အဲ့ဒါ သူပဲ
Vol. 12 Ch. 176
စူးချင်းက သူတို့ကို ကြည့်လိုက်သော်လည်း ဂရုမစိုက်ခဲ့ပေ။ ထိုအရာက ဒုတိယသခင်ကြီးစူး၏မိသားစုကိစ္စဟုသာ သူမ ယူဆလိုက်ပြီး အထည်ဆိုင်ထဲမှ ထွက်လာခဲ့သည်။
အထည်ဆိုင်မှ ထွက်လာပြီးနောက် စူးချင်းက စပါးနှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချသည့်ဆိုင်များကို လိုက်ရှာနေခဲ့သည်။ သူမထံတွင် ဝယ်စရာ အများကြီးရှိသောကြောင့် စူးချင်းက ခပ်မြန်မြန် လျှောက်လှမ်းနေခဲ့သည်။
ထိုအချိန်တွင် တစ်ဖက်ရှိ အထည်ဆိုင်မှ ကျိရွှေရှန့်နှင့် စူးဟန်ရွှမ်တို့၏ စကားဝိုင်းက အလွန်အဆင်ပြေနေခဲ့သည်။ သူတို့က နှစ်ယောက်သား စောစော မဆုံဖြစ်သည်ကို စိတ်မကောင်းဖြစ်နေကြသည်။ စူးဟန်ရွှမ်က စီးပွားရေးသမားတစ်ဦးဖြစ်သော်လည်း သူထံတွင် ပညာရှင်တစ်ဦး၏ ကျက်သရေနှင့် ထက်မြက်သော စီးပွားရေးသမားတစ်ဦး၏ ရဲရင့်မှု နှစ်ခုစလုံး ရှိနေသည်။ သူ့၏အပြောအဆိုနှင့် လုပ်ရပ်များက သူ့၏ပွင့်လင်းမှုနှင့် ဖြောင့်မတ်မှုကို ပေါ်လွင်စေသည်။ အကျဥ်းချုံးဖော်ပြရလျှင် သူက ထူးခွန်ထက်မြတ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး အလွန်တော်သော ပုဂ္ဂုလ်တစ်ဦးဖြစ်သည်။
သူတို့ ခဏတာမျှ စကားပြောပြီးချိန်တွင် ဆိုင်အကူတစ်ယောက်က အနောက်ဘက်အခန်းသို့ အလျင်စလို ဝင်လာပြီး စူးဟန်ရွှမ်၏နားနားသို့ ကပ်ကာ တစ်စုံတစ်ရာကို တီးတိုးပြောဆိုနေခဲ့သည်။ ဆိုင်အကူ၏ စကားကို ကြားလိုက်ချိန်တွင် စူးဟန်ရွှမ်၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး သူက စိုးရိမ်တကြီး ထရပ်ကာ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို လက်ခုပ်အုပ် နှုတ်ဆက်လိုက်ရင်း "တောင်းပန်ပါတယ်၊ ငါ့ရဲ့အိမ်မှာ တစ်ခုခုဖြစ်နေလို့ ငါ ချက်ချင်း ပြန်ရတော့မယ်။ အစ်ကိုယန်က ငါ့ကိုယ်စား မင်းတို့နှစ်ယောက်ကို ဧည့်ခံပေးပါလိမ့်မယ်"
“အစ်ကိုကြီးစူး... အစ်ကိုကြီးမှာ လုပ်စရာရှိရင် ကျွန်တော်တို့ အစ်ကို့ကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး။ အလုပ်ကိစ္စ ဆွေးနွေးဖို့ အစ်ကိုယန်နဲ့အတူ ကျန့်ယွင်သက်တော်စောင့် လုပ်ငန်းကို ပြန်သွားလိုက်မယ်”
ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့က ကမန်းကတန်း ထရပ်လိုက်ပြီး စူးဟန်ရွှမ်၏ နှုတ်ဆက်မှုကို တုံ့ပြန်လိုက်ကြသည်။ စူးဟန်ရွှမ်က တစ်ခုခုကို အလွန်စိုးရိမ်နေပုံရပြီး သူ့မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်ကို သူတို့ မြင်နေရသည်။
“ရွှယ်ရှန်းစားသောက်ဆိုင်မှာ သီးသန့်အခန်း ကြိုမှာထားဖို့ ငါ့လူတွေကို ငါ အမိန့်ပေးထားပြီးပြီ။ မင်းတို့နှစ်ယောက်က အစ်ကိုယန်နဲ့အတူ အရင်သွားနှင့်လိုက်ပါ။ အိမ်က ကိစ္စပြီးတာနဲ့ အားလုံးနဲ့ အတူတူ စားသောက်ဖို့ ငါ စားသောက်ဆိုင်ကို လာခဲ့မယ်"
စူးဟန်ရွှမ်က အလွန်စိုးရိမ်နေပုံရသော်လည်း ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားနေဆဲဖြစ်သည်။
"ဟန်ရွှမ်၊ စိတ်ချပြီး သွားပါ။ ဒီမှာ ငါ ရှိနေတာပဲ!"
ယန်ကျစ်က စူးဟန်ရွှမ်၏မိသားစုမှ အတွင်းရေးကိစ္စအချို့ကို သိနေသောကြောင့် သူကို မနေခိုင်းတော့ပေ။ သူက စူးဟန်ရွှမ်ကိုယ်စား ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို ဧည့်ခံပေးမည် ဖြစ်သည်။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်... အစ်ကိုယန်"
စူးဟန်ရွှမ်က ယန်ကျစ်ကို လက်ခုပ်အုပ်နှုတ်ဆက်ပြီး အမြန်ထွက်သွားခဲ့သည်။ သူ့၏ခြေလှမ်းများက အလျင်စလို ဖြစ်နေပုံရပြီး ယခင်ကကဲ့သို့ ငြိမ်သက်နေခြင်း မရှိတော့ပေ။
"ကျေးဇူးပြုပြီး.... သခင်လေးတို့နှစ်ယောက်လုံး...."
ယန်ကျစ်က ကျိရွှေရှန့်နှင့် ချိုးယုံခန်းကို စားသောက်ဆိုင်သို့ ခေါ်သွားရန် လက်ဟန်ဖြင့် လမ်းကို ညွှန်ပြကာ ဖိတ်ခေါ်လိုက်သည်။
ထိုအချိန်တွင် စူးချင်းက လမ်းနောက်ဘက်ရှိ အကြီးဆုံးဟင်းခတ်အမွှေးအကြိုင်ဆိုင်ဖြစ်သည့် ရှန်းမာန်အဆောက်အဦးသို့ ရောက်ရှိ နေခဲ့သည်။ ထိုဆိုင်၏အမည်က စားသောက်ဆိုင်တစ်ခု၏အမည်နှင့် တူနေပြီး ထိုဟင်းခတ်အမွှေးအကြိုင်ဆိုင်တွင် စူးချင်းလိုချင်သော ဟင်းခတ်အမွှေးအကြိုင်များအာလုံး ရှိနေပုံရသည်။
ခမ်းနားထည်ဝါစွာ ၀တ်စားထားသော ဧည့်သည်တစ်ဦးကို မြင်လိုက်ရသောကြောင့် ဆိုင်ဝန်ထမ်းက ထိုလူကို နွေးနွေးထွေးထွေး ကြိုဆိုရန် ချက်ချင်း ထွက်လာခဲ့သည်။
"သခင်လေး၊ ဘယ်လို ဟင်းခတ်အမွှေးအကြိုင်တွေ လိုချင်လို့လဲ?"
အများအားဖြင့် ချမ်းသာပြီး သြဇာအာဏာကြီးမားသော မိသားစုများတွင် ထိုကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ယူရန် တာဝန်ကို မီးဖိုချောင်မှ အစေခံများက တာဝန်ယူရလေ့ရှိသည်။ ထိုအစေခံများက သူတို့၏အိမ်တော်များအတွက် လိုအပ်သော ဟင်းခတ်အမွှေးအကြိုများ စာရင်းကို လာပို့ရုံသာ ပို့ပေးကြပြီး သူတို့ဆိုင်က ထုတ်ပိုးကာ တံခါးဝအရောက် ပို့ပေးရသည်။
ဂုဏ်သိက္ခာရှိသော မိသားစုများမှ သခင်လေးများက ဤနေရာ၏အနံ့ကို မကြိုက်သလို သူတို့၏ခန္ဓာကိုယ်တွင် အနံ့စွဲမည်ကို ကြောက်ကြသောကြောင့် သူတို့၏ ဟင်းခတ်အမွှေးအကြိုင်ဆိုင်သို့ ခြေချမည် မဟုတ်ပေ။
"ငါ လိုချင်တာတွေ အများကြီး ရှိတယ်"
စူးချင်းက ဆိုင်အကူ၏မေးခွန်းကို ပြန်ဖြေလိုက်ရင်း ဆိုင်ထဲသို့ ၀င်လာခဲ့သည်။ ဆိုင်အကူက သူမနောက်မှ လိုက်လာပြီး သူတို့၏ရောင်းကုန်များကို မိတ်ဆက်ပေးနေခဲ့သည်။ သူက သူတို့ထံတွင် ဟင်းခတ်အမွှေးအကြိုင်များ အစုံအလင် ရှိကြောင်း ကြွားလုံးထုတ်နေပြီး စူးချင်းက သူတို့ဆိုင် ရွေးချယ်သည့်အတွက်လည်း ချီးကျူးနေခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရှန်းမာန်မှာ ဟင်းခတ်အမွှေးအကြိုင် အစုံအလင်ရှိပြီး အကုန်လုံးက ပါဝင်ပစ္စည်းအစစ်တွေနဲ့ ရောစပ်ထားတာပါ။ ဒီက သခင်ငယ်လေးမှာ အမြင်ကောင်း ရှိတယ်”
စူးချင်းက သူ၏ မြှောက်ပင့်ပြောဆိုမှုကို ခံနိုင်ရည်ရှိပြီး အမူအရာမပြောင်းသလို ဘာမှလည်း ပြန်မပြောခဲ့ပေ။ သူမက ထိုဟင်းခတ်အမွှေးအကြိုင်ဆိုင်၏အတွင်း လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်များ အားလုံးကို အသစ် အဟောင်း ခွဲရန် အကဲခတ်နေခဲ့သည်။
စူးချင်းက ထိုသို့ လိုက်ကြည့်နေသောကြောင့် ဆိုင်အကူက မသေချာမရေရာသလို ခံစားနေရသည်။
ဒီသခင်ငယ်လေးက ဘာကြောင့် အရာအားလုံးကို သိနေပုံပေါ်နေရတာလဲ?
“စုတ်တံနဲ့ စက္ကူ ယူလာပေးပါလား? ငါ စာရင်းရေးပေးမယ်"
ဤဆိုင်ရှိ ဟင်းခတ်အမွှေးအကြိုင်များအားလုံးက ယခုနှစ်တွင် ပြုလုပ်ထားသော အသစ်များ ဖြစ်နေကြောင်း တွေ့လိုက်ရပြီး အရည်အသွေးကလည်း အမှန်တကယ် ကောင်းမွန်နေသောကြောင့် စူးချင်း ဆိုင်အကူထဲမှ စာရေးစုတ်တံနှင့် စက္ကူ လှမ်းတောင်းလိုက်သည်။
“ကောင်းပါပြီ၊ သခင်လေး ဒီမှာ ခဏလောက် ထိုင်ပါဦး၊ ကျွန်တော် အခုချက်ချင်း စုတ်တံနဲ့ စက္ကူ သွားယူပေးပါ့မယ်"
စူးချင်းက စာရင်းရေးပေးမည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသောကြောင့် ဆိုင်အကူလေးက အလွန်ပျော်သွားပြီး လက်ဖက်ရည်နှင့် အဆာပြေမုန့်များပါ ဧည့်ခံကျွေးမွေးခဲ့သည်။ ထိုအရာက သူတို့အတွက် တံခါးပေါက်သို့ ရောက်လာသော လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။
စူးချင်းက မုန့်ကို ကောက်ကိုင် ကြည့်လိုက်ပြီး ထိုမုန့်က စူးဟန်ရွှမ်၏ ရွှေပိုးမျှင်မုန့်နှင့် တော်တော် ကွားခြားနေသည်ကို တွေ့လိုက်ရသည်။ အထိအတွေ့က မာကျောနေပြီး ဂျုံ၏ထူးခြားသော မွှေးရနံ့လည်း မရှိပေ။
သူမက မုန့်ကို ပြန်ချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ကြည့်ပြီးနောက် ထိုလက်ဖက်ရည်ခွက်ကိုလည်း ပြန်ချထားလိုက်သည်။
ဒါက စူးဟန်ရွှမ်ရဲ့ အဆင့်မြင့်တောင်ပေါ်လက်ဖက်ရည်နဲ့ ယှဉ်လို့ မရဘူး။ တောင်မြင့်လက်ဖက်ရည်ကို သောက်ပြီးတဲ့နောက်မှာ ဒါက အရသာ မရှိတော့ဘူး။
စူးချင်းက အဆင်မြင့်တောင်ပေါ် လက်ဖက်ရည်ကို သောက်ပြီး ရွှေပိုးမျှင်မုန့်ကို စားပြီးနောက် သူမ ပို၍ ဇီဇာကြောင်လာသည်ကို သတိမထားမိလိုက်ပေ။
ဆိုင်အကူက စုတ်တံနှင့် စာရွက်များကို ယူလာပေးပြီးနောက် စူးချင်းက သူမလိုချင်သော ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ချရေးပေးလိုက်သည်။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်က စာမရေးတက်ပေ။ စက္ကူနှင့် မှင်များက အလွန်စျေးကြီးသောကြောင့် လျိုမိသားစုက သူမကို ထိုအရာများအား ထိခွင့်မပြုခဲ့ပေ။
သို့သော်လည်း စူးချင်း၏လက်ရေးများကတော့ စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့နေလေသည်။ သူမက သူမ စစ်နတ်ဘုရားဖြစ်ခဲ့စဉ်က သူမ၏ဒေါသများကို ဖြေဖျောက်ရန် လက်ရေးလှ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
သူ့ရှေ့မှ ပိန်ပိန်ပါးပါး သခင်ငယ်လေး၏ စကားလုံးများက ခံ့ညားပြီး သန်မာလှသည်ကို မြင်လိုက်သောကြောင့် ထိုသခင်လေး သာမန်လူမဟုတ်ကြောင်း ဆိုင်အကူက နားလည်သွားခဲ့သည်။
"ဒီစာရင်းထဲက အမျိုးအမည်နဲ့ အရေအတွက်အတိုင်း ပစ္စည်းတွေကို ပြင်ဆင်ပေးပါ"
စူးချင်းပေးလိုက်သော စာရွက်တစ်ရွက်လုံးတွင် စကားလုံးများ ပြည့်နေပြီး ဟင်းခတ်အမွှေးအကြိုင်တစ်ခုစီ၏ပမာဏကလည်း တော်တော်များသောကြောင့် ဆိုင်အကူက ဝမ်းသာလွန်းလို့ ပါးစပ်ပင် မပိတ်နိုင်တော့ပေ။
“သခင်လေး၊ ထိုင်ပါဦး။ ကျွန်တော် အခုသွားပြီး ထုတ်ပိုးပေးပါ့မယ်"
ဆိုင်အကူ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဆိုင်တာဝန်ခံက စူးချင်းကို ဧည့်ခံရန် ရောက်လာခဲ့သည်။ အစားအစာများကလည်း ဧည့်သည်တော်ကြီးများအတွက် ပြင်ဆင်ပေးသည့် ကောင်းမွန်သော အကျွေးအမွေးအဖြစ် ပြောင်းလဲသွာပြီး ဆိုင်တာဝန်ခံက စူးချင်းကို ပြုံးပြုံးရွှင်ရွှင် မေးမြန်းလိုက်သည်။
"သခင်လေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ?"
“စူး”
စူးချင်း၏ သဘောထားက အေးစက်နေပြီး လေကို ခြွေတာထားခဲ့သည်။ သူမက အရောင်းအဝယ် ပြေလည်ရန်သာ လိုလားပြီး အရှုပ်အထွေးကို မလိုချင်ပေ။
"ဒါဆို မြောက်ဘက်လမ်းက စူးအိမ်တော်ကလား?"
စူး ဟူသော စကားလုံးကို ကြားလိုက်ချိန်တွင် ဆိုင်တာဝန်ခံက လောချန်၏အချမ်းသာဆုံး မိသားစုဖြစ်သော စူးမိသားစုကို တွေးလိုက်မိသည်။ ဤသည်မှာ မဖြစ်မနေ ဆွဲဆောင်ထားရမည့် အကြီးစားဖောက်သည် ဖြစ်သည်။
“မဟုတ်ဘူး”
စူးချင်းက မြောက်လမ်းရှိ စူးအိမ်တောအကြောင်းပင် မသိသောကြောင့် သူမ ခေါင်းကို ခါလိုက်ပြီး အဖုံးပါသော လက်ဖက်ခွက်ကို ပြန်ပိတ်ရန် လက်ဖက်ရည်ခွက်၏အဖုံးကို ကောက်ယူလိုက်သောကြောင့် ‘ဂလောက်”ဟူသော အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
စူးချင်းက စကားထပ် မပြောချင်ဖြစ်နေသည်ကို မြင်နိုင်သော်လည်း ဆိုင်ရှင်က ထိုသခင်လေးနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ထားချင်သောကြောင့် စကားထပ် စလိုက်သည်။
“သခင်လေး လိုချင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အရေအတွက်က တော်တော်များတယ်။ ကျွန်တော်တို့ရဲ့ရှန့်မန်က အိမ်အရောက် ပို့ပေးပါတယ်။ သခင်လေးက နေရာပြောခဲ့ဖို့ပဲ လိုတာပါ”
"မလိုပါဘူး"
စူးချင်းက ချက်ချင်း ငြင်းဆန်လိုက်သည်။ သူမက ဤအရာအားလုံးကို စနစ်ထဲသို့ ထည့်ထားချင်သောကြောင့် သူတို့ လိုက်ပို့ပေးရန် လုံးဝ မလိုအပ်ပေ။
ဆိုင်ရှင်က အပြုံးမပျက်သော်လည်း သူ့စိတ်ထဲတွင် အတွေးများနေခဲ့သည်။
ဒီသခင်ငယ်လေးက မာနကြီးလိုက်တာ။ တစ်ဖက်လူကို လုံးဝ မျက်နှာသာ မပေးဘူး။
ဒါပေမယ့် ချမ်းသာတဲ့သူတွေ အားလုံးက ဒီလိုပဲ မဟုတ်ကြဘူးလား? တစ်ဖက်လူက သူတို့ကို လိုက်ပို့ခွင့်မပေးမှတော့ သူတို့အတွက် ဒုက္ခတွေ အများကြီး သက်သာတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်။
မကြာခင်မှာပင် ဆိုင်အကူက စူးချင်းလိုချင်သော ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ထုတ်ပိုးပြီးသွားခဲ့သည်။ ပစ္စည်းများက များနေသာကြောင့် စူးချင်းက ဆိုင်တာဝန်ခံထံမှ လက်တွန်းလှည်း ငှားယမ်းလိုက်သည်။
ဆိုင်ဝာာဝန်ခံက ကုန်ပစ္စည်းများ လိုက်ပို့ပေးရန် ထပ်မံကမ်းလှမ်းခဲ့သော်လည်း စူးချင်းက ထပ်ငြင်းလိုက်သည်။ ထို့ကြောင့် ဆိုင်ဝာာဝန်ခံက ရွေးချယ်စရာ မရှိတော့ဘဲ စူးချင်းအတွက် ကုန်ပစ္စည်းများ တင်သွားနိုင်မည့် လက်တွန်းလှည်း ယူလာပေးရန် ဆိုင်အကူကို အမိန့်ပေးလိုက်ရတော့သည်။
ဆိုင်အကူက စူးချင်းအတွက် အထုပ်များကို ကူညီထုတ်ပိုးပေးခဲ့ပြီး စူးချင်းက သူမအတွက် ပိုအဆင်ပြေစေရန် ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို အိတ်ကြီးတစ်ခုထဲသို့ စုထည့်ခိုင်းခဲ့သည်။ ထို့ကြောင့် ဆိုင်အကူက ထိုအိတ်ကြီးကို ကြိုးချည်ပြီးနောက် လှည်းပေါ်သို့ ကူတင်ပေးရန် စေသနာဖြင့် ကမ်းလှမ်းလိုက်သည်။
“သခင်လေး၊ ဒါက အရမ်းလေးတယ်။ ကျွန်တော် မင်းကို ကူညီပေးရမလား?"
"မလိုပါဘူး"
စူးချင်းက ထပ်ငြင်းလိုက်ပြီး သူမ၏ဝတ်ရုံရှည်စကို ခါးပတ်ကြိုးပြားထဲသို့ ထိုးထည့်ကာ လက်တွန်းလှည်းကို တွန်းပြီး ထွက်သွားခဲ့သည်။
အေးစက်ပြီး မာနကြီးပုံရသော သခင်လေးတစ်ယောက်က အိတ်ကြီးတစ်လုံး တင်လာသော လက်တွန်းလှည်းကို တွန်းနေပြီး ထိုမြင်ကွင်းက လမ်းပေါ်ရှိ လာသွားလမ်းလာများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
စူးချင်းကတော့ သူတို့ကို ကြည့်ပင်မကြည့်ဘဲ သူမ၏တွန်းလှည်းကိုသာ တွန်းနေပြီး ခပ်မှန်မှန် လျှောက်လှမ်းနေခဲ့သည်။ သူမက လူသွားလူလာ နည်းနိုင်မည့်နေရာတစ်ခုဆီသို့ ဦးတည်လိုက်သည်။
သူမ ဒီဟင်းခတ်အမွှေးအကြိုင်အိတ်ကြီးကို စနစ်ထဲ ထည့်ချင်ရင် ခပ်ဝေးဝေး အထိ သွားရလိမ်မ့ယ်။ ဒီလောချန်က အရမ်းစည်ကားလွန်းပြီး လမ်းဘေးမှာတောင် လူတွေ ပြည့်နေတယ်။ လူပြတ်တဲ့လမ်းကို ရှာဖို့က မလွယ်လှဘူး။
သို့သော် စူးချင်းက အလျင်လိုနေခြင်း မရှိပေ။ သူမ လူအများနှင့် ဝေးရာသို့ သွားနိုင်သရွေ့ လူပြတ်သောလမ်းကြားလေးများ ရှိလိမ့်မည်ဟု တွေးထားခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်ကလည်း သူမကဲ့သို့ အိတ်ကြီးတစ်လုံးတင်ထားသော တွန်းလှည်းတစ်စီးကို တွန်းနေပြီး ထိုအိတ်၏ပုံသဏ္ဍာန်က လူတစ်ယောက် ထည့်ထားသလို ဖြစ်နေသည်ကို သူမ တွေ့လိုက်ရသည်။
ထိုလူက လှည်းကို အလျင်အမြန် တွန်းသွားပြီး သူမကို ကျော်တက်သွားသောကြောင့် စူးချင်းကလည်း သူ့ကို ဂရုမစိုက်တော့ပေ။ နောက်ဆုံးတွင် စူးချင်းက လူသူကင်းမဲ့သော လမ်းကြားတစ်ခုကို ရှာတွေ့ခဲ့ပြီး သူမ၏လှည်းကို ထိုလမ်းကြားထဲသို့ တွန်းလာခဲ့သည်။
သူမ ထိုလမ်းကြားထဲသို့ ဝင်လိုက်ချိန်တွင် အပြင်မှာ အော်သံတစ်ခုကို ကြားလိုက်ရသည်။ “အဲ့ဒါ သူပဲ၊ သူ ဒီလမ်းကြားထဲမှာ ရှိတယ်.."