← Chapters

အိပ်မက်က လက်တွေ့ဆန်လွန်းတယ်

Vol. 11 Ch. 163

အိပ်မက်က လက်တွေ့ဆန်လွန်းတယ်

Vol. 11 Ch. 163

ဤနေရာက အမှန်ပင် ဖုန်း‌ရွှေကောင်းလွန်းသော ရတနာမြေ ဖြစ်သည်။ အခင်းအကျင်း၏အလယ်တွင် ရပ်နေရခြင်းကပင် စိတ်ဝိညာဉ်အတွက် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာစေပြီး နွေးထွေးသောခံစားမှုတစ်ခု ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ဝင်ရောက်လာသလို ခံစားရစေမည် ဖြစ်သည်။

ကျိရွှေရှန့်က စူးချင်း ရေးဆွဲပေးသည့် မြေပုံအတိုင်း ဖွဲ့စည်းပုံ၏ဗဟိုသို့ ဝင်သွားခဲ့သည်။ ထိုနေရာတွင် သူက အခင်းအကျင်း၏ဆုံမှတ်နေရာကို သူ့၏ရတနာ ဓားဖြင့် ထိုးကာ ခက်ခက်ခဲခဲ ဆွဲလှည့်လိုက်သည်။ ထို့နောက် ကျယ်လောင်သောအသံတစ်ခု ကြားလိုက်ရပြီး ယန္တရားက ပိတ်သွားပုံရသည်။

ထို့နောက် ကျိရွှေရှန့်က သူ့၏ရတနာဓားကို ကိုင်ကာ နဂါး၏ဦးခေါင်းဆီသို့ အလျင်အမြန် လျှောက်သွားကာ အစွမ်းရှိသမျှ ဓားဖြင့် ထိုးစိုက်ချလိုက်သည်။

သူ့ဓားက နဂါး၏ဦးခေါင်းကို စိုက်ဝင်သွားသည်နှင့် တပြိုင်နက် မြေပြင်က တုန်ခါကာလာပြီး တောင်ကြီးတစ်ခုလုံးပါ တုန်ခါသွားခဲ့သည်။ လိုဏ်ဂူထဲတွင် ကျယ်လောင်သော နဂါးကြီး၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လေပြင်းများက မြေပြင်ထဲမှ တိုးထွက်လာခဲ့သည်။

ကျိရွှေရှန့်က သူ့၏ရတနာဓားကိုပင် မကိုင်နိုင်တော့ဘဲ ဓားက လွတ်ကျသွားပြီး သူလည်း အပေါ်သို့ မြှောက်တက်သွားခဲ့သည်။ သူ့၏မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်လိမ်နေပြီး သူ့ဆံပင်များက လေထဲ၌ လွင့်ပျံနေလေသည်။

“ရွှေရှန့်”

ချိုးယုံခန်းက ဓားကို အမြန်ပြေးကောက်လိုက်ပြီး သူလည်း လေထဲသို့ ပျံတက်သွားရသည်။

စူးချင်းကတော့ အလျင်စလို မလုပ်ခဲ့ပေ။ ထိုအစား သူမက နောက်ဆုံးအကြိမ်က စနစ်ထံမှ ရရှိထားသည့် အနက်ရောင်ဆေးမှုန့်ကို ထုတ်ယူလိုက်ပြီး နဂါး၏ဝမ်းဗိုက်နေရာသို့ အမြန်ပြေးသွားကာ ယမ်းမှုန့်များကို ထိုနေရာတွင် ချန်ထားခဲ့လိုက်သည်။ ထို့နောက် သူမက မီးစာတိုင်ကို ထုတ်ပြီး စနက်တံတစ်ခုကို မီးညှိလိုက်သည်။ စနက်တံက အလျင်အမြန် လောက်ကျွမ်းပြီး စူးစူးရှရှ အသံများ ထွက်လာချိန်တွင် စူးချင်းက ထိုအရာကို အနက်ရောင်ယမ်းမှုန့်ထဲသို့ ပစ်ထည့်လိုက်သည်။

"မြန်မြန် လဲချလိုက်" စူးချင်းက သူမ ကိုယ်တိုင် ဝပ်ချလိုက်ပြီး ကျိရွှေရှန့်နှင့် ချိုးယုံခန်းကိုပါ အော်ပြောလိုက်သည်။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က စူးချင်း၏အော်သံကို ကြားလိုက်ပြီး သူတို့က မသိစိတ်၏စေ့ဆော်မှုအရ သူမ၏စကားအတိုင်း လှဲချလိုက်ကြသည်။ သူတို့ မြေပြင်ပေါ်သို့ လှဲချလိုက်သည်နှင့် တပြိုင်နက် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီး နဂါးကြီး၏ဝမ်းဗိုက်က အပိုင်းပိုင်းကျိုးပျက်ကာ ကျောက်စရစ်ခဲများက မိုးရွာနေသကဲ့သို့ လွင့်ကျလာသည်။

ကျောက်စရစ်မိုးရွာသွန်းမှုကြောင့် သူတို့သုံးဦးစလုံး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြပြီး ကျောက်နဂါးကြီးက နှစ်ပိုင်းကွဲသွားကာ နဂါး၏ဟိန်းသံ ပျောက်ကွယ်သွားသော်လည်း မြေပြင်က ပို၍ပင် ပြင်းထန်စွာ တုန်ခါလာသည်။

"မကောင်းတော့ဘူး၊ မြေနဂါးကို လှည့်စေမိပြီ" (ငလျင်လှုပ်တာကို ပြောတာပါ)

ကျိရွှေရှန့်က အော်ဟစ်လိုက်ပြီး စူးချင်းကို တခါတည်း ဆွဲခေါ်သွားလိုက်သည်။ သူက ချိုးယုံခန်းကိုပါ အမြန်ပြေးရန် ခေါ်လိုက်ချိန်တွင် အနီးတစ်ဝိုက်ရှိ ကျောက်တုံးများ ပြိုကျလာပြီး မြေပြင်က ပို၍ပင် ပြင်းထန်စွာ တုန်ခါလာလေသည်။

အပြင်၌ စောင့်နေသော ထောင်ဟွားဝူမှ ရွာသားများကလည်း ငလျင်နှင့် တောင်ကြီး၏လှုပ်ရှားမှုကို ခံစားနေရသည်။ လွန်ခဲ့သောအခိုက်အတန့်က ကြည်လင်နေခဲ့သော ကောင်းကင်ကြီးက မှင်ကဲ့သို့ မည်းမှောင်လာပြီး မြေနဂါးကြီး လှန်ခဲ့သည့် နောက်ဆုံးအကြိမ်ကဲ့သို့ပင် မြေကြီးများက ပြင်းထန်စွာ တုန်ခါနေကာ လူများက မတ်တပ်ရပ်မနေနိုင်ဘဲ နေရာအနှံ့ လဲကျသွားကြသည်။

တောင်ပေါ်မှ ကျောက်စရစ်ခဲများကလည်း မိုးရေစက်များကဲ့သို့ ကျဆင်းလာပြီး လူတိုင်းက ပုန်းအောင်းရန် ရထားလုံးများနှင့် လှည်းများနောက်သို့ လှိမ့်ကာ သွားနေကြရသည်။ ချင်ဖုန်းက မှောင်မဲနေသော ကောင်းကင်ကို မော့ကြည့်နေကာ စိတ်မသက်မသာဖြစ်နေသလို ခံစားနေရသည်။ ထိုခဏတွင် လျှပ်စီးက ထူထပ်သော တိမ်တိုက်များကို ထိုးခွဲလိုက်ပြီး တိုးထွက်လာသော အလင်းတန်းများက မျက်လုံးများ ကျိန်းစပ်ပြီး မဖွင့်နိုင်လောက်အောင် တောက်ပလွန်းနေလေသည်။

တုန်ခါမှု မရပ်တန့်မီ ခဏတာမျှသာ ကြာလိုက်ပြီး ​အေးစက်​​သောမိုးရေများက​ ​ကောင်းကင်​​ပေါ်မှ ​ကြွေကျလာပြန်သည်​။ ထောင်ဟွားဝူမှ ရွာသူရွာသားများက သူတို့၏ကောက်ရိုးမိုးကာများနှင့် ဝါးဦးထုပ်များကို အလျင်အမြန် ရှာဖွေနေကြသော်လည်း ချင်ဖုန်းကတော့ ကျောက်ဆောင်နောက်ကွယ်ကိုသာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့သည်။

"ရွှေရှန့်တို့တွေ အထဲမှာ အမြှုပ်နှံခံလိုက်ရပြီလား?"

ချင်ဖုန်း၏စကားကို ကြားလိုက်ချိန်တွင် ကျိရှောင်ယင်က လိုဏ်ဂူအပေါက်ကို ရှာဖွေရန် ကျောက်ဆောင်နောက်သို့ အလျင်အမြန် ပြေးသွားလိုက်သော်လည်း ထိုအပေါက်က ကျောက်တုံးများပြုတ်ကျပြီး ပိတ်ဆို့သွားသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး၊ အစ်မစူးချင်း၊ အစ်ကိုကြီးချိုး"

ကျိရှောင်ယင်က ထိုနေရာသို့ အပြေးအလွှားရောက်သွားပြီး အပျက်အစီးများကို သူမ လက်ဖြင့် တူးဆွနေခဲ့သည်။

ဒီအပျက်အစီးတွေအောက်မှာ မြှုပ်နှံခံလိုက်ရတဲ့လူတွေက သူမရဲ့အရင်းနှီးဆုံး လူတွေပါ။ သူမက အကြောင်းပြချက် မရှိဘဲ ယုန်ကို ဖမ်းချင်တာကြောင့် အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေကို သတ်ခဲ့မိတယ်။ ဒါတွေ အားလုံးက သူမအပြစ်ပါပဲ။

စူးချင်းနှင့် ကျိရွှေရှန့်တို့ အထဲတွင် မြှုပ်နှံခံထားရကြောင်း ကြားလိုက်ချိန်တွင် ကျုံးယုံကလည်း အပြေးရောက်လာပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ သူ့လက်ကို ပေါက်ပြားအဖြစ် အသုံးပြုပြီး ကျောက်တုံးများကို တူးဖော်နေခဲ့သည်။ သူက ကျိရှောင်ယင်အတိုင်း လိုက်လုပ်နေပြီး တခြားသူများကို ကယ်တင်နိုင်ရန် မျှော်လင့်နေလေသည်။

"အတူတူ လုပ်ကြရအောင်"

ထောင်ဟွားဝူမှ ယောက်ျားလေးများနှင့် မိန်းမပျိုများကလည်း ပြေးလာကြပြီး လူတိုင်းက ကျိရွှေရှန့်နှင့် အခြားသူများအတွက် လမ်းကြောင်းဖွင့်ပေးနိုင်ရန် ၎င်းတို့၏လက်များကို အသုံးပြုကာ ကျောက်ပုံကို ဖယ်ရှားနေကြသည်။

လူတိုင်း၏လက်များတွင် သွေးများ ရွှဲနစ်လာသော်လည်း မည်သူကမျှ နာကျင်မှုကြောင့် မငိုကြွေးဘဲ နောက်ပြန်မဆုတ်ကြပေ။ လူတိုင်းက အချိန်အတွက် ရုန်းကန်နေကြပြီး သူတို့ ခဏလောက်နောက်ကျရင် အတွင်းထံမှလူများ အသက်မရှင်နိုင်တော့မည်ကို စိုးရိမ်နေကြသည်။

"ငါတို့လည်း လာခဲ့မယ်"

အ‌ဒေါ်ချိုးနှင့် တခြားသက်ကြီးရွယ်အိုများ အားလုံးကလည်း ထိုအဖွဲ့ထဲသို့ ဝင်လာကြပြီး လူတိုင်းက အရင်ကထက် ပို၍ စည်းလုံးလာကြသည်။

ကျိရွှေရှန့်တို့ သုံးယောက်ကာ အခြားထွက်ပေါက်ကို ရှာတွေ့ခဲ့ပြီး ဖုန်အလူးလူးဖြင့် ထွက်လာကြသည်။ သူတို့ ထွက်လာချိန်တွင် သူတို့မြင်လိုက်ရသည့်မြင်ကွင်းက လူတိုင်းက သူတို့၏အမည်များကို အော်ခေါ်ကာ တူးဆွရန် မမောမပန်း ကြိုးစားနေကြခြင်း ဖြစ်သည်။

မိုးများ သည်းထန်းစွာ ရွာနေသည်ကိုပင် မည်သူမှမျှ ဂရုမစိုက်ကြဘဲ လုံးဝ နောက်မဆုတ်ကြပေ။

“သူတို့က ငါတို့ရဲ့ အကာအကွယ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်”

ကျိရွှေရှန့်က စိတ်ခံစားချက်ပြင်းပြင်းဖြင့် ပြောလိုက်ပြီး စူးချင်းနှင့် ချိုးယုံခန်းတို့၏စိတ်ထဲတွင်လည်း ထိုကဲ့သို့ ခံစားနေရသည်။ စူးချင်းက ထိုကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရသောကြောင့် အံ့အားသင့်နေခဲ့ပြီး ထိုလူများကို ကြည့်နေသော သူမ၏မျက်လုံးများကိုပင် ပြန်မပိတ်နိုင်တော့ပေ။

"ငါတို့ ဒီမှာ"

ချိုးယုံခန်းက အော်ပြောလိုက်ပြီး ကျိရှောင်ယင်က သူ့အသံကို ပထမဆုံး ကြားသွားခဲ့သည်။ သူမက ခေါင်းကို မော့ကြည့်လိုက်ပြီး လေနှင့်မိုးထဲတွင် အော်ဟစ်ကာ ပြေးလွှားနေသော လူသုံးယောက်ကို မြင်လိုက်ရသောကြောင့် သူမလည်း စိတ်လှုပ်ရှားစွာ ပြန်အော်လိုက်သည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးချိုးနဲ့ အစ်မစူးချင်းတို့ အသက်ရှင်နေသေးတယ်"

ရွာသားများက ကျိရှောင်ယင်၏အော်သံကို ကြားသွားပြီး စိတ်လှုပ်ရှားစွာ ပြေးလာကြသည်။ သူတို့က ကျိရွှေရှန့်နှင့် အခြားနှစ်ယောက်ကို ဝိုင်းထားလိုက်ကြပြီး သူတို့၏စိုးရိမ်ပူပန်မှု၊ အကူအညီမဲ့မှုနှင့် ဝမ်းနည်းမှုအားလုံးကို ပျော်ရွှင်မှုဖြင့် အစားထိုးလိုက်ကြသည်။

မိုးက တစ်နေကုန်ကြာအောင် ရွာနေခဲ့ပြီး မိုးရွာနေသည့်အချိန်က တောင်ပေါ်လမ်း၏ အန္တရာယ်အရှိဆုံးအချိန် ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှုများကြောင့် လူများ အသက်သေဆုံးနိုင်သည့်အန္တရယ်ကိုပင် ဖြစ်ပေါ်စေတက်သည်။

ကျိရွှေရှန့်နှင့် ကျန်သူများက သူတို့၏ ပင်ပန်းနွမ်းနယ်မှုကို ဂရုမစိုက်နိုင်ဘဲ လူတိုင်းကို ထုပ်ပိုးပြီး အမြန်ထွက်ခွာရန် တိုက်တွန်းလိုက်သည်။

လက်ဖက်ရည်တစ်ခွက်ဟုန်စာထက် မနည်းသော အချိန်လောက် ခရီးဆက်လာပြီချိန်တွင် လမ်းက မြေပြိုပြီး ကျောက်ခဲများဖြင့် ပတ်ဆို့နေသောကြောင့် ရပ်တန့်လိုက်ရပြန်သည်။

ယန်ရှင်းနန်းတော်၏ခန်းမဆောင်တွင် ဧကရာဇ်မင်းက တစ်ရေးတစ်မော အိပ်နေပြီး နန်းတော်က လုံးဝ တိတ်ဆိတ်နေသော်လည်း ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသည်။ အဝါရောင်တောက်တောက် ၀တ်ရုံကို ၀တ်ဆင်ထားပြီး အိပ်စက်နေသော ဧကရာဇ်မင်းက ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်ကာ သူ့နှလုံးကို ဆုပ်ကိုင်ထားရင်း ချွေးများ ထွက်နေကာ အသက်ရှုကြပ်နေပုံရသည်။

"ဧကရာဇ်မင်းမြတ်၊ ဘာဖြစ်လို့ပါလဲ?"

အနားတွင် တာဝန်ထမ်းဆောင်နေသော မိန်းမစိုးကြီးက ဧကရာဇ်မင်းမြတ်ကို ချွေးသုတ်နိုင်ရန် ပိုးသားလက်ကိုင်ပုဝါတစ်ထည်ကို တရိုတသေ လှမ်းပေးလိုက်သည်။

"နဂါးသွေးကြော ပျက်သွားပြီလို့ အိပ်မက်မက်တယ်"

ယုံချီ၏မျက်နှာက သုန်မှုန်နေပြီး သူ့မျက်လုံးများက ဇဝေဇဝါ ဖြစ်နေပုံရသည်။

အဲဒီအိပ်မက်က တကယ်ကို လက်တွေ့ဆန်လွန်းတယ်။ မြေကြီးတွေ လှုပ်ခါနေပြီး တောင်ကြီးလည်း လှုပ်နေတယ်။ ပြီးတော့ နဂါး​သွေး​ကြောက အပိုင်းပိုင်း​ကွဲ​သွား​တယ်။

သူ တစ်ခါမှ ဒီလောက် စိတ်မသက်မသာဖြစ်သလို မခံစားရဖူးတာကြောင့် သူ့နဖူးမှာတောင် ချွေးသီးလေးတွေ ဖုံးလွှမ်းနေပြီ။

“အရှင်မင်းကြီး၊ နေ့ခင်းဘက်မှာ တွေးမိတဲ့အရာတွေက ညဉ့်အခါမှာ အိပ်မက် အဖြစ် ပြောင်းလဲတက်ပါတယ်။ စစ်သူကြီးဝမ်က နဂါးသွေးကြောကို ဖျက်ဆီးဖို့ လူတွေကို စေလွှတ်မှာကို အရှင်မင်းကြီး စိုးရိမ်နေတာကြောင့် ဒီလိုအိပ်မက်မျိုး မက်တာဖြစ်နိုင်ပါတယ်”

တော်ဝင်မိန်းမစိုးကြီးက နှစ်သိမ့်စကား ပြောပေးလိုက်ပြီး ဧကရာဇ်မင်း၏တုံ့ပြန်မှုကို စောင့်ကြည့်အကဲခတ်နေခဲ့သည်။

"ဝမ်မိသားစုက ကျန်းအတွက် အပူပင်ရဆုံးအရာပဲ"

ယုံချီက အံကြိတ်ထားပြီး သူ့မျက်လုံးများထဲမှ အမုန်းတရားများ ပေါ်ထွက်နေသည်။

သူက ဧကရာဇ်မင်းဖြစ်နေပေမယ့် ဝမ်မိသားစုရဲ့အကြိုက်ကို လိုက်ပြီး ပြုမူဆောင်ရွက်နေရတယ်။

"အရှင်မင်းကြီး၊ ဝမ်မိသားစုက တစ်ခုခုကို ရှာဖွေဖို့ ရွှေ(သတ္တု)၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးအဖွဲ့ ငါးဖွဲ့စလုံးကို တောင်တန်းအသီးသီးကို စေလွှတ်ခဲ့ပါတယ်။ သူတို့က နဂါးသွေးကြောကို ရှာနေတာ ဖြစ်နိုင်လောက်ပါတယ်”

မိန်းမစိုးကြီးက ဝမ်မိသားစုအပေါ် မျက်စိကျပုံရပြီး ဧကရာဇ်အား ဝမ်မိသားစုအကြောင်း သတိပေးလိုက်သည်။ ဝမ်မိသားစုက ထိုငါးဖွဲ့ကို နေရာအနှံသို့ စေလွှတ်လိုက်ကြောင်းကို ဧကရာဇ်ကလည်း သိထားခဲ့သည်။ သူ၏လျှို့ဝှက်သူလျှိုများက သူ့ထံသို့ သတင်းပေးပို့ထားပြီးသားဖြစ်သော်လည်း ၎င်းတို့ ရှာဖွေနေသည့်အရာကိုတော့ မသိရသေးပေ။

မိန်းမစိုးကြီးက ဝမ်ယွိလင်၏ အတွေးများကို ခွဲခြမ်းစိတ်ဖြာရန် ဧကရာဇ်မင်းမြတ်၏ အိပ်မက်ကို အသုံးချလိုက်ခြင်း ဖြစ်သည်။

"ဝမ်ယွိလင်"

ဧကရာဇ်က သူ့‌ရှေ့မှစားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

သူ ထပ်ပြီး မစောင့်ချင်တော့ဘူး။ သူ အခုနေ မဆုံးဖြတ်ရင် အားလုံးက ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။ အဲဒီအိပ်မက်က သူ့ဘိုးဘေးတွေက သူ့ကို သတိပေးတာလည်း ဖြစ်နိုင်တယ်။

"အမိန့်တော် ထုတ်ပြန်ဖို့ ပြန်ဆင်လိုက်တော့.... ဝမ်ယွိလင် ရာထူးလက်ခံဖို့ မြို့တော်ထဲကို ဝင်စေ"

ဧကရာဇ်မင်းက ဝမ်ယွိလင်ကို သတ်ရန် ကြံရွယ်ထားပြီး ဖြစ်သောကြောင့် ထိုလူ့ထံမှ စစ်တပ်အာဏာကို အရင် ပြန်သိမ်းကာ ချုပ်ကိုင်နိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ယွိလင်ကို မြို့တော်သို့ ပြန်လှည့်ဖြားခေါ်ဆောင်ရန် လိုအပ်နေသေးသည်။

ဝမ်ယွိလင်ကလည်း အလွန်ပါးနပ်သူဖြစ်သည်။ နောက်ဆုံးအကြိမ်တွင် သူ ဝမ်ယွိဖုန်း၏အလောင်းကို မြို့တော်သို့ ပြန်သယ်လာစဥ်က ဧကရာဇ်က ထိုအရာကို အသုံးချကာ သူ့ကို ဖမ်းဆီးရန် ဆန္ဒရှိခဲ့သည်။ ဝမ်ယွိလင် မြို့တော်သို့ ပြန်ရောက်သည်နှင့် သူ့ကို ဖမ်းဆီးနိုင်ရန် အန်းမိသားစုမှ တော်ဝင်သက်တော်စောင့်များကို စီစဉ်ထားပြီးသား ဖြစ်ခဲ့ဖူးသည်။ သို့သော် ဝမ်ယွိလင်က ရုတ်တရက် လမ်းတစ်ဝက်မှ လှည့်ပြန်သွားပြီး သူ့စခန်းသို့ ပြန်သွားခဲ့သည်။ ကျားကို တောင်ပေါ်သို့ ပြန်ခွင့်ပြုလိုက်သောကြောင့် နောက်ထပ်ပြန်ဖမ်းရန် ခက်ခဲပေလိမ့်မည်။

“အမိန့်တော်အတိုင်းပါ”

မိန်းမစိုးကြီးက ဒူးထောက်ကာ အမိန့်တော်ကို လက်ခဲလိုက်သည်။ သူက လိုအပ်သည်များကို ပြင်ဆင်ရန် မှင်ကြိတ်ပေးရန် စတင် အလုပ်ရှုပ်နေခဲ့သည်။

ယုံချီက အုံ့မှိုင်းသော မျက်နှာဖြင့် ကုတင်ပေါ်တွင် ထိုင်နေဆဲဖြစ်ကာ ထိုကြောက်မက်ဖွယ် အိမ်မက်အကြောင်းကို ဆက်တွေးနေခဲ့သည်။ တွေးလေလေ သူ့စိတ်က မငြိမ်မသက်ဖြစ်လေလေ ဖြစ်လာပြီး သူ့၏ညာဘက်မျက်ခွံက တဆတ်ဆတ် တုန်ခါနေလေသည်။

ယုံချီတစ်ယောက် စိတ်မသက်မသာဖြစ်နေပြီး တစ်ခုခု ဖြစ်လာ‌တော့မလို ခံစားနေရချိန်တွင် မိန်းမစိုးတစ်ယောက်က ခန်းမဆောင်ထဲသို့ စိုးရိမ်တကြီး ပြေးဝင်လာသည်။ သူက လီရှစ်ရာဖြတ်သန်းမှု အရေးပေါ်လျှောက်တင်လွှာကို သူ့လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ထားပြီး ဧကရာဇ်မင်းထံ သတင်းပို့ရန် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

(T/N: လီရှစ်ရာဖြတ်သန်းမှု အရေးပေါ်လျှောက်တင်လွှာ ဆိုတာက တင်စားတဲ့စကားလို့တော့ ထင်တာပဲ၊ အထောက်တော်တွေက တနေ့အတွင်းမှာ လီရှစ်ရာအထိ သတင်းပို့နိုင်တယ်လို့ ပြောချင်တာထင်တယ်)

“အရှင်မင်းကြီး၊ အရေးပေါ်လျှောက်တင်လွှာအရ ဖူရှန့်က ဒုက္ခသည်တွေက စတင်ပုန်ကန်နေကြပါပြီ”

All Chapters