သားများက သူတို့အဖွဲ့ကို စောင့်ကြည့်နေကြသည်။

“သွားကြစို့”

ကျိရွှေရှန့်က ချိုးယုံခန်းကို ပြန်ခေါ်ကာ အဖွဲ့ထဲသို့ ပြန်ရောက်လာခဲ့သည်။ ရွာလူကြီးချိုးက အလျင်စလိုဖြင့် “ဘာဖြစ်လို့လဲ?”

“ကျွန်တော်တို့လည်း မသိသေးဘူး။ ဒီနေရာကနေ မြန်မြန်ထွက်သွားကြရအောင်"

ချိုးယုံခန်းက ခေါင်းခါလိုက်သောကြောင့် ရွာလူကြီးချိုးက စိုးရိမ်နေသော အမူအရာဖြင့် “စားစရာတွေ မရှိတော့ဘူး။ ဖူရှန့်ကနေ နောက်တစ်မြို့ကို ရောက်ဖို့ ရက်အနည်းငယ် ကြာလိမ့်မယ်။ နောက်ရက်အနည်းငယ်မှာ ငါတို့ ဘယ်လိုတွေ စားသောက်ကြမှာလဲ?”

ကျိရွှေရှန့်က ရွာလူကြီးချိုးကို နှစ်သိမ့်ပေးချင်သောကြောင့် ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့ ထွက်ပြေးလာစတုန်းကလည်း ဘာမှ မရှိခဲ့ဘူး။ အဲ့တုန်းကတောင် ကျွန်တော်တို့ ရှင်သန်နိုင်ရင် အခုလည်း ကျွန်တော်တို့ ရှင်သန်နိုင်ပါတယ်”

"ငါတို့ ခရီးဆက်ကြရအောင်။"

ကျိရွှေရှန့်က လူတိုင်းကို အော်ပြောလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် သူတို့ မသွားရသေးခင်မှာပင် အဖွဲ့တစ်ဖွဲ့က အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို သူတို့ တွေ့လိုက်ရသည်။

All Chapters