← Chapters

အန်မိသားစု၏ နောင်တ

Vol. 5 Ch. 461

အန်မိသားစု၏ နောင်တ

Vol. 5 Ch. 461

အန်ရာနှင့် ချန်းဖန်တို့မှာ သခင်ကြီးအန်၏ ခေါင်းဆောင်မှုဖြင့် အဓိက ခန်းမကြီးဆီသို့ ထွက်သွားခဲ့ကြပြီ ဖြစ်၏။

အန်ယုချင် အပါအဝင် များစွာသော လူများကား အန်ရာ၏ နောက်ကျောကို ကြည့်ရင်း မနာလိုစိတ်များ တဖွားဖွား ပေါ်လာခဲ့သည်။

"ငါ့ရဲ့ ငယ်ဘဝက သူ့ထက် ဆယ်ဆလောက် ပိုပြီး သာခဲ့တယ်… အနည်းဆုံးတော့ ငါက အန်မိသားစုရဲ့ အချစ်တော် တစ်ယောက်ပဲလေ… သူကတော့ မိသားစုရဲ့ အပယ်ခံ မိမစစ်၊ ဖမစစ် တစ်ယောက် သာသာပါပဲ… သူ့မှာ ခုလို အစွမ်းထက်တဲ့ မောင်တစ်ယောက် ပေါ်လာတာက တကယ်ပဲ မမျှတဘူး…"

အန်ယုချင်၏ စိတ်၌ မနာလိုသော အတွေးများက နေရာ ယူလာခဲ့သည်။ သို့သော်လည်း သူမ တတ်နိုင်သော အရာ မရှိချေ။

"အမအန်… သူတို့က အမကို မမျှမတ ဆက်ဆံခဲ့တယ်… အဲဒီ အကြွေးတွေကို ကျွန်တော် ရအောင် ပြန်ယူပေးမယ်"

ချန်းဖန်က အန်ရာ၏ လက်ကို ကိုင်ရင်း ညင်သာစွာ ပြောလိုက်၏။

"ကျေးဇူး…"

အန်ရာက ချန်းဖန် အနားသို့ ပိုမို တိုးကပ်ရင်း ပြန်ပြော လိုက်သည်။ သူမ၏ စိတ်များကမူ အရွယ် ရောက်လာသော မောင်ငယ်လေးအား ကြည့်ရင်း နွေးထွေး ပျော်ရွှင် နေခဲ့သည်။

အဓိက ခန်းမထဲသို့ ရောက်သည်နှင့် ချန်းဖန်နှင့် အန်ရာတို့က စားပွဲ၏ ထိပ်ဆုံး၌ နေရာယူလိုက်ကြ၏။ အန်ရာက ခပ်လှမ်းလှမ်းမှ ကြည့်နေသော အန်ရိုရှီကို သူမ၏ ဘေးနားသို့ လာရန် လက်ယပ် ခေါ်လိုက်သည်။

"တန်ခိုးရှင် ဆရာချန်း… ကျွန်တော်တို့ရဲ့ ဘယ်အမှားတွေကို ပြန်ပြင်ဆင် ပေးရမလဲ ခင်ဗျာ…"

အန်ကျိုက်ချင်က ရိုသေစွာ မေးလိုက်၏။

"အကုန်လုံးပဲ… အရင်ဆုံး အန်တီ ကျင်းရှို့ကနေ စလိုက်ရအောင်"

ချန်းဖန်က စားပွဲအား လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း ဆိုလိုက်၏။

"ဟုတ်ကဲ့ပါ…"

အန်ကျိုက်ချင်က ခေါင်းညိတ်ရင်း ကြောက်ရွံ့နေသော အန်ကျိုက်ချန်းအား လှမ်းကြည့် လိုက်သည်။

အန်ရာ၏ မိခင် အန်ကျင်းရှို့မှာ လက်မထပ်ရသေးခင် ကိုယ်ဝန် ရှိလာသောကြောင့် အန်မိသားစု၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသည်။ အန်ရာ၏ ဖခင်မှာလည်း အကူအညီ ကင်းမဲ့နေသော မိန်းမနှင့် သမီးဖြစ်သူကို ထားရစ်ခဲ့ကာ ကိုယ်လွတ်ရုန်း သွားခဲ့သည်။

ကြမ်းတမ်းသော ကံကြမ္မာကြောင့် အန်ကျင်းရှို့မှာ နောက်ဆုံး၌ သေဆုံးသည် အထိ ဖြစ်ခဲ့ရသည်။ အန်ကျိုက်ချန်းမှာ အကူအညီ ကင်းမဲ့စွာဖြင့် မြေးဖြစ်သူ အန်ရာအား လှမ်းကြည့် လိုက်မိသည်။ ယခု အချိန်၌ သူ့ကို ကူညီနိုင်သူ ဆို၍ အန်ရာ တစ်ယောက်သာ ရှိတော့သည် မဟုတ်ပါလား။

"ရှောင်ဖန်… အတိတ်ကဟာတွေ အတိတ်မှာပဲ ထားလိုက်ရအောင်… အဲဒီ အကြောင်းတွေ ငါပြန်ပြီး မပြောချင်ဘူး… နောက်ပြီး ဒီနေ့က စလို့ ငါနဲ့ အန်မိသားစု ကြားမှာ ပတ်သက်စရာမှ မရှိတော့တာ"

အန်ရာက ချန်းဖန်ကို ညင်သာစွာ ဖျောင်းဖျလိုက်၏။ သူမ၏ အန်မိသားစုနှင့် ပတ်သက်သော မျှော်လင့်ချက်များ အားလုံးမှာ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ ယခု အချိန်၌ သူမ ဖြစ်ချင်သည့် တစ်ခုတည်းသော ဆန္ဒကား ဤနေရာမှ ထွက်ခွာ သွားရန်သာ ဖြစ်သည်။

အန်ရာ၏ စကားအား ကြားသည်နှင့် အန်ကျိုက်ချင်က အန်ကျိုက်ချန်းအား အမှား အတွက် ပြန်လည် ဆင်ခြင်ရန် အမိန့်ချလိုက်သည်။ ထို့နောက် ရန်ကျင်းမြို့ အန်မိသားစုခွဲမှ မိသားစု ဝင်များကိုလည်း အန်လုပ်ငန်းစုမှ ထုတ်ပယ်လိုက်သည်။ ထို့အပြင် ရန်ကျင်းမြို့ အန်မိသားစုသို့ မည်သည့် အထောက်အပံ့မျှ ပေးတော့မည် မဟုတ်ကြောင်း ကြေညာလိုက်သည်။

ထိုအပြစ်ဒဏ်ကြောင့် အန်ကျိုက်ချန်းမှာ နှုတ်ခမ်းကို သွေးများထွက်သည် အထိ ကိုက်ထားမိသည်။ သို့သော်လည်း အန်ကျိုက်ချင်၏ ဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်ရဲချေ။

ချန်းကျိုက်ချင်အား အန်ရာက ခွင့်လွှတ်ခဲ့သည့်တိုင် ချန်းဖန်ကမူ ခွင့်မလွှတ်ခဲ့ချေ။ သူက ကျိန်စာ တစ်ခုကို ဖန်တီးကာ အန်ကျိုက်ချန်းနှင့် ရန်ကျင်း အန်မိသားစုများ၏ ကိုယ်ပေါ်၌ ရေးဆွဲခဲ့သည်။

"အဆိပ် ဝါးမျိုခြင်း ကျိန်စာ…"

ထိုကျိန်စာမှာ အသွေးအသားများကို တတိတိ စားသောက်သည့် ကျိန်စာမျိုး ဖြစ်သည်။ အဆိပ် ဝါးမျိုခြင်း ကျိန်စာ အတိုက်ခံရသော လူများမှာ တစ်လအတွင်း ဆိုးဝါးသော နာကျင်မှုများကို ခံစားရင်း သေဆုံးရမည် ဖြစ်သည်။

ရန်ကျင်း အန်မိသားစုခွဲမှာ အမအန်၏ အမေကို သေသည် အထိ တွန်းအား ပေးခဲ့သည်။ ထို့အပြင် ကလေးအရွယ် ရှိသေးသော အမအန်ကိုပါ အမျိုးမျိုး ဖိနှိမ်ခဲ့သည်။ ဝမ်ရှောက်ယွင်၏ သွားရောက် ခေါ်ဆောင် လာမှုကြောင့်သာ မဟုတ်ခဲ့လျှင် အစ်မအန် ယခုအချိန် အထိ အသက်ရှင်မည်လား မပြောနိုင်ပေ။

ထိုကဲ့သို့သော ပြစ်မှုကြီးအား ချန်းဖန် ခွင့်မလွှတ်နိုင်ချေ။ ရန်ကျင်း အန်မိသားစုခွဲ ကိစ္စအား ဆုံးဖြတ်ပြီးသည်နှင့် ချန်းဖန်က လက်ထပ် မဟာမိတ် ပြဿနာကို ဦးတည်လိုက်သည်။

"နောက်ပြီး မင်းတို့က ငါ့အစ်မကို ဖူမိသားစုဆီမှာ အရုပ် တစ်ရုပ်လို အလဲအလှယ် လုပ်ခဲ့တယ်… ဟုတ်တယ် မဟုတ်လား"

ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ရင်း မေးလိုက်၏။

"တန်ခိုးရှင် ဆရာချန်း ကျွန်တော် ရှင်းပြပါရစေ ခင်ဗျာ…"

အန်ကျိုက်ချင်က ဖြူရော်စွာ ပြုံးလိုက်သည်။

"အဲဒီ အချိန်တုန်းက ချန်းမိသားစုကို ရန်သူတွေ ပတ်ပတ်လည် ဝိုင်းနေခဲ့တာပါ… ဖူချန်းထင်က ကျွန်တော်တို့ဆီကို လာပြီး ဆရာသေပြီလို့ ပြောပါတယ်… နောက် အန်ရာကို ကျင်းရှို့ လုပ်ငန်းစုကို ကာကွယ်ပေးမယ် ဆိုတဲ့ စကားနဲ့ ကမ်းလှမ်းခိုင်းပါတယ်… အဲဒီ အခြေအနေတွေကြောင့်ပဲ အန်ရာက ကျွန်တော်တို့ဆီကို လိုလိုလားလား ပြန်လာခဲ့တာပါ"

"နောက်ဆက်ပြီး မှားခဲ့တာက ကျွန်တော်တို့ပါ… မိန်းကလေး အန်ရာကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့မိဘူး…"

အန်ကျိုက်ချင်က ခဏမျှရပ်ရင်း အံတစ်ချက် ကြိတ်လိုက်၏။

"မိန်းကလေး အန်ရာ အတွက် အန်လုပ်ငန်းစုရဲ့ အစု ရှယ်ယာ ၁၀ရာခိုင်နှုန်းနဲ့ ကမ်းလှမ်းချင်ပါတယ်"

"ဘယ်လို…"

အန်ကျိုက်ချင်၏ စကားကြောင့် ခန်းမထဲတွင် ရှိသော လူများအားလုံး ဆွံ့အ သွားကြ၏။

"အဖေ… ကျွန်ဝောာ်တို့တောင် ရှယ်ယာ ၆၀ ရာခိုင်နှုန်းပဲ ပိုင်တာပါ… ၁၀ ရာခိုင်နှုန်းကို ဒီအတိုင်းပဲ ပေးလိုက်ရမှာလား"

အန်ထျန်းရှု့က အော်ဟစ် သတိပေးလိုက်၏။ အခြားသော အန်မိသားစု ဝင်များကလည်း အန်ထျန်းရှု့၏ စကားကို သဘောတူဟန် ခေါင်းညိတ်ကြသည်။

အန်လုပ်ငန်းစုမှာ ယွမ်ထရီလျံချီ၍ တန်ကြေးရှိရာ ရှယ်ရာ တစ်ဆယ် ရာခိုင်နှုန်းက ဘီလျံရာချီကို ကိုယ်စားပြုသည်။ ရန်ကျင်း အန်မိသားစု ပိုင်ဆိုင်သော ရှယ်ယာပင်လျှင် ထိုမျှ မများချေ။

"ဟမ့်…"

ချန်းဖန်က ထိုကမ်းလှမ်းမှုကို စိတ်မဝင်စားဟန် နှာခေါင်းရှုံ့လိုက်သည်။

"ဟောင်ကောင်ရဲ့ ကျန်းမိသားစုက ငါ့ကို တစ်ဆယ် ဘီလျံ အကြွေးတင်ခဲ့တယ်… အဲဒီ ပိုက်ဆံကို ပြန်မဆပ်ချင်တဲ့ အတွက် သူတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ငါ သိမ်းပိုက်ခဲ့တယ်… နောက် ဆမ်ဆောင်း လုပ်ငန်းစုက ငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အတွက် အမေရိကန် ဒေါ်လာ တစ်ဆယ် ဘီလျံနဲ့ တောင်းပန်ခဲ့တယ်… မစ်ဆု လုပ်ငန်းစုက ငါ့ကို သတ်ဖို့ စစ်တပ်ကို တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ မိသားစု ခေါင်းဆောင် မစ်ဆုကာဇူကို ငါသတ်ခဲ့တယ်"

ထိုစကားက လူများစွာအား တိတ်ဆိတ် ငြိမ်သက် သွားစေသည်။ ချန်းဖန်၏ စကားထဲရှိ နာမည်များတွင် အန်မိသားစု တန်းညှိနိုင်သည် ဆို၍ ဟောင်ကောင်၏ ကျန်းမိသားစု တစ်ခုသာ ရှိသည်။ ဆမ်ဆောင်း၏ လီမိသားစုနှင့် ဂျပန်၏ မစ်ဆု မိသားစုများမှာ နိုင်ငံရေး အသိုင်းအဝိုင်းကိုပင် လွှမ်းမိုးနိုင်သော မိသားစုများ ဖြစ်သည်။ အန်မိသားစု အနေဖြင့် လုံးလုံး မယှဉ်နိုင်ချေ။

"တန်ခိုးရှင် ဆရာချန်း ခင်ဗျာ…  ကျွန်တော်တို့ ဘယ်လို လုပ်ပေးရမလဲ မသိဘူး"

အန်ကျိုက်ချင်က ခေါင်းကို ငုံ့ရင်း တလေးတစား မေးလိုက်၏။

"အစ်မအန်က အန်မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို ပိုင်ဆိုင်ရမယ်"

ချန်းဖန်က အေးဆေးစွာပင် ပြောလိုက်၏။

"သောက်ရေးမပါတာ…"

အန်ကျိုက်ချင် အဖြေမပေးရသေးခင်မှာပင် အန်ထျန်းရှု့က ထိုင်ခုံမှ ထရင်း အော်ဟစ်လိုက်၏။

အန်မိသားစု၏ ပိုင်ဆိုင်မှု တစ်ဝက် ထိုအရာကား ယွမ်ဘီလျံပေါင်း များစွာ တန်ကြေးရှိသည်။ အန်လုပ်ငန်းစု ဒါရိုက်တာများ အဖွဲ့၏ ဥက္ကဌ အနေဖြင့် အန်ထျန်းရှု့မှာ အန်လုပ်ငန်းစု၏ ဘဏ္ဍာရေး လုပ်ငန်းစဉ် အတွက် တာဝန်ရှိသည်။ အကယ်၍ အန်လုပ်ငန်းစု၏ ပိုင်ဆိုင်မှု တစ်ဝက် ဆုံးရှုံးခဲ့လျှင် ကုပ္ပဏီ အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပေါ် လာနိုင်သည်။

"ဟီးဟီး…"

ချန်းဖန်က ပြုံးရုံသာ ပြုံး၍ အန်ထျန်းရှု့အား လှည့်မကြည့်ခဲ့ပေ။ ဝူရှန့်ဟူကမူ အန်ထျန်းရှု့အား ခေါင်းခါပြရင်း ဆက်မပြောရန် အရိပ်အယောင် ပြလိုက်သည်။ အကယ်၍ တန်ခိုးရှင် အဆင့်အား ကမ်းလှမ်းမည် ဆိုပါက ဘီလျံ ရာဂဏန်းလောက်မှ တော်ခါကျလိမ့်မည်။

"မင်း ပါးစပ်ကို ပိတ်ထားစမ်း…"

အန်ကျိုက်ချင်က စားပွဲအား ရိုက်ရင်း အန်ထျန်းရှု့အား အော်လိုက်၏။ ထို့နောက် သူက ထိုင်ရာမှ ထကာ ချန်းဖန်အား ဦးညွှတ်တောင်းပန် လိုက်သည်။

"ဆရာပြောတဲ့ အတိုင်း ကျွန်တော်တို့ လိုက်နာမှာပါ"

"ကောင်းပြီ…"

ချန်းဖန်က အန်ကျိုက်ချင်အား တစ်ချက်ကြည့်ရင်း ထိုင်ရာမှ ထလိုက်၏။ ထို့နောက် အန်ရာ၏ လက်ကို ဆွဲကာ အန်မိသားစု အဓိက ခန်းမထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။

"မှတ်ထားပါ… သုံးရက်ကြာရင် ငါပြောထားတဲ့ ပိုင်ဆိုင်မှုတွေကို အစ်မအန် နာမည်နဲ့ တွေ့ချင်တယ်… မဟုတ်ဘူး ဆိုရင်တော့ ငါ့အကြောင်း သိတယ် မဟုတ်လား"

"ဟုတ်ကဲ့ပါ… စိတ်ချလက်ချ နေပါ ခင်ဗျာ…"

အန်ကျိုက်ချင်က ဦးညွှတ်ရင်း ပြောလိုက်၏။

ထို့နောက် လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်နှင့် အန်ရာတို့မှာ ခန်းမ အတွင်းမှ ထွက်ခွာ သွားတော့သည်။ သူတို့ကား နောက်သို့ တစ်ချက်ပင် ပြန်လှည့် မကြည့်ခဲ့ပေ။

ချန်းဖန်တို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသော အချိန်ရောက်မှ အန်ကျိုက်ချင်က သက်ပြင်း တစ်ချက်ချလိုက်သည်။ ထို့နောက် သူက လဲပင်းအား ဘယ်ညာ လှည့်၍ အညောင်း ဖြေလိုက်သည်။

"အဖေ…"

အန်ထျန်းရှု့က အဘိုးအိုအန် ရှိရာသို့ ချည်းကပ်လာရင်း နားမလည်စွာ ပြောလိုက်သည်။

"ဘာလို့ သူ့ကို ဒီလောက် ရှယ်ယာ အများကြီး ပေးလိုက်ရတာလဲ… အန်လုပ်ငန်းစုက ပိုင်ရှင် အပြောင်းအလဲနဲ့ဆို အဆင်ပြေမယ် မထင်ဘူး"

"သောက်ရူး… ငါသာ သဘောမတူရင် ခုချိန် မင်းခေါင်းက ကြမ်းပြင်ပေါ် ရောက်နေ လောက်ပြီ"

အန်ကျိုက်ချင်က စကားသံ မာမာဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့က နိုင်ငံရဲ့ ဥပဒေကို လိုက်နာနေကြတဲ့ သူတွေပဲဟာ … သူလုပ်ရဲမယ် မထင်ပါဘူး"

အန်ထျန်းရှု့က စောတက တက်လိုက်သည်။

အန်ကျိုက်ချင်က သားဖြစ်သူ၏ စကားကို နားထောင်ရင်း စိတ်ပျက်လက်ပျက် ခေါင်းခါမိသည်။

သူ၏ သားမှာ စီးပွားရေးလောက၌ အောင်မြင်သော လူတစ်ယောက် ဖြစ်သည့်တိုင် ကမ္ဘာနှင့် ပတ်သက်သည့် ဗဟုသုတမှာ အလွန်ပင် နည်းပါးလွန်းသည်။

"အကိုအန်… ကျုပ် ခုလေးတင် သတင်းထူး တစ်ခုကို ရခဲ့တယ်… ဆရာချန်းက တရုတ်ကို ပြန်ရောက်ရောက်ချင်း ကျင်းမြို့ စွန်းမိသားစု တစ်ခုလုံးကို သုတ်သင်ခဲ့ပြီး မိသားစု ခေါင်းဆောင် ဆယ့်ခြောက်ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်တဲ့… နောက်ပြီး သူက ကျန်းပေ့ကို ညတွင်းချင်း ဆက်သွားပြီး လူငါးရာလောက်ကို သတ်ခဲ့သေးတယ်… သူလုပ်ကြောင်း အမှု့က ထင်ရှား နေတာတောင် အထူးဌာနက သူ့ဘက်က ကာကွယ်ပေးခဲ့တယ် တဲ့"

ဝူရှန့်ဟူက ခေါင်းခါရင်း ဝင်ရောက်ပြောလိုက်၏။

"ဘယ်လို…"

လူများစွာမှာ ထိုသတင်းကြောင့် နှလုံးသားများ ကဆုန် ပေါက်သွား၏။

စွန်းမိသားစု၊ ဟွာမိသားစု၊ ရမ်မိသားစု စသည့် ကျင်းလင်မြို့မှ မိသားစုများ၏ ပေါင်းစပ် အင်အားသည်ပင်လျှင် အန်မိသားစုထက် ဆယ်ဆမက သာလွန်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းက မိသားစု ခေါင်းဆောင် ဆယ့်ခြောက်ယောက်ကို သတ်ကာ စွန်းမိသားစု တစ်ခုလုံးအား ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။ အဆိုးဆုံးကား တရုတ် အစိုးရကပင် သူ့အား အရေးမယူခဲ့ခြင်းပင်။

"ဂန္တဝင် ပုဂ္ဂိုလ်ကြီး… သူက တကယ့်ကို ဂန္တဝင် ပုဂ္ဂိုလ်ကြီးပဲ"

အန်ကျိုက်ချင်က ခေါင်းခါရင်း ရေရွတ်လိုက်သည်။

"သူ့ရဲ့ မျက်လုံးထဲမှာတော့ ငါတို့က အင်းဆက်လေးတွေပါပဲ… မဟာ အင်အားကြီး နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေပဲ သူနဲ့ တန်းညီလိမ့်မယ်… ထျန်းရှု့ ခုချက်ချင်း အန်လုပ်ငန်းစုရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို အန်ရာ့ အကောင့်ထဲ လွှဲပေးလိုက်တော့…"

"ဟုတ်ကဲ့…"

အန်ထျန်းရှု့က ရိုရိုသေသေပင် ခေါင်းညိတ်လိုက်တော့သည်။

***

ထိုအချိန်၌ ချန်းဖန်နှင့် အန်ရာတို့မှာ မြို့ထဲရှိ ရှန်ဂရီလာ ဟိုတယ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ထိုညတွင်ပင် ဖူမိသားစု ခေါင်းဆောင် ရောက်ရှိလာကာ ချန်းဖန်အား ခွင့်လွှတ်ရန် ဒူးထောက် တောင်းပန်ခဲ့သည်။

နောက်တစ်နေ့ နံနက်တွင်မူ ချန်းဖန်က အန်ရာနှင့် အတူ အထုပ်အပိုးပြင်ရင်း ကျန်းနန်နယ်သို့ ပြန်လည် ထွက်ခွာ သွားတော့သည်။ ချန်းဖန်ဆိုသော နာမည်မှာမူ တုန်းဟယ်နယ် တစ်ခုလုံး၌ ပျံ့နှံ့ကာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ထိုအတောအတွင်းတွင်ပင် ချန်းဖန် ရုရှား၌ ပြုလုပ်ခဲ့သည့် သတင်းများမှာ တရုတ်သို့ ရောက်ရှိလာခဲ့၏။ ထိုသတင်းများက တောမီးကဲ့သို့ပင် ခဏအတွင်း တရုတ်နိုင်ငံ တစ်ခုလုံးသို့ ပျံ့နှံ့ သွားခဲ့တော့သည်။

***

All Chapters