← Chapters

လောချန်သို့ ဝင်ရောက်ခြင်း

Vol. 12 Ch. 170

လောချန်သို့ ဝင်ရောက်ခြင်း

Vol. 12 Ch. 170

ချင်ဖုန်းက ခါးခါးသီးသီး ပြုံးလိုက်သည်။ သူက ဘုန်းကျက်အသရေတွေ စည်းစိမ်ဥစ္စာတွေနဲ့ ရာထူးဂုဏ်အသရေတွေကို မက်မောပြီး လောဘကြီးသူဖြစ်တာကြောင့် ရှောင်းဟမ်အတွက် ‌တောင်းပန်ပေးဖို့ မကြိုးစားခဲ့ဖူးလို့ သူတို့ သတ်မှတ်ထားတာကို သူ သိပါတယ်။

“အဲဒီတုန်းက အဖိုးက အဖေနဲ့အမေအတွက် အသနားခံပေးဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ဧကရာဇ်က အဖေ့ကို ဖြုတ်ချဖို့ ကြံစည်ပြီးနေတာကြောင့် အဖိုးရဲ့အသနားခံမှုကို ဘာကြောင့် နားထောင်နေတော့မှာလဲ?”

ကျိရွှေရှန့်က သူ့အဘိုး၏ကိုယ်စား ရှင်းပြလိုက်သော်လည်း ချွီတာ့နှင့် ကျန်းချမ်က ၎င်းက လက်မခံနိုင်ဘဲ သူတို့က ချင်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေကြသေးသည်။

“အဲဒီတုန်းက သူက သေမှာ ကြောက်နေတာလေ။ သူသာ မင်းအဖေကို နည်းနည်းလောက် သတိပေးခဲ့ရင် မင်းအဖေက ဘာလို့ ဒီလို သနားစရာကောင်းတဲ့အဖြစ်နဲ့ အဆုံးသတ်ခဲ့မှာလဲ?”

ချင်ဖုန်းက ချွီတာ့၏နားလည်မှုလွဲနေခြင်းအား ရှင်းမပြချင်သောကြောင့် ဘာစကားမှ မပြောတော့ပေ။

သူက သူ့သားမက်ကို သတိပေးဖို့နဲ့ သူ့သားမက်နဲ့သမီးအတွက် အသနားခံပေးဖို့ သူ့အသက်ကိုတောင် ရင်းခဲ့တာကို သူတို့ ဘယ်လို သိနိုင်မှာလဲ?

အဲ့တုန်းက တကယ်တော့ ကျုံးကျန်းဖုန်းက ​​ဝမ်ယွိလင်ရဲ့အကွက်ထဲကို အတိအကျ တိုးဝင်ခဲ့တာက ပြသနာကို ပိုကြီးလာစေခဲ့တာပါ။ ကျုံးကျန်းဖုန်းက ရှောင်းဟမ်ကို ကယ်တင်ဖို့ စစ်သည်တွေကို ခေါ်ပြီး မြို့တော်ကို ထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် ရှောင်းဟမ်ရဲ့ပုန်ကန်မှုကို ရာဇ၀တ်မှုအဖြစ် လုံးဝအတည်ပြုလိုက်ရတယ်။ ဧကရာဇ်က အရမ်း ဒေါသဖြစ်သွားပြီး ဘယ်သူက အသနားခံခံ ဘာမှ အသုံးမဝင်တော့ဘူး။

“အဲဒီအခြေအနေမှာ ဘယ်သူက အသနားခံခံ ဘာမှ အသုံးမဝင်ဘူး”

ကျိရွှေရှန့်က သူ့အဘိုးကို ကောင်းကောင်းနားလည်နိုင်ခဲ့သည်။

ရှောင်းမိသားစုကို ကွပ်မျက်ဖို့ အမိန့်မချခင်မှာ ကလေးတွေကို အချိန်မီကယ်တင်ဖို့ သူ့အဖိုးက သူ့လူတွေကို ကြိုတင်စေလွှတ်ပြီး အကြောင်းကြားပေးခဲ့တဲ့အပြင် သူတို့မောင်နှမ လွှတ်မြောက်ဖို့ အခွင့်အရေးကိုလည်း သူတို့အဘိုးကပဲ ဖန်တီးပေးခဲ့တဲ့အကြောင်းကို သူရဲ့မွေးစားဖခင်က သူကို ပြောပြခဲ့တယ်။

အဲ့တာကြောင့် သူ့အဘိုးက သေခြင်းတရားကို မကြောက်သလို အရှက်တရားကို ကြံ့ကြံ့ရင်ဆိုင်ပြီး သည်းခံနေခဲ့ရတာကိုလည်း သူ နားလည်ပေးနိုင်တယ်။ သူ့အဖိုးက သူ့အဖေရဲ့ကျားခေါင်းတံဆိပ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိနေသေးတဲ့အပြင် သူ့သမီးနဲ့သားမက်အတွက် လက်စားချေဖို့ သူကိုယ်တိုင်အသက်ရှင်မှ ဖြစ်မယ်လို့လည်း တွေးခဲ့ပုံပါပဲ။

ကျိရွှေရှန့်က တချို့အရာများကို သိထားပြီး ဖြစ်သောကြောင့် သူ့အဘိုးကို နးလည်ပေးနိုင်သော်လည်း ချွီတာ့နှင့် ကျန်းချမ်တို့ကတော့ ချင်ဖုန်းကို နားမလည်ပေးနိုင်သလို မျက်နှာချင်းလည်းမဆိုင်ချင်ကြသေးပေ။ ချင်ဖုန်းကတော့ အားကိုးရာမဲ့နေသလို ခံစားနေရပြီး အနာဂတ်တွင် သူ၏ကြိုးစားအားထုတ်မှုများအား ထိုလူများ နားလည်နိုင်လိမ့်မည်ဟုသာ ယုံကြည်ထားနိုင်တော့သည်။

တကယ်တော့ ဝမ်ယွိလင်ရဲ့လိမ္မာပါးနပ်မှုနဲ့ ဝမ်မိသားစုစစ်တပ်ရဲ့အင်အားကြောင့်သာ မဟုတ်ခဲ့ရင် သူ ရှောင်းဟမ်နဲ့ လင်အာအတွက် လက်စားချေပြီး ဝမ်မိသားစုကို ဖြုတ်ချနိုင်မယ့် အခွင့်အလမ်းကို ရှာတွေ့ပြီနေလောက်ပြီ။

ဒါပေမယ့် သူက နောက်ဆုံးအဆင့်ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တော့ သူ အခုနေ ရှင်းပြလည်း ဘာမှ အသုံးမဝင်တော့ဘူး။

အမျိုးသမီးလီက ချွီတာ့နှင့် ကျန်းချမ်တို့ကို မှတ်မိသွားပြီး မျက်ရည်များ ကျနေပြန်သည်။ အမျိုးသမီးလီ အသက်ရှင်နေသေးကြောင်း သိလိုက်ချိန်တွင် ချွီတာ့နှင့် ကျန်းချမ်တို့က သူမရှေ့တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဒုတိယမရီးဟု ‌အော်ခေါ်လိုက်ကြသည်။ ထိုမြင်ကွင်းက လူတိုင်းအတွက် ရင်နင့်စေသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့ရသည်။

လမ်းတစ်လျှောက်တွင် ကျိရွှေရှန့်က ချွီတာ့အား သူ့အဘိုး အဘယ်ကြောင့် ဤအဖွဲ့တွင် ရှိနေရသည့်အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

သခင်ကြီးချင်က ပြည်သူများအတွက် ကြိုးပမ်းပေးရင်း ဤသို့ခက်ခဲသော အခြေအနေသို့ ကျရောက်သွားခဲ့ပြီး သခင်ကြီးချင်ကို ထိခိုက်စေခဲ့သူမှာ ဝမ်ယွိလင် ဖြစ်ကြောင်း သိသွားချိန်တွင် ချွီတာ့၏မျက်နှာက တင်းမာနေသေးသော်လည်း သူ့မျက်လုံးများမှ မကျေမနပ်ဖြစ်နေသည့် အမူအရာများက လျော့ရဲသွားခဲ့သည်။

သူတို့အဖွဲ့က ချွီတာ့တို့ နေထိုင်ခဲ့သည့် တောင်တန်းမှ ထွက်ခွာလာခဲ့ကြပြီး ချွီတာ့နှင့် သူ့လူများကလည်း ပေါ့ပေါ့ပါးပါး အ၀တ်များ ပြောင်းလဲဝတ်ဆင်လိုက်ပြီး သာမန်ရွာသားများ၏အသွင်အပြင်အတိုင်း သဏ္ဍန်ယူလိုက်ကြသည်။ သို့သော် သူတို့က သူတို့၏လက်နက်များကို စွန့်ပစ်ခဲ့ရန်တော့ ဆန္ဒမရှိကြပေ။

ယခုအချိန်တွင် အပြင်ဘက်၌ ဒုက္ခသည်များကို ပုန်ကန်သူများဟု စွပ်စွဲကာ လိုက်လံသတ်ဖြတ်နေပြီး လက်နက်များနှင့်အတူ အပြင်ထွက်သွားခြင်းက အန္တရာယ်များလှသည်။ သို့သော်လည်း စစ်သာများအတွက် သူတို့၏လက်နက်များကို စွန့်ပစ်ရခြင်းက သူတို့၏ခြေလက်အင်္ဂါများကို ဖြတ်တောက်ပစ်ခြင်းနှင့် ညီမျှသည်။ အခြေအနေ နှစ်ရပ်စလုံးတွင် အန္တရာယ်ရှိနိုင်သော်လည်း လက်နက်များကို စွန့်ပစ်ခဲ့ပါက သေခြင်းတရားကို ထိုင်စောင့်ရုံသာ တက်နိုင်ပေလိမ့်မည်။

ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့ သေသေချာချာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို စဉ်းစားနိုင်ခဲ့ကြသည်။ ၎င်းက သက်တော်စောင့်နှင့် ကုန်စည်ပို့ဆောင်ရေးအာမခံဌာနတစ်ခုမှ အခွန်အခ ပေးဆောင်ထားသော စာရွက်စာတမ်းကို ရယူကာ တဆင့်ပွားယူရန် ဖြစ်သည်။ ထိုသို့သော ဝန်ဆောင်မှုလုပ်ငန်းများက ကုန်ပစ္စည်းများကို စောင့်‌ရှောက်ပေးရသောကြောင့် လက်နက်များ ယူဆောင်လာခြင်းက အဓိပ္ပာယ်ရှိမည် ဖြစ်သည်။ ဤနည်းဖြင့် ချွီတာ့နှင့် အခြားသူများထံတွင်လည်း အထောက်အထားတစ်ခု ရှိလာမည် ဖြစ်သည်။

ထို့အပြင် သူတို့အားလုံးလည်း အဝတ်အစားများ လဲလှယ်ရန်လည်း လိုအပ်နေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့ ဒုက္ခသည်များကဲ့သို့ ခရီးဆက်နေခြင်းထက် အဝတ်အစားကောင်းများကို ဝတ်ဆင်ပြီး လူချမ်းသာသူများကဲ့သို့ သွားလာခြင်းက ပို၍ လုံခြုံလာမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် သူတို့က တောင်တန်းများမှ ပြန်ထွက်ခွာလာခဲ့ပြီး လောချန်သို့ ဦးတည်လိုက်ကြသည်။ လောချန်အရောက်တွင် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က သူတို့အတွက် စူးချင်း ဝယ်ပေးထားသော အဝတ်ကောင်းများကို ဝတ်ဆင်ကာ မြို့ထဲသို့ ဝင်ရန် ပြင်ဆင်နေကြသည်။ တစ်ဖက်တွင် သက်တော်စောင့်နှင့် ကုန်စည်ပို့ဆောင်ရေးအာမခံဌာနတစ်ခုမှ အခွန်ဆောင်ထားသည့် စာရွက်စာတမ်းများ ရနိုင်ရန်ဖြစ်ပြီး တစ်ဖက်တွင် သူတို့အားလုံးအတွက် အဝတ်ကောင်းများ၊ ဆားနှင့် နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူရန် ဖြစ်သည်။

ကျုံးယုံက သူတို့နောက်သို့ လိုက်ချင်နေသော်လည်း ကျိရွှေရှန့်က မျက်နှာတည်တည်ဖြင့် နေခဲ့ရန် အမိန့်ပေးခဲ့သောကြောင့် ကျုံးယုံတစ်ယောက် ‌ဒေါသတကြီး နှုတ်ခမ်းစူကာ နေခဲ့ရန် ဆုံးဖြတ်လိုက်ရသည်။

ယခုအချိန်တွင် ချွီတာ့နှင့်အခြားသူများက ထောင်ဟွားဝူအဖွဲ့တွင် ရှိနေသောကြောင့် ကျိရွှေရှန့်က သူ ထွက်ခွာသွားချိန်အတွင်း ရွာသားများ၏လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပေ။

"ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့မယ်"

စူးချင်းက အတွေးတစ်ခု ဝင်လာသောကြောင့် ကျိရွှေရှန့်ကို ရုတ်တရက် လှမ်းပြောလိုက်သည်။ သူမက လမ်းတစ်လျှောက်တွင် ပုလဲများကို သီကုံးကာ ပုလဲလည်ဆွဲတစ်ကုံး ပြုလုပ်ထားခဲ့သည်။ သူမက ၎င်းကို အရွယ်အစားတူ ပုလဲဖြူများဖြင့် ပြုလုပ်ထားပြီး အထင်ရှားဆုံးသော ပန်းရောင်ပုလဲကို အလယ်တွင် နေရာချထားခဲ့သည်။ ထိုပန်းရောင်ပုလဲ၏အပြင်ဘက်တွင် အဖြူရောင်ပုလဲသေးသေးလေးများကို ပွင့်လွှာသုံးလွှာအဖြစ် ပုံဖော်ထားသောကြောင့် ပန်းပွင့်လေးတစ်ပွင့်ကို မြင်နေရသလို ခံစားရစေသည်။ ထိုလည်ဆွဲက အမြင်လှသည့်အပြင် မြင့်မြတ်ထည်ဝါသည့် ခံစားချက်ကိုပါ ထပ်ပေါင်းပေးနိုင်သောကြောင့် တန်ဖိုးမြင့်မြင့်နှင့် ရောင်းချနိုင်မည်ဟု သူမ တွေးမိသွားခြင်းဖြစ်သည်။

****ဒီနေရာလေးက စပြီး စူးချင်း ပြန်စဥ်းစားတာပါ****

စူးချင်း ထိုလည်ဆွဲကို အပြီးသတ်ပြီးနောက် လည်ဆွဲက အလွန်လှပသောကြောင့် ထောင်ဟွားဝူမှ အမျိုးသမီးများအားလုံး အံ့အားသင့်ခဲ့ကြသည်။

ကျိရှောင်ယင်ကတော့ ပုလဲလည်ဆွဲကြိုးကို ယူကာ စူးချင်း၏လည်ပင်းတွင် တင်ကြည့်နေပြီး “အစ်မ၊ အစ်မအတွက် သိမ်းထားလိုက်ပါလား? အရမ်းလှတယ်!"

"ရှောင်ယင် ကြိုက်လို့လား?"

စူးချင်းက ကျိရှောင်ယင်၏တောက်ပနေသော မျက်လုံးများကို ကြည့်ရင်း ပြန်မေးလိုက်သည်။

တကယ်လို့ ရှောင်ယင်က ဒီလည်ဆွဲကို ကြိုက်ရင် သူမက ရောင်းမှာ မဟုတ်ပါဘူး။

“မကြိုက်ပါဘူး”

ကျိရှောင်ယင်က သူမ၏ဆန္ဒကို ဖုံးကွယ်ကာ ခေါင်းယမ်းလိုက်သည်။ စူးချင်းနှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် သူမက သူမ နှစ်သက်သောအရာတစ်ခုကို ပြောလိုက်မည်ဆိုပါက စူးချင်းက သူမလိုချင်သည့်အရာကို မဖြစ်မနေ ရအောင် ကြိုးစားပေးမည်ကို နားလည်လာသောကြောင့် ကျိ‌ရှောင်ယင်က ပွင့်ပွင်းလင်းလင်း မပြောရန် သဘောပေါက်နေပြီ ဖြစ်သည်။

အထူးသဖြင့် ဤလည်ဆွဲဖြစ်ပြီး တခြားသူများ ညဘက်အိပ်နေချိန်တွင် အစ်မစူးချင်းက ဤလည်ဆွဲကို မီးပုံမှ မီးအလင်းရောင်ဖြင့် သီကုံးရပြီး ခက်ခက်ခဲခဲ ပြုလုပ်ထားခြင်း ဖြစ်သည်။

"ဒါဆို ငါ ရောင်းလိုက်မယ်"

ကျိရှောင်ယင် မကြိုက်သည်ကို မြင်လိုက်ချိန်တွင် စူးချင်းက ထိုလည်ဆွဲကို ရောင်းရန် ဆုံးဖြတ်လိုက်သည်။ သူမက ဤကဲ့သို့ရှည်လျားသော လက်ဝတ်ရတနာများကို မကြိုက်သောကြောင့် ၎င်းတို့က သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားရသည်။

***

ယခုအချိန်တွင် ကျိရွှေရှန့်က စူးချင်း သူမ ကြိုးစားအားထုတ်ထားခဲ့သော ပုလဲလည်ဆွဲအား ရောင်းတော့မည်ကို နားလည်လိုက်ပြီး အနည်းငယ် နှမြောနေမိသည်။

အဲ့ဒိလည်ဆွဲက အရမ်းလှပြီး စူးချင်း ဝတ်ဆင်လိုက်ရင် အရမ်းကြည့်ကောင်းမှာ သေချာတယ်။

"မင်းဘာသာ သိမ်းထားလို့လည်း ရတယ်လေ!"

ကျိရွှေရှန့်က စူးချင်းကို တိုးတိုးလေး ပြောလိုက်ပြီး စူးချင်းက ခေါင်းခါလိုက်ကာ “ကျွန်မ အခု ယောက်ျားလေးလို ဝတ်ထားတာလေ၊ ဒီလည်ဆွဲကို ဝတ်စရာနေရာ မရှိဘူး။ ရောင်းလိုက်တာက အကောင်းဆုံးပဲ၊ ထိန်းသိမ်းရတာလည်း သက်သာတယ်”

ကျိရွှေရှန့်က စူးချင်းကို အထူးတဆန်းပုံစံဖြင့် တချက် လှမ်းကြည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် တွန့်ဆုတ်နေသည့်အမူအရာမျိုး မရှိပေ။

အဲ့လို လှပတဲ့လည်ဆွဲက သူမရဲ့မျက်လုံးထဲမှာ ငွေလောက်တောင် ဆွဲဆောင်မှု မရှိဘူးပေါ့။

လက်ဝတ်ရတနာတွေကို မကြိုက်တဲ့ အမျိုးသမီးရယ်လို့ ရှိလို့လား?

စူးချင်းကလည်း သူမ၏အဝတ်များကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူမက သူမ၏ အဝတ်ကြမ်းများကို ချွတ်လိုက်ပြီး သခင်ကြီးချီ ဝယ်ပေးလိုက်သော အပြာရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်လိုက်သည်။

ဤအဝတ်အစားများကြောင့် သူမက သာမာန်တောသားတစ်ယောက်ကဲ့သို့ အသွင်မယူနိုင်တော့ပေ။ ထို့ကြောင့် စူးချင်းက သူမ၏မျက်နှာပေါ်မှ ရုပ်ဖျက်ထားသည့်အရာကို ပြန်ဖယ်လိုက်ပြီး သူမ၏လှပသောအသွင်အပြင်ကို ပြန်ထုတ်လိုက်ရသည်။

ထို့နောက် စူးချင်းက ရိုးရိုးရှင်းရှင်း မိတ်ကပ် ထပ်လိမ်းလိုက်ပြီး သူမက သူမ၏မျက်ခုံးများကို ပိုထူစေရန်နှင့် သူမ၏မျက်လုံးအိမ်များကို ပိုရှည်လာသည်ဟု ထင်ရစေရန် ထောင့်များကို မြှင့်တင်လိုက်သည်။ ထိုအချိန်တွင် တခြားဘာမှ လုပ်စရာ မလိုတော့ဘဲ သူမ၏အသွင်အပြင်က ပြောင်းလဲသွားခဲ့သည်။

ဦးထုပ်ဆောင်းလိုက်လျှင် သူမက ငယ်ရွယ်နုပျိုသော သခင်လေးတစ်ဦးနှင့်တူသွားပြီး သခင်ကြီးချီက အဝတ်အစားအစုံအလင်အပြင် အနက်ရောင်ဖိနပ်တစ်ရံကိုလည်း ဝယ်ပေးလိုက်သေးသည်။ စူးချင်း ပြောင်းလဲပြင်ဆင်ပြီးနောက် တောထဲမှ ပြန်ထွက်လာချိန်တွင် ထောင်ဟွားဝူမှ မည်သူကမျှ သူမကို မမှတ်မိတော့ပေ။

ချောမောသော သခင်လေးကို တွေ့လိုက်ရချိန်တွင် ကောင်မလေးများ၏မျက်လုံးလေးများ တောက်ပလာကြသည်။ သူမတို့က သူမတို့၏ရွာမှ လူကြမ်းကြီးများကိုသာ မြင်ဖူးကြသာကြောင့် ယခုကဲ့သို့ ချောမောသောသခင်လေးကို ရုတ်တရက် တွေ့လိုက်ရချိန်တွင် ငေးမောနေမိကြသည်။

သို့သော်လည်း ကျိရွှေရှန့်က တစ်ချက်ကြည့်ရုံဖြင့် စူးချင်းကို မှတ်မိနိုင်ခဲ့သည်။ စူးချင်း၏ မျက်လုံးများက အခြားသူများ၏မျက်လုံးများနှင့် မတူပေ။ သူမ၏မျက်လုံးများက အေးစက်နေသော်လည်း ထူးထူးခြားခြား တောက်ပနေပြီး မာနတရားများ ပြည့်နှက်နေသလို ခိုင်မာပြတ်သားသောအရိပ်အယောင်ကိုလည်း အပြည့်အဝ ဖော်ပြနိုင်သည်။

"သွားကြရအောင်!"

ယခုအချိန်တွင် ကျိရွှေရှန့်က စူးချင်း၏အရည်အချင်းများကို အသားကျနေပြီ ဖြစ်သည်။ သူမက မြို့ထဲသို့ တစ်ယောက်တည်း ဝင်သွားလျှင်ပင် အန္တရာယ်မဖြစ်နိုင်ကြောင်း သူ သိနေသည့်အတွက် သူမကို စိတ်ချလက်ချ မြို့ထဲသို့ ခေါ်သွားနိုင်သည်။

"အစ်မလား?"

ကျိရှောင်ယင်က သူမအစ်ကိုကြီး၏စကားကို ကြားလိုက်မှ စူးချင်းမှန်း သိလိုက်ပြီး စိတ်လှုပ်ရှားစွာ တုံ့ပြန်နိုင်ခဲ့သည်။ စူးချင်းက သူမကို ပြုံးပြလိုက်ပြီး ကျိရွှေရှန့်က ထိုအပြုံးကြောင့် လုံးလုံးလျားလျား စွဲဆောင်ခံလိုက်ရသည်။

‘အပြုံးတစ်ခုက မြို့တစ်မြို့ကို ဖြိုဖျက်နိုင်ပြီး အပြုံးတစ်ခုက တိုင်းပြည်တစ်ပြည်ကို လွှမ်းမိုးနိုင်တယ်’ တဲ့။

ယောက်ျားအဝတ်အစားများ ဝတ်ထားပင်လျင် စူးချင်းက ရင်သပ်ရှုမောဖွယ်ကောင်းအောင် စွဲဆောင်နိုင်နေသေးသည်။

"စူးမိန်းခလေး၊ မင်းဆီမှာ ငါတို့ရဲ့အသွင်အပြင်တွေကို ပြောင်းလဲပေးနိုင်မယ့် ဆေးမျိုး ရှိလား? ရုံးတော်က ငါတို့ကို ဖမ်းဝရမ်းထုတ်ထားတော့ လူတိုင်းကို ဒုက္ခဖြစ်စေမှာကို စိုးရိမ်မိတယ်”

စူးချင်းက သူမ၏အသွင်အပြင်ကို ပြောင်းလဲနိုင်ကြောင်း တွေ့လိုက်သည်နှင့် ချွီတာ့က စူးချင်းရှေ့သို့ သွားကာ သူ့ရင်ဘတ်ရှေ့တွင် လက်ခုပ်အုပ်ပြီး တောင်းဆိုလိုက်သည်။

"ဒီဆေးကို သောက်ရင် ရတယ်"

စူးချင်းကလည်း အရင်ကတည်းက ချွီတာ့နှင့် အခြားသူများ၏အသွင်အပြင်ကို အာဏာပိုင်များ သတိပြုမိသွားမည်ကို စိုးရိမ်နေခဲ့သည်။ အာဏာပိုင်များက ၎င်းတို့အား ဖမ်းဝရမ်းထုတ်ထားသည်ကို သူမ မသိခဲ့သော်လည်း သူမက သူတို့ကို ဓားပြများဖြစ်မည်ဟု ထင်ထားခဲ့ပြီး သူတို့ကြောင့် မလိုလားအပ်သော ဒုက္ခများ ဖြစ်ပေါ်လာမည်ကို သူမ စိုးရိမ်နေခဲ့သည်။

အစပိုင်းတွင် သူမက ကျိရွှေရှန့်မှတဆင့် သူတို့အတွက် ဆေးပေးချင်ခဲ့သော်လည်း ယခု သူတို့ကိုယ်တိုင် တောင်းလာခဲ့သောကြောင့် သူမအတွက် ပိုအဆင်ပြေသွားခဲ့သည်။

ကျိရွှေရှန့်၏လက်ရှိပုံပန်းသဏ္ဍာန်က ကြမ်းတမ်းသော်လည်း တစ်နှစ်ပတ်လုံး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက အခြားသူများထက် မျက်နှာပိုမည်းနေတက်ပြီး ထိုအရာက ရှင်းပြရန် သင့်တော်လှသည်။ အဝတ်အစားအသစ်ကြောင့် သူ၏အသွင်အပြင်က တောင်ပေါ်မှ ရွာသားနှင့်မတူတော့ဘဲ ခန့်ညားသော စီးပွားရေးသမား၏ရုပ်ရည်မျိုးဟု သတ်မှတ်နိုင်သည်။

ချိုးယုံခန်းကတော့ သူ့ကိုယ်သူ ရုပ်ဖျက်ရန် မလိုအပ်ပေ။ သူက အဝတ်အစားအသစ်များ လဲလှယ်လိုက်ရုံဖြင့် ရည်မွန်သော ပညာတက် သခင်လေးတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ထောင်ဟွားဝူမှ လူများအားလုံး စခန်းချပြီးချိန်တွင် သူတို့သုံးဦးက ခရီးသွားလက်မှတ်များကိုယူကာ လောချန်မြို့ထဲသို့ အတူတူ သွားလိုက်ကြပြီး မြို့တံခါးအရောက်တွင် အတားခံလိုက်ကြရသည်။

All Chapters