← Chapters

သူမက နှိမ့်ချတာ မဟုတ်ပေမယ့် စိတ်မသန့်သလို ခံစားနေရတယ်

Vol. 11 Ch. 162

သူမက နှိမ့်ချတာ မဟုတ်ပေမယ့် စိတ်မသန့်သလို ခံစားနေရတယ်

Vol. 11 Ch. 162

စူးချင်းက ကျိရှောင်ယင်ကို ပြန်သယ်သွားပြီး ကျိရှောင်ယင်အား လီရွှမ်းအာနှင့် ကျန်သူများထံသို့ လွှဲပေးကာ ပြုစုစောင့်ရှောက်ပေးရန် တောင်းဆိုလိုက်သည်။ ကျုံးယုံနှင့် လီတာ့နျိုတို့အား ရွာသားများ၏ဘေးကင်းရေးကို ကာကွယ်ပေးရန် တောင်းဆိုခဲ့ပြီး သူမက ကျိရွှေရှန့်နှင့် ချိုးယုံခန်းကို ရှာရန် နွယ်ကြိုးဖြင့် ဂူထဲသို့ ပြန်ဆင်းလာခဲ့သည်။

ဂူတွင်းရှိ ကင်းခြေများက ပြာများအဖြစ် လောင်ကျွမ်းသွားပြီဖြစ်သော်လည်း တချို့ မီးတောက်များကတော့ မငြိမ်းသေးပေ။ ထိုမီးများ၏အလင်းရောင်ဖြင့် ဂူအတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

စူးချင်းက လက်ကျန်မီးမှ မီးထပ်ညှိလိုက်ပြီး ဂူထဲသို့ အမြန်လိုက် မ၀င်သေးဘဲ မြေပြင်ပေါ်ရှိ ခြေရာများကို အရင်စူးစမ်းလိုက်သည်။ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ဘယ်ဘက်ရှိ လှိုဏ်ဂူထဲသို့ ဝင်သွားသည့် အရိပ်အယောင်များကို တွေ့လိုက်ရမှ စူးချင်းက သူမလက်ထဲတွင် မီးတိုင်ကို ကိုင်ကာ သတိဖြင့် လိုက်ဝင်သွားခဲ့သည်။

သူမ အဆုံးထိ မရောက်သေးခင်မှာပင် ကျယ်လောင်သောအသံတစ်ခု ကြားလိုက်ရသောကြောင့် စူးချင်းက သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ ထိုနေရာတွင် ကျိရွှေရှန့်က ယန္တရားတစ်ခုကို ဖြေရှင်းထားပုံရပြီး သူတို့ရှေ့တွင် တံခါးတစ်ခု ပေါ်ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။

"ဘာလို့ ဆင်းလာတာလဲ?"

ကျိရွှေရှန့်က စူးချင်း ဆင်းလာသည်ကို မြင်သွားပြီး သူမက သူတို့နောက်သို့ လိုက်လာကြောင်း သူ နားလည်လိုက်သည်။ သူက "ဒီမှာ အန္တရာယ်များတယ်။ အပေါ်ကို ပြန်တက်ပြီး ငါတို့ကို စောင့်နေလိုက်ပါ"

"ကျွန်မ အရမ်းသိချင်နေလို့... ကျွန်မ အရင်ဝင်သွားလိုက်မယ်”

စူးချင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်ပြီး တံခါးကို ကျော်ဖြတ်ကာ နောက်ထပ် ရှည်လျားသော လျှို့ဝှက်လမ်းထဲသို့ အရင်ဝင်သွားတော့သည်။ ထိုလမ်း၏နံရံတွင် ထင်းရှူးမီးတိုင်များ ရှိနေပြီး စူးချင်းက ၎င်းတို့အားလုံးကို မီးညှိလိုက်သောကြောင့် မှောင်မိုက်နေသည့် လိုဏ်ဂူက ချက်ခြင်း လင်းထိန်သွားလေသည်။

ထို့နောက်တွင် သူတို့အောက်မှ မြေပြင်က တကယ့်လမ်းမဟုတ်ဘဲ ဇီးပန်းပွင့်သစ်သားတိုင်များ ဖြစ်နေသည်ကို သုံးဦးလုံး တွေ့လိုက်ကြရသည်။

(T/N: တရုတ်ကားတွေထဲမှာ သိုင်းကျင့်တဲ့ သစ်သားတိုင်လို ပုံစံမျိုးပါ)

“မသွားနဲ့ဦး။ ငါ ဒီနေရာက ယန္တရားကို အရင်ဖြေရှင်းပေးမယ်"

ကျိရွှေရှန့်က ခုန်ကျော်ရန် ပြင်ဆင်နေသော စူးချင်းကို ဖမ်းဆွဲထားလိုက်ပြီး ပတ်ဝန်းကျင်ကို အရင်လေ့လာကြည့်လိုက်သည်။ အခင်းအကျင်း၏ဗဟိုက အလယ်တွင် ရှိနေသော်လည်း ထိုလယ်ဗဟိုသို့ ရောက်ရန် ဖြတ်သန်းသွားပါက ယန္တရားကို အရင်အသက်သွင်းမိမည် ဖြစ်သည်။ ကျိရွှေရှန့်က နှစ်ဖက်စလုံးရှိ ကျောက်နံရံများကို ကြည့်ကာ ထိုကျောက်နံရံများကို အားပြုပြီး ခုန်ကျော်ရန် မျှော်လင့်ရင်း ထပ်မံစူးစမ်းလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုကျောက်နံရံများက အလွန်ချောမွေ့နေပြီး သူ ခုန်တက်စရာ နေရာမရှိပေ။

နောက်ဆုံးတွင် ကျိရွှေရှန့်က တစ်ခုတည်းသော နည်းလမ်းကို ဆုံးဖြတ်လိုက်ပြီး သူ့၏ရတနာဓားကို ဆွဲထုတ်ကာ ကျောက်နံရံပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူက သူ့၏အင်အားဖြင့် သူ့ဓားကို ကျောက်နံရံထဲသို့ ထိုးစိုက်ကာ အလယ်သို့ရောက်အောင် သွားလိုက်ပြီး ယန္တရားကို ပိတ်နိုင်မည့် ဇီးပန်းသစ်တုံးပေါ်သို့ ညင်ညင်သာသာ ခုန်ဆင်းလိုက်သည်။

"လာခဲ့ကြတော့"

ကျိရွှေရှန့်က စူးချင်းနှင့် ချိုးယုံခန်းတို့ကို ခေါ်လိုက်ပြီး မီးတိုင်နှင့်အတူ အရှေ့မှ လျှောက်သွားလိုက်သည်။ သူတို့ အခြားတံခါးတစ်ပေါက်ကို ဝင်သွားပြီးနောက်တွင် ၎င်းက လေထဲတွင် ချိတ်ဆွဲထားသည့် ကြိုးတံတားတစ်ခုသာ ရှိနေသော ဧရာမတွင်းနက်ကြီးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ ထို့အပြင် လက်ချောင်းလောက်သာ လုံးပတ်ရှိသည့် သံကြိုးလေးများဖြင့် ထိုကြိုးတံတားကို ချိတ်ဆွဲထားကြောင်း သိလိုက်ရသည်။

"ငါ့နောက်က လိုက်ခဲ့... လမ်းမမှားစေနဲ့"

ကျိရွှေရှန့်က တံတားဘေးတွင် ထိုင်ချလိုက်ပြီး ခဏတာမျှ ထပ်လေ့လာနေခဲ့သည်။ သူ့၏ဒြပ်စင်ငါးပါးနှင့် ရှစ်ထောင့်ဖွဲ့စည်းပုံနည်းစနစ်အရ ဤကြိုးတံတားက လူသတ်တံတားဖြစ်ကြောင်း သေချာနေပြီး လမ်းမှားလျှောက်မိရင် ချောက်နက်ကြီးထဲသို့ ကျသွားပေလိမ့်မည်။

ထိုအချိန်မှာသာ ကျိရွှေရှန့်က ထူးဆန်းသည့်အခင်းအကျင်းများကို ကျွမ်းကျင်ကြောင်း စူးချင်း နားလည်လိုက်ရသည်။ သူမက ထိုပညာရပ်များအကြောင်း ဘာမှ မသိသောကြောင့် သူမကိုယ်သူမ ဖိအားမပေးဘဲ ကျိရွှေရှန့်၏နောက်မှ အေးအေးဆေး‌ဆေး လိုက်သွားခဲ့ပြီး သူ ခြေချသည့် နေရာများကို အာရုံစိုက်လိုက်သည်။

သူတို့သုံးယောက်လုံး ထိုတံတားကို ဖြတ်ကူးရန် အလွန်သတိထားကာ သွားနေကြရင်း လက်ဖက်ရည်တစ်ခွက်ကုန်စာလောက် အချိန်ယူပြီးချိန်တွင် အဆုံးသို့ ရောက်လုနီးပါးဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ချိုးယုံခန်းက ခြေလှမ်းမှားသွားပြီး သူ့ခြေထောက်အောက်မှ တံတားပျဥ်ချပ်က ရုတ်တရက် ကျိုးကျသွားပြီး ချိုးယုံခန်းက လေထဲသို့ ပြုတ်ကျသွားတော့သည်။ သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြိုးတံတား၏ဘေးနှစ်ဘက်ရှိ ထူထဲသောကြိုးများကို လှမ်းဆွဲလိုက်သောကြောင့် တံတားပေါ်ရှိ ယန္တရားတစ်ခုကို ဖွင့်မိသွားခဲ့သည်။ ကြိုးတံတားတစ်ခုလုံးရှိ ပျဥ်ချပ်များက ပွင့်ကျသွားပြီး လူများကို အမှောင်ထဲသို့ ဆွဲချကာ မျိုချရန် အသင့်ဖြစ်သော နတ်ဆိုးပါးစပ်ကြီးကဲ့သို့ ပွင့်ဟလာခဲ့သည်။

ချိုးယုံခန်း ပြုတ်ကျသွားချိန်တွင် စူးချင်းက သူ့ကို ဖမ်းဆွဲလိုက်ပြီး တစ်ဖက်ကမ်းသို့ ပစ်တင်ပေးနိုင်လိုက်ခဲ့သော်လည်း သူမကတော့ တံတားပေါ်မှ ပြုတ်ကျသွားခဲ့သည်။ သူမကိုယ်တိုင်လည်း တံတား၏လက်တန်းကြိုးကို ဖမ်းဆွဲလိုက်ရပြီး လေထဲတွင် တွဲလောင်းကျနေကာ အန္တရာယ်ရှိသော အခြေအနေမျိုး ဖြစ်သွားရသည်။

"စူးချင်း၊ မလှုပ်နဲ့"

ကျိရွှေရှန့်က ချက်ချင်း အော်ပြောလိုက်ပြီး သူ့၏ရတနာဓားကို မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်ကာ သူ့ခန္ဓာကိုယ်ကို ကိုင်းချပြီး စူးချင်း၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ သူ၏လက်ဖဝါးများတွင် ချွေးအေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူက စူးချင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တစ်ဖက်မှ ကျောက်ဆောင်ပေါ်ကို ဆွဲတင်ပေးလိုက်သည်။

"ကျေးဇူးပဲ"

စူးချင်းက ကျိရွှေရှန့်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ရှေးခေတ်မှ လူများ၏ ယန္တရားများက ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု သူမ မထင်ထားခဲ့သောကြောင့် သူမ၏နဖူးတွင်လည်း ချွေးအေးများ ဖုံးလွှမ်းနေခဲ့သည်။

ကျိရွှေရှန့်သာ သူမကို ကယ်တင်ဖို့ သူ့အသက်နဲ့ရင်းပြီး မကြိုးစားခဲ့ရင် ဘယ်လိုထောင်ချောက်မျိုးတွေ ထပ်ပြီး ပေါ်ပေါက်လာမယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ? သူမ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လေထဲမှာ တွဲလောင်းကြီးနဲ့ ဘာကို ဘယ်လို ရှောင်တိမ်းရမှာလဲ?

စူးချင်းက ပစ်တင်ပေးခဲ့သော ချိုးယုံခန်းကို သူမကို ကူညီပေးရန် အမြန်ပြန်ထလာခဲ့သည်။ ကျိရွှေရှန့်က စူးချင်းကို ပြန်ဆွဲတင်လာသည်ကို မြင်လိုက်ရသောအခါ သူက သူ့ကိုယ်သူ အပြစ်တင်သည့်စကား ပြောလိုက်မိသည်။

"ငါ မင်းကို ဒုက္ခရောက်စေမိတယ်"

စူးချင်းက သူ့အသက်ကို ဒုတိယအကြိမ် ကယ်တင်ပေးခဲ့ပြီး သူက သူမကို ဘာမှ ပြန်မဆပ်နိုင်သေးပေ။

“ရတယ်”

စူးချင်းက ဘာသိဘာသာ တုံ့ပြန်လိုက်ပြီး ချိုးယုံခန်း၏မျက်နှာတွင် ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နေခဲ့သည်။

စူးချင်းက သူ့ကို မကြည့်တော့ဘဲ တံတားပေါ်မှ ပြုတ်ကျသွားသည့် သူမ၏မီးတိုင်ကို ငုံ့ကြည့်နေသည်။ သူမ အပေါ်စီးမှ ငုံကြည့်နေချိန်တွင် အလင်းရောင်တစ်စွန်းတစ်စပင် မမြင်ရတော့သောကြောင့် တံတားက မည်မျှနက်သည်ကို သူမလည်း မပြောနိုင်တော့ပေ။

"ဒါက ရှေးသင်္ချိုင်းတစ်ခု မဟုတ်ဘူးလား?"

စူးချင်း သူမ၏မှန်းဆချက် မှားနေသည်ဟု သံသယဖြစ်လာမိသည်။ ကျိရွှေရှန့်က စောစောက သူ ပစ်ချထားခဲ့သည် မီးတိုင်ကို ပြန်ကောက်ကိုင်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေပြန်သည်။ သူက သူ့၏မွေးစားအဖေ သူ့ကို သင်ပေးထားခဲ့သည့် ဖုန်းရွှေပညာရပ်မှ အချက်အလက်များကို ပြန်တွေးနေခဲ့သည်။ ထို့နောက် သူ့မျက်လုံးများက တဖြည်းဖြည်း လေးနက်လာပြီး သူ့ရင်ဘတ်မှ တဟုန်ထိုး မောက်တက်လာပြီး သူ့အသက်ရှုသံက တဟုန်းဟုန်း မြည်လာတော့သည်။

"ဟိုနားက ကုန်းမို့လေးကို ကြည့်လိုက်ကြ... မင်းတို့ ဘယ်လိုထင်လဲ?"

ကျိရွှေရှန့်က သူတို့ရှေ့မှ မောက်တက်နေသည့် တောင်ကုန်းလေးကို ညွှန်ပြလိုက်သည်။ ထိုကုန်းမို့လေးက အလွန်ရှည်လျားပြီး သုံးမီတာမှ လေးမီတာခန့်အထိ ရှည်လျားကာ အရှေ့ဘက်သို့ ပြန့်ကားသွားသည်။ ထိုကုန်းမို့၏ဘေးတွင် ကွေ့ကောက်နေသော စမ်းချောင်းတစ်ခုရှိပြီး ရေက သိသိသာသာ ကြည်လင်နေသော်လည်း အေးစက်နေပုံရကာ တလက်လက် တောက်ပနေသည်။

"အင်း...အဲ့ဒါက နဂါးနဲ့တူတာလား?"

ချိုးယုံခန်းက ဂရုတစိုက် ကြည့်နေပြီးမှ မသေချာမရေရာသောလေသံဖြင့် ပြန်ပြောလိုက်သည်။။

“ဟုတ်တယ်၊ အဲဒါ နဂါးပဲ။ နဂါးသွေးကြောလို့ ငါ ထင်တယ်"

ကျိရွှေရှန့်က မမျှော်လင့်ဘဲ နဂါးသွေးကြောကို မတော်တဆ တွေ့ရှိခဲ့သည့်အတွက် စိတ်လှုပ်ရှားနေပုံရသည်။

"ဒါက တာ့ရှားရဲ့ နဂါးသွေးကြောဖြစ်နိုင်လား?"

ချိုးယုံခန်းက မယုံနိုင်ဖြစ်နေခဲ့သည်။

ဒီနဂါးသွေးကြောကို ဖျက်ဆီးလိုက်တာနဲ့ ကျောက်မိသားစုက ဘယ်တော့မှ ဧကရာဇ်အဖြစ် အုပ်စိုးနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် နဂါးသွေးကြောဆိုတာက ဒီလောက်လွယ်လွယ်ရှာတွေနိုင်တဲ့အရာလား?

“သူတို့က ဘယ်သူ့ကို ဒီနဂါးသွေးကြောနဲ့ အကာအကွယ်ပေးနေလဲဆိုတာကို ငါ သွားကြည့်မယ်”

ကျိရွှေရှန့်က သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရှေ့တိုးသွားခဲ့သည်။ စူးချင်းက နဂါးသွေးကြောတွေအကြောင်းကို ဘာမှ မသိတာကြောင့် သူမက ဒါကို ရှေးဟောင်းသင်္ချိုင်းတစ်ခုလို့ ထင်ခဲ့တယ်။ ရှေးဟောင်းသင်္ချိုင်းတစ်ခုဆိုရင် ရွှေတွေ၊ ‌ငွေတွေ ရနိုင်လိမ့်မယ်။ ဒါပေမယ့် နဂါးသွေးကြောဆိတုာက ဘာနဲ့မှ မလဲလှယ်နိုင်တဲ့အရာဖြစ်နေတာကြောင့် ကျိရွှေရှန့် ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားနေမှန်းကို သူမ မသိခဲ့ပါဘူး။

"ဖြည်းဖြည်းလျောက်ကြ.... ဒီမှာ ထောင်ချောက်တွေ ရှိတယ်"

ကျိရွှေရှန့်က ရှေ့သို့ တိုးလာရင်း မြေကြီးပေါ်မှ ငေါ့ထွက်နေသည့် သစ်မြစ်များ ပြည့်နေသည်ကို သတိထားမိသွားသည်။ သို့သော် ၎င်းတို့က သစ်ပင်၏အမြစ်များ မဟုတ်ဘဲ ကျောက်ခဲများဖြင့် ဖွဲ့စည်းထားသော သွေးကြောရာများ ဖြစ်သည်။

ထို့ကြောင့် ဤလမ်းက သာမန်လမ်းမဟုတ်ကြောင်း ကျိရွှေရှန့်က ခန့်မှန်းနိုင်ခဲ့သည်။ မည်သို့ပင် ဖြစ်စေ ကျောက်မိသားစုက သူတို့၏နဂါးသွေးကြော မပျက်စီးစေရန်အတွက် ဤနဂါးသွေးကြောတစ်ဝိုက်တွင် ထောင်ချောက်များကို တပ်ဆင်ထားရမည်မှာ အသေအချာ ဖြစ်သည်။

နှစ်ဖက်စလုံးရှိ ကျောက်နံရံများတွင် ငေါ့ထွက်နေသော အချွန်အတက်များ ရှိနေပြီး အဝိုင်းပုံစံ အဖုအထစ်များလည်း ရှိနေသေးသည်။ သူ့၏မှန်းဆချက်များ မမှားပါက ထိုနေရာတွင် ချွန်ထက်သောလက်နက်များကို အဆိပ်စိမ်ထားခြင်း ဖြစ်နိုင်သည်။ ဤနဂါးသွေးကြောကို ဖျက်ဆီးရန် ရှေ့တိုးသွားပါက သူ့ကို ပစ်သတ်မည့် မြှားနှင့် ဓားများကို ထောင်ပေါင်းများစွာအထိ ထုတ်ပေးပေလိမ့်မည်။

“ငါ ဒီဖွဲ့စည်းပုံကို မဖျက်နိုင်ဘူး”

ကျိရွှေရှန့်က အချိန်အတော်ကြာ လေ့လာကာ ရှာဖွေနေခဲ့သော်လည်း ဖွဲ့စည်းပုံ၏ဝင်ပေါက်ကို ရှာမတွေ့ခဲ့ပေ။ သူက ရမ်းသမ်းပြီးလည်း မလုပ်ရဲသောကြောင့် သူ့မျက်ခုံးထူထူများက တင်းတင်းကျပ်ကျပ် စုကျုံလာခဲ့သည်။

စူးချင်းက သူမကို စနစ်မှ ပေးထားသည့် အနက်ရောင်ယမ်းမှုန့်များကို ပြန်တွေးကြည့်နေခဲ့သည်။ အကယ်၍ သူမ ထိုအနက်ရောင်ယမ်းမှုန့်များဖြင့် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပြီး အသုံးပြုနိုင်ပါက ဤနဂါးသွေးကြောကို ဖောက်ခွဲပစ်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ကျိရွှေရှန့်က ချိုးယုံခန်းကို လှမ်းပြောလိုက်သည်။

“ဒီနေရာမှာ အကာအကွယ်တစ်ခု ရှိရင် အရမ်းကောင်းမယ်။ အဲ့တာဆို အကာအကွယ်ယူပြီး တိုးသွားလို့ရနိုင်တယ်”

“ဒါပေမယ့် ဒီမှာ အကာအရံမရှိဘူး”

ချိုးယုံခန်းက ကူကယ်ရာမဲ့ ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

သူ့မွေးစားအဖေသာ အသက်ရှင်နေသေးရင် ဒီထောင်ချောက်ကို ချိုးဖျက်ဖို့က သူ့မွေးစားအဖေအတွက် မုန့်ကို ဖဲ့ရတာလိုမျိုး လွယ်ကူနေလိမ့်မယ်။

"ကျွန်မ ကြိုးစားကြည့်မယ်"

စူးချင်းက ရုတ်​တရက်​ ဝင်​ပြောလိုက်သည်​။ အကြောင်းမှာ သူမက ထိုဖွဲ့စည်းမှုများအကြောင်းကို သိနေသောကြောင့် မဟုတ်ဘဲ ရှောင်ချီ ရှိနေသောကြောင့် ဖြစ်သည်။

ခုနက သူမက ဤနေရာရှိ ထောင်ချောက်များကို စစ်ဆေးပေးရန် ရှောင်ချီ့ကို တောင်းဆိုခဲ့သည်။ ရှောင်ချီက ထိုအခင်းအကျင်း၏ ပင်မဗဟိုတည်နေရာကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ရှာဖွေရန် စနစ်ကို အသုံးပြုခဲ့သည်။ သူမက စူးချင်းအတွက် ထောင်ချောက်များကို မည်သည့်နေရာတွင် ရှိပြီး မည်သို့ အသက်ဝင်လာမည်ကို ရှာဖွေပေးနိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားသော အကြံဥာဏ်များ ပေးနိုင်ခဲ့သည်။

ရှောင်ချီ သူမကို ပေးခဲ့သော မြေပုံအရ စူးချင်းက ​​အခင်းအကျင်း၏အလယ်ဗဟိုသို့ သူမ လုံလုံခြုံခြုံ သွားနိုင်မည်ဟု ယုံကြည်ထားသည်။ ထိုယန္တရားကို ဖျက်ဆီးနိုင်လျှင် နဂါးသွေးကြောကို ဖက်ဆီးပစ်နိုင်မည် ဖြစ်သည်။

"မရဘူး၊ ဒါက အရမ်းအန္တရာယ်များတယ်"

မည်သို့ပင်ဖြစ်စေ ကျိရွှေရှန့်က စူးချင်းကို စွန့်စားခွင့် မပေးနိုင်ပေ။ အရွယ်ရောက်ပြီးသား ယောကျာ်းသားနှစ်ယောက် ရှိနေပါရဲ့နဲ့ ဘယ်လိုလုပ်ပြီး မိန်းခလေးတစ်ယောက်ကို အန္တရာယ်ထဲ တွန်းပို့နိုင်မှာလဲ?

"ဒါဆို ကျွန်မ ရှင့်အတွက် မြေပုံဆွဲပေးမယ်၊ ရှင် အဲ့အတိုင်း သွားလိုက်"

ကျိရွှေရှန့်က လုံးဝ ခေါင်းမာနေပြီး သူမကို အန္တရာယ်နှင့် ရင်ဆိုင်ခွင့်မပြုကြောင်း နားလည်သွားသော စူးချင်းက နောက်သို့ ပြန်ဆုတ်ကာ မြေပြင်ပေါ်တွင် သူ့အတွက် မြေပုံဆွဲပေးလိုက်သည်။

ကျိရွှေရှန့်က စူးချင်းရေးဆွဲနေသည့် မြေပုံကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။ ထို့နောက် သူလည်း ရုတ်တရက် ဉာဏ်အလင်းရသွားပြီး ထိုနေရာက အခင်းအကျင်း၏အလယ်ဗဟို ဖြစ်ကြောင်း နားလည်လိုက်သည်။ ကျိရွှေရှန့်က သူ့ခေါင်းကို ပြန်မော့လိုက်ပြီး စူးချင်းကို စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်သည်။

"မင်းက ဖွဲ့စည်းပုံတွေအကြောင်းကို သိတယ်လား?"

"ကျွန်မ နည်းနည်း သိတယ်"

စူးချင်းက မိမိကိုယ်ကို နှိမ်ချခြင်း မဟုတ်သော်လည်း သူမမှာ အပြစ်ရှိသလို ခံစားနေမိသည်။

အဲ့တာက ရှောင်ချီရဲ့စွမ်းဆောင်မှုတွေချည်းပဲလေ။ သူမက လုံးဝ နားမလည်ဘူး။

"ကျောက်မိသားစုရဲ့ နဂါးသွေးကြောကို ငါ ဖျက်ဆီးပစ်နိုင်တော့မယ်"

ထို့နော်ကတွင် ကျိရွှေရှန့်က သူ၏ရတနာဓားကို ဆွဲထုတ်ပြီး နဂါးသွေးကြောဆီသို့ လျှောက်သွားတော့သည်။

(T/N: ဒီအခန်းမှာ ရေးထားတဲ့ ဖုန်းရွှေပညာနဲ့ပတ်သတ်ပြီး ကိုယ်လည်း လုံးဝ နားမလည်ပါဘူး။ အခေါ်အဝေါ်တွေ အယူအဆတွေ မှားသွားရင် တောင်းပန်ပါတယ်။ ကြားဖူးနားဝနဲ့ ပြောရရင်တော့ မိသားစုတစ်ခု ဒါမှမဟုတ် တိုင်းပြည်တစ်ပြည်ရဲ့ကံကြမ္မာကို ဖုန်းရွှေပညာနဲ့ ပြုပြင်လို့ရတယ်လို့ ပြောပါတယ်။ ဒီမှာလည်း လက်ရှိမင်းဆက်ကို ထောက်ပံ့ပေးနေတဲ့ ကံကြမ္မာကောင်းတွေက ဒီနေရာမှာ အခြေခံထားတာပါ၊ ဒီနေရာရှိနေသရွေ့ သူတို့က တိုးတက်နေဦးမယ့်သဘောပါ)

All Chapters