ဓားပြတွေထက်တောင် ပိုကျွမ်းကျင်နေပြီ
Vol. 12 Ch. 168
ကျိရွှေရှန့်က သူ့အဖွဲ့ကို ရပ်ခိုင်းလိုက်ပြီး သူနှင့် ချိုးယုံခန်းတို့က အရှေ့မှအခြေအနေကို ကင်းထောက်ရန် ထွက်ခွာသွားခဲ့ကြသည်။ ကျုံးယုံက သူ့အစ်ကိုကြီးကို ကာကွယ်ရန် စိတ်အားထက်သန်နေပြီး လက်တစ်ဖက်စီတွင် သံတူကြီးတစ်ချောင်းစီ ကိုင်ဆောင်ကာ နောက်မှလိုက်ရန် အသည်းအသန် တောင်းဆိုနေခဲ့သည်။
ကျိရွှေရှန့်အတွက်လည်း သူ့ကို လိုက်ခိုင်းရုံမှတပါး ရွေးချယ်စရာ မရှိတော့ဘဲ သုံးယောက်သား ချိုင့်ဝှမ်းထဲမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့ အများကြီး မသွားလိုက်ရဘဲ ရှုပ်ယှက်ခတ်နေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပြီး နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုတွင် တစ်ဖက်က စစ်သည်များ ဖြစ်နေပြီး တစ်ဖက်က ဓားပြများနှင့် ဒုက္ခသည်များ ဖြစ်နေကြသည်။
ကျိရွှေရှန့်တို့ သုံးယောက်က အလျင်စလို ချဥ်းကပ်သွားခြင်း မရှိဘဲ အခြေအနေကို ခဏတာ စောင့်ကြည့်နေကြသည်။
သိပ်မကြာမီမှာပင် စစ်သည်များက ဘာမှ မခွဲခြားဘဲ ဒုက္ခသည်များကို သိမ်းကျုံးသတ်ဖြတ်နေချိန်တွင် ဓားပြများက ဒုက္ခသည်များကို ကာကွယ်ပေးနေကြောင်း သူတို့ နားလည်လိုက်ရသည်။
ဓားပြများ၏ခေါင်းဆောင်က အသက်လေးဆယ်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်ပြီး ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်သောအသွင်အပြင်မျိုးကို ပိုင်ဆိုင်သူ ဖြစ်သည်။ သူ၏ ကိုယ်ခံပညာက အလွန်ကောင်းမွန်ပြီး သူ့၏နောက်လိုက်ဆယ်ဦးကလည်း အလွန် ထူးချွန်ပုံရသည်။
သူတို့က အချင်းချင်း ကာကွယ်ပေးရန် ပူးပေါင်းဆောင်ရွက်နေကြပြီး ဒုက္ခသည်များကိုလည်း ကာကွယ်ပေးထားကြသည်။ သူတို့၏အကာအကွယ်သာ မရှိပါက ထိုဒုက္ခသည်များအားလုံး စစ်သည်များကြောင့် သေဆုံးသွားမည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။
“ သတ်ကြ။ ဘယ်သူ့ကိုမှ အရှင်မထားနဲ့"
မြင့်မားသော စစ်မြင်းကြီးပေါ်တွင် ထိုင်နေသည့် စစ်သည်ခေါင်းဆောင်က မှုန်ကုပ်ကုပ်အမူအရာဖြင့် သူ့လက်အောက်ငယ်သားများကို အော်ဟစ်အမိန့်ပေးနေခဲ့သည်။ အစပိုင်းတွင် သူတို့ဘက်မှ စစ်သည်များက အရေအတွက်အားဖြင့် အသာစီးရနေခဲ့ပြီး ရန်သူများထက် အဆပေါင်းများစွာ လူအင်အား ပိုများသောကြောင့် ထိုဒုက္ခသည်များနှင့် ဓားပြများကို အလျင်အမြန် ချေမှုန်းနိုင်မည်ဟု သူ ထင်နေခဲ့သည်။
သို့သော်လည်း ဓားပြများက ကိုယ်ခံပညာ အလွန်ကျွမ်းကျင်ကြပြီး စစ်သည်တစ်ဒါဇင်ကျော် ကျဆုံးသွားခဲ့ပြီး ဖြစ်သည်။
စစ်သည်ခေါင်းဆောင်က သူ၏လေးနှင့် မြှားကို ထုတ်ကာ ဓားပြခေါင်းဆောင်ကို ချိန်ရွယ်ပြီး မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
"ချွီတာ့၊ သတိထား"
လူတစ်ယောက်က မြှားကို မြင်လိုက်ပြီး လှမ်းအော်လိုက်ကာ ချွီတာ့ထံသို့ ပြေးဝင်လာသည့် မြှားကို ကူညီပိတ်ဆို့ရန် ပြေးလာခဲ့သည်။ သို့သော်လည်း မြှားက သူ့ပခုံးကို ဖောက်ဝင်သွားပြီး ထိုလူက နာကျင်နေသော အမူအရာဖြင့် သူ့ဓားကို မြေပြင်ပေါ်ကို လွတ်ချလိုက်သည်။
“ကျန်းချမ်"
ချွီတာ့က အော်ဟစ်လိုက်ပြီး မြှားမှန်သွားသော ကျန်းချမ်ကို ပြေးတွဲလိုက်သည်။ ထို့နောက် သူက ကျန်းချမ်အား တိုက်ခိုက်နေသော စစ်သည်များကို သူ့လက်ထဲမှ ဓားဖြင့် အဆုံးသတ်ပေးလိုက်သည်။ စစ်သည်ခေါင်းဆောင်က သူ့၏လေးပစ်ချက် အောင်မြင်စွာ ထိမှန်ခဲ့သည်ကို သိမြင်နိုင်ပြီး သူ့လေးကို ဆက်လက် ချိန်ရွယ်နေလေသည်။ သူက မြှားနှစ်စင်းကို ဆက်တိုက်ပစ်လွှတ်ခဲ့ပြီး ဒုက္ခသည်နှစ်ဦးကို ပစ်သတ်ခဲ့သည်။
စစ်သည်များက ဒုက္ခသည်များကို ပစ်သတ်နေသည်အား မြင်လိုက်ချိန်တွင် ချွီတာ့၏ ဒေါသက ပေါက်ကွဲထွက်လာပြီး သူက စစ်သည်ခေါင်းဆောင်ကို လှမ်းအော်လိုက်သည်။
“မင်းတို့က တာ့ရှားပြည်ထောင်ရဲ့ကြီးကျယ်ခမ်းနားတဲ့ စစ်တပ်ကြီး ဖြစ်နေပေမယ့် မင်းတို့က တိုင်းသူပြည်သားတွေကို ကာကွယ်ရမယ့်အစား သူတို့ကို ပစ်သတ်နေတယ်။ မင်းတို့က ဘယ်လိုစစ်သည်တွေလဲ?"
"ချွီတာ့? ကျန်းချမ်?"
ထိုအမည်နှစ်ခုကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း စစ်သည်ခေါင်းဆောင်က လှောင်ပြောင်ရယ်မောကာ မြှားတစ်စင်းကို ထပ်ချိန်ရွယ်နေပြီး ပစ်ခတ်ရန် အဆင်သင့်ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က ဘာမှ မစဉ်းစားနိုင်တော့ဘဲ သူ့လေးကို ထုတ်ကာ ထိုစစ်သည်ခေါင်းဆောင်ဆီသို့ ချိန်ရွယ်လိုက်သည်။
ထိုစစ်သည်ခေါင်းဆောင်ကလည်း အတော်လေး အရည်အချင်းရှိသည်ဟု ယူဆနိုင်ပြီး လေတိုးသံကို ကြားသူနှင့် သူက မြင်းပေါ်၌ပင် အမြန်ငုံချလိုက်ပြီး မြှားကို ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ပစ်နေသော မြှားကလည်း ပစ်မှတ်ကို လွဲချော်သွားလေသည်။
"သွားကူညီပေးလိုက်ကြ"
ကျိရွှေရှန့်က ကျုံးယုံနှင့် ချိုးယုံခန်းတို့ကို လှမ်းအော်ကာ သူကိုယ်တိုင်လည်း ပြေးထွက်သွားခဲ့သည်။ သူ့အစ်ကိုကြီး ပြေးထွက်သွားသည်ကို မြင်သည်နှင့် ကျုံးယုံကလည်း သူ့၏သံတူကြီးများကို မြှောက်ကာ တိုက်ပွဲဆီသို့ ပြေးဝင်သွားတော့သည်။
ချိုးယုံခန်းက သူကိုယ်တိုင် အားနည်းသူ ဖြစ်ပြီး တခြားသူများကို ဆွဲချမိမည်အား စိုးရိမ်သောကြောင့် လီတာ့နျိုနှင့် တခြားသူများကို ပြန်ခေါ်ရန် ပြန်လှည့်ပြေးသွားခဲ့သည်။ စူးချင်းကလည်း အရှေ့မှ တိုက်ပွဲသံကို ကြားလိုက်သောကြောင့် သူမ၏ဒူးလေးကို ကိုင်ကာ လိုက်လာနေပြီ ဖြစ်သည်။
စူးချင်းနှင့် တခြားသူများ တောင်ကြားထဲမှ ထွက်လာချိန်တွင် ကျိရွှေရှန့်က ရတနာဓားရှည်ကို ကိုင်ဆောင်ကာ တိုက်ပွဲဝင်နေပြီ ဖြစ်သည်။ သူက သေမင်းနတ်ဘုရား ပူးကပ်နေသလို မားမားမတ်မတ် ရပ်နေပြီး သူ့ထံသို့ ပြေးဝင်လာသော စစ်သည်များကို သတ်ဖြတ်နေပြီး ပြေးဝင်လာသမျှ စစ်သည်အားလုံးက အသေဆိုးဖြင့် သေဆုံးနေကြရသည်။
"လွမ်တောင်?"
ကျိရွှေရှန့်၏လက်ထဲမှ တောက်ပနေသည့် ရတနာဓားကို မြင်လိုက်ချိန်တွင် ချွီတာ့က အံ့သြတကြီး အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများမှ ပျော်ရွှင်မှုအရိပ်အယောင်များ လျှံထွက်လာသည်။
"အဲ့ဒါက လွမ်တောင်ပဲ"
ကျန်းချမ်၏မျက်လုံးများကလည်း စိုစွတ်လာခဲ့သည်။
အစ်ကိုကြီးရဲ့ဓားကို ဆယ့်ခြောက်နှစ်ကြာမှ ပြန်တွေ့ခဲ့ရပေမယ့် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီ။
ထောင်ဟွားဝူမှ လူများ၏ အကူအညီကြောင့် စစ်သည်ထက်ဝက်ကျော် သေဆုံးပြီး အများစုက ဒဏ်ရာရလာပြီ ဖြစ်သောကြောင့် စစ်သည်များက ထပ်ခါ ထပ်ခါ နောက်ဆုတ်နေကြရသည်။ စစ်သည်ခေါင်းဆောင်ကလည်း ကျိရွှေရှန့်၏ဓားကို မြင်သည်နှင့် တုန်လှုပ်သွားပြီး သူ့လက်အောက်ငယ်သားများကို ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"ဓားမောက်ကိုင်ထားတဲ့ လူကို ဖမ်းကြစမ်း"
သူက အော်ဟစ်အမိန့်ပေးနေရင်း သူကိုယ်တိုင်တည်း သူ့၏လေးကို ကျိရွှေရှန့်ထံသို့ ချိန်ရွယ်ကာ ပစ်ခတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
စူးချင်းက ထိုအခြေအနေကို လှမ်းမြင်လိုက်ပြီး သူမ၏ဒူးလေးကို မြှောက်ကာ မြှားတိုလေးတစ်စင်း ပစ်လွှတ်လိုက်သည်။ မြှားတို၏အမြန်နှုန်းက မြှားရှည်ထက် ပိုမြန်သောပြီး စစ်သည်ခေါင်းဆောင် ပစ်လိုက်သောမြှားက ပစ်ချခံလိုက်ရသည်။
အခြေနေမကောင်းမှန်း သိသွားသော စစ်သည်ခေါင်းဆောင်က မြှားကျဥ်တောက်ထဲမှ နောက်ထပ်မြှားတစ်စင်းကို အမြန်ဆွဲထုတ်လိုက်သော်လည်း သူ သူ့မြှားကို မပစ်ခတ်ရသေးမီမှာပင် သူ့ရင်ဘတ်ကို မြှားတိုလေးတစ်ချောင်း ဖောက်ဝင်သွားပြီး မြင်းပေါ်မှ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် ကျုံးယုံ၏ သံတူကြီးက သူ့ဦးခေါင်းဆီသို့ ရောက်ရှိလာပြီး ပြားနေအောင် အရိုက်ခံလိုက်ရသည်။
ခေါင်းဆောင် သေဆုံးသွားသည်ကို မြင်သည်နှင့် အခြားစစ်သည်များက ဆက်လိုက်တိုက်ခိုက်ရန် ဆန္ဒမရှိကြာတော့ဘဲ လွတ်မြောက်ရန် စိတ်ကူးတည့်ရာ ထွက်ပြေးကြပြီး သဲသောင်မှ သဲများကဲ့သို့ ပြန့်ကျဲသွားတော့သည်။
ချွီတာ့က သူ့ဓားကို မြှောက်ကာ ပြေးဝင်သွားရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။ “ငါတို့ သူတို့ထဲက တစ်ယောက်ကိုမှ လွှတ်ပေးလို့ မရဘူး”
ကျိရွှေရှန့်တွင်လည်း သူနှင့်တူညီသော အတွေးရှိနေခဲ့သည်။ တကယ်လို့ သူတို့ ဒီစစ်သည်တွေထဲက တယောက်ကို လွှတ်ပေးလိုက်တာနဲ့ အဲ့လူက ပြန်သတင်းပို့လိုက်ရင် သူတို့အားလုံး ဖော်ထုတ်ခံရလိမ့်မယ်။
ထောင်ဟွားဝူမှ မိန်းကလေးများအားလုံးကလည်း သူမတို့၏ ဒူးလေးများကို ကိုင်ကာ ကူညီရန် ပြေးလာကြသည်။ ယခင်က သူမတို့က ပစ်မှတ်အသေများကိုသာ ပစ်ခတ်ဖူးကြပြီး ယနေ့တွင် တိုက်ပွဲအစစ်ကို ရင်ဆိုင်နေရသောကြောင့် မိန်းခလေးများအားလုံး စိတ်လှုပ်ရှားနေကြသည်။
နှစ်ဦးနှစ်ဘက် ပူးပေါင်းကြိုးပမ်းမှု၏အောက်တွင် စစ်သည်တစ်ဦးမှ မလွတ်မြောက်နိုင်ဘဲ အားလုံး အသတ်ခံလိုက်ရသည်။
အစပိုင်းတွင် သူတို့က ဤနေရာသို့ ဒုက္ခသည်များကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ရန် ရောက်လာခဲ့သော်လည်း ယခုအခါ သူတို့က အခြားသူများ၏ ပစ်မှတ်ဖြစ်သွားခဲ့သည်။ ထိုအရာက စစ်သည်ခေါးင်ဆောင်နှင့် သူ့နောက်လိုက်များ ဘယ်လိုမှ ကြိုမတွေးနိုင်သည့်အဖြစ်အပျက်သာ ဖြစ်ပြီး လက်တွေ့တွင် သူတို့၏အသက်များကို ပေးဆပ်လိုက်ရသည်။
"သူတို့အားလုံးကို ရှင်းပစ်လိုက်ကြ"
ချွီတာ့က ထိုအလောင်းများကို တောင်ပေါ်လမ်းတွင် မထားခဲ့ဘဲ အထောက်အထားများအားလုံးကို ဖျက်ဆီးရန် သူ့လူများအား အမိန့်ပေးလိုက်သည်။
ဘေးတွင် အောက်ခြေမရှိသည့် ချောက်နက်ကြီးများ ရှိနေပြီး ထိုချောက်များ၏အောက်တွင် အဆိပ်ကောင်များက အတားအဆီးထားသောကြောင့် အလောင်းကို ချောက်ထဲသို့ ပစ်ချလိုက်လျှင် မည်သူမျှ ရှာမတွေ့နိုင်တော့ပေ။
"ကူညီပေးလိုက်ကြဦး"
ကျိရွှေရှန့်က ထောင်ဟွားဝူမှ လူငယ်များကို ကူညီပေးရန် အမိန့်ပေးလိုက်ပြီး လူငယ်များက ကြောက်လန့်တကြားဖြစ်နေသော ဘေးဒုက္ခသည်များကို ကူညီပေးရန် ရောက်လာကြသည်။
တစ်ဖက်တွင်လည်း အားလုံး၏ကြိုးစားအားထုတ်မှုဖြင့် များပြားသောအလောင်းများကို ချောက်နက်ထဲသို့ အလျင်အမြန် ပစ်ချနေခဲ့ကြသည်။
ချိုးယုံခန်းက အလောင်းများကို မပစ်ချမီတွင် သူတို့၏ကိုယ်ပေါ်မှ အဖိုးတန်ပစ္စည်းများကို ရှာဖွေနေပြီး ထိုသို့ရှာဖွေရာတွင် သူက ဓားပြများထက်ပင် ပို၍ ကျွမ်းကျင်နေပြီ ဖြစ်သည်။
“ညီလေး၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
အလောင်းများကို ရှင်းလင်းပြီးနောက်တွင် ချွီတာ့က သူတို့နားသို့ရောက်လာပြီး ကျိရွှေရှန့်ကို လက်ခုပ်အုပ်ကာ ကျေးဇူးတင်လိုက်သည်။
"ဦးလေးချွီ၊ ကျွန်တော်က ယွိအာ ပါ"
ကျိရွှေရှန့်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ့ရှေ့မှ ချွီတာ့ကို ကြည့်နေပြီး သူ့အသံကလည်း အနည်းငယ် တုန်ခါနေခဲ့သည်။
"ယွိအာ?"
ချွီတာ့က မယုံနိုင်သည့် အမူအရာဖြင့် ထိုအမည်ကို ထပ်ခါတလဲလဲ ရေရွတ်နေလေသည်။
ခုန “လွမ်တောင်”ကို တွေ့လိုက်တာကြောင့် ဒီလူက အစ်ကိုကြီးနဲ့ ဘယ်လို ပတ်သတ်နေလဲလို့ တွေးခဲ့မိတယ်။ ဒါပေမယ့် သူ့ရှေ့က ခပ်ထွားထွားလူကြီးက ယွိအာဖြစ်နေမဘ်လို့တော့ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးဘူး။
“ကျွန်တော်ပါ”
ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး သူ့၏ဦးလေးချွီကို နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
“ယွိအာ”
ကျန်းချမ်က သူ့၏ဒဏ်ရာရနေသော ပခုံးကို ဆုပ်ကိုင်ထားရင်း ကျိရွှေရှန့်ကို အံ့သြတကြီး ကြည့်နေရာမှ အော်ခေါ်လိုက်သည်။ ကျိရွှေရှန့်က ကျန်းချမ်ကို သွားကူတွဲပေးရင်း ပြန်ထူးလိုက်သည်။
“ဦးလေးကျန်း”
စူးချင်းက သူမ၏ဒူးလေးကို ဘေးသို့ ချထားပြီး သူတို့၏ပြန်လည်ဆုံစည်းမှုကို ငေးကြည့်နေခဲ့သည်။
ဒီလို ခံစားချက်မျိုးကို သူမ နားမလည်ပေမယ့် ကျိရွှေရှန့် ကလေးတစ်ယောက်လို ပျော်ရွှင်နေတာကို မြင်နေရတာကြောင့် ဒီလူတွေကို ကယ်တင်ရတာက ထိုက်တန်တယ်လို့ သူမ သတ်မှတ်တယ်။
“ဦးလေးတို့နဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့”
ချွီတာ့က လမ်းပေါ်တွင် မလုံခြုံသလို ခံစားနေရသောကြောင့် ကျိရွှေရှန့်ကို သူတို့နှင့်အတူ တောင်ပေါ်တက်ရန် ဖိတ်ခေါ်လိုက်သည်။
စစ်သူကြီးရှောင်း အသတ်ခံရပြီးကတည်းက သူတို့က တော်ဝင်ရုံးတော်ကို မကာကွယ်ပေးချင်ကြတော့ဘူး။ အဲ့တာကြောင့် သူတို့က ဝမ်းနည်းဒေါသနဲ့ စစ်တပ်ကို ဖျက်သိမ်းပြီး ထားခဲ့ပြီး ဒီတောင်ကို သိမ်းပိုက်ထားခဲ့ကြတယ်။ သူတို့က သူတို့ဘာသာသူတို့ ဝမ်းစာ ရှာဖွေနိုင်ကြပြီး သာမာန်ပြည်သူတွေကို အနိုင်ကျင့် လုရက်တာမျိုး တစ်ခါမှ မလုပ်ဖူးကြဘူး။
ရှောင်းမိသားစုစစ်တပ်က သာမန်ပြည်သူတွေကို အမြဲတမ်း ကာကွယ်ပေးခဲ့ပြီး အဲ့ဒီ အကာအကွယ်ပေးချင်စိတ်က သူတို့ရဲ့အရိုးထဲကို ဆွဲနေတာကြောင့် အခု စစ်သည်တွေက သာမန်ပြည်သူတွေကို သတ်နေတဲ့အချိန်မှာ သူတို့ ဘာမှ မလုပ်ဘဲ ထိုင်ကြည့်မနေနိုင်တာကြောင့် အခုလို တိုက်ပွဲတစ်ခုကို ဖန်တီးမိခဲ့ကြတာပါ။
“ကောင်းပါပြီ”
ကျိရွှေရှန့်ကလည်း ဤနှစ်များတစ်လျှောက်လုံး ဦးလေးချွီနှင့် ဦးလေးကျန်းတို့ မည်ကဲ့သို့နေထိုင်ခဲ့ရသည်ကို မြင်ချင်သောကြောင့် တောင်ပေါ်သို့ လိုက်ရန် သဘောတူခဲ့သည်။
ချိုးယုံခန်းက သေဆုံးသွားသောဒုက္ခသည်များ၏မိသားစုဝင်များ ဝမ်းပမ်းတနည်း ငိုနေသည်ကို လှမ်းကြည့်နေခဲ့ပြီး သူတို့ထဲမှ အတော်များများတွင်လည်း ဒဏ်ရာများ ရှိနေသောကြောင့် သူက စစ်သည်များထံမှ သူရထားသော ငွေတချို့ကို ထိုလူများအား ပြန်ပေးလိုက်သည်။
ဤသည်မှာ သူထံတွင် သူတော်ကောင်းတရား ပြည့်ဝနေခြင်းကြောင့် မဟုတ်ပေ။
သူ ဒီဒုက္ခသည်တွေကို ငွေပေးလိုက်လို့ သူတို့က ငွေကို လက်ခံလိုက်တာနဲ့ သူတို့လည်း ကြံရာပါတွေဖြစ်သွားလိမ့်မယ်။ သူတို့ အစိုးရကို သတင်းသွားပေးရင်တောင် သူတို့လည်း ပုန်ကန်သူတွေအဖြစ် အပြစ်ပေးခံရလိမ့်မယ်။ အဲ့တော့ သူတို့ထဲက ဘယ်သူကမှ ဘာမှ ပြောရဲမှာ မဟုတ်တော့ဘူး။
ဒုက္ခသည်များက သူတို့ကို အလွန်ကျေးဇူးတင်နေကြပြီး ထောင်ဟွားဝူအဖွဲ့နှင့် လိုက်ပါလိုကြသော်လည်း ချိုးယုံခန်းက သူတို့ကို ငြင်းပယ်ခဲ့သည်။
အပြင်တွင် စစ်သည်များက ဒုက္ခသည်များကို သတ်ဖြတ်နေကြသောကြောင့် ဤလူများကလည်း အပြင်သို့ ထပ်မထွက်ရဲကြတော့ပေ။ ထို့ကြောင့် သူတို့က ချွီတာ့ကို သူတို့အား ခေါ်သွားရန် တောင်းပန်ကြသည်။ အပြင်တွင် လှည့်လည်သွားလာနေရခြင်းထက် ဓားပြများထံတွင် ခိုလှုံရခြင်းက ပိုကောင်းနေသေးသည်။
ချွီတာ့က သူတို့အတွက် စိတ်မကောင်းဖြစ်သွားသောကြောင့် သူတို့ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူက ဒဏ်ရာရသူများအတွက် ဆေးဝါးများ ပေးဝေခဲ့ပြီး ဆာလောင်နေသူများအတွက် များပြားသော စားစရာများကို ထုတ်ပေးခဲ့သည်။
ကျိရွှေရှန့်က ချွီတာ့၏လုပ်ရပ်များကို စောင့်ကြည့်နေခဲ့သည်။ ထိုတောင်ပေါ်စခန်းတွင် ပစ်မှတ်ပြားများနှင့် လက်နက်များ ရှိနေပြီး လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလည်း ရှိသည်။ ဦးလေးချွီနှင့် အခြားသူများက ဤတောင်ပေါ် အရပ်တွင်ပင် စစ်တပ်၏အလေ့အထများကို ထိန်းသိမ်းထားခဲ့ပြီး သူတို့၏လေ့ကျင့်မှုကို လစ်လျူမရှုထားခဲ့ကြကြောင်း ထင်ရှားနေခဲ့သည်။
ကျန်းချမ်၏လက်မောင်းမှ ဒဏ်ရာက ပြင်းထန်သောကြောင့် ကျိရွှေရှန့်က သူ့ဒဏ်ရာကို အရင်ဆုံး ကုသပေးရန် ပြင်ဆင်လိုက်သည်။