အရေးကြီးသော ရှာဖွေတွေ့ရှိမှု
Vol. 11 Ch. 161
ရှောင်ချီ၏အသံ ထွက်လာသည်နှင့် တပြိုင်နက် စူးချင်းက ကျိရှောင်ယင်ကို ပွေ့ယူလိုက်ပြီး နွယ်ကြိုးကို အားပြုကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူမ အပေါ်မှ ပြန်ငုံ့ကြည့်လိုက်ချိန်တွင် အမြဲတမ်း မျက်တောင်မခတ် လူသတ်လေ့ရှိသော သူမပင်လျှင် သူမ၏သွေးများထဲမှ အေးစိမ့်လာသလို ခံစားလိုက်ရသည်။
လိုဏ်ဂူထဲတွင် အနီရင့်ရောင်နှင့် အနက်ရောင် ကင်းခြေများကြီးများ တွားသွားနေပြီး ၎င်းတို့အားလုံးက အဆိပ်ပြင်းသော ကင်းခြေများကြီးများ ဖြစ်ကြသည်။ သူတို့၏ တုတ်ခိုင်သော ခြေချောင်းများက မြေပြင်ပေါ်တွင် အလျင်အမြန် ရွှေ့လျားနေကြပြီး ထိုခြေချောင်းများ မြေကြီးကို ပွတ်တိုက်နေသည့်အသံကပင် ကြက်သီးထစေသည်အထိ တုန်လှုပ်ရန် လုံလောက်နေပြီ ဖြစ်သည်။
"ရှောင်ချီ.... ရေနံဆီ"
စူးချင်းက ရှောင်ချီ့ကို အမိန့်ပေးလိုက်သည်။ ကင်းခြေများက မီးကို ကြောက်သောကြောင့် စူးချင်းက ထိုကင်းခြေများကြီးများကို မီးဖြင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ရှောင်ချီက သူမ၏လုပ်လက်စ ဆေးလုံးများကို အမြန်ချလိုက်ပြီး ရေနံဆီတစ်အိုးကို အမြန် လှမ်းယူပေးလိုက်သည်။ ထိုရေနံဆီများက စူးချင်းက ကျိရမ်ထန်ထံမှ သိမ်းယူခဲ့သော ရေနံဆီများ ဖြစ်သည်။
စူးချင်းက ရေနီဆီအိုးကို လှမ်းယူလိုက်ပြီး ကင်းခြေများကြီးများပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် သူမက မီးစာတိုင်ကို ပစ်ချလိုက်သောကြောင့် လိုဏ်ဂူ၏အောက်ခြေတွင် မီးပင်လယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စူးချင်းက ကျိရှောင်ယင်ကို သယ်ထားရင်း ဘေးကင်းသော အကွာအဝေးအထိ ပြန်တွယ်တက်လာခဲ့သည်။ မီးပင်လယ်ထဲမှ ကင်းခြေများကြီးများက လူးလွန့်နေပြီး နာကျင်စွာ အော်ဟစ်နေသည်ကိုလည်း သူမ လှမ်းမြင်နေရသည်။
ရေနံဆီက အောက်ခြေရှိ ကင်းခြေများကြီးများကိုသာ လောင်ကျွမ်းစေနိုင်ပြီး နံရံပေါ်သို့ တွယ်တက်လာသော ကင်းခြေများကြီးများကို မဟန့်တားနိုင်တော့ပေ။ ကင်းခြေများကြီးများက စူးချင်း၏ နွယ်ကြီးဆီသို့ ဦးတည်ကာ တွားသွားနေကြသဖြင့် နွယ်ကြိုးပင်လျှင် မလုံခြုံတော့ပေ။
သူမ၏အောက်တွင် မီးပင်လယ်ဖြစ်နေပြီး သူမအထက်တွင် အဆိပ်ပြင်းသည့် ကင်းခြေများကြီးများ ရှိနေသောကြောင့် စူးချင်းက အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
“သခင်၊ ဒီဆေးကို ဖြန်းလိုက်ပါ”
ရှောင်ချီက စူးချင်းဆီသို့ အင်းဆက်သတ်ဆေးမှုန့်တစ်ထုပ် လှမ်းပေးလိုက်သည်။
ရှောင်ချီက သူမအတွက် အဲ့လောက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ အခု အရေးပေါ်အခြေအနေမှာတောင် ရှောင်ချီက သူမအတွက် ဆေးတွေကို အဆင်သင့်လုပ်ပေးထားနိုင်သေးတယ်။
သို့သော်လည်း စူးချင်းက အတွေးများအတွက် အချိန်မဖြုန်းနိုင်တော့ပေ။ သူမက ကျိရှောင်ယင်ကို သူမ၏ခြေထောက်များဖြင့် ရစ်ပတ်ကာ ချိတ်ဆွဲထားလိုက်ပြီး လွတ်သွားသော လက်ဖြင့် ကင်းခြေများကြီးများပေါ်သို့ ဆေးမှုန့်ဖြန်းချလိုက်သည်။ ဆေးမှုန့်က ကင်းခြေများကြီးများကို ဟန့်တားထားနိုင်ပြီး ၎င်းတို့က အလွန့်အကျွံ မတိုးလာရဲတော့ပေ။ သို့သော် ၎င်းတို့က လုံးဝ ပြန်လှည့်မသွားဘဲ ၎င်းတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်တန်းရင်း အော်ဟစ်မြည်တမ်းနေကြသည်။
စူးချင်း၏ဘယ်ဘက်တွင် ရှိနေသည့် အကြီးဆုံးကင်းခြေများကြီးက လူတစ်ရပ်လောက် ရှည်လျားပြီး ၎င်းတို့၏ ခြေထောက်များက ချွန်ထက်သော ဓားသွားများကဲ့သို့ ဖြစ်နေလေသည်။ ကျိရွှေရှန့် ယခင်က တွေ့ကြုံခဲ့ဖူးသော ကင်းခြေများကြီးကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သိသာထင်ရှားသော ကွာခြားချက်မှာ ယခင်ကကင်းခြေများကြီးက အနီရောင်ဖြစ်ပြီး၊ ယခုအကောင်က အနက်ရောင်ဖြစ်သည်။ ၎င်း၏ဦးခေါင်းက ယခင်အကောင်ထက် ပိုသိသိသာသာ ကြီးမားနေပြီး ၎င်း၏ခန္ဓာကိုယ်က ပိုတုန်ကာ အလျားလည်း ပိုရှည်သည်။ ၎င်း၏ခေါင်းပေါ်ရှိ မျက်လုံးကြီးနှစ်လုံးက အစိမ်းရောင်သန်းနေပြီး ထိုမျက်လုံးစိမ်းကြီးများက စူးချင်းကို စိုက်ကြည့်နေလေသည်။
"ရှောင်ချီ ဒီဆေးမှုန့်က သူ့အတွက် အသုံးမဝင်ဘူး"
စူးချင်းက ကျိရှောင်ယင်ကို ပြန်ပွေ့ဖက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်သို့ တင်လိုက်ကာ နွယ်ကြိုးကို အသုံးပြုပြီး ချည်နှောင်လိုက်သည်။ ထို့ကြောင့် သူမ၏ လက်နှစ်ဖက်လုံး လွတ်လွတ်လပ်လပ် လှုပ်ရှားရန် အဆင်သင့်ဖြစ်သွားခဲ့သည်။ အလိုက်သိသော ရှောင်ချီက စူးချင်းအတွက် စနစ်ထဲမှ သံမဏိဓားတစ်ချောင်းကို ထုတ်ယူပေးလိုက်ပြီး စူးချင်းက ထိုဓားကို ကိုင်ထားရင်း အချိန်မရွေး တိုက်ခိုက်လာနိုင်သော အနက်ရောင်ကင်းခြေများကြီးကို ပြန်စိုက်ကြည့်နေခဲ့သည်။
နှစ်ဦးနှစ်ဘက် ထိပ်တိုက်တွေ့ဆုံတော့မည့်ပုံစံမျိုး ဖြစ်လာသော်လည်း နှစ်ဘက်စလုံးက အလျင်စလို မလှုပ်ရှားဘဲ စောင့်ကြည့်နေကြသည်။ ထို့နောက်တွင် အနက်ရောင် ကင်းခြေများကြီးက ရုတ်တရက် အော်ဟစ်လိုက်ပြီး ကျောက်နံရံမှ ခွာကာ စူးချင်းထံသို့ ပျံသန်းလာခဲ့သည်။ ၎င်း၏ဓါးနှင့်တူသော ခြေထောက်တုတ်တုတ်ကြီးများက မရေမတွက်နိုင်အောင် ပေါများလှပြီး စူးချင်းကို ထိုးသတ်ရန် ပြေးဝင်လာကြသည်။
စူးချင်းဘက်တွင်လည်း သူမအတွက် ပုန်းခိုစရာ နေရာမရှိသောကြောင့် သူမ၏ ကင်းခြေများကြီး၏ဦးခေါင်းကို သံမဏိဓားဖြင့် ခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအရာက ကျောက်တုံးကို ခုတ်ပိုင်းလိုက်ရသလို ဖြစ်သွားပြီး ဓားက ကွေးကောက်သွားသော်လည်း ကင်းခြေများကြီး၏ဦးခေါင်းကတော့ ထိခိုက်မှု မရှိခဲ့ပေ။
စူးချင်းက သူမ ကင်းခြေများကြီးကို ခုတ်ပိုင်းရန် ကျဆုံးသွားကြောင်း ချက်ချင်း သဘောပေါက်သွားပြီး ကင်းခြေများကြီး၏မျက်လုံးထဲသို့ ဓားကို ထိုးထည့်လိုက်သည်။ ကင်းခြေများကြီးက သူမထံသို့ နီးကပ်လာပြီ ဖြစ်သော်လည်း ၎င်း၏မျက်လုံးများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် စူးချင်း၏ဓားကို ရှောင်ထွက်သွားခဲ့သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က အောက်ဘက်ရှိ အခြေအနေကို အာရုံစိုက်နေခဲ့ကြပြီး ဂူအောက်ခြေရှိ မီးရောင်က ပိုမိုပြင်းထန်လာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့ကြောင့် နှစ်ယောက်သား ဂူအဝင်ဝကို ချဲ့ထွင်ရန် စတင် အလုပ်ရှုပ်သွားကြသည်။
နောက်ပိုင်းတွင် ကင်းခြေများကြီးက စူးချင်းအား တိုက်ခိုက်နေသည်ကို မြင်နေရသော်လည်း ကျိရွှေရှန့်က သူမတို့ကို ကယ်တင်ရန် မဆင်းသွားနိုင်သေးပေ။ ထို့ကြောင့် သူက သူ့၏ရတနာဓားကို အမြန်ထုတ်ပြီး ပစ်ချပေးလိုက်သည်။
"စူးချင်း ဖမ်းလိုက်"
အနက်ရောင်ကင်းခြေများကြီးက ထပ်မံအော်ဟစ်လိုက်ပြီး စူးချင်းဆီသို့ ပျံသန်းလာပြန်သည်။ ကျိရွေ့ရှန့်၏အသံကို ကြားသည်နှင့် တပြိုင်နက် စူးချင်းက သူမ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ရတနာဓားကို ဖမ်းယူရန် သူမ၏လက်ကို ဆန့်တန်းလိုက်ပြီး ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ရတနာဓား၏ အေးစက်သော အလင်းရောင်က မီးရောင်ကြောင့် ပိုလင်းလက်လာပြီး ထိုစူးရှသောအလင်းတန်းက အနက်ရောင်ကင်းခြေများကြီး၏ အမြင်အာရုံကို မည်းမှောင်သွားစေခဲ့သည်။ ထိုကြောင့် ၎င်းက အော်ဟစ်သံနှင့်အတူ သူမ ဘေးနားသို့ ပျံသန်းလာချိန်တွင် စူးချင်းက သူမ၏လက်ထဲတွင် ရတနာဓားဖြင့် အမြန် ခုတ်ပိုင်းလိုက်သောကြောင့် ကင်းခြေများကြီး၏အမြီးပိုင်းက အောက်မှ မီးပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
ထို့နောက် ကင်းခြေများကြီးဆီမှ သွေးများ ပန်းထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်ကလည်း လေထဲမှ ပြုတ်ကျကာ မီးပင်လယ်ထဲသို့ ထိုးဆင်းသွားတော့သည်။ ထိုမီးပင်လယ်ထဲမှ တုန်လှုပ်ခြောက်ခြားဖွယ် အော်ဟစ်သံကြီးက သတိလစ်နေသော ကျိရှောင်ယင်ကိုပင် ပြန်နိုးစေခဲ့သည်။ ကျိရှောင်ယင်၏မျက်လုံးများက ပွင့်လာခဲ့သော်လည်း မီးထဲတွင် တွန့်လိမ်နေသည့် ကင်းခြေများကြီးကို တွေ့ချိန်တွင် သူမက ထိတ်လန့်သွားပြီး မေ့မျောသွားပြန်သည်။
ရှောင်ချီက ပို၍ အစွမ်းထက်သော အင်းဆက်သတ်ဆေးမှုန့်ကို ထပ်လုပ်ထားခဲ့သည်။ စူးချင်းက ၎င်းကို လှမ်းယူလိုက်ပြီး ထပ်ဖြူးချလိုက်သည်။ နောက်ဆုံးတွင် ကျောက်နံရံပေါ်တွင် တွယ်ကပ်နေနိုင်သေးသည့် ကင်းခြေများကြီးများအားလုံး မီးပင်လယ်ထဲသို့ ထိုးကျသွားတော့သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ဂူဝင်ပေါက်ကို တိုးချဲ့ထားပြီး ဖြစ်သောကြောင့် သူတို့က အောက်မှ အခြေအနေကို မြင်နေရပြီး စူးချင်းနှင့် ကျိရှောင်ယင်ကို အမြန်ဆွဲတင်လိုက်ကြသည်။
ကျိရွှေရှန့်က စူးချင်းနှင့် ကျိရှောင်ယင် ရစ်ပတ်ထားသော နွယ်ကြိုးကို ပြန်ဖြည်ရန် ကူညီပေးနေရင်း စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
"မင်း အဆင်ပြေရဲ့လား?"
"ဘာမှ မဖြစ်ဘူး"
စူးချင်းက ခေါင်းခါလိုက်သော်လည်း သူမ၏အဝတ်များတွေ ချွေးများ ရွှဲနစ်နေသည်ကို သူမဘာသာသူမ သိနေခဲ့သည်။
ချိုးယုံခန်းက ကျိရှောင်ယင်ကို စိုးရိမ်တကြီး ကြည့်နေပြီး သူမ၏မျက်နှာပေါ်မှ သွေးများကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားတစ်ခုလုံး နာကျင်သွားရသည်။ သူက ကျိရွှေရှန့်ကို လှမ်းကြည့်ကာ စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
"ရှောင်ယင်ရဲ့ဒဏ်ရာက အရမ်းပြင်းထန်ပုံရတယ်"
စူးချင်း အဆင်ပြေကြောင်း သိပြီးသည်နှင့် ကျိရွှေရှန့်က ချိုးယုံခန်းလက်ထဲမှ သူ့ညီမကို လှမ်းကြည့်လိုက်သည်။ သူက ကျိရှောင်ယင်၏သွေးခုန်နှုန်းကို စမ်းသပ်ရန် ပြင်လိုက်သော်လည်း စူးချင်းက သူ့ကို တားဆီးလိုက်သည်။
"ကျွန်မ ကုပေးမယ်"
"ကျေးဇူးပဲ"
စူးချင်း၏ဆေးပညာကျွမ်းကျင်မှုက သူ့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း သိထားသောကြောင့် ကျိရွှေရှန့်က သူမကို ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ဘေးတွင် ရပ်နေပြီး သူ့ညီမလေးကို နာကျင်စွာ စိုက်ကြည့်နေခဲ့သည်။
ရှောင်ချီက ဆေးများကို ပြင်ဆင်ထားပြီး စူးချင်းကို လှမ်းပေးလိုက်သည်။ အကြောနှင့်အရိုးဆေးအတွက် ဆေးလုံးက ကျိရှောင်ယင်၏ကျိုးနေသော အရိုးများကို ပြုပြင်ပေးနိုင်သည်။ ဦးနှောက်ရှင်းလင်းဆေးက ကျိရှောင်ယင်၏ဦးခေါင်းမှ အတွင်းဒဏ်ရာကို ပျောက်ကင်းစေနိုင်သည်။ အတွင်းပိုင်းအင်္ဂါများကို ကုသပေးသော ပြန်လည်ထူထောင်ရေးဆေးလုံးက အနှစ်တစ်ထောင်သက်တမ်းရှိလင်ဇီးကို အသုံးပြုထားခြင်း မရှိဘဲ ပုံမှန်လင်ဇီးဖြင့်သာ ပြုလုပ်ထားသော်လည်း ကျိရှောင်ယင်၏အခြေအနေအတွက် လုံလောက်နေသေးသည်။
စူးချင်းက ကျိရှောင်ယင်ကို ဆေးသုံးလုံး တိုက်ခဲ့ပြီး လက်ဖက်ရည်ခွက်တစ်ဝက်ကုန်စာထက် နည်းသောအချိန်ဖြင့် ကျိရှောင်ယင် ပြန်နိုးလာခဲ့သည်။ သူမ၏မျက်နှာက သိသိသာသာ နီမြန်းလာပြီဖြစ်ကာ သူမက စူးချင်းကို မြင်လိုက်သည်နှင့် စူးချင်း၏ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။
“အစ်မစူးချင်း၊ ကျွန်မ အရမ်း ကြောက်တယ်။ ကျွန်မ အစ်မကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ!"
ကျိရှောင်ယင်က သူမ ပြုတ်ကျသွားသည့်အချိန်ကို ပြန်တွေးမိပြီး ကြောက်စရာကောင်းသည့် အလေးချိန်ကင်းမဲ့သော ခံစားချက်ကို ပြန်အမှတ်ရနေမိသည်။
သူမရဲ့ခန္ဓာကိုယ် ပြုတ်ကျနေတာကို ရပ်တန့်ဖို့ တစ်ခုခုကို ဖမ်းဆုပ်မယ်ဆိုတဲ့အတွေးနဲ့ သူမ အသဲအသန် ကြိုးစားခဲ့ပေမယ့် လုံးဝ အသုံးမဝင်ခဲ့ဘူး။ သူမ အောက်ကို လုံးဝ ပြတ်ကျသွားတဲ့အချိန်မှာ သူမရဲ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ အရိုးတွေအားလုံး ကျိုးသွားသလို သူမ ခံစားခဲ့ရတယ်။ အဲ့အချိန်မှာ နာကျင်မှုက သူမကို သတိလစ်သွားစေခဲ့တယ်။ သူမ ပြန်နိုးလာတော့လည်း ကြောက်စရာကောင်းတဲ့ ကင်းခြေများကြီးတွေ တွေ့လိုက်ရတယ်။
ထိုအတွေးကပင် ကျိရှောင်ယင်ကို ကြောက်လန့်စေခဲ့ပြီး သူမတကိုယ်လုံး တုန်ယင်လာပြန်သည်။
"အခု အဆင်ပြေသွားပြီလေ၊ မကြောက်နဲ့တော့နော်"
စူးချင်းက ထိုကဲ့သို့သော ပွေ့ဖက်မှာမျိုးကို အသားမကျသောကြောင့် သူမက ကျိရှောင်ယင်ကို သူမ ရင်ခွင်ထဲမှ ခပ်ဖွဖွ တွန်းထုတ်လိုက်ပြီး ကျိရှောင်ယင်၏ပခုံးကို ကိုင်ကာ သူမကို ထိန်းထားပေးနေခဲ့သည်။
"ရှောင်ယင်"
ကျိရွှေရှန့်က သူ့ညီမ၏ဘေးနားတွင် ထိုင်ချလိုက်ပြီး သွေးစွန်းနေသော သူမ၏ မျက်နှာပေါ်မှ ရှုပ်ပွနေသော ဆံပင်များကို ဖယ်ရှားပေးရန် ကူညီပေးနေခဲ့သည်။
"နာနေသေးလား?"
“မနာတော့ပါဘူး”
ကျိရှောင်ယင်က ခေါင်းခါပြလိုက်ပြီး သူမ၏အစ်ကိုကြီးကို နှစ်သိမ့်ပေးလိုက်သည်။ "အစ်ကိုကြီး ကျွန်မ အဆင်ပြေပါတယ်"
"ရှောင်ယင်"
ချိုးယုံခန်းက ဒဏ်ရာရနေသော ကျိရှောင်ယင်ကို စိုက်ကြည့်နေပြီး သူ့အသံတွင်လည်း နာကျင်ခြင်းများ ပြည့်နှက်နေလေသည်။ သို့သော် ယောက်ျားနှင့်မိန်းမ ကွာခြားမှုကြောင့် သူက ကျိရွှေရှန့်လောက် သူမကို ဂရုစိုက်ပေးခွင့် မရှိပေ။
"အစ်ကိုကြီးချိုး"
ကျိရှောင်ယင်က ချိုးယုံခန်း၏အသံကို ကြားသွားပြီး သူ့ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူမ၏ သနားစဖွယ်မျက်နှာလေးပေါ်တွင် ပျော်ရွှင်နေသည့် အပြုံးတစ်ခု ပေါ်လာပြီး သူမက သူမ၏လက်ကို ဝှေ့ယမ်းပြကာ “ကျွန်မ အဆင်ပြေပါတယ်။ ဒီမှာ ကြည့်လေ ကျွန်မရဲ့လက်တွေ ခြေထောက်တွေ မကျိုးသွားဘူး”
"မင်း အဆင်ပြေရင် ရပါပြီ"
ကျိရှောင်ယင်ကို ထိုကဲ့သို့ မြင်လိုက်ရခြင်းက ချိုးယုံခန်း၏နှလုံးသားကို ပို၍ နာကျင်စေခဲ့သည်။ ကျိရှောင်ယင်က သူတို့ စိတ်မပူစေရန် သန်မာဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူ နားလည်နိုင်သည်။
"ကျွန်မ ရှောင်ယင့်ကို ဂရုစိုက်ပေးပါ့မယ်။ ရှင့်နဲ့ ယုံခန်းက အောက်ကို ဆင်းကြည့်သင့်တယ်။ အဲ့တာက ရှေးဟောင်းသင်္ချိုင်းတစ်ခုလို့ ကျွန်မ ထင်တယ်”
ထိုနေရာရှိ အခြေအနေများအပေါ် အခြေခံ၍ စူးချင်းက ထိုနေရာကို ရှေးဟောင်းသင်္ချိုင်းတစ်ခု၊ ဧကရာဇ်တစ်ဦးဦး၏သင်္ချိုင်း သို့မဟုတ် အာဏာကြီးမားသည့် အဆင့်မြင့်အရာရှိကြီးတစ်ဦး၏သင်္ချိုင်းဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ဤအဆိပ်ရှိသော အင်းဆက်ပိုးမွှားများက သင်္ချိုင်းတွင်းသို့ ဝင်ရောက်စီးနင်းသူများကို တားဆီးရန် သင်္ချိုင်းများတွင် ထားရှိတက်သော အစောင့်အရှောက်အကောင်များ ဖြစ်လေ့ရှိကြသည်။
"ရှေးဟောင်းသင်္ချိုင်း?"
‘ရှေးဟောင်းသင်္ချိုင်း’ဟု ကြားလိုက်ချိန်တွင် ကျိရွှေရှန့်၏မျက်လုံးများက တောက်ပလာသည်။
ကောင်းကင်ကတောင် သူ့ကို ကူညီနေတာလား?
"ဒီပိုးသတ်ဆေးမှုန့် နှစ်ထုပ်ကို ရှင်နဲ့အတူ ယူသွားလိုက်ပါ"
စူးချင်းက ရတနာဓားကို ကျိရွှေရှန့်ထံ ပြန်ပေးရင်း ရှောင်ချီ ပေးခဲ့သော ပိုးသတ်ဆေးအပြင်းစား နှစ်ထုပ်ကိုပါ ထပ်ပေးလိုက်သည်။
အောက်က မီးက ငြိမ်းလုနီးပါးဖြစ်နေပြီဆိုတော့ အခုနေ ဆင်းသွားရင် အန္တရာယ် မရှိနိုင်လောက်တော့ဘူး။ ဧကရာဇ် ဒါမှမဟုတ် အဆင့်မြင့်အရာရှိတစ်ဦးဦးရဲ့ သင်္ချိုင်းဂူများဖြစ်နေခဲ့ရင် မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိနေလိမ့်မယ်။
ရှောင်ယင် ပြုတ်ကျတာက သူ့အစ်ကိုရဲ့အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ပြီး သူ လက်စားချေဖို့ ယူရမယ့်အချိန်ကို ပိုပြီး တိုတောင်းသွားစေလိမ့်မယ်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကလည်း အလွန် တက်ကြွနေကြပြီး နွယ်ကြိုးများဖြင့် ဂူထဲသို့ လျှောဆင်းသွားကြသည်။ သူတို့ကလည်း စူးချင်းပြောခဲ့သည့် သင်္ချိုင်းဂူကို ရှာဖွေနိုင်ရန် မျှော်လင့်နေကြသည်။