← Chapters

ကျွန်မက မိခင်ဖြစ်ဖို့ မထိုက်တန်ဘူး

Vol. 12 Ch. 178

ကျွန်မက မိခင်ဖြစ်ဖို့ မထိုက်တန်ဘူး

Vol. 12 Ch. 178

"အဲ့ဒါ... အဲဒါက မကောင်းဘူး!"

ယန်ကျစ်က အလွန်အားတုံ့အားနာ ဖြစ်နေပုံရသည်။

စူးဟန်ရွှမ်က သူကို ညီလေးကျိနဲ့အတူ စားသောက်ဆိုင်ကို အရင်သွားစောင့်နေဖို့ မှာခဲ့ပေမယ့် သူက လမ်းတဝက်မှာ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့သမီးကို လိုက်ရှာပေးဖို့ ဧည့်သည်တွေကို လစ်လျူရှုလိုက်ရမှာလား?

“ဘာမှ မဖြစ်ပါဘူး။ အခုအခြေအနေက ရုတ်တရက် ဖြစ်လာတဲ့ကိစ္စပဲ။ လူကို ရှာတွေ့ဖို့က ပိုအရေးကြီးတယ်"

ကျိရွှေရှန့်က လက်သီးအုပ်ပြီး နှုတ်ဆက်လိုက်ကာ စူးချင်းထံမှ တွန်းလှည်းကို လက်လွှဲယူလိုက်ပြီး လမ်းကြားထဲမှ ထွက်လာခဲ့သည်။

သူတို့က သူတို့၏အထောက်အထားများကို အသေးစိတ်စုံစမ်းစစ်ဆေးခံနိုင်ခြင်း မရှိသောကြောင့် တတ်နိုင်သမျှ မြန်မြန်ထွက်သွားခြင်းက သူတို့အတွက် ပိုလုံခြုံပေလိမ့်မည်။

"ညီလေးကျိ၊ မင်း စာချုပ်မှာ လက်မှတ် မထိုးတော့ဘူးလား?"

ယန်ကျစ်က သူ့တို့နောက်သို့ လိုက်လာပြီး သေချာအောင် ပြန်မေးလိုက်သည်။

စာချုပ်မပါဘဲနဲ့ ကုန်ပစ္စည်းတွေ ပို့ခိုင်းတယ်ဆိုတော့ သူ့ကို အဲ့လောက်တောင် ယုံကြည်တယ်လား?

ကျိရွှေရှန့်က ပြုံးလိုက်ပြီး “အစ်ကိုယန်ရဲ့ပင်ကိုစရိုက်ကို ကျွန်တော် ယုံကြည်ပါတယ်။ ပြီးတော့ နောက်ဆိုရင် ကျွန်တော်မှာ အစ်ကိုယန်ကို ဒုက္ခပေးရမယ့်အရာတွေ အများကြီး ရှိလာဦးမှာ သေချာတယ်။ ပစ္စည်းတွေကို ပို့ဆောင်ဖို့က အလျင်စလို လုပ်ဖို့ မလိုပါဘူး။ မိန်းခလေးကို အရင်ရှာဖို့က ပိုအရေးကြီးတယ်။ ကျွန်တော်တို့ အတွက်က ရက်အနည်းငယ်ကြာမှ ပို့လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ အာမခံချက်တစ်ခုအနေနဲ့တော့ အစ်ကိုယန်ဆီကနေ တောင်းချင်တာ တစ်ခု ရှိတယ်”

"အဲဒါက ဘာလဲ?"

ယန်ကျစ်က အနည်းငယ် အံ့အားသင့်သွားပြီး ကမန်းကတန်း ပြန်မေးလိုက်သည်။

"ကျွန်တော် အစ်ကိုယန်တို့ရဲ့ ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းကို ငှားယမ်းခဲ့တဲ့ သက်သေအနေနဲ့ ကျန့်ယွင်သက်တော်စောင့်အဖွဲ့ရဲ့အလံတစ်ခုလောက် လိုချင်တယ်။ အဝတ်အစားတွေကို ကျင့်ရှီလျိုမြောင်ကို လာပို့ပေးတာနဲ့ အဲ့အလံကို တစ်ခါတည်း ပြန်ပေးပါ့မယ်"

ကျိရွှေရှန့်၏တောင်းဆိုမှုက လွန်ကျူးသောအရာတော့ မဟုတ်ခဲ့ပေ။ သူက ပစ္စည်းများကို အပ်နှံထားခဲ့ရမည့်အပြင် ပို့ဆောင်ခ၏တစ်ဝက်ကိုပါ ပေးချေထားခဲ့ရမည် ဖြစ်သည်။ ထို့ကြောင့် သူက အာမခံချက်အဖြစ် အလံတစ်ခုကိုသာ တောင်းဆိုခြင်း ဖြစ်သည်။

ချိုးယုံခန်းက ကျိရွှေရှန့်ကို သဘောကျစွာ စိုက်ကြည့်နေလေသည်။

သူတို့အတွက် အခက်ခဲဆုံးပြဿနာကို ရွှေရှန့်က လုံးဝ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့တယ်။

အခွန်ရှင်းလင်းကြောင်းစာရွက်စာတမ်းတွေက အတုလုပ်ဖို့ လွယ်ကူပေမယ့် အဖွဲ့အစည်းရဲ့အလံဆိုတာက ပြဿနာကြီးတစ်ခုပဲ။ အဖွဲ့တစ်ခုအနေနဲ့ အလံပြုလုပ်ချင်ရင် တရားဝင်စာရွက်စာတမ်းတွေ လိုအပ်တယ်။ ပြီးတော့ လောချန်က အလံပြုလုပ်ပေးတဲ့ ဆိုင်တွေကလည်း ယန်ကျစ်နဲ့ ရင်းနှီးနေမှာ သေချာတယ်။ တကယ်လို့ လူစိမ်းတစ်ယောက်က ကျန့်ယွမ်သက်တော်စောင့်အဖွဲ့ရဲ့အလံကို သွားလုပ်ခိုင်းပြီး ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းရဲ့စာရွက်စာတမ်းတွေ ပါသွားရင်တော့ ယန်ကျစ်ကို မေးမြန်းလိုက်တာနဲ့ အမှန်တရားကို ဖော်ထုတ်နိုင်မှာ သေချာတယ်။

နောက်ထပ် အရေးအကြီးဆုံးအချက်တစ်ချက်က အလံတစ်ခုလုပ်ဖို့အတွက် အနည်းဆုံး လေးရက်လောက် အချိန်ယူရတယ်။ သူတို့က လေးရက်စောင့်ဖို့ မဖြစ်နိုင်ဘူး။

အဲ့တာကြောင့် အဖွဲ့ရဲ့အလံက အကြီးမားဆုံးပြဿနာပဲ။ သက်တော်စောင့်တံဆိပ်နဲ့ အလံမပါတဲ့ အဖွဲ့ဆိုရင် တစ်ချက်ကြည့်လိုက်တာနဲ့ အတုဆိုတာ သိသွားလိမ့်မယ်။

"အဲ့တာက ပြဿနာ မရှိပါဘူး၊ ငါ ကျန့်ယွမ်ကို ပြန်ရောက်တာနဲ့ အထည်ဆိုင်ကို အလံပို့ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်”

ကျိရွှေရှန့်က သူတို့အဖွဲ့၏အလံကိုသာ လိုချင်ကြောင်းပြောလိုက်ချိန်တွင် ယန်ကျစ်က ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။

ဒါက အာမခံချက်ပေးနိုင်မယ့် သက်သေတစ်ခုပဲလေ။ သူက ညီလေးကျိရဲ့လက်ထဲကို အလံ မထည့်ပေးဝံ့ရင် ညီလေးကျိက ဘယ်လိုလုပ် သူ့ကို ပစ္စည်းတွေနဲ့ ငွေတွေ ပေးခဲ့နိုင်မှာလဲ?

သူတို့ သက်တော်စောင့်အဖွဲ့၏အလံကို အောင်မြင်စွာ ရယူနိုင်သွားသောကြောင့် ကျိရွှေရှန့်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ကောင်းပါပြီ၊ အစ်ကိုယန်... ဒါဆို ကျွန်တော်တို့ အထည်ဆိုင်မှာ စောင့်နေပါ့မယ်”

“ကောင်းပါပြီ”

ယန်ကျစ်က သူတို့ကို နှုတ်ဆက်ကာ နောက်ပြန်လှည့်သွားပြီး လွမ်သခင်မလေး ပျောက်သွားသည့် တည်နေရာအတိအကျကို မေးရန် ရှောင်ရန်ဆီသို့ ပြန်လာခဲ့သည်။

“မင်းရဲ့သခင်မလေး နောက်ကို လိုက်သွားတုန်းက တွန်းလှည်းတွန်းသွားတဲ့ လူတွေကို တွေ့မိသေးလား?"

ယန်ကျစ်က ကျင့်ဟူ(သိုင်းလောက)မှ လူဖြစ်ပြီး ကျင့်ဟူ၏ ညစ်ပတ်သော လှည့်ကွက်များစွာကို သိထားခဲ့သည်။ အစေခံမိန်းကလေးက လွမ်သခင်မလေး၏နောက်သို့ လိုက်သွားခဲ့သော်လည်း လွမ်သခင်မလေးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် တခြားသူများက လွမ်သခင်မလေးကို ဆေးဝါးများ အသုံးပြုပြီး လှည်းပေါ် တင်သွားခြင်း ဖြစ်နိုင်သည်။ ဤသည်မှာ လက်ရှိအခြေအနေအတွက် တစ်ခုတည်းသော ရှင်းလင်းချက်ဖြစ်သည်။

"တွန်းလှည်း?"

ယန်ကျစ်က ရှောင်ရန်ကို သတိပေးလိုက်သလို ဖြစ်သွားပြီး ရှောင်ရန်က သူမ အနောက်ဘက်ကြားသို့ ရောက်သွားချိန်တွင် မျက်နှာချင်းဆိုင်မှ လာနေသော တွန်းလှည်းကို ပြန်မှတ်မိသွားခဲ့သည်။

ထို့ကြောင့် သူမက ယန်ကျစ်ကို သေသေချာချာ ပြောပြလိုက်သည်။

“ဟုတ်တယ်၊ အဲ့တုန်းက အစိမ်းရောင် တွန်းလှည်းတစ်စီး ရှိတယ်။ ကျွန်မကိုတောင် ဝင်တိုက်လုနီးပါး ဖြစ်သွားသေးတယ်"

"ဟုတ်ပြီ"

"ခေါင်းဆောင်ချိုး၊ ရှောင်ရန် ပြောတဲ့ တွန်းလှည်းကို ရှာဖို့ လူတချို့ ခေါ်သွားလိုက်ပါ။ ငါ ချက်ချင်း ပြန်လာပြီး မင်းနဲ့အတူ လိုက်ရှာပေးဖို့ လူတွေ သွားထပ် ခေါ်လိုက်မယ်"

ယန်ကျစ်က ချက်ချင်း စီစဥ်လိုက်ပြီး ရဲမက်ခေါင်းဆောင်ကိုပါ တစ်ခါတည်း လှည့်ပြောလိုက်သည်။

ချိုးယုံခန်းနှင့် ကျိရွှေရှန့်ကယန်ကျစ်၏စကားကို ကြားလိုက်ရပြီး ချိုးယုံခန်းက ကျိရွှေရှန့်ကို တိုးတိုးလေး ပြောလိုက်သည်။

"ဒီယန်ကျစ်က ပါးနပ်လွန်းတယ်"

“ငတုံးတွေထက် ဉာဏ်ကောင်းတဲ့သူတွေနဲ့ ပေါင်းသင်းရတာက ပိုကောင်းတယ်”

ကျိရွှေရှန့်က ယန်ကျစ်ကိုလည်း အလွန်သဘောကျနေခဲ့သည်။ ထိုလူက ပင်ကိုအားဖြင့် ထက်မြက်လွန်းပြီး အရည်အချင်းရှိသူလည်း ဖြစ်သည်။ ထို့ကြောင့် သူက ယန်ကျစ်ကို ပို၍ပင် မိတ်ဆွေဖွဲ့ချင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကြီးကျယ်ခမ်းနားသော အရာများကို လုပ်ဆောင်နိုင်ရန် အရည်အချင်းရှိသော လက်အောက်ငယ်သားများ လိုအပ်သည်က အမှန်ပင် ဖြစ်သည်။

ချိုးယုံခန်းကလည်း ကျိရွှေရှန့်၏စကားကို သဘောတူခဲ့သည်။

ဉာဏ်ကောင်းတဲ့သူတွေက အရာရာကို အလျင်အမြန် မြင်နိုင်တယ်၊ ဒီလိုလူတွေနဲ့ ပေါင်းရသင်းရတာက မပင်ပန်းဘူး။

*

စူးအိမ်တော်တွင်.....

စူးဟန်ရွှမ်က မြောက်ဘက်လမ်းရှိ စူးအိမ်တော်သို့ အမြန်ပြန်လာခဲ့ပြီး အပြန်လမ်းတွင် အစေခံမိန်းကလေးက သခင်မ နေမကောင်း ဖြစ်ရသည့် အကြောင်းအရင်းကို ပြောပြခဲ့သည်။

“ဒီနေ့ လွမ်လူကြီးမင်းရဲ့ဇနီးက အိမ်တော်ကို လာပြီး ပုံတူပန်းချီတစ်ခု ယူလာခဲ့တယ်။ လူကြီးမင်းကတော်က သခင်မနဲ့ တံခါးပိတ်ပြီး စကားပြောခဲ့ကြတယ်။ ဘာပြောကြလဲ မသိပေမယ့် လူကြီးမင်းကတော် ထွက်သွားပြီးတာနဲ့ သခင်မက “သခင်မလေးရဲ့နာမည်” ကို အော်ခေါ်ပြီး စိတ်လွတ်သွားခဲ့တယ်”

"ပုံတူပန်းချီ?"

စူးဟန်ရွှမ်က တအံ့တသြ ရေရွတ်လိုက်သည်။

တကယ်တော့ အဲ့ပုံတူပန်းချီကို သူ မြင်ဖူးပြီးသားပါ။ အစိုးရက အလိုရှိနေတဲ့ မိန်းခလေးက သူ့မိန်းမ ငယ်ငယ်က ရုပ်ရည်နဲ့ဆင်တူနေတယ်။ ပြီးတော့ အသက်အရွယ်ကလည်း သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ သမီးလေးရှောင်ရှီရဲ့အသက်အရွယ်နဲ့ အတူတူပဲ။

အဲ့မိန်းခလေးက ရှောင်ရှီ ဖြစ်မယ်လို့ သူ သံသယရှိနေတာ ကြာခဲ့ပြီ၊ အဲ့တာကြောင့် သူတောင်မှ မြို့တံခါးမှာ စောင့်ကြည့်ဖို့ သူ့လူတွေကို စေလွှတ်ထားသေးတယ်။ ပုံတူပန်းချီထဲက မိန်းခလေးကို ရှာနိုင်သရွေ့ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ သူမကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်ဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပါ။

သူတို့သမီးလေး ပျောက်ဆုံးသွားကတည်းက သူ့ဇနီးက စိတ်ကယောက်ကယက် ဖြစ်နေခဲ့ပြီး သူမရဲ့စိတ်အခြေအနေ ပိုဆိုးလာတဲ့အချိန်တွေဆိုရင် သူတို့သမီးလေးရဲ့နာမည်ကို အော်ဟစ်ပြီး သူမကိုယ်သူမ နာကျင်အောင် အရူးအမူး ပြုမှုတက်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူ့ရဲ့ဇနီးကို ကုသနိုင်ဖို့ မရေမတွက်နိုင်တဲ့ နာမည်ကြီး သမားတော်တွေကို ရှာဖွေခဲ့တယ်။ ဒါပေမယ့် သူ့ဇနီးရဲ့အခြေအနေက ကောင်းတစ်လှည့် ဆိုးတစ်လှည့်ပဲ၊ သူတို့သမီးလေး ပျောက်သွားတဲ့ အချိန်ရောက်လာရင်တော့ သူ့ဇနီးက စိတ်လွတ်သွားတက်ပြီး သူမကိုယ့်သူမ နာကျင်အောင် လုပ်ပြန်တယ်။ သူမက သူမရဲ့လက်ကိုတောင် ဓားနဲ့ဖြတ်ခဲ့ဖူးပြီး သွေးထွက်လွန်လုနီးပါး ဖြစ်ခဲ့ဖူးတယ်။

သူမ အရင်နှစ်က အဲ့လို ဖြစ်ခဲ့ပေမယ့် အခု ထပ်ဖြစ်လာမယ်လို့တော့ သူလည်း မမျှော်လင့်ထားခဲ့မိဘူး။

“မလာနဲ့...နင်တို့အားလုံး မလာကြနဲ့"

စူးဟန်ရွှမ်က စိုးရိမ်တကြီးဖြင့် အိမ်နောက်ဖေးသို့ လျှောက်လာနေပြီး သူ အိမ်နောက်ဘက်သို့ ရောက်ရှိလာချိန်တွင် ဇနီးဖြစ်သူ၏ စူးစူးဝါးဝါးအော်ဟစ်သံကို ကြားလိုက်ရသောကြောင့် သူက ခြေလှမ်းများကို အရှိန်မြှင့်ကာ အနောက်ခန်း၏တံခါးကို တွန်းဖွင့်လိုက်သည်။

နေရောင်ခြည်က အမှောင်ခန်းထဲသို့ တိုးဝင်သွားပြီး ယန်ရုရွှယ်၏သွေးစွန်းနေသော လက်မောင်းက စူးဟန်ရွှမ်၏မြင်ကွင်းထဲသို့ တိုးဝင်လာသည်။ သူမ၏ဆံပင်များက ရှုပ်ပွနေပြီး သူမ၏ပါးလွှာသောမျက်နှာက စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူမ၏လက်ထဲတွင် ကတ်ကြေးတစ်ချောင်းကို ကိုင်ထားပြီး အနီးမှ အစေခံမိန်းကလေးများကို ချိန်ရွှယ်ထားသည်။ များပြားသော သွေးစက်များက တစ်ပေါက်ပေါက် ကျဆင်းနေပြီး ကြမ်းပြင်တွင် သွေးများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။

"ရှောင်ရှီ၊ ဒါက အမေ့အပြစ်ပါ။ အမေက သမီးကို ပျောက်ဆုံးစေခဲ့တယ်။ သမီး ဘယ်မှာလဲ? အမေ့ သမီးလေး ဘယ်ရောက်နေလဲ?"

ယန်ရုရွှယ်က သူမသမီး၏အမည်ကို အော်ခေါ်လိုက်ပြီး သမီးဖြစ်သူကို ကောင်းကောင်းမွန်မွန် မကာကွယ်နိုင်ခဲ့သော သူမကိုယ်သူမ ပိုမုန်းတီးလာသောကြောင့် သူမက ကတ်ကြေးကို သူမ၏လက်မောင်းထဲသို့ ထိုးစိုက်လိုက်ပြန်သည်။

သုံးနှစ်သားကလေးလေး ရှောင်ချန်က ကလေးထိန်း၏ရင်ခွင်ထဲမှ သူ့လက်လေးများကို ဆန့်ထုတ်ကာ မိခင်ဖြစ်သူကို သူ့ကို ပွေ့ချီရန် တောင်းဆိုနေပြီး သူ့မျက်နှာတစ်ခုလုံးတွင် မျက်ရည်များ ရွဲနေကာ သူ့အမေကို လှမ်းခေါ်နေလေသည်။

စူးဟန်ရွှမ်က အတွင်းသို့ ပြေးဝင်သွားပြီး ယန်ရုရွှယ်၏ လက်ထဲမှ ကတ်ကြေးကို ဆွဲလုလိုက်သည်။ ချွန်ထက်သောကတ်ကြေးက သူ့လက်ဖဝါးကို ထိုးဖောက်ဝင်ရောက်လာပြီး သွေးများက ကြမ်းပြင်ပေါ်သို့ ကျသွားကာ သွေးအိုင်များက ရောနှောသွားခဲ့သည်။

“ရုရွှယ်၊ အဲဒါက မင်းအပြစ် မဟုတ်ဘူး။ မင်းအပြစ် မဟုတ်ပါဘူး"

စူးဟန်ရွှမ်က နာကျင်မှုကို သည်းခံပြီး ကတ်ကြေးကို ထပ်လုယူလိုက်သည်။ ယန်ရုရွှယ်က သူမ၏ခင်ပွန်းကို မြင်သွားပြီး နှလုံးသား ကွဲလုမတက် အော်ဟစ်ကာ ခင်ပွန်းဖြစ်သူ၏ရင်ခွင်ထဲသို့ လဲကျသွားသည်။

"အစ်ကိုရွှမ်၊ ကျွန်မက ရှောင်ရှီကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး။ အားလုံးက ကျွန်မ အမှားတွေပဲ။ ကျွန်မက အမေဖြစ်ဖို့ မထိုက်တန်ဘူး"

"ကိုယ် မင်းကို အပြစ်မတင်ပါဘူး။ အရင်တုန်းက ကိစ္စတွေအတွက် ကိုယ် မင်းကို လုံးဝ အပြစ်မတင်ပါဘူး"

အဲ့တုန်းက စစ်သည်တွေက နေရာအနှံ့အပြားမှ ရှိနေခဲ့တယ်။ ဒီလူတွေက တာ့ရှားရဲ့ပြည်သူတွေ ဆီကနေ ငွေတွေ လုယက်ပြီး အကာအကွယ် ပေးခဆိုတဲ့ အကြောင်းပြချက်ကို သုံးခဲ့ကြတယ်။ အဲ့တုန်းက ယန်ရုရွှယ်က သမီးဖြစ်သူကို နံ့သာပေါင်း ပူဇော်ဖို့ ဘုန်းကြီးကျောင်းကို ခေါ်ဆောင်ရင်း အပြန်လမ်းမှာ အဲ့ဒီမကောင်းတဲ့ စစ်သည်တွေနဲ့ တွေ့ဆုံခဲ့ရာက ပရမ်းပတာတွေ ဖြစ်သွားပြီး သူတို့သမီးလေးက ပျောက်ဆုံးသွားခဲ့တယ်။

“အဲ့ဒါက ကျွန်မရဲ့အမှားပဲ။ ကျွန်မက ရှောင်ရှီကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး။ ရှောင်ရှီ... သမီးလေး ဘယ်မှာလဲ? အမေ့က သမီးကို အရမ်းလွမ်းနေပြီ"

ယန်ရုရွှယ်က သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားသည်အထိ ငိုနေခဲ့ပြီး သူမက ရုတ်တရက် စူးဟန်ရွှမ်၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မျက်ရည်များဖြင့် သူ့ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမ အဆုတ်ထိပ်မှအသံဖြင့် သူ့ကို အော်ပြောလိုက်သည်။

"အစ်ကိုရွှမ်၊ ရှောင်ရှီကို ကယ်ပေးပါ။ ကျွန်မတို့ရဲ့သမီးလေးကို ကယ်ပေးပါဦး။ နေရာတိုင်းမှာ သူ(မ)ကို ရှာနေကြတယ်။ ကယ်ပေးပါ၊ မြန်မြန် ကယ်ပေးပါ”

“ကိုယ် သမီးလေးကို ကယ်ပေးပါ့မယ်။ သမီးလေးကို ကယ်ပေးမှာပေါ့။ အခု ဆေးသွားသောက်ရအောင်နော်"

စူးဟန်ရွှမ်က ဇနီးဖြစ်သူ၏ သွေးထွက်နေသော လက်ကောက်ဝတ်ကို ကိုင်ကာ ဆေးသောက်ရန် ညင်ညင်သာသာ ချော့မော့လိုက်သည်။ သူက ယန်ရုရွှယ်၏အထိန်းတော်ကြီး ဘက်သို့ လှည့်ကာ ဆေးယူလာရန် လက်ဟန်ပြလိုက်သည်။

“ဆေးသောက်လိုက်နော်။ ဆေးသောက်ပြီးရင်နေကောင်းသွားမှာပါ”

“ကျွန်မ မသောက်ချင်ဘူး။ သမီးလေးကို ရှာချင်တယ်။ ကျွန်မ သူ(မ)ကို ကာကွယ်ပေး ချင်တယ်"

ယခုန တိတ်ဆိတ်နေသော ယန်ရုရွှယ်က စူးဟန်ရွှမ်၏လက်ထဲမှ ဆေးပန်းကန်လုံးကို ရုတ်တရက် ရိုက်ချလိုက်ပြီး တံခါးအပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။

All Chapters