လျှို့ဝှက်ချက်
Vol. 13 Ch. 194
လှည်းပေါ်တွင် တင်ထားသော အဝတ်အိတ်များပေါ်၌ ရေးထိုးထားသည့် "ကပ်ဘေးကယ်ဆယ်ရေး" ဟူသော စကားလုံးကို မြင်လိုက်ရသောကြောင့် စူးချင်းက မျက်မှောင်ကြုတ်နေခဲ့သည်။
ဒီဆိုင်ရဲ့နောက်ကွယ်က သူဌေးက ဘယ်လိုလူလဲ? ကပ်ဘေးကယ်ဆယ်ရေးအတွက် စားနပ်ရိက္ခာကိုတောင် ခိုးပြီး ရောင်းစားနေတာလား?
အရှေ့ဘက်တွင်လည်း လူအများ၏ပြင်းထန်သော တုံ့ပြန်မှုကို မြင်လိုက်ရသည့်အတွက် ယုံဝမ်ကောက်နှံဆိုင်၏ပိုင်ရှင်က သူ့လက်အောက်ငယ်သားများကို ဆိုင်တံခါးပိတ်ခိုင်းလိုက်သည်။
ဒီနေ့ စပါးတွေ ရောင်းကုန်သွားပြီ... မနက်ဖြန်ဆိုရင်တော့ ဈေးတက်မယ်။
သာမန်ပြည်သူများက အလွန်ဒေါသထွက်ပြီးနေ စပါးဆိုင်ကို ဖြိုချပစ်ချင်နေကြသည်။ သို့သော်လည်း သန်မာထွားကြိုင်းသော လူတစ်ဒါဇင်ကျော်က စပါးဆိုင်ထဲမှ ပြေးထွက်လာပြီး သူတို့ကို စူးစူးစိုက်စိုက် စောင့်ကြည့်နေကြသောကြောင့် စပါးဆိုင်ကို တိုက်ခိုက်ရန် စိတ်အားထက်သန်သော သာမန်လူများက ထိုနေရာတွင်ပင် ရပ်တန့်လိုက်ကြသည်။
သူတို့ရဲ့ဘဝတွေက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတော့ တိတ်တဆိတ် ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။
စူးချင်းကတော့ ဆိုင်၏အရှေ့ဘက်မှ အခြေအနေများအားလုံးကို မသိဘဲ ကပ်ဘေးရိက္ခာများအား ခိုးယူသည့် သူခိုးကိုသာ သိချင်နေခဲ့သည်။
သို့သော် စပါးဆိုင်၏အနောက်ဘက်တွင် လူအင်အား များလွန်းနေပြီး စပါး သယ်ယူရေးတာဝန်ခံက သိုင်းပညာရှင်တစ်ဦးနှင့်တူနေသောကြောင့် စူးချင်းက အရမ်းနီးကပ်သည့်နေရာသို့ မသွားခဲ့ပေ။
စူးချင်းက မည်ကဲ့သို့ ခိုးဝင်ရမည်ကို စဉ်းစားနေချိန်တွင် စပါးဆိုင်၏အနောက်ဘက်တံခါးမှ လူနှစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က သူမ လွန်ခဲ့သောအခိုက်အတန့်က သူမ တွေ့ခဲ့သော ဆိုင်ရှင်ဖြစ်ပြီး သူက အနောက်ဘက်သို့ ကောက်နှံများ စစ်ဆေးရန် ရောက်လာပုံရသည်။
ထိုဆိုင်ရှင်က သူ့အနားမှလူကို ညွှန်ကြားလိုက်သည်။
“အဲဒီသခင်ငယ် ကောက်နှံတွေ သယ်ဖို့ ပြန်ရောက်လာရင် သူ့နောက်ကနေ လိုက်သွားလိုက်... သူ ဘယ်သူနဲ့ လက်တွဲလုပ်ကိုင်နေလဲဆိုတာကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက်”
“ကောင်းပါပြီ”
လက်ထောက်ဖြစ်ဟန်တူသည့်လူက ခေါင်းညိတ်ပြလိုက်ပြီး အမိန့်ကို လက်ခံလိုက်သည်။ သူ့၏မို့ဖောင်းနေသော နားထင်များနှင့် စူးရှတောက်ပနေသည့် မျက်လုံးများကို မြင်လိုက်ရရုံဖြင့် ထိုလူက အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်နေသည်။
ဒီစပါးဆိုင်မှာ ကိုယ်ခံပညာကျွမ်းကျင်သူတွေ အများကြီး ရှိတာလား? လုံးဝ မူမမှန်ဘူး။
ဘာပဲဖြစ်ဖြစ် နန်းတော်ကနေ ကပ်ဘေးအတွက် ခွဲဝေပေးတဲ့ စပါးတွေကို ခိုးထုတ်ပြီး ပြန်ရောင်းနေတာကို ကြည့်လိုက်ရင် ဒီလူတွေက တိရစ္ဆာန်ထက် ပိုဆိုးတဲ့လူတွေပဲ။
သူတို့က ကပ်ဘေးကနေတောင် အမြတ်ထုတ်နေခဲ့ကြတယ်။ သူတို့ ဒီလိုလုပ်နေရင် စားနပ်ရိက္ခာရဖို့ စောင့်ဆိုင်းနေတဲ့ ကပ်ဘေးဒုက္ခသည်တွေ သေကုန်ကြလိမ့်မယ်။
စူးချင်းက မည်သူက ဤမျှရဲရင့်နေသည်ကို သိချင်နေချိန်တွင် လူတစ်ယောက်က ဆိုင်ရှင်သူဌေးထံသို့ ပြေးလာပြီး အသံတိုးတိုးဖြင့် သတင်းပို့နေသည်ကို သူမ တွေ့လိုက်ရသည်။
"ဘာလဲ? တစ်ယောက်မှ မကျန်တော့ဘူးလို့ မင်း ပြောလိုက်တာလား?"
သူ့လက်အောက်ငယ်သားထံမှ သတင်းကို ကြားလိုက်ချိန်တွင် ဆိုင်ပိုင်ရှင်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး သူ့အသံက အနည်းငယ် ပိုကျယ်လာလေသည်။ သို့သော် သူက သူ့အသံကို ချက်ချင်းပြန်လျှော့ချလိုက်ပြီး “ဝမ်သခင်ကြီး ဘယ်မှာလဲ?"
"သူလည်း မရှိတော့ဘူး"
"စာရင်းစာအုပ်ကရော"
“အဲ့ဒါလည်း မရှိတော့ဘူး။ ရေတွင်းပျက်ထဲမှာ လက်နက်တချို့ ရှာတွေ့ခဲ့ပေမယ့် ကျန်တာ ဘာမှ မတွေ့ခဲ့ရဘူး”
စူးချင်းက သူတို့၏ပါးစပ်လှုပ်ပုံကို အကဲခတ်နေပြီး သူတို့၏စကားများကို ခန့်မှန်းနိုင်ခဲ့သည်။
ဒီလူတွေက ဟိုဝမ်မျိုးရိုးနဲ့ တစ်ဖွဲ့တည်းပဲ။ သူတို့ ပြောနေတဲ့ အကြောင်းအရာတွေ အရဆိုရင် သူတို့က အဲ့ခြံဝင်းလေးထဲက အရာတွေကို ရှာဖွေတွေ့ရှိသွားပုံရတယ်။
အဲ့တော့ ဒီကောက်နှံဆိုင်ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတာက ဝမ်မိသားစု ဖြစ်နေတာကြောင့် သူတို့က ဒီကယ်ဆယ်ရေး ကောက်နှံ့တွေကို ခိုးယူနိုင်ခဲ့တာ ဖြစ်မယ်။
ဒီဝမ်မိသားစုရဲ့ လောဘကြောင့် ကပ်ဘေးဒုက္ခသည်တွေ ဘယ်လောက်တောင် သေဆုံးခဲ့ရပြီလဲ? ရွှေရှန့် ဝမ်ယွိဖုန်းကို သတ်လိုက်တာ အရမ်းမှန်တယ်။ အဲ့လို လူမျိုးကို ဓားနဲ့ အချက်တစ်ထောင်လောက် မွှန်းပြီးမှ သေဒဏ်ပေးသင့်တယ်။
ဤသည်မှာ ဝမ်မိသားစု၏ နယ်မြေဖြစ်နေပြီး သူတို့၏သူဌေးကလည်း သူမအပေါ် သံသယရှိနေကြောင်း နားလည်လိုက်သောကြောင့် စူးချင်းက ဤအချိန်တွင် ကောက်နှံများကို ပြန်သွားမယူတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမက သူမ၏မိဘများ ဒုက္ခမဖြစ်စေရန်အတွက် ပြသနာများကို အတက်နိုင်ဆုံး ရှောင်ရှားရန် တွေးလိုက်ခြင်း ဖြစ်သည်။
စူးချင်းက ထောင်ဟွားဝူမှလူများ စခန်းချနေသည့်နေရာသို့ အမြန်ပြန်သွားခဲ့သည်။ စစ်သည်များက ဒုက္ခသည်များကို လိုက်ရှာနေသောကြောင့် သူတို့က မြို့တံခါးနှင့် လမ်းမကြီးများအနားသို့ မသွားရဲကြဘဲ တောထဲတွင် ပုန်းနေကြခြင်း ဖြစ်သည်။
စူးချင်း ပြန်ရောက်လာသည်အထိ သူတို့က ထိုနေရာတွင် ရှိနေသေးသည်။ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ နှစ်ယောက်စလုံးက ပြန်ရောက်နေပြီ ဖြစ်သော်လည်း သူတို့က လူတိုင်းနှင့်အတူ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေပြီး လှည်းများကိုလည်း ပြန်လည်တပ်ဆင်နေခဲ့ကြသည်။ ဝမ်ယွိရှန်းကတော့ ကျိရွှေရှန့်၏နောက်တွင် အရူးတစ်ယောက်လို ရပ်နေခဲ့သည်။
သူတို့ သူတို့ဝယ်လာခဲ့သော ဂွမ်းချည်သားအဝတ်အထည်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို မြေပြင်ပေါ်တွင် ချထားပြီး လှည်းများ ပြန်တပ်ဆင်ပြီးမှ လှည်းများပေါ်သို့ တင်ရန် စီစဥ်ထားပုံပေါ်သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကလည်း လူတိုင်း စားရန်နိုင် မြို့ထဲမှ မုန့်ပေါင်းများ ဝယ်လာခဲ့ကြပြီး လူတိုင်းကို ဝေမျှပေးခဲ့ကြသည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများကလည်း မုန့်ပေါင်းကိုပင် မစားရသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် ထိုမုန့်ပေါင်းများကို အလွန်တန်ဖိုးထားနေကြသည်။ သူတို့အားလုံးက သေးငယ်သော အကိုက်လေးများသာ ကိုက်နေကြပြီး မုန့်ပေါင်း၏မွှေးရနံ့ကို သူတို့၏ပါးစပ်ထဲ၌ ကြာရှည်စွာ ထိန်းထားနိုင်ရန် ကြိုးစားနေကြသည်။
"အစ်မ ပြန်လာပြီလား?"
ကျိရှောင်ယင်က စူးချင်းကို ပထမဆုံး သတိပြုမိသွားပြီး သူမကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
“အင်း ငါ ပြန်လာပြီ”
စူးချင်း ကျိရှောင်ယင်ကို မြင်လိုက်မှ သူမ၏ဖခင်ပြင်ဆင်ပေးသော ရွှေပိုင်မျှင်မုန့်နှစ်ဗူးကို ပြန်ယူရန် မေ့လာခဲ့ကြောင်း သတိပြန်ရသွားခဲ့သည်။
“အစ်မ၊ အစ်ကိုကြီးက အရသာရှိတဲ့ အစားအသောက်တွေ ပြန်သယ်လာပေးတယ်။ ကျွန်မ အစ်မအတွက် သိမ်းထားပေးတယ်"
ကျိရှောင်ယင်က စူးချင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ စူးချင်းက ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်ပြီး ကျိရွှေရှန့်ကလည်း သူမကို ပြန်ကြည့်နေသောကြောင့် သူတို့၏အကြည့်များက လေထဲတွင် တွေ့ဆုံသွားခဲ့သည်။
ကျိရွှေရှန့်က သူမကို ခေါင်းငြိမ့်ပြလိုက်ပြီး စိတ်မပူရန်နှင့် အရာအားလုံး အဆင်ပြေခဲ့ကြောင်း အချက်ပြလိုက်သည်။
စူးချင်းကလည်း ဘာမှ မေးမနေတော့ပေ။ ကျိရှောင်ယင်က စူးချင်း၏ တာ့ဟေးကို ပြန်ဆွဲခေါ်လာခဲ့သည်။ တာ့ဟေးက ရထားလုံးကို မဆွဲရတော့သော်လည်း ပစ္စည်းများ သယ်နေရတုန်း ဖြစ်သည်။ သူ့၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခြင်းကျားတောင်းကြီးတစ်လုံးစီ ရှိပြီး အလယ်တွင် ထိုခြင်းနှစ်လုံးကို ချိတ်ဆက်ထားသည့် သစ်သားချောင်းတစ်ခု ရှိနေလေသည်။
သူ၏သခင်မ ပြန်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် တာ့ဟေးက အလွန်စိတ်လှုပ်ရှားသွားပုံဖြင့် ၎င်း၏အနက်ရောင်မျက်လုံးကြီးများဖြင့် စူးချင်းကို ဝမ်းသာအားရ လှမ်းကြည့်နေသည်။ သူက သူ့၏သခင်ဆီမှ အကြည့်ကို မျှော်လင့်နေပုံရပြီး သူ့၏ရှေ့ခွာနှစ်ဘက်ဖြင့် မြေပြင်တွင် ရှပ်နေကာ ဆက်တိုက် ဟီနေခဲ့သည်။
စူးချင်းက ရှေ့သို့တိုးသွားလိုက်ပြီး တာ့ဟေး၏ ဦးခေါင်းကို လက်ဖြင့် ပုတ်ပေးလိုက်သည်။ တာ့ဟေးက ဝမ်းသာအားရ ထပ်ဟီလိုက်ပြီး သခင်ဖြစ်သူ၏ခန္ဓာကိုယ်ကို သူ့၏ဦးခေါင်းဖြင့် တိုးဝှေ့ပွတ်သတ်လိုက်သည်။
တိရစ္ဆာန်များ၏ခံစားချက်များက အသန့်ရှင်းဆုံး ဖြစ်သောကြောင့် စူးချင်းက တိရစ္ဆာန်များကို အလွန်သဘောကျတက်သည်။ သူတို့၏နှလုံးသားများက ရှုပ်ထွေးပွေလီသော လူတို့နှလုံးသားများနှင့် မတူဘဲ သူတို့၏သခင်များအပေါ် ခြွင်းချက်မရှိ သစ္စာရှိတက်ကြသည်။
ကျိရှောင်ယင်က ခြင်းကျားတောင်းထဲမှ စားစရာဘူးကို လှမ်းယူလိုက်ပြီး ထိုဘူးကို ဖွင့်လိုက်ပြီး ရတနာတစ်ခုကို ပြသလို ပြသနေသည်။
“အစ်မစူးချင်း၊ အစ်ကိုကြီး လောချန်ကနေ ပြန်ယူလာတဲ့ ဒီရွှေရောင်မုန့်လေးတွေက အရမ်းချိုတယ်။ ကျွန်မ ဒါတွေအားလုံးကို အစ်မအတွက် သိမ်းထားခဲ့တာ!"
စူးချင်းက သူမ၏အဖေ သူမအတွက် ပြင်ဆင်ပေးခဲ့သည့် ရွှေပိုးမျှင်မုန့်နှစ်ဗူးကို တစ်ချက်ကြည့်လိုက်ပြီး ကျိရွှေရှန့်က ထိုမုန့်များကို ပြန်ယူလာခဲ့ကြောင်း နားလည်လိုက်သည်။ သူမက ကျိရှောင်ယင်နှင့် ကလေးများကို ကျွေးရန် ပြန်မယူလာနိုင်သည့်အတွက် စိတ်မကောင်းဖြစ်နေခဲ့ခြင်း ဖြစ်သည်။
စူးချင်းက ကျိရှောင်ယင်၏လက်ကို ညင်ညင်သာသာ ပြန်တွန်းလိုက်ပြီး “အစ်မ မြို့ထဲမှာ စားခဲ့ပြီးပြီ။ ဒါတွေက မင်းနဲ့ ကလေးတွေ အတွက်... ငါ့အဖေ၊ မင်းရဲ့မွေးစားအမေကိုလည်း နည်းနည်းစီ ပေးလို့ရတယ်"
"ရှောင်ယင်၊ ဒီမုန့်တွေကို ဒုတိယသခင်ကြီးစူးက စူးချင်းအတွက် သီးသန့်ပေးခဲ့တာ"
ကျိရွှေရှန့်က သူ့ညီမလေး မုန့်ဗူး ထုတ်ယူလာသည်ကို တွေ့သွားခဲ့သည်။ သူတို့ ပြန်ရောက်လာချိန်တွင် လုပ်စရာအလုပ်များ များပြားနေသောကြောင့် သူက သူ့ညီမလေးကို သေသေချာချာ မပြောမိခဲ့ကြောင်း သတိရသွားပြီး ညီမဖြစ်သူကို လှမ်းဟန့်တားလိုက်သည်။
"အာ... ဒါဆို ဒါတွေက အစ်မစူးချင်းအတွက်လား? ကျွန်မ နှစ်ခုတောင် စားလိုက်ပြီးပြီ"
ကျိရှောင်ယင်၏မျက်နှာပေါ်တွင် သူမကိုယ့်သူမ အပြစ်တင်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူမက သူမရဲ့အစ်ကိုက သူမအတွက် ဝယ်လာပေးတယ်လို့ ထင်ခဲ့မိတာလေ။ သူမကိုယ်တိုင် နှစ်ခု စားလိုက်ရုံတင်မကဘဲ သူမရဲ့အမေနဲ့ ဦးလေးစူးကိုလည်း နှစ်ကျပ်စီ ပေးလိုက်သေးတယ်။
"ငါက မင်းတို့အတွက် ပြန်ယူလာခဲ့တာ"
စူးချင်းက ကျိရှောင်ရှင်၏ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် သူမက ကျိရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။
"ကျွန်မနဲ့ ခဏလောက် လိုက်ခဲ့ပေးဦး"
ကျိရွှေရှန့်က စူးချင်းထံတွင် ပြောစရာရှိနေကြောင်း နားလည်လိုက်ပြီး ဘာမှ မပြောဘဲ သူမနောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။
တောအုပ်က ငြိမ်သက်နေသော်လည်း စူးချင်းက အရာရာကို သတိထားတက်သူ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကို အရင် စစ်ဆေးလိုက်သည်။ ကျိရွှေရှန့်က သူမ အလွန်သတိထားနေသည်ကို မြင်လိုက်ရသောကြောင့် သူမနှင့်အတူ စစ်ဆေးပေးလိုက်သည်။ အနီးအနားတွင် မည်သူမျှ မရှိကြောင်း သေချာသွားပြီးနောက်တွင် နှစ်ယောက်သား အနီးနားရှိ အခြေအနေများကို မြင်နိုင်ပြီး စကားပြောဆိုရန် အဆင်ပြေသည့် နေရာလွတ်တစ်ခုတွင် ရပ်နေလိုက်ကြသည်။
“ကျွန်မ မြို့ထဲက ယုံဝမ်ကောက်နှံဆိုင်ကို ရောက်ခဲ့ပြီး လျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့တယ်။ အဲ့ဆိုင်ရဲ့နောက်ကွယ်မှာ ရှိနေတာက ဝမ်မိသားစုပဲ။ သူတို့က ကပ်ဘေး ကယ်ဆယ်ရေးအတွက် ရိက္ခာတွေကို ခိုးယူပြီး သာမန်ပြည်သူတွေဆီကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေကြတယ်”
စူးချင်းက သူမ မြင်ခဲ့သည်အရာများကို ကျိရွှေရှန့်အား အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။
“အဲ့ဒါ့အပြင် ဟိုခြံဝင်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကိုလည်း သူတို့ ရှာတွေ့သွားပြီ။ ဝမ်ယွိရှန်းနဲ့ စာရင်းစာအုပ် ပျောက်ဆုံးနေတာကိုလည်း သူတို့ သိသွားပြီ”
“ဝမ်မိသားစုက တကယ်ပဲ မကောင်းမှုတွေ အမျိုးစုံ လုပ်နေတယ်။ သူတို့အားလုံးကို အပိုင်းပိုင်း ဖြတ်ပြီး သတ်ပစ်သင့်တယ်”
ကျိရွှေရှန့်က သူ့ဘေးမှ သစ်ပင်၏ပင်စည်ကို လက်သီးဖြင့် ထိုးလိုက်ပြီး အံကြိတ်ထားခဲ့သည်။ စူးချင်းက သူ့ကို ကြည့်နေပြီး ဘာမှ မပြောခဲ့ပေ။ ကျိရွှေရှန့်က သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်သည်။
ထို့နောက် သူက စူးချင်းကို အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။ “အဲ့တာဆို ငါတို့ ဒီကိစ္စကို ပိုရှုပ်ထွေးအောင် လုပ်လို့ ရတယ်။ မင်းက ရွာသားတွေကို အရင် ခေါ်သွားလိုက်တော့။ ငါ ဝမ်ယွိရှန်းကို ခေါ်သွားပြီး ပြဇာတ်ကောင်းကောင်းတစ်ခု ဖန်တီးလိုက်မယ်"
“ကောင်းပြီလေ၊ သတိထားဦး”
စူးချင်းက ကျိရွှေရှန့် ဘာလုပ်ချင်သည်ကို လုံးဝ မမေးခဲ့ပေ။
သူမ အရမ်းဝင်မစွက်ဖက်ချင်ဘူး။ အမျိုးသားတွေမှာ သူတို့ရဲ့ကိုယ်ပိုင်အမြင်တွေ ရှိသင့်တယ်။
နှစ်ယောက်သား စခန်းချသည့်နေရာသို့ ပြန်ရောက်လာပြီးနောက်တွင် ကျိရွှေရှန့်က ဝမ်ယွိရှန်းကို ခေါ်ကာ ထွက်မသွားမီတွင် ချိုးယုံခန်းနှင့် ခဏလောက် စကားပြောနေခဲ့သည်။
ချိုးယုံခန်းက ကျိရွှေရှန့်တစ်ယောက်တည်း စွန့်စားတော့မည်ကို နားလည်လိုက်ပြီး သူ့အတွက် စိုးရိမ်သောကြောင့် သူ ထွက်သွားပြီးသည်နှင့် စူးချင်းကို သွားရှာလိုက်သည်။