နတ်ဆိုးပူးကပ်ခြင်း
Vol. 12 Ch. 179
စူးဟန်ရွှမ်က သူမကို သူ့ရင်ခွင်ထဲသို့ အမြန် ပြန်ဆွဲသွင်းလိုက်သည်။ သို့သော်လည်း စိတ်လွတ်နေသော ယန်ရုရွှယ်၏ခွန်အားက ကြီးမားလှပြီး သူမကို ထိန်းသမ်းနိုင်ရန် ခက်ခဲလှသည်။ အထိန်းတော်ကြီးနှင့် အစေခံမိန်းကလေးက အမြန် လာရောက်ကူညီသောကြောင့် နောက်ဆုံးတွင် သုံးယောက်သား ယန်ရုရွှယ်ကို ထိန်းချုပ်နိုင်ခဲ့ကြသည်။
အထိန်းတော်ကြီးက ချက်ချင်းပင် ဆေးနောက်တစ်ခွက် သွားယူလာခဲ့သည်။ ထိုကဲ့သို့ ဆေးပန်းကန်လုံး အခွဲခံရခြင်းက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ခဲ့ဖူးသောကြောင့် အစေခံများက ဆေးသုံးခွက်စာ အမြဲ ကျိုထားလေ့ရှိပြီး ယန်ရုရွှယ်ကို ဆေးတိုက်နိုင်ရန် အမြဲ အပိုရှိနေတက်သည်။
ယန်ရုရွှယ်က သူမ၏ခေါင်းကို ခါယမ်းနေပြီး ဆေးသောက်ရန် ငြင်းဆိုနေသောကြောင့် စူးဟန်ရွှမ်က သူမပါးကို ဖျစ်ညှစ်ပြီး ဆေးကို သူမပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
ယန်ရုရွှယ်က သူမခေါင်းကို အပြင်းအထန် ခါယမ်းနေသောကြောင့် ပါးစပ်ထောင့်မှ ဆေးအများအပြား ပြန်ထွက်လာသော်လည်း ဆေးတစ်ဝက်ကတော့ သူမ၏ပါးစပ်ထဲသို့ ဝင်သွားဖြစ်သည်။ မကြာမီ သူမက မှိန်းမောသွားပြီး သူမ၏မျက်လုံးများက ဗလာကျင်းသွားသည်။ သူမက စိတ်ဝိညာဉ်မရှိတော့သည့် အရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားပြီး ငိုနေခြင်း သို့မဟုတ် သောင်းကျန်းနေခြင်းမျိုး မရှိတော့ပေ။
သူ့ဇနီး၏အသွင်အပြင်က စူးဟန်ရွှမ်၏နှလုံးသားကို အလွန်အမင်း နာကျင်စေခဲ့သည်။
ဖြစ်နိုင်ရင် အပြစ်မရှိတဲ့ ရုရွှယ် အတွင်းစိတ်ဝိညာဉ်နတ်ဆိုးရဲ့ဖမ်းစားခံနေရတာထက် သူပဲ သူ့ဇနီးအစား ဆင်းရဲဒုက္ခတွေကို ခံစားပေးချင်မိတယ်။
"ငါ့ကို ဆေးသေတ္တာ ယူလာပေး"
စူးဟန်ရွှမ်က သူ့နှလုံးသားထဲမှ ခါးသီးမှုများကို မျိုသိပ်လိုက်ရင်း သူ့စိတ်ကို မပေါက်ကွဲအောင် ထိန်းထားလိုက်သည်။
တကယ်တော့ သူလည်း သူ့သမီးလေး ပျောက်ဆုံးသွားပြီးတဲ့နေ့ကတည်းက သူ့သမီးလေးကို မလွမ်းဆွတ်တဲ့နေ့ရယ်လို့ တစ်နေ့မှ မရှိပါဘူး။ ရှောင်ရှီက ငိုနေပြီး ‘အဖေ သမီးကို ကယ်ပါ’ လို့ တောင်းဆိုနေတာကို သူ မကြာခဏ အိပ်မက် မက်ခဲ့ဖူးတယ်။
အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်က ရှီအာကို ကြာပွတ်နဲ့ ရိုက်နေပြီး တစ်စုံတစ်ယောက်က ရှီအာကို လက်သီးနဲ့ထိုးပြီး ခြေထောက်နဲ့ ကန်နေတာကိုလည်း သူ မြင်ဖူးတယ်။ သူက သူ့သမီးကို သွားကယ်တင်ချင်ပေမယ့် လုံးဝ အနားမကပ်နိုင်ခဲ့ဘူး။ သူ့ရှီအာလေး နာကျင်နေတာကို သူ ရပ်ကြည့်ရုံပဲ တက်နိုင်ခဲ့တယ်။
အဲ့လို အိပ်မက်တွေက လန့်နိုးလာတိုင်း သူ နာကျင်လွန်းလို့ နံရံကို လက်သီးနဲ့ အကြိမ်ကြိမ် ထိုးခဲ့ဖူးတယ်။ ဒီနှစ်တွေတစ်လျှောက်မှာ သူ ရှီအာကို ရှာဖွေဖို့ မရေမတွက် နိုင်တဲ့လူတွေကို စေလွှတ်ခဲ့ပေမယ့် ဘာသတင်းမှ မရှိခဲ့ဘူး။
သူ့ဇနီးဖြစ်တဲ့ ယန်ရုရွှယ်ကလည်း တစ်နေ့ပြီး တစ်နေ့ စောင့်ဆိုင်းရတဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်ဘဲ ရူးသွပ်သွားခဲ့တယ်။ သူမက ရှီအာရဲ့အဝတ်အစားတွေကို ပွေ့ဖက်ပြီး နေ့တိုင်း ငိုကြွေးရင်း သူမကိုယ်သူမ အရူးအမူး နှိပ်စက်လာတယ်။ နောက်ဆုံးတော့ သူ လောချန်ကို ပြောင်းလာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။
အစေခံများက ဆေးသေတ္တာကို ယူလာပေးခဲ့ပြီး စူးဟန်ရွှမ်က ယန်ရုရွှယ်၏ ဒဏ်ရာရနေသော လက်ကောက်ဝတ်ကို ဆေးထည့်ပေးလိုက်သည်။ သို့တိုင်အောင် သူက သူ့လက်မှ သွေးထွက်နေသည့်ဒဏ်ရာကို ဂရုမစိုက်နိုင်ခဲ့ပေ။
အမှန်တကယ်တွင် ခန္ဓာကိုယ်တွင် နာကျင်ခြင်းက နှလုံးသားတစ်ခုလုံး နာကျင်ရခြင်းထက် ပိုမို ကောင်းမွန်နေသေးသည်။ ထို့ကြောင့် ယန်ရုရွှယ်က သူမ၏နှလုံးသား နာကျင်လွန်းသောကြောင့် သူမကိုယ်သူမ နှိပ်စက်နေသည်ကို သူ နားလည်ပေးနိုင်ခဲ့သည်။ ဤသည်မှာ သူမ စိတ်သက်သာရာရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
အိမ်တွင် နာတာရှည်ရောဂါသည်ရှိလျှင် လူနာ၏မိသားစုဝင်များက သမားတော် ဖြစ်လာတက်သည်ဟူသော စကားအရ ယခုတွင်လည်း စူးဟန်ရွှမ်က ယန်ရုရွှယ်၏ ဒဏ်ရာများကို သမားတော်များထက် ပိုမိုမြန်ဆန်စွာ ကုသပေးနိုင်ခဲ့သည်။
သူက သူမ၏ဒဏ်ရာများကို ဆေးကြောသန့်စင်ပြီး တစ်ခါတည်း ပတ်တီးစည်းပေးလိုက်သည်။
"အမေ၊ ရှောင်ချန်က အဲဒါကို မှုတ်ပေးမယ်၊ မနာတော့ဘူး”
သုံးနှစ်အရွယ် ရှောင်ချန်လေးအတွက် သူ့အမေ ထိုကဲ့သို့ နေမကောင်းဖြစ်ခြင်းကို မြင်ရသည်က ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သူ့အဖေက သူ့အမေ၏ဒဏ်ရာကို ကုသပေးပြီးသွားကြောင်း မြင်လိုက်ချိန်တွင် ကလေးက အထိန်းတော်၏ရင်ခွင်ထဲမှ ရုန်းထွက်သွားပြီး သူ၏ခြေတံတိုလေးများဖြင့် ကုတင်ပေါ်သို့ ပြေးသွားခဲ့သည်။ ထို့နောက် သူက သူ့အမေ၏ဘေးတွင် လှဲလျောင်းနေပြီး သူ့အမေ၏ဒဏ်ရာကို သူ့၏ပန်းနုရောင်နှုတ်ခမ်းလေးဖြင့် မှုတ်ပေးလိုက်သည်။
သူက အသက်သုံးနှစ်သာ ရှိသေးပြီး အပြစ်ကင်းစင်ကာ ပေါ့ပေါ့ပါးပါးနှင့် အချစ်ခံနေသင့်သည့် အရွယ်ဖြစ်သော်လည်း သူက အလွန်ဉာဏ်ကောင်းပြီး အလိုက်သိသောကြောင့် လူကြီးများ၏နှလုံးသားကို နာကျင်စေခဲ့သည်။
စူးဟန်ရွှမ်က သူ့သား၏ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်သည်။
ရှောင်ရှီ ပျောက်ဆုံးသွားပြီးတဲ့နောက်မှာ ရုရွှယ်က အပြင်းအထန် နာမကျန်းဖြစ်ခဲ့ပြီး သူတို့က နောက်ထပ်ကလေး မလိုချင်တော့ဘူး။ လွန်ခဲ့တဲ့ လေးနှစ်ကတော့ သမားတော်တစ်ယောက်က နောက်ထပ်ကလေးတစ်ယောက် မွေးလိုက်ရင် ယန်ရုရွှယ်ရဲ့ရောဂါက ပျောက်ကင်းသွားနိုင်တယ်လို့ အကြံပေးခဲ့တယ်။
အဲဒါကြောင့် သူတို့မှာ ရှောင်ချန်လေး ရှိလာခဲ့တယ်။ ရှောင်ချန် ရှိလာပြီးတဲ့နောက်မှာ ရုရွှယ်ရဲ့ရောဂါက တော်တော်လေး သက်သာသွားခဲ့တယ်။ သူမရဲ့စိတ်ဖောက်တဲ့ အချိန်က ပိုနည်းလာတယ်။ သူမက သူမရဲ့နှလုံးသားတစ်ခုလုံးကို ရှောင်ချန်ဆီမှာ အပ်ထားပြီး သားကို သမီးလို့ ခေါ်ခဲ့တယ်။
အဲ့အတွက် သူက သူ့သားလေးအပေါ် အပြစ်ရှိသလို ခံစားနေရတယ်။ ရှောင်ချန်က သူတို့အတွက် ကောင်းကင်ဘုံက စေလွှတ်ပေးလိုက်တဲ့ ကယ်တင်ရှင်လေးဖြစ်ပေမယ့် သူတို့က သူ့အပေါ် မမျှမတ ဆက်ဆံခဲ့မိတယ်။
သူမ၏သားကို မြင်လိုက်ရချိန်တွင် မှိုင်းဝေနေသော ယန်ရုရွှယ်၏မျက်လုံးများက အရောင်ပြန်တောက်ပလာခဲ့သည်။ သူမက သားဖြစ်သူကို ပွေ့ချီလိုက်ပြီး သူ့၏ချောမွတ်သော မျက်နှာလေးကို နမ်းကာ ‘သမီးလေး’ ဟု ခေါ်လိုက်သည်။
ရှောင်ချန်က သူ၏အနက်ရောင်မျက်လုံးလေးများဖြင့် သူ့အဖေကို သနားစဖွယ် ကြည့်လိုက်ပြီး "အဖေ၊ အမေက ချန်အာကို မှားခေါ် နေပြန်ပြီ"
"ရှောင်ချန်က လိမ်မာပါတယ်၊ အမေ နေကောင်းရင် အဖေ ပြောပေးမယ်နော်"
စူးဟန်ရွှမ်က သူ့သားလေးကို ခါးသီးသော အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
ယန်ရုရွှယ်က သူမ၏သမီးလေးအား ထပ်ဆုံးရှုံးရမည်ကို စိုးရိမ်နေပုံဖြင့် ရှောင်ချန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။
"ရှောင်ရှီ၊ အမေ သမီးလေးကို ထပ်ပြီး မပျောက်တော့ဘူး။ အမေ သမီးလေးကို ကာကွယ်ပေးမယ်!"
ရှောင်ချန်က သူ့မိခင်၏ ဖိညှစ်မှုကြောင့် အလွန်အမင်း နာကျင်နေပြီး သူ့အဖေကို သနားစဖွယ် ကြည့်နေပြန်သည်။
စူးဟန်ရွှမ်က သူ့သားကို ယန်ရုရွှယ်၏ရင်ခွင်ထဲက ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း ယန်ရုရွှယ်က သူ့ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့သည်။
စူးဟန်ရွှမ်က ယန်ရုရွှယ်၏ကျောကို ပွတ်သပ်ကာ ညင်ညင်သာသာ ချော့မော့လိုက်သည်။
“ရုရွှယ်၊ သူက ကိုယ်တို့ရဲ့သားလေး ရှောင်ချန်လေ၊ ရှောင်ရှီ မဟုတ်ဘူး။ ကိုယ် သမီးလေးကို ပြန်ရှာပေးပါ့မယ်"
ယန်ရုရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် သူမ၏သားလေးကို လွှတ်ပေးလိုက်ပြီး မျက်ရည်များ ကျလာပြန်သည်။ သူမ၏ကူကယ်ရာမဲ့အကြည့်များက စူးဟန်ရွှမ်၏နှလုံးသားကို ကျောက်တုံးကြီးဖြင့် ပစ်ပေါက်လိုက်ပြီး သူ့နှလုံးသားတစ်ခုလုံး ကြေမွသွားသလို ခံစားလိုက်ရသောကြောင့် စူးဟန်ရွှမ်းတစ်ယောက် အသက်မရှူနိုင်တော့ပေ။
*
စူးချင်းက ကျိရွှေရှန့်တို့နှင့်အတူ အထည်ဆိုင်သို့ ပြန်လိုက်လာခဲ့သည်။ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ငွေရှင်းရန် ဆိုင်တာဝန်ခံဆီသို့ သွားနေကြသည်။
စူးချင်းက သူမ ဝယ်ချင်သော ပစ္စည်းစာရင်းကို ဆိုင်အကူထံသို့ ထပ်ပေးလိုက်သည်။ သူမက ပိတ်ချော၊ နူးညံ့သောပိတ်အပါးများနှင့် ဝါဂွမ်းထည့်ထားသော အထည်များကို ထပ်ဝယ်ရန် စာရင်းပေးလိုက်သည်။
ထိုအပြင် ဝါဂွမ်းကို အင်္ကျီတစ်စုံစာအတွက် အကန့်အသတ်ဖြင့် ဝယ်နိုင်ကြောင်း ဆိုင်အကူက သူမကို ရှင်းပြခဲ့သည်။ ထိုထက်ပိုများလျှင် တရားဝင်စာရွက်စာတမ်းများ လိုအပ်မည် ဖြစ်သည်။
သူတို့၏ဆိုင်တွင် ချည်သားဖိနပ်များလည်း ရှိနေသောကြောင့် ထိုအသင့်လုပ်ပြီးသား ချည်ဖိနပ်များကို ဝယ်ရန်လည်း စူးချင်းကို အကြံပေးခဲ့သည်။
စူးချင်းက သူမ၏ချုပ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ချင်နေခြင်း ဖြစ်ပြီး ထိုအဆင်သင့်လုပ်ထားသော ချည်သားဖိနပ်များက ဝယ်လိုက်လျှင် သူမ၏ချုပ်လုပ်မှုစွမ်းရည်ကို မည်သို့မျှ မြှင့်တင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူမက ချည်သားဝတ်စုံ ဆယ်စုံကို ဝယ်ခဲ့ပြီး ချည်ဖိနပ်လုပ်ရန် ချည်ထည်နှင့် ဝါဂွမ်းထည်များကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ မိန်းကလေးများအတွက် အတွင်းခံများ ပြုလုပ်ရန် နူးညံ့သောအထည်သုံးလိပ်ကိုလည်း မှာယူခဲ့သည်။
"ဒါဆို ဒါတွေကို အရင်က အစုံ တစ်ရာ့နှစ်ဆယ်နဲ့ ရောထုတ်ပေးရမှာလား?"
ဆိုင်အကူက မေးလိုက်ချိန်တွင် စူးချင်းက ခေါင်းခါ လိုက်ပြီး “အဲ့တာတွေကို ဒီဟင်းခတ်အမွှေးအကြိုင်တွေနဲ့အတူ ပြန်ယူသွားမယ်”
သူမတို့က သက်တော်စောင့်နဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းအနေနဲ့ ဟန်ဆောင်ပြီး ခရီးသွားမယ်ဆိုပါမှ ကုန်ပစ္စည်းမပါရင် ဘယ်လိုပုံစံမျိုးဖြစ်သွားမလဲ?
“ကောင်းပါပြီ” ဆိုင်အကူက ခေါင်းညိတ်ပြလိုက်ပြီး သူမ ထပ်မှာသော အဝတ်များကို ထုပ်ပိုးပေးရန် ထွက်ခွာသွားခဲ့သည်။
"ဒီလှည်းကို သွားပြန်ပို့လိုက်ဦးမယ်"
စူးချင်းက ကျိရွှေရှန့်ကို ရှာရန် အနောက်ဘက်သို့ ဝင်သွားပြီး ဟင်းခတ်အမွှေးအကြိုင်ဆိုင်မှ လှည်းကို သွားပြန်ပို့မည့်အကြောင်း ပြောလိုက်သည်။ ထို့အပြင် သူမက အစားအစာများလည်း မဝယ်ရသေးပေ။
"ခနနေမှ သွား၊ ငါ လိုက်ခဲ့ပေးမယ်!"
ကျိရွှေရှန့်က စိတ်ပူနေပြီ ဖြစ်သည်။
ယောကျာ်းတစ်ယောက်လို ၀တ်ဆင်ထားတဲ့ လွမ်သခင်မလေးတောင် အဖမ်းခံလိုက်ရတဲ့အတွက် လောချန်ရဲ့လုံခြုံမှုက မကောင်းတော့တာကို သက်သေပြနေတယ်။ စူးချင်းက ကိုယ်ခံပညာ ကျွမ်းကျင်ပေမယ့် တစ်ဖက်လူက ဆေးကို သုံးလိုက်လို့ သူမ သတိလစ်သွားရင် သူမ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။
"မလိုပါဘူး။ ခနနေရင် ပြန်လာခဲ့မယ်"
စူးချင်းက ငြင်းဆန်လိုက်သည်။
သူ သူမနောက်ကနေ လိုက်လာရင် ဘယ်လိုလုပ် စားစရာတွေ ဝယ်နိုင်မှာလဲ?
"သတိထားဦး"
ကျိရွှေရှန့်က စူးချင်းထံတွင် သူမ၏ကိုယ်ပိုင်စိတ်ကူးများ ရှိသည်ကို သိနေပြီး သူမ၏ဆုံးဖြတ်ချက်ကို မည်သူမျှ မပြောင်းလဲနိုင်ကြောင်းလည်း နားလည်နေသောကြောင့် သူမကို သတိပေးရုံသာတက်နိုင်တော့သည်။
“ကောင်းပါပြီ”
စူးချင်းက ခေါင်းညိတ်ပြီး ပြန်ထွက်သွားသည်။ သူမ အထည်ဆိုင်၏ အရှေ့ခန်းမသို့ ရောက်သွားချိန်တွင် ဆိုင်အကူများက “သခင်မရဲ့ရောဂါက ပြန်ဖြစ်လာပြီလား?” ဟု တီးတိုးတီးတိုး ပြောနေသံကို ကြားလိုက်ရသည်။
"ငါတော့ အဲ့လို ထင်တာပဲ။ အဲ့လိုမှ မဟုတ်ရင် ဒုတိယသခင်ကြီးက ဒီလောက်မြန်မြန် ထွက်သွားမှာ မဟုတ်ဘူး”
စူးချင်းက မျက်ခုံးပင့်လိုက်သည်။
ဒုတိယသခင်ကြီးစူးရဲ့ဇနီးသည်က အပြင်းအထန် နေမကောင်း ဖြစ်နေတဲ့ပုံပဲ။ ဘာဖြစ်တာလဲ?
"မင်းတို့ရဲ့သခင်မမှာ ဘာရောဂါရှိလို့လဲ?"
စူးချင်းက လမ်းလျှောက်လာရင်း လှမ်းမေးလိုက်သည်။ စူးဟန်ရွှမ်က သူမကို ရွှေပိုးမျှင်မုန့် နှစ်ဗူး ပေးခဲ့တယ်။ အဲ့တာတွေက အများကြီး မတန်ပေမယ့်လည်း သူမက တခြားသူအပေါ် အကြွေးတင်ရတာကို မကြိုက်ဘူး။
ပြီးတော့ ဒါက သူမရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်သလို သူ့ကို မျက်နှာသာ ပြန်ပေးရာလည်းကျလိမ့်မယ်။
“…. ဒါက?"
ဆိုင်အကူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာမှ မပြောရဲကြပေ။ စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ထပ်ပြောလိုက်သည်။ "မင်းတို့က သခင့်အကြောင်းကို နောက်ကွယ်ကနေ ပြောရဲပြီး အခုတော့ မပြောရဲတော့ဘူးပေါ့"
“မဟုတ်ဘူး၊ မဟုတ်ဘူး သခင်လေး၊ မင်း ဒီလိုပြောလိုက်ရင် ငါတို့ အပြစ်ပေးခံရလိမ့်မယ်"
စူးချင်း၏စကားကို ကြားသောအခါ အလုပ်သမားနှစ်ဦး၏အမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး အသနားခဲရန် အမြန် ရှေ့တိုးလာကြသည်။
စူးချင်းက သူတို့ကို မည်းမှောင်သော မျက်နှာဖြင့် ကြည့်ကာ ဘာမှ စကားမပြောဘဲ ရပ်နေခဲ့သည်။
“သခင်မမှာ နတ်ဆိုးပူးကပ်တဲ့ရောဂါ ရှိတယ်။ အဲ့လို ဖြစ်လာရင် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်တက်တယ်”
ဆိုင်အကူက စူးချင်း ဒေါသထွက်နေပြီး သူတို့ နောက်ကွယ်တွင် ဆွေးနွေးနေသည့်အကြောင်းကို ဒုတိယသခင်ကြီးအား ပြန်ပြောမည်ကို စိုးရိမ်သောကြောင့် စူးချင်းကို တိုးတိုးလေး ပြောပြလိုက်သည်။
"နတ်ဆိုးပူးကပ်တဲ့ရောဂါ?"
"ရှောင်ချီ... သူ(မ)က စိတ်ကျန်းမရေး မကောင်းတာလား" စူးချင်းက ရှောင်ချီကို လှမ်းမေးလိုက်သည်။
ရှောင်ချီက စနစ်ထဲတွင် ပိုးစာပင်များကို ရေလောင်းနေခဲ့ပြီး ခဏအကြာတွင် သူမက ပိုးကောင်လေးများကို အစာကျွေးရန် ပိုးစာရွက်များ ခူးဆွတ်မည်ဟု တွေးးနေခဲ့သည်။ ယခုအချိန်တွင် ပိုးကောင်ကလေးများက ပိုးအိမ်များကို စတင်ဆောက်လုပ်နေပြီဖြစ်ကာ ရှောင်ချီက သူမအလုပ်များ၏ပြီးမြောက်မှုကို ခံစားနေရသည်။ သူမက သူမ၏သခင် ပိုးအိမ်များကို မြင်ရန် စောင့်ဆိုင်းနေခဲ့ပြီး သူမ၏သခင်က သူမကို ချီးမွမ်းတော့မည်ကို တွေးကာ ပျော်ရွှင်နေခဲ့သည်။
ယခု စူးချင်း၏မေးခွန်းကို ကြားလိုက်ချိန်တွင် ရှောင်ချီက ရေပုံးကို အလျင်အမြန် ပြန်ချကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ သခင်။ ရှေးခေတ်မှာ အဲ့တာကို နတ်ဆိုးပူးကပ်တယ်လို့ ပြောကြပါတယ်။ စိတ္တဇရောဂါလို့ ခေါ်တဲ့ စိတ်အယောင်ကချားဖြစ်တက်တာမျိုးပါ!"
"ပျောက်ကင်းအောင် ကုသနိုင်လား?"