တန်ခိုးရှင် အဆင့်၏ ဂုဏ်သိက္ခာ
Vol. 5 Ch. 460
ဖူကျန့်ထင်…
သူကား တရုတ် အနောက်မြောက်ပိုင်း ဖူမိသားစု၏ သခင်လေး ဖြစ်သည်။
သူ၏ အရည်အချင်း၊ ပါရမီ၊ ဗဟုသုတတို့ကို များစွာသော မိသားစု ခေါင်းဆောင်များကပင် ချီးကျူးရသည်။ သူ၏ ဖြစ်တည်မှုက ရန်ကျင်း ထိပ်တန်း သခင်လေး ငါးယောက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း သူကား သေဆုံးခဲ့ရလေပြီ။ များစွာသော လူများမှာ နှလုံးသားထဲမှ အေးစက်မှုကို ခံစားနေရသည်။
အန်ထျန်းရှု့၏ မျက်နှာမှာမူ ဖြူရော်နေခဲ့ပြီး သူ၏ လက်များမှာလည်း မထိန်းချုပ်နိုင်အောင် တုန်ရီနေခဲ့သည်။ အခြားသော အန်မိသားစုဝင်များ မှာလည်း မတ်တတ်ပင် ကောင်းစွာ မရပ်နိုင်ကြတော့ချေ။ အန်ကျိုက်ချင်ပင်လျှင် အသွေးအသားထဲမှ တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။
"သူလုပ်ခဲ့တာက သေခြင်း တရားနဲ့ ထိုက်တန်ပါတယ်…"
ဝူရှန့်ဟူက ချန်းဖန်အား ဦးညွှတ်ရင်း ပြောလိုက်သည်။ သူ ဖူကျန့်ထင်ကို အတတ်နိုင်ဆုံး ကယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။ တန်ခိုးရှင် အဆင့်ကား မပြစ်မှားသင့်သော အရာဖြစ်သည်။
သေမျိုးလောကတွင် တန်ခိုးရှင် အဆင့်၏ ဂုဏ်သိက္ခာနှင့် လုပ်နိုင်စွမ်းက အမြင့်ဆုံး အဆင့်တွင် ရှိသည်။ ဝူမိသားစု အနေဖြင့် ထိုကဲ့သို့သော တည်ရှိမှုကို အပြစ် မလုပ်ဝံ့ချေ။ ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ် အတွင်းတွင်ပင် တန်ခိုးရှင် အဆင့်များ၏ တိုက်ခိုက်မှုများက ပြိုင်ဘက် ကင်းခဲ့သည်။ သို့သော်လည်း အမေရိကန်က နျူကလိယဗုံး နှစ်လုံးကို ဂျပန်သို့ ကြဲချကာ မိတ်ဆက်အပြီးမှ စ၍ တန်ခိုးရှင် အဆင့်များ ထွက်ပေါ် မလာတော့ချေ။ ပြောစကားများ အရ တန်ခိုးရှင် အဆင့်များစွာမှာ နိုင်ငံများ၌ ခိုလှုံ တည်ရှိနေဆဲ ဖြစ်ကြသည်။
ဥပမာ ဟောင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ဆိုလျှင် နိုင်ငံ တစ်နိုင်ငံ၏ စစ်တပ်ကို တိုက်ခိုက် အနိုင်ယူနိုင်သည့် တန်ခိုးရှင် အဆင့် ဖြစ်သည်။
သွေးဝံပုလွေ ဘုရင် အိုလက်မှာလည်း USSR၏ ဗိုလ်ချုပ် တစ်ယောက် အဖြစ် တာဝန်ထမ်းဆောင် နေပြီး များစွာသော စစ်သားများကို ထိန်းချုပ်ထားသည်။
ဂျပန်၏ ပထမ ဓားသူတော်စင် ဆိုလျှင် တရုတ်-ဂျပန် စစ်ပွဲကို တိုက်ရိုက် ကွပ်ကဲခဲ့သည်။ ထို့အတူ ရန်တောင်မှ ဗိုလ်ချုပ်ရဲ့သည်လည်း တရုတ်အား နှစ်ခြောက်ဆယ်တိုင်တိုင် စိုးမိုး အုပ်ချုပ်ဆဲပင်။ ထို့ကြောင့်ပင် တန်ခိုးရှင် အဆင့်များကား တုနှိုင်းမဲ့သော ပုဂ္ဂိုလ်ကြီးများ ဟု ဆိုနိုင်သည်။
ထိုကဲ့သို့သော ဂန္တဝင် ပုဂ္ဂိုလ်ကြီး တစ်ယောက်၏ အစ်မကို အတင်းအကြပ် လက်ထပ်ယူရန် ကြိုးစားသည့် ဖူကျန့်ထင်၏ လုပ်ရပ်ကား ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းနှင့် အတူတူပင်။
"သခင်ကြီးဖူသာ ငါ့နေရာမှာ ဆိုရင်လည်း ငါ့လိုပဲ ဆုံးဖြတ်မှာပါ…"
ဝူရှန့်ဟူက သက်ပြင်းချရင်း တွေးလိုက်သည်။
တန်ခိုးရှင် အဆင့် တစ်ယောက်ကို စော်ကားမိခြင်းမှာ တစ်မိသားစုလုံးပင် ပျက်စီးနိုင်သည့် ပြစ်မှုကြီး ဖြစ်သည်။ ဤ ပြဿနာကြောင့် ဆက်ခံသူ တစ်ယောက် ဆုံးရှုံးရခြင်းက တော်သေးသည် ဟု ဆိုရမည်။
"သခင်ကြီးဝူ… ခင်ဗျား ဆိုလိုတာက ဘာအဓိပ္ပာယ်လဲ…"
အန်ကျိုက်ချင်က စိတ်များအား ပြန်လည် စုစည်းရင်း ဝူရှန့်ဟူအား လေးပင်စွာ မေးလိုက်သည်။
ထို အထွတ်အထိပ် လူငယ် သိုင်းပညာရှင်လေးအား ဝူမိသားစု၏ ခေါင်းဆောင်က အဘယ်ကြောင့် ဤမျှ ကြောက်နေရသည်ကို သူ နားမလည်နိုင်ချေ။ ထို့အပြင် ဝူမိသားစု၌ ကောင်းကင် စာအုပ် နံပါတ် ရှစ် နေရာတွင် ရှိနေသည့် ဝူရှန့်ဟယ် ရှိနေသေးသည်။
"ဆရာချန်းက တန်ခိုးရှင် အဆင့်ပဲ… သူ့ကို စော်ကားရဲတဲ့ ဘယ်မိသားစု မဆို တန်ကြေးကို ပြန်ပေးရမယ်"
ဝူရှန့်ဟူက လူအုပ်ဘက်သို့ လှည့်ကာ အန်ကျိုက်ချင်အား စူးရဲစွာ ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း အခိုးအငွေ့များမှာမူ အခန်း တစ်ခုလုံးအား ဖြန့်ကျက် စိုးမိုးနေသည်။
အန်မိသားစုဝင်များစွာမှာ ထိုမြင်ကွင်းအား ကြည့်ရင်း မျက်စိ မျက်နှာ ပျက်သွားကြသည်။ ထိုအသက်လတ် လူကြီးကား အစွမ်းထက်သော တိုက်ခိုက်ရေး သမား ဖြစ်ရမည်။ သူတို့ ခေါင်းဆောင် အန်ကျိုက်ချင်ပင်လျှင် ထိုလူကြီးအား "သခင်ကြီး" ခေါင်းစဉ် တပ်၍ ခေါ်ရသည်။
ထို့အပြင် တရုတ် အရှေ့မြောက်ပိုင်း ဝူမိသားစုမှာ အန်မိသားစု အနေဖြင့် အလှမ်း မမှီနိုင်သော ဖြစ်တည်မှု ဖြစ်သည်။ ဖူမိသားစုပင်လျှင် ဝူမိသားစု၏ အကူအညီကြောင့် မဟုတ်ပါက ယခု နေရာ၌ ရပ်တည်နိုင်မည် မဟုတ်ပေ။
"သခင်ကြီးဝူ… ခင်ဗျား ဆိုလိုတာကို ကျုပ် သိပ်နားမလည်နိုင်ဘူး… တန်ခိုးရှင် အဆင့် ဆိုတာ ဘာလဲ"
အန်ထျန်းရှု့က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သေမျိုး ကမ္ဘာ၌ တန်ခိုးရှင် အဆင့်၏ ဖြစ်တည်မှုမှာ အမေ့လျော့ခံပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယခု ဤနေရာရှိ လူအများစုမှာ ထိုနာမည်အား မကြားဖူးကြချေ။ သူတို့၏ သိုင်းသမားများ အကြောင်း ဗဟုသုတမှာ အထွတ်အထိပ် အဆင့်၌သာ ကန့်သတ်ထားသည်။
ထိုအထဲ၌ တန်ခိုးရှင် အဆင့်ကို နားလည်သူ ဆို၍ အန်ကျိုက်ချင် တစ်ယောက်သာ ရှိသည်။ သူက ခဏမျှ စဉ်းစားရင်း ဝူရှန့်ဟူအား မေးလိုက်၏။
"တန်ခိုးရှင် အဆင့်လား… သူတို့တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် များစွာတည်းက ပျောက်ကွယ် သွားပြီလို့ ကျုပ်ထင်နေတာ"
"ဟုတ်တယ်… ဆရာချန်းက လူအများ သိကြတဲ့ တစ်ဦးတည်းသော တန်ခိုးရှင် အဆင့်ပဲ"
အန်ကျိုက်ချင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒါဆို သူက တန်ခိုးရှင် အဆင့်ပေါ့…"
အန်ကျိုက်ချင်က ချန်းဖန်အား မယုံကြည်နိုင်စွာ ငေးကြည့်လိုက်သည်။
သူကား အန်မိသားစု၏ ခေါင်းဆောင် ဖြစ်ပြီး အသက်အရွယ်အားဖြင့် ရှစ်ဆယ် အထိ ရှိနေပြီ ဖြစ်သည်။ သူ၏ ကလေးဘဝ တစ်လျှောက်လုံးကား တန်ခိုးရှင်များ၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခြင်း ဖြစ်သည်။ တန်ခိုးရှင် အဆင့်များမှာ ကမ္ဘာကြီး၏ အရှင်သခင်များ ဖြစ်ကြပြီး တစ်သိန်းသော စစ်သူရဲများ၏ အားအင်ကို ဆောင်သူများ ဖြစ်ကြောင်း သူ အကြိမ်ကြိမ် ကြားခဲ့ရသည်။
"လတ်တလောတင်ပဲ ဆရာချန်းက ရုရှား ခြေလျင် တပ်မ ၁၁၆ ကို အနိုင်ယူခဲ့ပြီး သူတို့ရဲ့ ဗိုလ်ချုပ်ကို သတ်ဖြတ် ပစ်ခဲ့တယ်… ရုရှားရဲ့ ခေါင်းဆောင်တွေကတောင် ဆရာချန်းကို စပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းရတယ်… မင်းတို့ ထပ်တူ အမှားမျိုး မကျူးလွန်ဖို့ ငါမျှော်လင့်တယ်"
ဝူရှန့်ဟူက အန်ကျိုက်ချင်အား အဓိပ္ပာယ်ပါစွာ ကြည့်ရင်း သတိပေးလိုက်သည်။
လူများစွာမှာမူ ဝူရှန့်ဟူ၏ စကားကို နားထောင်ရင်း ဆွံ့အ ကုန်ကြတော့သည်။
ထိုကောင်လေးက တစ်သောင်းသော စစ်သည်များ ပါဝင်သည့် တပ်မ တစ်ခုကို အနိုင်ယူခဲ့သည်လား။ ရုရှား ခေါင်းဆောင်များကပင် သူ့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းရသည်လား။
လူတိုင်းကား ချန်းဖန်ကို စူပါဟီးရိုး တစ်ယောက်ကို ကြည့်သကဲ့သို့ အားကျ အထင်ကြီးစွာ ကြည့်လိုက်မိကြတော့သည်။
ထိုအချိန်၌ အန်ကျိုက်ချင်၏ လက်များမှာ တုန်ရီ နေခဲ့ပြီ ဖြစ်၏။ သူက သက်ပြင်းတစ်ချက် ချကာ လက်သီးနှစ်ဖက် ဆုပ်ရင်း ချန်းဖန်အား အရိုအသေ ပြုလိုက်သည်။
"ကြိုဆိုပါတယ် ဆရာချန်း… ဆရာ ဘယ်သူလဲ ဆိုတာ မမှတ်မိနိုင်ခဲ့တဲ့ ဒီအရူးအိုကြီးကို ခွင့်လွှတ်ပေးပါ"
အန်ကျိုက်ချင်က ဦးညွှတ်ရင်း လေးလေးနက်နက် ပြောလိုက်၏။
ထိုနေရာ တစ်ခုလုံးကား အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေတော့သည်။ လူတိုင်းက လူငယ်လေးအား ဦးညွှတ် အရိုအသေပြု နေသည့် သခင်ကြီးအန်ကို ဆိတ်ငြိမ်စွာပင် ကြည့်နေမိကြသည်။
"အဖေ…"
အန်ထျန်းရှု့က လှမ်းခေါ်လိုက်သည်။
"ပါးစပ်ပိတ် ဒူးထောက်ပြီး တန်ခိုးရှင် ဆရာချန်းဖန် ခွင့်လွှတ်တဲ့ အထိ တောင်းပန်စမ်း…"
အန်ကျိုက်ချင်က မာထန်စွာ ငေါက်ငမ်းလိုက်၏။
အန်ထျန်းရှု့၏ မျက်နှာမှာ အစိမ်းရောင်မှ အနီရောင်၊ အနီရောင်မှ တစ်ဆင့် မည်းမှောင်သွားသည်။ အဆုံးတွင်မူ သူ၏ မျက်နှာမှာ အရောင်အဆင်း ကင်းမဲ့၍ ဖြူရော် သွားတော့၏။
"ဘုန်း…"
ထို့နောက် သူက အရှက်တရားများကို ဘေးဖယ်ရင်း ဒူးထောက် ချလိုက်တော့သည်။
အန်ကျိုက်ချန်း၊ အန်ထျန်းဖန်၊ အန်ယုချင်နှင့် ဟိုဖန်းယုတို့က တိတ်ဆိတ်စွာပင် ထိုမြင်ကွင်းကို ကြည့်ကြသည်။ သူတို့ အားလုံးကား လျှင်မြန်သော အဖြစ်အပျက် အလှည့်အပြောင်းများကြောင့် မှင်သက် နေကြဆဲပင်။
ယွမ် ထရီလျံချီ တန်သော လုပ်ငန်းစုကြီး၏ ဥက္ကဌက လူငယ်လေး တစ်ယောက်၏ ရှေ့၌ ဒူးထောက်ကာ တောင်းပန်ရခြင်း။
ထိုအရာကား သူတို့၏ တွေးတောနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်သည်။
"သူက အန်မိသားစုရဲ့ ခေါင်းဆောင်တွေကို ဒူးထောက် စေခဲ့သလို ဖူမိသားစု ဆက်ခံသူကိုလည်း ဘယ်လို အကျိုးဆက်မှ ထည့်မတွေးဘဲ သတ်ရဲတယ်… ဒါက တန်ခိုးရှင် အဆင့်ရဲ့ အဓိပ္ပာယ်လား"
ဟွာဖန်းယုက ချန်းဖန်ကို ကြောက်ရွံ့စွာ ကြည့်ရင်း တွေးလိုက်၏။ ယနေ့ အဖြစ်အပျက်များက သူ၏ ကမ္ဘာကြီး အပေါ် အမြင်ကို လုံးဝ ပြောင်းလဲစေခဲ့သည်။ ပိုက်ဆံနှင့် အာဏာမှာ ကမ္ဘာအား စိုးမိုးနိုင်သည့် အရာများဟု သူ မူလက တွေးထင်ခဲ့သည်။ သိုင်းပညာရှင် တစ်ယောက် မည်မျှပင် အစွမ်းထက် စေကာမူ ပိုက်ဆံရှေ့၌ ခစားရသည်။
ပြိုင်ဘက်ကင်း ရှင်းနှင့် ဝူရှန့်ဟူတို့ ကဲ့သို့သော သိုင်းပညာရှင်များပင်လျှင် ပိုက်ဆံအတွက် ထိပ်တန်း မိသားစုများထံတွင် အလုပ်လုပ်ရသည် မဟုတ်ပါလား။ သို့သော်လည်း ချန်းပေ့ရွှမ်းက သူ၏ အတွေးများ မှားယွင်းကြောင်း သက်သေပြခဲ့၏။
သူ၏ လက်အောက်တွင် များစွာသော သူဌေးကြီးများ ဦးညွှတ်ရသည်။ တုန်းဟယ်၏ အချမ်းသာဆုံး အန်မိသားစုပင်လျှင် သူအား ဒူးထောက်ကာ အသက် ချမ်းသာပေးရန် တောင်းပန်ရသည်။ ထိုအခိုက် အန်ယုချင်မှာမူ သူမ၏ အပြုအမူများ အတွက် နောင်တ တစ်သီတစ်တန်းကြီး ရနေပြီ ဖြစ်သည်။
"သူက အန်မိသားစုကို လက်တစ်ချောင်း တည်းနဲ့တောင် ဖျက်ဆီးနိုင်တဲ့ အထိ အစွမ်းထက်တာပဲ… တံခါးရှေ့မှာ တွေ့တုန်းက သူ့ကိုငါ အရူးတစ်ယောက် လို့တောင် ထင်မိတာ"
လူများ အားလုံးထဲ၌ ကြောက်ရွံ့မှုကို မခံစားရသူ ဆို၍ အန်ရိုရှီ တစ်ယောက်သာ ရှိသည်။ သူမက ပါးစပ်အား လက်နှစ်ဖက်ဖြင့် ပိတ်ရင်း ချန်းဖန်ကို လေးစားစွာ ငေးမော ကြည့်နေခဲ့သည်။
"သူက ချီးထုပ်တွေကို တကယ်ကြီး ကန်ထုတ်ခဲ့တာပဲ… ငါသာ သူ့ကို လက်ထပ်ရရင် အရမ်းကောင်းမှာပဲ"
ထိုအချိန်၌ အန်ထျန်းရှု့မှာ ဒူးထောက်နေဆဲ ဖြစ်သကဲ့သို့ ချန်းဖန်သည်လည်း တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။
သူတို့ နှစ်ယောက် နည်းတူ ဖူကျန့်ထင်ကို သတ်ဖြတ်ခဲ့သည့် ရွှေရောင် အလင်းတန်းမှာလည်း ဂျက်လေယာဉ် ကဲ့သို့ တဝီဝီ အသံပေးရင်း ကောင်းကင်၌ ပျံသန်းနေဆဲပင်။ ထိုမြင်ကွင်းကို ကြည့်ရင်း အန်ကျိုက်ချန်းမှာ ကြမ်းပြင်ထက်သို့ ခွေကျ သွားတော့၏။ သူ၏ ခြေထောက်များကား ကြောက်ရွံ့မှုကြောင့် ကြမ်းပြင်ပေါ်၌ ကောင်းစွာ ရပ်တည်နိုင်ခြင်း မရှိတော့ချေ။
"တန်ခိုးရှင် ဆရာချန်း ခင်ဗျာ… မိန်းကလေးအန် အပေါ် အန်မိသားစု လုပ်ခဲ့တဲ့ အမှားတွေကို ပြင်ဆင်ခွင့် အခွင့်အရေး ပေးလိုက်ပါ… နောက်ပြီး မိန်းကလေးအန် မျက်နှာနဲ့ အခု တစ်ကြိမ်တော့ သူ့ကို အသက်တွေကို ချမ်းသာ ပေးလိုက်ပါ…"
ဝူရှန့်ဟူက သက်ပြင်းတစ်ချက်ချရင်း ဝင်ရောက် တောင်းပန်လိုက်၏။
"ဟုတ်ပါတယ်… အန်မိသားစုက အမှားတွေကို အမှန်ဖြစ်အောင် ပြင်လည် ပြင်ဆင်ပါ့မယ် ခင်ဗျာ"
အန်ကျိုက်ချင်ကလည်း ဝင်ရောက် ပြောလိုက်၏။ ချန်းဖန်မှာမူ လက်နှစ်ဖက် နောက်ပစ်ရင်း စဉ်းစားနေဆဲပင်။ အားလုံးသော လူများကား ချန်းဖန်၏ အဖြေကို စိတ်ရှည် လက်ရှည်ပင် စောင့်နေကြ၏။ ချန်းဖန်ထံမှ ထွက်ပေါ်လာမည့် စကားမှာ အန်မိသားစု အတွက် သေရေးရှင်ရေး အဆုံးအဖြတ် ဖြစ်လာမည် မဟုတ်ပါလား။
"ဟူး…"
ခဏ အကြာ၌ ချန်းဖန်၏ ဓားက ပျံသန်းရင်း အဝါရောင် ကျောက်မျက် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။ ထိုအရာကား ချန်းဖန်၏ အဖြေပင် ဖြစ်သည်။
"ဟင်း…"
လူတိုင်းကား ယခုမှ သက်ပြင်းချနိုင် ကြတော့သည်။ အခြေအနေကား အကောင်းဘက်သို့ ပြောင်းလဲသွားပြီ မဟုတ်ပါလား။
"မင်းတို့ရဲ့ အသက်တွေကို အစ်မအန် မျက်နှာနဲ့ ချမ်းသာပေးလိုက်မယ်… ဒါက မင်းတို့ လုပ်ခဲ့တဲ့ ပြစ်မှုကို ငါမေ့ပစ်လိုက်ပြီလို့ ဆိုလိုတာ မဟုတ်ဘူးနော်… မင်းတို့သာ အမှားတွေကို မပြင်ရင် အန်တစ်မိသားစုလုံးကို ငါ ကျိန်းသေ သတ်မှာ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်းမှ ပြောလိုက်၏။
"စိတ်ချပါ တန်ခိုးရှင် ဆရာချန်း ခင်ဗျာ… အန်မိသားစုက လွန်ခဲ့တဲ့ နှစ်လ… မှားလို့… လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် အတွင်း အန်ရာ့ အပေါ် မှားခဲ့တာတွေ အတွက် ပြန်ပြီး ပေးဆပ်ပါ့မယ်… ကတိပေးပါတယ် ခင်ဗျာ"
အန်ကျိုက်ချင်က နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်၏။ ထို့နောက် သူက ရိုသေ လေးစားသော အသံဖြင့် ချန်းဖန်အား ဆက်ပြောလိုက်သည်။
"တန်ခိုးရှင် ဆရာချန်း ခင်ဗျာ… ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ အဓိက ခန်းမထဲကို ကြွရောက်ပေးပါ… ကျွန်တော်တို့ အန်ရာအတွက် အသေးစိတ် ဆွေးနွေးချင်လို့ပါ…"
ချန်းဖန်က အန်ရာအား တစ်ချက်ကြည့်ရင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် အန်ရာ၏ လက်ကိုဆွဲကာ သခင်ကြီးအန် ခေါ်ကာသို့ လိုက်ပါသွားတော့သည်။
"သူက တုန်းဟယ်နယ် တစ်ခုလုံးကို တစ်ယောက်တည်းနဲ့ ကိုင်တွယ် နိုင်လိုက်တာပဲ"
အန်ယုချင်က ပျောက်ကွယ်သွားသော ချန်းဖန်အား ကြည့်ရင်း တီးတိုး ရေရွတ် လိုက်တော့သည်။
***