← Chapters

စူးချင်းရဲ့လည်ဆွဲရောင်းနည်း

Vol. 12 Ch. 171

စူးချင်းရဲ့လည်ဆွဲရောင်းနည်း

Vol. 12 Ch. 171

မြို့၏အုပ်ချုပ်ရေးအရာရှိများနှင့် မြို့စောင့်တပ်သားများက တခြားမြို့မှ ပုန်ကန်ထကြွနေသော ကပ်ဘေးဒုက္ခသည်များကြောင့် ထိတ်လန့်မှုကို ခံစားနေကြရပြီး မြို့အတွင်းသို့ ဝင်ရောက်လာသည့်သူများကို အထူးကြပ်မတ်ကာ သေသေချာချာ စစ်ဆေးနေကြသည်။ စူးချင်းတို့သုံးယောက်က ကပ်ဘေးဒုက္ခသည်များနှင့် မတူကြသော်လည်း စစ်ဆေးရေးအရာရှိများကတော့ သူတို့၏စစ်ဆေးမှုများကို အလွန်တင်းကျပ်နေစွာ ဆောင်ရွက်နေကြဆဲဖြစ်သည်။

ပထမဦးစွာ ထိုအရာရှိများနှင့် တပ်သားများက သူတို့သုံးယောက်အား သူတို့ထံတွင် ရှိနေသည့် အလိုရှိသူများ၏ပုံတူများနှင့် နှိုင်းယှဉ်ကြည့်ကြသည်။ သူတို့သုံးဦးအနက်မှ မည်သူကမျှ အလိုရှိနေသော ရာဇဝတ်သားများ မတူကြောင်း အတည်ပြုပြီးနောက် ထိုအရာရှိများက သူတို့၏ခရီးသွားလက်မှတ်ကို စစ်ဆေးကာ မြို့ထဲသို့ ဝင်ရောက်မည့်ရည်ရွယ်ချက်ကို စစ်ဆေးမေးမြန်းကြပြန်သည်။

“လူကြီးမင်း၊ ကျွန်တော်တို့ ကုန်ပစ္စည်းတစ်သုတ်လောက် ဝယ်ဖို့ စီစဉ်ထားတာပါ"

ချိုးယုံခန်းက အရှေ့သို့ တိုးသွားပြီး စစ်ဆေးရေးအရာရှိကို ဦးညွှတ်ကာ တလေးတစား ပြန်ဖြေလိုက်သည်။

“ဝင်သွား!”

ကုန်ပစ္စည်း ဝယ်မည်ဟု ကြားချိန်တွင် ထိုစစ်ဆေးရေးအရာရှိက သူတို့အတွက် အချိန် အကုန်မခံ‌တော့ဘဲ သူတို့ကို မြို့ထဲသို့ ဝင်ခွင့်ပေးလိုက်သည်။

လောချန်က ကုန်သွယ်မှုမြို့တစ်ခု ဖြစ်ပြီး လူတော်တော်များများက ကုန်ပစ္စည်းများ ရောင်းဝယ်ရန် ထိုနေရာသို့ လာရောက်လေ့ရှိကြသည်။ ကျိရွှေရှန့်တို့၏ ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းများကလည်း အပြည့်အစုံ ဖြစ်နေသောကြောင့် သံသယဖြစ်ဖွယ်လည်း မရှိပေ။

စူးချင်းနှင့် ကျန်နှစ်ယောက်က မြို့ထဲသို့ ချောချောမွေ့မွေ့ ဝင်သွားနိုင်ခဲ့ပြီး လောချန်က အလွန် ကျယ်ပြောကာ ကြွယ်ဝလှကြောင်း သူတို့ သိလိုက်ရသည်။ လောချန်၏ အဆောက်အဦးများက တောင်ဘက်ရှိ အဆောက်အအုံများနှင့် မတူဘဲ ယင်းအစား မြောက်ပိုင်းရှိ အဆောက်အအုံများ၏ပုံစံကို ပေါင်းစပ် တည်ဆောက်ထားကြသည်။

လမ်းပေါ်တွင် လူများ၊ ရထားလုံးများ ပြည့်ကျပ်နေပြီး လမ်းများကို အပြာရောင်ကျောက်များဖြင့် ခင်းကျင်းထားသည်။ လမ်း၏တစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင်များရှိနေပြီး အရည်အသွေး စုံလင်သော ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်။

လောချန်က အဓိကအားဖြင့် စပါးစိုက်ပျိုးခြင်းကို အမှီပြုထားပြီး မိုးကောင်းကင်က ဤမြို့ကို အလွန်နှစ်သက်ပုံရကာ ရာသီဥတုက အမြဲတမ်း ကောင်းမွန်နေလေ့ရှိသည်။ တောင်ပိုင်းတွင် မိုးခေါင်ခြင်းများ၊ ရေကြီးခြင်းများနှင့် အင်းဆက်ဘေးအန္တရာယ်များ ကြုံရတက်ပြီး မြောက်ဘက်တွင် နှင်းမုန်တိုင်း၏ဘေးအန္တရာယ်များကို ရင်ဆိုင်ရသော်လည်း လောချိန်ကတော့ မည်သည့်ကပ်ဘေးတွင်မှ မပါဝင်ခဲ့ပေ။

ထို့ကြောင့် ဤလူများက အလွန်သာယာဝပြောသော ဘဝတွင် နေထိုင်နိုင်ကြပြီး လမ်းပေါ်မှာ ပိန်ခြောက်ကပ်နေသည့်လူဟူ၍ မရှိသလောက် နည်းပါးနေခဲ့သည်။ အကယ်၍ ကပ်ဘေးဒုက္ခသည်တစ်ယောက် မြို့တွင်းသို့ ဝင်ရောက်လာပါက အလွယ်တကူ ခွဲခြား သိရှိနိုင်မည် ဖြစ်သည်။

"လမ်းခွဲပြီး သွားကြရအောင်"

စူးချင်းက ကျိရွှေရှန့်က လှမ်းပြောလိုက်သည်။ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ သက်တော်စောင့်နှင့် ခရီးသွားအာမခံလုပ်ငန်းသို့ သွားနေချိန်တွင် သူမက လည်ဆွဲကို သွားရောင်းပါက ပို၍ အချိန်ကုန် သက်သာမည်ဟု သူမ တွေးထားခဲ့သည်။

“ကောင်းပြီလေ၊ သတိထားပြီးသွား”

ကျိရွှေရှန့်က စူးချင်း၏အကြံပြုချက်ကို လက်ခံလိုက်ပြီး ချိုးယုံခန်းနှင့်အတူ သက်တော်စောင့်နှင့် ခရီးသွားအာမခံလုပ်ငန်းများ ရှိနိုင်မည့်နေရာသို့ ထွက်လာခဲ့သည်။

လောချန်က ကုန်သွယ်ရေးမြို့ဖြစ်သောကြောင့် သက်တော်စောင့်နှင့် ခရီးသွားအာမခံလုပ်ငန်းများ ပေါများလှသည်။ မြို့ထဲသို့သွားရာ လမ်းပေါ်တွင် အကြီးစား သက်တော်စောင့်နှင့် ခရီးသွားအာမခံလုပ်ငန်း သုံးခုကို တွေ့ခဲ့ကြရသည်။

သို့သော် ထိုအဖွဲ့ကြီးများက မကြာခဏဆိုသလို အလုပ်တာဝန်များကို လက်ခံလေ့ရှိပြီး အသိအကျွမ်းလည်း ပေါများသောကြောင့် သူတို့က သက်တောင်စောင့်အတုလုပ်ရန် ရောက်လာသည်ကို အလွယ်တကူ ရိပ်မိသွားနိုင်သည်။ ထို့ကြောင့် သူတို့က အလွယ်တကူ မျက်စိဖမ်းစားနိုင်ခြင်း မရှိသော မထင်မရှားသက်တော်စောင့်အဖွဲ့လေးများကို ရှာဖွေရန် ကြိုးစားနေခဲ့ကြသည်။

စူးချင်းက လမ်းမကြီးအတိုင်း လျှောက်လာခဲ့ပြီး သူမ ဝတ်ဆင်ထားသည့် အပြာရောင်ဝတ်ရုံက သူမကို ထင်ရှားပေါ်လွင်နေစေသည်။ သူမက အရပ်မရှည်သော်လည်း တည်ကြည်ခန့်ညားသော အသွင်အပြင် ရှိနေသည့်အပြင် သူမ၏ပုံမှန်အတိုင်း အေးစက်နေသော မျက်လုံးများက သူမကို မာန်အပြည့်ရှိသော လူငယ်လေးအဖြစ် သဘာဝကျကျ ပုံဖော်ပေးထားခဲ့သည်။ ထိုအသွင်အပြင်က အသက်နှစ်ဆယ်ကျော် မိန်းခလေးများကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီး သူမတို့၏နှလုံးသားမျာကို လှုပ်ရှားစေခဲ့သည်။

လောချန်က အလွန်ပွင့်လင်းပုံရပြီး လမ်းများပေါ်တွင် မိန်းကလေးများ လမ်းလျှောက်နေသည်ကို ရံဖန်ရံခါ တွေ့မြင်နိုင်သည်။ ဤနေရာက မြင့်မြတ်သောမိသားစုများမှ မိန်းမပျိုလေးများအတွက် သူမတို့၏ အတွင်းဆောင်တွင်သာ ပုန်းအောင်းနေရပြီး အပြင်မထွက်နိုင်သည့် တောင်ပိုင်းမြို့များကဲ့သို့ ရှေးရိုးဆန်သည့်နေရာတစ်ခု မဟုတ်ပေ။

စူးချင်းက ကောင်းမွန်သောအရာများအတွက် အကောင်းမွန်ဆုံးသော ထုပ်ပိုးမှုတစ်ခု လိုအပ်သည်ဟု တွေးထားကြောင့် သူမက ရတနာဆိုင်ကြီးတစ်ခုဆီသို့ အရင်သွားလိုက်သည်။ သူမက ထိုပုလဲလည်ဆွဲကို လက်ဝတ်ရတနာထည့်သည့် တန်ဖိုးကြီးသေတ္တာတစ်ခုထဲသို့ ထည့်ပြီး တန်ဖိုးပိုမြှင့်တင်ရန် ကြံရွယ်ထားခဲ့သည်။

တံခါးဝသို့ လူတစ်ယောက် ရောက်လာပြီး ထိုလူက ချမ်းသာပုံရသော သူဌေးငယ်လေးတစ်ဦး ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ဆိုင်အကူက သူ့ကို ကြိုဆိုရန် အမြန်ထွက်လာခဲ့သည်။ ထိုဆိုင်အကူက အပြုံးများ ပြည့်နှက်နေသော မျက်နှာဖြင့် စူးချင်းကို ဆိုင်ထဲသို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်ခဲ့သည်။

"သခင်လေး၊ ထိုင်ပါဦး"

ဆိုင်အကူက သူဌေးငယ်လေးတစ်ဦးကို ဖိတ်ခေါ်လာကြောင်း မြင်သွားချိန်တွင် ဆိုင်တာဝန်ခံက စူးချင်းကို ဧည့်ခံရန် ကောင်တာနောက်မှ အမြန်ထွက်လာခဲ့ပြီး လက်ဖက်ရည်တည်ခင်းရန် ဆိုင်အကူအား အမိန့်ပေးလိုက်သည်။

"ရှောင်ဝူ၊ သခင်လေးအတွက် လက်ဖက်ရည် ပြင်ပေးပါဦး"

“သူဌေး၊ ရပါတယ်။ ကျုပ်က လက်ဝတ်ရတနာထည့်ဖို့ သေတ္တာပဲ ဝယ်ချင်တာပါ”

စူးချင်းက ဆိုင်ရှင်၏ကြင်နာသော ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။ သူမက လက်ဝတ်ရတနာထည့်နိုင်မည့် သေတ္တာတစ်လုံးကိုသာ ဝယ်ချင်သောကြောင့် သူ့ကို ဒုက္ခပေးစရာ မလိုပေ။

"အိုး?"

ဆိုင်တာဝန်ခံက အရမ်းစိတ်ပျက်သွားခဲ့သည်။ ဒီလူငယ်လေးက မြင့်မြတ်တဲ့ သခင်ငယ်လေးတစ်ဦးဖြစ်နေတာကို မြင်လိုက်တာကြောင့် ဒီလူငယ်လေးက တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာ အနည်းငယ်ကို ဝယ်နိုင်လိမ့်မယ်လို့ သူ ထင်ခဲ့မိတယ်။ အခုတော့ လက်ဝတ်ရတနာထည့်ဖို့ သေတ္တာလာဝယ်တာတဲ့လား? သူ လုံးဝ မမျှော်လင့်ထားမိဘူး။ အဲ့လိုမှန်းသိရင် သူ ဒီလူငယ်လေးကို ဧည့်ခံဖို့ ထွက်လာခဲ့မှာ မဟုတ်ဘူး။

ဆိုင်တာဝန်ခံက မပျော်မရွှင်ဖြစ်သွားပြီး သူ့မျက်နှာပေါ်မှ အပြုံးများက ပျောက်ကွယ်သွားသော်လည်း သူက စူးချင်း လက်ဝတ်ရတနာသေတ္တာ ရွေးနိုင်ရန် ဆိုင်အကူတစ်ယောက်အား တာဝန်ပေးလိုက်သေးသည်။

“သခင်လေးက ဘယ်လိုလက်ဝတ်ရတနာသေတ္တာမျိုးကို လိုချင်တာလဲ? ဘယ်လိုရတနာမျိုး ထည့်ဖို့ စိတ်ကူးထားလဲ?"

ဆိုင်အကူကလည်း မကျေမနပ် ဖြစ်နေခဲ့သည်။ အကယ်၍ ဖောက်သည်ကြီးများကို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးရမည်ဆိုလျှင် သူက အကြံဥာဏ်များပင် ပေးနိုင်သောသူ ဖြစ်သည်။ သို့သော်လည်း သူက ကျွမ်းကျင်ဝန်ထမ်း ဖြစ်ပြီး ယခင်ကဲ့သို့ စိတ်အားထက်သန်မှု မရှိလျှင်ပင် အမြဲတမ်း ပြုံးထားနိုင်သေးသည်။

"ဒီလည်ဆွဲအတွက်ပါ"

စူးချင်းက သူမ၏ပုလဲလည်ဆွဲကို ထုတ်ယူလိုက်သောကြောင့် ဆိုင်အကူ၏မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားတော့သည်။ သူက အလွန် စိတ်လှုပ်ရှားသွားပုံပေါ်ပြီး ဆိုင်တာဝန်ခံကို လှည့်ကြည့်လိုက်သည်။

ဆိုင်တာဝန်ခံက ဆိုင်အကူ၏အမူအရာကို မြင်သွားပြီး စူးစမ်းချင်စိတ်ကြောင့် စူးချင်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူလည်း စိတ်လှုပ်ရှားလွန်းသောကြောင့် သူ့မျက်နှာပင် နီရဲလာရသည်။

ဤဆိုင်က ဌာနခွဲတစ်ခုဖြစ်ပြီး ပင်မဆိုင်ကြီးက မြို့တော်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ သူတို့က တော်ဝင်ကုန်သည်အဖြစ် အရွေးချယ်ခံရသော ထိပ်တန်းဆိုင်ကြီးတစ်ခုဖြစ်ပြီး နန်းတော်ရှိ မောင်းမမိဿံများနှင့် မင်းသမီးများအတွက် လက်ဝတ်ရတနာများကို အထူးထောက်ပံ့ပေးရသည်။ မောင်းမမိဿံများနှင့် မင်းသမီးလေးများက သူမတို့ စိတ်ကျေနပ်သရွေ့ မည်သည့်ငွေပမာဏကို မဆို ပေးချေနိုင်ကြသည်။ ထိုအလုပ်က အမြတ်အစွန်း ကြွယ်ဝသည့်အပြင် တခြားအမျိုးမျိုးသော အဆက်အသွယ်နှင့် အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်သည်။

လက်ရှိတွင် ဧကရာဇ်မင်းမြတ်၏အနှစ်သက်ခံရဆုံးဖြစ်သည့် တော်ဝင်ကြင်ယာတော်ဝမ်က ပုလဲများကို အလွန်နှစ်သက်သူ ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ကုန်သည်အဖြစ် အရွေးချယ်ခံရသော လက်ဝတ်ရတနာကုန်သည်များက နှစ်စဥ်နှစ်တိုင်း တော်ဝင်ကြင်ယာတော်ဝမ်အတွက် လက်ဝတ်ရတနာအသစ်များ ပြုလုပ်နိုင်ရန် အကောင်းဆုံးပုလဲများကို ရွေးချယ် ရှာဖွေကာ လက်ဆောင်ဆက်သလေ့ရှိကြသည်။

သို့သော် တော်ဝင်ကြင်ယာတော်ဝမ်းက လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ရရှိခဲ့သော ပုလဲရတနာများကို မနှစ်သက်ခဲ့ပေ။ ယခုနှစ်တွင် တော်ဝင်ကုန်သည်ကြီးများကို ပြန်လည်အကဲဖြတ်မည့်နှစ်ဖြစ်ပြီး တော်ဝင်ကြင်ယာတော်ဝမ် နှစ်သက်စေနိုင်မည့် ပုလဲရတနာများကို မရှာဖွေပေးနိုင်ပါက တော်ဝင်ကုန်သည်များအဖြစ် ခန့်အပ်ခံထားရသော သူတို့၏ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားမည် ဖြစ်သည်။

ထို့ကြောင့် သူတို့အပါအဝင် အခြားသော ကျောက်မျက်ရတနာကုန်သည်ကြီးများက သတ်မှတ်ကာလအတွင်း တော်ဝင်ကြင်ယာတော်ဝမ် နှစ်သက်စေမည့် ပုလဲရတနာများကို ရှာဖွေရန် ကြိုးစားနေခဲ့ကြပြီး တော်ဝင်ကုန်သည်ဂုဏ်ပုဒ်အတွက် ယှဥ်ပြိုင်ရန် စိတ်အားထက်သန်နေခဲ့ကြသည်။ တော်ဝင်ကြင်ယာတော်ဝမ်၏မျက်နှာသာကို ရနိုင်လျှင် သူတို့အတွက် ကြီးကျယ်သော စည်းစိမ်နှင့် ဘုန်းအသရေကို ရရှိနိုင်မည် ဖြစ်သည်။

ထိုအရာက သူတို့၏လက်ဝတ်ရတနာဆိုင်ခွဲများကိုပါ သိသိသာသာ ဖိအားဖြစ်စေသောကြောင့် ဆိုင်တာဝန်ခံက ဤပုလဲလည်ဆွဲကို မြင်လိုက်သည်နှင့် တော်ဝင်ကြင်ယာတော်ဝမ်ကို ချက်ချင်း တွေးမိသွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဤလည်ဆွဲကို ဝယ်ရန် ချက်ချင်း တွေးလိုက်ပြီး လူငယ်လေးထံမှ သတင်းရယူရန် စတင်ကြိုးစားလိုက်သည်။

သူက စူးချင်းကို ပြုံးပြလိုက်ပြီး “သခင်လေး၊ ဒီလည်ဆွဲက အရမ်း ထူးခြားတယ်။ ဘယ်မှာဝယ်ခဲ့လဲဆိုတာ သိခွင့်ရှိမလား?"

"ဒါက ကျုပ်တို့ရဲ့ ဘိုးဘေးတွေဆီကနေ အမွေဆက်ခံခွင့်ရခဲ့တာပါ"

စူးချင်းကလည်း ဆိုင်တာဝန်ခံက ဤလည်ဆွဲကို ဝယ်ယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း ရိပ်မိသွားပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဘိုးဘွားအမွေဆိုတဲ့ စကားက ဒီလည်ဆွဲရဲ့ တန်ဖိုးကို ပိုပြီး မြင့်တက်သွားစေလိမ့်မယ်။ အမွေခံပစ္စည်းဖြစ်တာကြောင့် ဝယ်စရာ နေရာမရှိဘူး။ ထူးထူးခြားခြား ရှားပါးလေ ပိုပြီး အဖိုးတန်လေပဲ။

"အဲ့လိုလား?"

ဆိုင်တာဝန်ခံက ဤလည်ဆွဲကို ဝယ်ခဲ့သည့်နေရာကို မေးမြန်းကာ သွားဝယ်ရန် တွေးထားခဲ့ပြီး ယခု ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြောင်း ကြားသိလိုက်ရသောကြောင့် ဤအကြံကို စွန့်လွှတ်လိုက်ရသည်။

သို့ရာတွင်၊ ဤလည်ဆွဲမျိုးက ရှားပါးလွန်းလှသည်။ အထူးသဖြင့် အလယ်တွင်ရှိနေသည့် ပန်းရောင်ပုလဲက ပို၍ပင် ရှားပါးလွန်းလှသည်။ ပုလဲပွင့်ချပ်သုံးလွှာကလည်း ရင်သပ်ရှုမောဖွယ်ကောင်းနေပြီး လည်ဆွဲတွင် သီကုံးထားသော ပုလဲဖြူများကလည်း ကြည်လင်ကာ တောက်ပနေလေသည်။ အားလုံးက ရှားပါးသော ပုလဲကောင်းများ ဖြစ်နေကြသည်။

ဤကဲ့သို့သော ပုလဲလည်ဆွဲကို နန်းတော်သို့ ပို့လိုက်မည်ဆိုလျှင် တော်ဝင်ကြင်ယာတော်ဝမ်က ချက်ချင်း ပျော်ရွှင်သွားပေလိမ့်မည်။ တော်ဝင်ကြင်ယာတော်ဝမ် ကျေနပ်သရွေ့ သူတို့၏တော်ဝင်ကုန်သည်ရာထူးက သူတို့၏လက်ထဲတွင် ရှိနေမည် ဖြစ်သည်။

စူးချင်းက ဆိုင်ရှင်ကို လျစ်လျူရှုထားပြီး သူ့ကို စဥ်းစားခွင့်ပေးထားလိုက်သည်။ ထို့နောက် သူက ဆိုင်အကူအား လက်ရာမြောက်အောင် ထွင်းထုထားသည့် လက်ဝတ်ရတနာသေတ္တာကို ညွှပြကာ ထုတ်ယူပေးရန် တောင်းဆိုလိုက်သည်။

“ဒါကို ယူမယ်"

ဆိုင်အကူက ဆိုင်တာဝန်ခံကို ချောင်းကြည့်လိုက်ပြီးမှ လက်ဝတ်ရတနာသေတ္တာကို စူးချင်းထံသို့ လွှဲပေးလိုက်သည်။ စူးချင်းက လည်ဆွဲကို လက်ဝတ်ရတနာသေတ္တာထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သော်လည်း သေတ္တာအတွင်းသို့ ရောက်သွားချိန်တွင် ထိုပုလဲလည်ဆွဲ၏အသွင်အပြင်က ပို၍ပင် အံ့မခန်းဖွယ် ဖြစ်လာခဲ့သည်။

ရွှေက အရမ်းအဖိုးတန်တယ် ဆိုရင်တောင်မှ သေတ္တာထဲမှာ တောက်ပနေတဲ့ ပုလဲလည်ဆွဲက ရွှေထက်တောင် အဖိုးတန်တယ်လို့ ခံစားရစေတယ်။

"ဘယ်လောက်လဲ?"

စူးချင်းက ကျေနပ်စွာ ခေါင်းညိတ်ပြီး သေတ္တာအတွက် ငွေပေးချေရန် ဆိုင်အကူကို လှမ်းမေးလိုက်သည်။

ဒီလူငယ်လေးမှာ ဒီလို ဘိုးဘွားပိုင် ပစ္စ္စည်းတောင် ရှိနေမှတော့ ငွေမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? ဒီသေတ္တာလေးတစ်လုံးကို ဘာမှ မစဥ်းစားဘဲ ဝယ်လို့ရတယ်။

ထိုအတွေးကြောင့် ဆိုင်အကူက ဆိုင်တာဝန်ခံကို ထပ်ကြည့်လိုက်ပြန်သည်။

ဒီလက်ဝတ်ရတနာသေတ္တာကို ရောင်းပြီးလို့ ဒီသခင်လေး ပြန်ထွက်သွားရင် ပြန်ခေါ်ထားနိုင်မှာ မဟုတ်တော့ဘူး။

ဆိုင်တာဝန်ခံကလည်း ဂရုမစိုက်သလို ဟန်မဆောင်နိုင်တော့ဘဲ စူးချင်ဘက်သို့ ရှေးရှုကာ လက်သီးအုပ်လိုက်ပြီး "သခင်လေး ဒီလည်ဆွဲကို ငါတို့ဆီမှာ ရောင်းဖို့ ဆန္ဒရှိနိုင်မလားလို့ မေးပါရစေ"

"ဘိုးဘွားအမွေကို ဘယ်လို ရောင်းရမှာလဲ?"

စူးချင်းက အရူးတစ်ယောက်ကို ကြည့်နေသလို ပုံစံဖြင့် ဆိုင်တာဝန်ခဲကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။

စူးချင်းက ပိုက်ဆံမလိုသောသူတစ်ယောက်ဖြစ်ကြောင်း ဆိုင်တာဝန်ခံက နားလည်နိုင်သည်။ လူငယ်လေး၏ဝတ်စားဆင်ယင်ပုံကို ကြည့်လျှင် သူက ချမ်းသာသော မိသားစုတစ်ခုခု သို့မဟုတ် အာဏာကြီးမားသော မိသားစုတစ်ခုခုမှ သခင်ငဘ်လေးတစ်ယောက် ဖြစ်နိုင်သည်။ အကယ်၍ ပိုက်ဆံမရှိလျှင်ပင် မည်သူကမျှ သူတို့၏ဘိုးဘွားအမွေကို အလွယ်တကူ ရောင်းချမည် မဟုတ်ပေ။

ထိုကြောင့် ဆိုင်တာဝန်ခံက အံကြိတ်လိုက်ပြီး “အဲဒါ့အတွက် ဘယ်စျေးမဆို အဆင်ပြေပါတယ်။ စျေးနှုန်းကိုပဲ ပြောပါ"

"လိုချင်သ​​လောက်​လား?"

စူးချင်က ခေါင်းငုံ့လိုက်ပြီး ချီတုံချတုံ ဖြစ်နေသည့် အမူအရာဖြင့် ဆိုင်တာဝန်ခံကို မော့ကြည့်လိုက်ပြန်သည်။ ဆိုင်တာဝန်ခံက လမ်းစပွင့်သွားသည်ကို ရိပ်မိလိုက်သောကြောင့် ဆိုင်ရှင်သူဌေးကို အမြန်ဖိတ်ခေါ်ရန် ဆိုင်အကူကို အမိန့်ပေးလိုက်သည်။

သူ ထိုကဲ့သို့ ပြောရဲရသည့်အကြောင်းအရင်းက တော်ဝင်ကြင်ယာတော်ဝမ်၏ မျက်စိကျနိုင်အောင် လင်းလက်သည့်ပုလဲရတနာများကို မည်သည့်အဖိုးအခနှင့်မဆို လက်ခံပေးမည်ဟု သူတို့၏သခင်ကြီးက ကတိပြုထားသောကြောင့် ဖြစ်သည်။

ဆိုင်တာဝန်ခံက သူတို့ဆိုင်ရှိ အကောင်းဆုံးလက်ဖက်ရွက်များကို ထုတ်ယူကာ စူးချင်းအတွက် လက်ဖက်ရည်တစ်ခွက် ပြင်ဆင်ပေးခဲ့ပြီး စူးချင်းက ထိုရတနဆိုင်တွင် အေးအေးလူလူ ထိုင်နေရင်း သူဌေးရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

စူးချင်းက လက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်ကို စောင့်ဆိုင်းနေစဉ်တွင် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကလည်း သက်တော်စောင့်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းငယ်လေးတစ်ခုကို ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်သည်။

All Chapters