← Chapters

မကောင်းတဲ့အချစ်ကံကို နှိုးဆော်ခဲ့မိတယ်

Vol. 12 Ch. 177

မကောင်းတဲ့အချစ်ကံကို နှိုးဆော်ခဲ့မိတယ်

Vol. 12 Ch. 177

အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသောကြောင့် စူးချင်းက ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

လက်ထဲတွင် တုတ်များကိုင်ဆောင်ထားသော ရဲမက်အဖွဲ့တစ်ဖွဲ့က လမ်းကြားထဲသို့ ပြေးဝင်လာကြပြီး ယခင်က သူမကို လက်ဖက်ရည်ဆိုင်သို့ ဖိတ်ခေါ်ဖူးသော စာအုပ်သယ်ကောင်လေးအဖြစ် ဟန်‌ဆောင်ထားသည့် အစေခံမလေးကို သူမကို လက်ညှိုးထိုးပြရင်း အော်ဟစ်နေလေသည်။

စူးချင်းက သူမ၏လှည်းကို လွှတ်လိုက်ပြီး ထိုယောက်ျားလေးကဲ့သို့ ဟန်ဆောင်ထားသော အစေခံမိန်းကလေးကို မည်းမှောင်သော မျက်နှာဖြင့် စိုက်ကြည့်နေလိုက်သည်။

ရှေးခေတ်က အမျိုးသမီးတွေက ဒီလောက်တောင် အတွေးအခေါ်ခတ်မီတယ်လား? လမ်းပေါ်မှာ တွေ့တဲ့လူငယ်လေးတစ်ယောက်ကို သဘောကျတာနဲ့ လူတွေခေါ်ပြီး လိုက်ဖမ်းတာလား?

ရှောင်ရန်က စူးချင်း၏ လှည်းပေါ်ရှိ အိတ်ကြီးကို ညွှန်ပြပြီး ရဲမက်များကို ထပ်လှမ်းအော်ပြောလိုက်သည်။

"သခင်မလေးက သူ့လှည်းပေါ်မှာ ရှိတယ်"

စူးချင်းက ခဏတာလောက် မှင်သက်နေပြီးမှ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ရန်လိုမှုများကို ဖြေလျော့ချလိုက်သည်။

ဒီစကားအရ မိန်းမပျိုလေး ပျောက်သွားပြီး ဒီအစေခံမိန်းကလေးက အဲ့သခင်မလေးကို သူမ ဖမ်းသွားတယ်လို့ သံသယရှိနေတာပေါ့။

“ဒီလှည်းပေါ်မှာ ဟင်းခတ်အမွှေးအကြိုင်တွေပဲ ရှိတယ်” စူးချင်းက အေးတိအေးစက် ဝင်ပြောလိုက်သည်။

“အဲဒါက မဖြစ်နိုင်ဘူး။ ဟင်းခတ်အမွှေးအကြိုင်တွေ ဆိုရင် ဘယ်သူက ဒီလို ဝေးလံတဲ့လမ်းကို လာမှာလဲ?”

ရှောင်ရန်က စူးချင်း၏စကားကို မယုံပေ။

သူမရဲ့သခင်မလေးက ဒီသခင်လေးနောက်ကို လိုက်သွားတာလေ။ သူမ သူမရဲ့သခင်မလေးကို လမ်းတွေပေါ်မှာ အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ အခု ဒီသခင်လေးက အိတ်ကြီးတစ်လုံးကို လူပြတ်တဲ့လမ်းကြားထဲကို တွန်းနေတာကို သူမ တွေ့လိုက်ရတယ်။

"ငါ အညစ်အ‌ကြေးစွန့်ချင်လို့"

စူးချင်းက တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သည်။ အမျိုးသားတွေက လမ်းကြားတွေထဲမှာ အပေါ့သွားကြတာ ပုံမှန် မဟုတ်ဘူးလား?

“သူ လိမ်နေတာ၊ လှည်းပေါ်က အိတ်ကို ရှာပေးကြပါ"

စူးချင်းက အညစ်အ‌ကြေးစွန့်ရန် လမ်းကြားထဲသို့ လာသည်ဟု ပြောလိုက်ချိန်တွင် ရှောင်ရန်က ရှက်သွားခဲ့သော်လည်း စူးချင်းကိုတော့ မယုံသေးပေ။ ထို့ကဲ့သို့ တိုက်ဆိုင်မှုမျိုးက မည်သို့မျှ မဖြစ်နိုင်သောကြောင့် သူမက အိတ်ကို ဖွင့်ပြီး စစ်ဆေးပေးရန် ရဲမက်များကို တောင်းဆိုလိုက်သည်။

ရဲမက်နှစ်ယောက်က သူတို့၏ တုတ်များကို ကိုင်ကာ စူးချင်းကို စိုက်ကြည့်နေကြပြီး အခြားရဲမက်များက အိတ်ကို ဖွင့်ရန် ရှေ့တိုးလာကြသည်။

အိတ်ကြီးကို ဖြည်လိုက်သည်နှင့် အိတ်ငယ်လေးများ ထွက်ကျလာသည်။

လူက ဘယ်မှာလဲ?

ရှောင်ရန်က ယုံကြည်ချက် ရှိရှိဖြင့် အိတ်ထဲတွင် သူမ၏သခင်မလေး ရှိနေမည်ဟု တွေးထားခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်နေမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်များကို တွေ့လိုက်ရသည်က သူမအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ မယုံကြည်နိုင်သည့်ပုံစံဖြင့် ရေရွတ်နေလေသည်။

“မဖြစ်နိုင်ဘူး။ သခင်မလေးက ရှင့်ကို လိုက်ရှာရင်း ပျောက်သွားခဲ့တာ။ ဒီမှာ မရှိရင် ဘယ်မှာလဲ?"

“ကောင်မလေး၊ ပေါက်ကရစကားကို မပြောနဲ့။ မင်း သခင်မလေးရဲ့နာမည်ကို ထိခိုက်စေလိမ့်မယ်”

စူးချင်း၏ မျက်နှာက တင်းမာသွားပြီး အစေခံမလေးကို ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

ရှောင်ရန်၏မျက်နှာကလည်း နီမြန်းလာပြီး သူမက ဘာမှ မတွေးနိုင်တော့လောက်အောင် စိတ်ပူနေပုံရသည်။

သူမက သူမရဲ့သခင်မလေး ပျောက်လို့ စိတ်ပူပြီး ပေါက်ကရတွေ ပြောနေတာလား?

"ဘာလို့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ဝယ်လာတာလဲ?"

ရဲမက်များ၏ခေါင်းဆောင် ဖြစ်ဟန်တူသူက စူးချင်းကို စစ်ဆေးမေးမြန်းရန် ရှေ့တိုးလာပြီး စူးချင်း၏နက်မှောင်သော မျက်လုံးများတွင် အေးစက်သောအလွှာတစ်ခု ဖုံးလွှမ်းလာခဲ့သည်။ သူမ ထိုလူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

"ရုံးတော်က ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်တာကို တားမြစ်ထားလို့လား?"

“မတားမြစ်ထားဘူး”

“ဒါဆို လိုချင်သလောက် ဝယ်လို့ ရတယ် မဟုတ်ဘူးလား?”

စူးချင်း၏စကားများက ရဲမက်ခေါင်းဆောင်ကို စိတ်ရှုပ်သွားစေခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ စူးချင်းကို စိုက်ကြည့်နေပြီး စူးချင်းက ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသည်ကို မတွေ့ခဲ့လျှင် သူက ဤမျှလောက် ယဉ်ကျေးနေမည် မဟုတ်ပေ။

ဤလူငယ်လေးက တန်ဖိုးကြီးသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော ဟန်ပန်ကို ဖော်ပြနေရုံသာမက အေးစက်ကာ မာနထောင်လွှားနေခဲ့သည်။ ထို့ကြောင့် သူ့ရှေ့ရှိ လူငယ်လေးက သာမန်မဟုတ်ကြောင်း ပြသနေသည်။

ထို့ကြောင့် ဤလူငယ်လေး၏အထောက်အထားကို မသိရသေးမီတွင် သူက ဤလူငယ်လေးကို ရိုင်းရိုင်းစိုင်းစိုင်း မပြောဝံ့ပေ။ သို့သော်လည်း အလွယ်တကူလည်း မလွှတ်ပေးနိုင်သောကြောင့် သူက လက်ခုပ်အုပ်ပြီး ယဉ်ယဥ်ကျေးကျေး ထပ်ပြောလိုက်သည်။

"သခင်လေးက ဒီဟင်းခတ်အမွှေးအကြိုင်တွေကို ဘယ်ကို ပို့ချင်လဲလို့ မေးလို့ရမလား?"

"ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်း"

စူးချင်းက သူမ အလွယ်တကူ မလွတ်မြောက်နိုင်တော့မှန်း နားလည်လိုက်သောကြောင့် ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းဟု ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။

"ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်း?"

ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းဟု ကြားလိုက်ချိန်တွင် ရဲမက်ခေါင်းဆောင်၏အမူအရာက တည်ငြိမ်သွားပြီး "အဲ့ဒါက လွယ်ပါတယ်။ အဲဒါကို စိစစ်ဖို့ ဒီက သခင်လေးနဲ့ လိုက်ခဲ့မယ်"

“ရတယ်”

စူးချင်းက တည်တည်ငြိမ်ငြိမ် သဘောတူလိုက်သည်။

ဘာပဲဖြစ်ဖြစ် အဝတ်အစားတွေကို သယ်ပို့ဖို့ ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းကို ငှားယမ်းပြီးပြီ။ အခုလို ဖြစ်သွားလို့ ဟင်းခတ်အမွှေးအကြိုင်တွေကို စနစ်ထဲ မထည့်နိုင်တော့ရင်လည်း ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းကို ထပ်အပ်ပြီး ပို့ခိုင်းလို့ရတယ်။

စူးချင်းက လုံးဝ ထိတ်လန့်နေခြင်း မရှိသောကြောင့် ရဲမက်ခေါင်းဆောင်က အခြား ရဲမက်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"မင်းတို့တွေက ရှောင်ရန်နဲ့အတူ သခင်မလေးကို လိုက်ရှာပြီး တစ်ယောက် ဒီကိစ္စကို လူကြီးမင်းကို သတင်းပို့ဖို့ ပြန်သွားလိုက်"

ရှောင်ရန်က သူမ၏သခင်မလေးကို ရှာရန် ဤလူများကို အကူအညီ တောင်းခဲ့ပြီး စီရင်စုအုပ်ချုပ်ရေးမှူးကို သတင်းပို့မည်ဟု ကြားလိုက်သောအခါတွင် ရှောင်ရန်၏မျက်နှာက ဖြူဖျော့သွားသည်။

သူမနဲ့ သူမရဲ့သခင်မလေးက ယောက်ျားလေးတွေလို ဝတ်ဆင်ပြီး အပြင်ကို ထွက်ခဲ့တဲ့အပြင် သခင်မလေးပါ ပျောက်သွားတာကို သခင်ကြီးသိရင် သူမကို အသက်ရှင်ခွင့်ပေးပါတော့မလား?

"သခင်လေး၊ ကျွန်မရဲ့သခင်မလေးကို တကယ် မတွေ့ဘူးလား?"

ရှောင်ရန်က ယခင်ကဲ့သို့ တင်းမာနေခြင်းမျိုး မရှိတော့ဘဲ ဝမ်းနည်းနေသောမျက်နှာဖြင့် စူးချင်းကို ထပ်မေးလိုက်သည်။ စူးချင်းက အေးစက်စွာ ခေါင်းခါလိုက်ပြီး "မတွေ့ဘူး"

စူးချင်းက ပြန်ဖြေနေရင်းဖြင့် ထိုအစေခံမလေးကိုလည်း အနည်းငယ် ဒေါသထွက်နေခဲ့သည်။

ဒီအစေခံမလေးက မလိုက်လာရင် မိန်းမပျိုလေးက ဘယ်လို လျောက်ပြေးရဲမှာလဲ? ဒါတင်မကသေးဘဲ ဒီကောင်မလေးက သူမရဲ့သခင်မကို အရမ်းအလိုလိုက်ပြီး လူငယ်လေးကိုတောင် သူမရဲ့သခင်မလေးနဲ့ သီးသန့်တွေ့ဆုံဖို့ ဖိတ်ခေါ်ပေးရဲသေးတယ်။ အဲဒီလို အစေခံမိန်းကလေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်။

‌ရှောင်ရန်က လက်မလျှော့သေးပဲ "အစ်ကိုချိုး၊ လူကြီးမင်းဆီကို သတင်းမပို့ပါနဲ့ဦး။ သူ လိမ်နေတာလည်း ဖြစ်နိုင်တယ်!”

သူမက သူတပါးကို စွပ်စွဲချင်နေသေးတာလား?

စူးချင်း၏အမူအရာက ပိုအေးစက်လာပြီး သူမ၏အနက်ရောင်မျက်လုံးများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ရှောင်ရန်က စူးချင်း၏ အကြည့်အောက်တွင် လည်ပင်းကို ကျုံ့ဝင်ထားပြီး အပြင်မထွက်ရဲတော့ဘဲ ရဲမက်ခေါင်းဆောင်၏နောက်တွင် ဝင်ပုန်းနေတော့သည်။

"သခင်လေး၊ ကျေးဇူးပြုပြီး ငါတို့နဲ့ ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းကို လိုက်ခဲ့ပေးပါ"

ရဲမက်ခေါင်းဆောင်က စူးချင်းကို ယဉ်ကျေးစွာ လက်ခုပ်အုပ်ပြီး ပြောလိုက်သော်လည်း စူးချင်းက သူ့ကို အေးစက်စွာ ပြန်စိုက်ကြည့်လိုက်သည်။

ဒီရဲမက်က ခန္ဓာကိုယ်တွေကို တွယ်ကပ်တက်တဲ့ ပက်ကျိကောင်နဲ့ အရမ်းတူတယ်။ ဘယ်လိုမှ ခွာချလို့ ရမှာ မဟုတ်တော့ဘူး။

သူမမှာ လူသတ်ဖို့ ရည်ရွယ်ချက် မရှိပေမယ့် မလိုလားအပ်တဲ့ ဒုက္ခတွေကို ရှောင်ဖို့ သူတို့ကို သတ်လိုက်ရမလားလို့တောင် တွေးနေမိပြီ။

စူးချင်းက ထိုလူများကို သတ်ရန် စတင်တွေးတော နေချိန်တွင် ယန်ကျစ်၏အသံကို ကြားလိုက်ရသည်။

"ညီလေးချိုး၊ သူက တကယ်ပဲ ငါ့အလုပ်ရှင်ပါ"

ယန်ကျစ်က ကျိရွှေရှန့်နှင့် ချိုးယုံခန်းကို ခေါ်ဆောင်ကာ စားသောက်ဆိုင်သို့ သွားနေချိန်တွင် ကျိရွှေရှန့်က စူးချင်းကို အဝေးမှ လှမ်းမြင်လိုက်ပြီး သူမ အထည်ဆိုင်သို့ ပြန်သွားလျှင် သူတို့နှင့်လွဲသွားမည်ကို စိုးရိမ်သောကြောင့် လှမ်းခေါ်ရန် နောက်မှ လိုက်သွားခဲ့သည်။

ယန်ကျစ်ကလည်း သူတို့ စားသောက်ဆိုင် ရှာမတွေ့မည်ကို စိုးရိမ်သောကြောင့် သူ့နောက်မှ လိုက်လာခဲ့သည်။ ထို့နောက် ရှောင်ရန်က လမ်းကြားထဲရှိ စူးချင်းကို ပိတ်ဆို့ရန် ရဲမက်များအား ဦးဆောင်သွားသည်ကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က ထိတ်လန့်သွားပြီး ချိုးယုံခန်းနှင့်အတူ အမြန်ပြေးလာခဲ့သည်။

ယန်ကျစ်ကလည်း သူတို့နှစ်ယောက်နှင့်အတူ လမ်းကြားထဲသို့ လိုက်လာခဲ့ပြီး စူးချင်းက ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းဟု ပြောနေသည်ကို ကြားလိုက်ရသည်။ ရဲမက်ခေါင်းဆောင်က စူးချင်းကို ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းသို့ ခေါ်လာပြီး အတည်ပြုပေးရန် သူကို အကူအညီတောင်းမည်ကိုလည်း သူ ကြိုသိလိုက်သည်။

"အစ်ကိုယန်"

ရဲမက်ခေါင်းဆောင်ချိုးက ယန်ကျစ်ကို အရိုအသေ ပေးလိုက်ပြီး "ဒီသခင်လေးက အစ်ကိုယန်နဲ့ တချိန်လုံး ရှိနေတာလား?"

“ဟုတ်တယ်၊ ငါတို့က လုပ်ငန်းကိစ္စတွေ ဆွေးနွေးဖို့ ချင်းကျိုးအထည်ဆိုင်ကို သွားခဲ့ကြတယ်။ နောက်တော့ ဒီညီငယ်လေးက ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ဖို့ ထွက်သွားတာကြောင့် ငါတို့က လမ်းခွဲလိုက်ကြတာ”

ယန်ကျစ်က အမှန်အတိုင်း ပြောပြလိုက်ပြီး လှည်းပေါ်သို့ လှမ်းကြည့်လိုက်ရာ ဟင်းခတ်အမွှေးအကြိုင်အိတ်ကြီးကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားရသည်။

ဒီညီလေးပြောတာ မှန်နေတာပဲ၊ သူ ဝယ်ချင်တာတွေက များလိုက်တာ!

ယန်ကျစ်၏သက်သေပြချက်က ရှောင်ရန်၏နောက်ဆုံးမျှော်လင့်ချက်ကို လွင့်စင်သွားစေခဲ့သည်။ သူမက တုန်တုန်ယင်ယင်နှင့် ပြာယာခတ်လာပြီး သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်တွေများ စီးကျလာကာ သူမဘာသာ ရေရွတ်နေပြန်သည်။

"သခင်မလေး၊ ဘယ်ကို ရောက်သွားတာလဲ?"

ရှောင်ရန်၏စကားကို ကြားလိုက်သောအခါ ယန်ကျစ်က အလောတကြီး ပြန်မေးလိုက်သည်။

"လွမ်သခင်မလေး ပျောက်နေတာလား?"

ရှောင်ရန်က ငိုနေရင်းမှ မျက်ရည်များကို သုတ်လိုက်ပြီး “ဟုတ်တယ်၊ သခင်မလေးက ဒီသခင်လေးနောက်ကို လိုက်သွားခဲ့တာ။ ကျွန်မ သခင်မလေးနောက်ကို အနီးကပ်လိုက်ခဲ့ပေမယ့် လိုက်လို့ မမီခဲ့ဘူး။ အနောက်ဘက်က လမ်းထောင့်ကို ကွေ့ပြီးတာနဲ့ သခင်မလေးက ပျောက်သွားတယ်”

စူးချင်း၏မျက်နှာက မည်းမှောင်သွားပြန်သည်။

သူမ မက်မွန်ပွင့်ပုပ်ကို နှိုးဆော်ခဲ့မိတာလား?

"လမ်းထောင့်ကို လှည့်လိုက်တာနဲ့ ပျောက်သွားတာလား? လမ်းပေါ်မှာ လူတွေ အများကြီးပဲလေ။ တစ်ယောက်ယောက်က သူ့ကို ခေါ်သွားတာ မဖြစ်နိုင်ဘူးလား?”

လွမ်လူကြီးမင်းနှင့် စူးဟန်ရွှမ်တို့က သမီးယောက်ဖများ ဖြစ်ကြပြီး ယန်ကျစ်က လွမ်လူကြီးမင်းကို စူးအိမ်တော်တွင် အကြိမ်အနည်းငယ် တွေ့ဖူးပြီး စကားလည်း ပြောခဲ့ဖူးသည်။ သူ သက်တော်စောင့်လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ထုံးလုပ်နည်းများကို ကိုင်တွယ်ရချိန်တွင်လည်း လွမ်လူကြီးမင်းက စူးဟန်ရွှမ်၏မျက်နှာကြောင့် သူ့ကို ကြည့်ရှုပေးခဲ့သည်။

သူက လွမ်လူကြီးမင်းအပေါ် ကျေးဇူးကြွေးတင်ခဲ့သောကြောင့် လွမ်လူကြီးမင်း၏သမီး ပျောက်ဆုံးသွားသည်ကို ကြားလိုက်ချိန်တွင် ယန်ကျစ်က အလွန်စိုးရိမ်သွားခဲ့သည်။

“မသိဘူး.... ဟီး ဟီး…သခင်မလေး မြန်မြန် ပြန်လာပါ”

ရှောင်ရန်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် ငိုနေပြန်သည်။

ယန်ကျစ်က ရှောင်ရန်ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ သက်တော်စောင့်လုပ်ငန်းကို ပြန်သွားပြီး မင်းတို့နဲ့အတူ လိုက်ရှာပေးဖို့ လူတွေ ခေါ်လိုက်မယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုယန်"

ရဲမက်ခေါင်းဆောင်ချိုးက သူ၏ကူညီလိုစိတ်ကြောင့် ဝမ်းသာအားရဖြင့် သူ့ကို ကျေးဇူးတင်ရန် လက်သီးအမြန်အုပ်လိုက်သည်။

“အစ်ကိုယန်မှာ လုပ်စရာရှိသေးရင် ကျုပ်တို့ အထည်ဆိုင်ကို အရင် ပြန်သွားလိုက်မယ်။ ပို့ပေးရမယ့် နေရာရဲ့ တည်နေရာကိုလည်း အထည်ဆိုင်မှာ ချန်ထားပေးခဲ့ပါ့မယ်။ သယ်ယူခရဲ့တစ်ဝက်ကို အရင် ချန်ထားပေးပြီး ကုန်ပစ္စည်းတွေ လာပို့မှ ကျန်တဲ့ တစ်ဝက်ကို ပေးပါ့မယ်"

အုပ်ချုပ်‌ရေးမှူး၏သမီးပျောက်ဆုံးသွားသည်ကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က မကြာမီ မြို့တံခါးကို ပိတ်ပစ်တော့မည်ဟု တွက်ဆလိုက်သောကြောင့် မြို့ကို မပိတ်မီ ထွက်ခွာရန် ကြံစည်လိုက်သည်။

All Chapters