အပြန်အလှန်လေးစားမှု
Vol. 12 Ch. 172
၎င်းက လမ်းနောက်ဘက်ရှိ ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းဟုခေါ်သည့် အစောင့်အရှောက်အတွက် ဝန်ဆောင်မှုပေးသော လုပ်ငန်းငယ်လေးတစ်ခု ဖြစ်သည်။ တံခါးနှစ်ဘက်စလုံးရှိ လက်ရေးလှစာတန်းများမှ ဆေးရောင်များက သစ်လွင်နေဆဲဖြစ်ပြီး ထိုနေရာကို မကြာသေးမီကမှ စတင်ဖွင့်ထားခဲ့ကြောင်း သိသာထင်ရှားနေသည်။
ခြံဝင်းထဲတွင် စင်နှစ်တန်းရှိပြီး ထိုစင်များပေါ်တွင် ဆယ့်ရှစ်မျိုးသော လက်နက်များထဲမှ လက်နက်များကို အစုံအလင် စီတန်းထားသည်။ ကိုယ်ခံပညာလေ့ကျင့်နိုင်သော လေ့ကျင့်ရေးကွင်းကျယ်ကြီးတစ်ခုလည်း ရှိနေပြီး သက်တော်စောင့်များက ကိုယ်ခံပညာ လေ့ကျင့်နေကြသည်။ သူတို့၏ဖွဲ့စည်းပုံနှင့် ပြင်ပအသွင်အပြင် အားလုံးက သက်တော်စောင့်လုပ်ငန်းတစ်ခု၏ အသွင်အပြင်နှင့် ကိုက်ညီနေပြီး လက်တွေ့ဆန်လှသည်။
ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့က ထိုနေရာသို့ ဝင်သွားခဲ့ပြီး အထဲမှ တစ်စုံတစ်ဦးက သူတို့ကို မြင်သွားသောကြောင့် သူတို့ကို ကြိုဆိုရန် အလျင်အမြန် ရောက်လာပြီး လက်သီးအုပ်ကာ အပြုံးဖြင့် မေးလိုက်သည်။
"ဒီက သခင်လေးနှစ်ယောက်က သက်တော်စောင့် ငှားဖို့ ရောက်လာတာလား?"
"အရင်ဆုံး လေ့လာကြည့်ချင်သေးတယ်"
ကျိရွှေရှန့်က ခပ်တည်တည် အမူအရာဖြင့် ဘာမှ မထူးခြားသလို ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ဝင်လာပါ”
ထိုလူက ကျိရွှေရှန့်၏မာနထောင်လွှားမှုကို မြင်နေရသော်လည်း ဒေါသထွက်ခြင်း မရှိပေ။ သူတို့က အသစ်ဖွင့်ထားသော သက်တော်စောင့်လုပ်ငန်းဖြစ်သောကြောင့် တခြားသူများက သူတို့ကို အလွယ်တကူ မယုံကြည်နိုင်ခြင်းအား သူတို့ နားလည်ပေးနိုင်သည်။ ထို့အပြင် သူတို့က သက်တော်စောင့်လုပ်ငန်းကြီးများထဲမှ တစ်ခုဖြစ်ခဲ့လျှင်ပင် မတူညီသောအဖွဲ့များနှင့် ပြိုင်ဆိုင်နေရသောကြောင့် အလုပ်အပ်မည့်သူများအား သည်းခံရမည် ဖြစ်သည်။
ကျိရွှေရှန့်က ထိုလူကို အကဲခတ်နေခဲ့ပြီး ထိုလူက အသက်လေးဆယ်ကျော်ရှိပုံရကာ အရပ်ရှည်ပြီး ကြံ့ခိုင်ပုံပေါ်သည်။ သူက လေ့ကျင့်နေသောကြောင့် အပေါ်ပိုင်းတွင် အဝတ်မဝတ်ထားဘဲ သူ့နောက်ကျောနှင့် လက်မောင်းပေါ်ရှိ ကြွက်သားများက ဖောင်းကားနေသည်ကို မြင်နေရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက ကိုယ်ခံပညာကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ပြောနိုင်သည်။
ထိုလူ့ထံတွင် ထူထဲသော မျက်ခုံးမွှေးနှင့် ကြည်လင်သောမျက်လုံးများ ရှိပြီး သူက ရိုးရှင်းသော အပြုံးကို ဖော်ပြထားသည်။ သူက ကျိရွှေရှန့်တို့အား ဖိတ်ခေါ်သော အမူအရာဖြင့် ပြုံးပြကာ ကြိုဆိုနေခဲ့သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က သူတို့၏ပင်မခန်းမထဲသို့ လိုက်သွားကြပြီး သူတို့ ဝင်လိုက်သည်နှင့် နဂါးနှင့် ဖီးနစ်များ ပျံသန်း ကခုန် နေသလို ရင်သပ်ရှုမောဖွယ် လက်ရေးလှဖြင့် ရေးထားသော "ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်း" ဟူသော အနက်ရောင်ကမ္ဗည်းပြားကြီးကို တွေ့လိုက်ရသည်။
ကမ္ပည်းပြား၏နှစ်ဖက်စလုံးတွင် လက်ရှေးလှဖြင့် ရေးထားသော နှစ်ကြောင်းကဗျာများကို ချိတ်ဆွဲထားပြီး ကဗျာ၏ပထမတစ်ကြောင်းတွင် “ကြီးမြတ်တဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိက အရပ်လေးမျက်နှာကို တုန်လှုပ်စေတယ်” ဟု ရေးသားထားပြီး နောက်တစ်ကြောင်းက “သမာဓိ၊ သစ္စာနဲ့ ကတိစကားက ရွှေတစ်ထောင်တန်တယ်” ဟု ရေးသားထားသည်။
ဤကဗျာတွဲများကို ရေးသားထားသည့် လက်ရေးက ကောင်းမွန်နေသည့်အပြင် ဖော်ပြချင်သော အဓိပ္ပါယ်ကလည်း ပေါ်လွင်နေသည်။ ထိုစကားလုံးများက ဤနေရာကို ပိုင်ဆိုင်သောသူ၏ စိတ်ထားကို ဖော်ပြနေပြီး ထိုလူက ယုံကြည်မှုကို တန်ဖိုးထားကာ ကတိစကားကို အလေးထားကြောင်း ဖော်ပြနေသည်။။
ထို့ကြောင့် ကျိရွှေရှန့်က ဤနေရာ၏တာဝန်ခံကို အလွန်သဘောကျနေပြီး ထိုလူက သူရဲကောင်းတစ်ဦးဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ"
သူတို့ကို ဦးဆောင် ခေါ်လာသူက ဖိတ်ခေါ်သည့် အမူအရာဖြင့် ကျိရွှေရှန့်နှင့် ချိုးယုံခန်းအား ထိုင်ရန် လက်ဟန်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ကျိရွှေရှန့်က လက်သီးအုပ်ကာ ကျေးဇူးတင်လိုက်ပြီး ချိုးယုံခန်းကလည်း နှစ်ကြောင်းကဗျာတွဲများကို သဘောကျနေပုံရပြီး ဤနေရာ၏ပိုင်ရှင်ကို အလွန်လေးစားမှုနေပုံရသည်။
နှစ်ယောက်သား ဝင်ထိုင်ပြီးနောက်တွင် သူတို့ကို ဦးဆောင်လာသူကလည်း ပင်မထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ လက်အောက်ငယ်သား ဖြစ်ပုံရသည့်လူတစ်ယောက်အား သူတို့အတွက် လက်ဖက်ရည် ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။ ထို့ကြောင့် ဤလူက သက်တော်စောင့်လုပ်ငန်း၏အကြီးအကဲ ဖြစ်မည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။
"သခင်လေးတို့နှစ်ယောက်က ဘယ်လို ကုန်ပစ္စည်းမျိုးကို သယ်ခိုင်းချင်တာလဲ?"
ယန်ကျစ်က သူ့လက်အောက်မှ သက်တော်စောင့်တစ်ယောက်အား လက်ဖက်ရည် ပြင်ဆင်ပေးရန် ညွှန်ကြားလိုက်ပြီး ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို အပြုံးဖြင့် မေးမြန်းလိုက်သည်။
“အရေးကြီးတဲ့ ကုန်ပစ္စည်းတစ်ချို့ပါ။ ခင်ဗျားတို့ လုပ်ငန်းရဲ့အရည်အချင်းနဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း အရင်ကြည့်ချင်သေးတယ်။ လုပ်ထုံးလုပ်နည်းတွေ မပြည့်စုံရင် အဆင်မပြေဘူးလေ။ အခုကာလကြီးမှာ လမ်းခရီးရဲ့အခြေအနေက အရမ်းရှုပ်ထွေးနေပြီ”
ချိုးယုံခန်း၏လေသံက ပြေပြစ်လှပြီး သူ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခုလည်း ရှိနေခဲ့သည်။ သူက တခြားတစ်ဖက်သား၏အရည်အချင်းကို သံသယဖြစ်နေသော်လည်း တဖက်သား စိတ်မသက်မသာ မဖြစ်စေရန် ထိန်းသိမ်းကာ စကားပြောနေသည့်ဟန်ပန်ကို အပြည့်အဝ ဖော်ပြနိုင်ခဲ့သည်။
တခြားတစ်ဖက်က သူတို့၏အရည်အချင်းကို သံသယဖြစ်နေကြောင်း နားလည်လိုက်သောကြောင့် ယန်ကျစ်က အမြန် ရှင်းပြလိုက်သည်။
“အဲ့အတွက်တော့ သခင်လေးတို့ စိတ်မပူပါနဲ့။ ငါတို့ရဲ့သက်တော်စောင့်လုပ်ငန်းက လူတွေရဲ့ အရည်အချင်းနဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးက အစိုးရက ထုတ်ပြန်ထားတဲ့အချက်တွေနဲ့ ကိုက်ညီပြီး အားလုံးက တရားဝင်ပါတယ်”
ချိုးယုံခန်းက ရယ်မောကာ ဆက်ပြောလိုက်သည်။
"တစ်ချက်လောက်တော့ ကြည့်ချင်သေးတယ်။ ကျုပ်တို့ နည်းနည်း စိုးရိမ်နေလို့ပါ”
ထိုအရာက လူတိုင်း နားလည်ပေးနိုင်သောအရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အလုပ်အပ်သူက သူတို့၏သယ်ဆောင်မည့် တန်ဖိုးကြီးပစ္စည်းများကို သက်တော်စောင့်လုပ်ငန်းထံ အပ်နှံလိုက်ရမည် ဖြစ်သောကြောင့် အရာရာကို စိုးရိမ်နေကြပြီး အရင်ဆုံးစစ်ဆေးရန် ဆန္ဒ ရှိတက်ကြသည်။
"ကိစ္စမရှိပါဘူး၊ ကျုပ် ချက်ချင်းယူလာပေးပါ့မယ်"
ချိုးယုံခန်းက အလုပ်အကြောင်း မဆွေးနွေးမီ လုပ်ထုံးလုပ်နည်းများကို ကြည့်ရှုရန် အခိုင်အမာပြောဆိုနေသောကြောင့် ယန်ကျစ်က တစ်စုံတစ်ဦးအား စာရွက်များ သွားယူရန် အမိန့်ပေးလိုက်သည်။
"ဒီက သခင်ကြီးရဲ့အမည်ကို သိခွင့်ရှိမလား?"
ယန်ကျစ်က တစ်စုံတစ်ဦးအား စာရွက်များ သွားယူရန် စေလွှတ်လိုက်သည်ကို မြင်သည်နှင့် ချိုးယုံခန်းက ယန်ကျစ်ဘက်သို့ လက်ခုပ်အုပ်ကာ အပြုံးဖြင့် မေးလိုက်သည်။
ယန်ကျစ်က "ကျုပ်နာမည်က ယန်ကျစ်ပါ၊ ကျန့်ယွမ် သက်တော်စောင့်လုပ်ငန်းရဲ့ ကြီးကြပ်ရေးမှူးပါ"
“အို၊ ခေါင်းဆောင်ယန်။ ကျုပ်တို့ မလေးမစား လုပ်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်"
ချိုးယုံခန်းက ပြုံးလိုက်ပြီး လက်ခုပ်အုပ်ကာ တောင်းပန်လိုက်သည်။ ကျိရွှေရှန့်က ယန်ကျစ်အပေါ် မူလကတည်းက အထင်ကြီးလေးစားနေပြီး သူက ဤသက်တော်စောင့် လုပ်ငန်း၏အကြီးအကဲဖြစ်ကြောင်း ကြားသိရလိုက်ရချိန်တွင် ပို၍ပင် သဘောကျသွားခဲ့သည်။
ထို့ကြောင့် သူတို့ ရောက်လာသော ရည်ရွယ်ချက်က အနည်းငယ် စက်ဆုပ်ဖွယ်ကောင်းသည်ဟု သူ ခံစားလိုက်ရသည်။
သက်တော်စောင့်တစ်ယောက်က အခွန်ကင်းရှင်းကြောင်း စာရွက်စာတမ်းများ အပါအဝင် လုပ်ငန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ထုတ်ယူလာခဲ့ပြီး ယန်ကျစ်က သူ့ကို ချိုးယုံခန်းဆီကို ပေးခိုင်းကာ အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"သခင်လေး၊ ဖြေးဖြေး ကြည့်ပါ"
“ကောင်းပါပြီ”
ချိုးယုံခန်းက အပြုံးဖြင့် သဘောတူလိုက်သည်။ သူက စာရွက်များကို တရွက်ချင်းဖတ်နေပြီး အထူးသဖြင့် အခွန်အခစာရွက်များကို သေသေချာချာ ဖတ်ရှုနေခဲ့သည်။
ယန်ကျစ်က ချိုးယုံခန်းကို အထူးအဆန်းသဖွယ် ကြည့်နေပြီး "သခင်လေး၊ မင်းတို့ အလိမ်ခံရဖူးလို့လား?"
"ဟုတ်တယ်၊ ကျုပ်တို့ အရင်က အလိမ်ခံခဲ့ရတယ်။ ဘာမှ မရှိတဲ့ သက်တော်စောင့်လုပ်ငန်းတစ်ခုက လုပ်ထုံးလုပ်နည်းအတုတွေ ပြသခဲ့ပြီး နောက်ဆုံးတော့ ကုန်ပစ္စည်းတွေ အားလုံး ဆုံးရှုံးခဲ့ရတယ်။ အဲ့တာကြောင့် ကျုပ်တို့ သေသေချာချာ ကြည့်ရမယ်၊ ခေါင်းဆောင်ယန် စိတ်အနှောက်အယှက် မဖြစ်ဖို့တော့ မျှော်လင့်မိတယ်"
ယန်ကျစ်၏သံသယမျက်နှာကို ရင်ဆိုင်နေရသော်လည်း ချိုးယုံခန်း၏အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ သူက ပြုံးပြုံးရွှင်ရွှင် ပြန်ရှင်းပြလိုက်ပြီး စာရွက်စာတမ်းများကို ဆက်ဖတ်နေခဲ့သည်။
သူ့၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ယန်ကျစ်က သူ့ကို အလျင်စလို မတိုက်တွန်းတော့ပေ။ သူတို့က လှည့်စားခံခဲ့ရသောကြောင့် သတိထားနေထားခြင်းဖြစ်ပြီး သူ၏လုပ်ငန်းက အတုအယောင်မဟုတ်သောကြောင့် လယ်လောက်ကြည့်ကြည့် သူ မကြောက်ဘူးဟုသာ တွေးလိုက်တော့သည်။
ချိုးယုံခန်းက သူ ဖတ်နေသည့်အပြင် ကျိရွှေ့ရှန့်ကိုလည်း ဆွဲခေါ်နေသေးသည်။ "အစ်ကိုကြီး၊ အစ်ကိုကြီးလည်း ကြည့်ပါဦး"
ကျိရွှေရှန့်က ထိုစာရွက်များကို ယူကာ ခပ်မြန်မြန် ဖတ်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ထိုစာရွက်များကို စာရွက်များ ယူလာပေးသော သက်တော်စောင့်ထံသို့ ပြန်ပေးလိုက်ပြီး "ဒါက မှန်ပါတယ်"
"သခင်လေးတို့ စစ်ဆေးပြီးပြီဆိုရင် ကျုပ်တို့ အလုပ်အကြောင်း ပြောလို့ ရပြီလား?"
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က အမှားမရှိကြောင်း အတည်ပြုပြီးချိန်တွင် ယန်ကျစ်က အလုပ်အကြောင်းပြောရန် ချက်ခြင်း လောဆော်လိုက်သည်။
"အင်း၊ ကျုပ်တို့က ကျင့်ရှီလျိုမြောင်မှာ နေတယ်။ ဒီတစ်ခေါက် ကောက်ပဲသီးနှံ အစုံအလင် ဝယ်ဖို့ ဒီကို ရောက်လာခဲ့တာပါ။ ခေါင်းဆောင်ယန်က ဒီအလုပ်ကို လက်ခံဖို့ ဆန္ဒရှိလားလို့ သိချင်မိတယ်”
ချိုးယုံခန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ကောက်ပဲသီးနှံတွေလား? ဒါဆို သခင်လေးတို့မှာ လိုအပ်တဲ့ အထောက်အထားတွေ ရှိလားလို့ မေးပါရစေ။ စပါးကုန်သည်မဟုတ်တဲ့သူတွေကို စပါးအမြောက်အမြား ဝယ်ယူခွင့် မပြုဘူးလို့ ရုံးတော်က အမိန့်ထုတ်ထားတယ်”
ကောက်ပဲသီးနှံဟု ကြားသွားချိန်တွင် ယန်ကျစ်က အလွန် သတိထားနေပုံဖြင့် ချိုးယုံခန်းကို အထောက်အထားပြရန် ပြန်တောင်းဆိုလိုက်သည်။
"သြော်...အဲ့လိုလား? ဒါဆိုရင်တော့ ကျုပ် ယူလာဖို့ မေ့လာပြီ"
ချိုးယုံခန်းက ခေါင်းတဆတ်ဆတ်ဖြင့် ပြန်ဖြေလိုက်ပြီး ယန်ကျစ်၏အမူအရာက လေးနက်သွားကာ “အဲလိုဆိုရင်တော့ အလုပ် မဖြစ်လောက်ဘူး။ စာရွက်စာတမ်းတွေ မပါရင် ငါတို့က ဒီအလုပ်ကို လက်မခံနိုင်ဘူး”
"ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ၊ ကျုပ်တို့ သက်သေအထောက်ပြန်ယူပြီးမှ ခေါင်းဆောင်ယန်နဲ့ ဆွေးနွေးဖို့ ပြန်လာခဲ့ပါ့မယ်"
ချိုးယုံခန်းက တောင်းပန်ရင်း မတ်တပ်ထရပ်လိုက်ကာ ယန်ကျစ်ကို လက်ခုပ်အုပ်နှုတ်ဆက်လိုက်ပြီး ပြန်ထွက်သွားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
“ကောင်းပါပြီ”
ယန်ကျစ်ကလည်း မတ်တပ်ထရပ်ပြီး ဧည့်သည်ကို လိုက်ပို့ရန် ပြင်ဆင်လိုက်သည်။
ကျိရွှေရှန့်ကတော့ မျက်မှောင်ကြုတ်နေပြီး တစ်ခုခု စဥ်းစားနေပုံရသည်။
ဒီယန်ကျစ်ဆိုတဲ့လူက ရိုးရှင်းတဲ့ပုံပဲ၊ သူနဲ့ချိုးယုံခန်းတို့က ရိုးသားတဲ့လူကို ဒီလိုလိမ်လည်နေတာက သိပ်တော့ မကောင်းဘူး။ အဲ့တော့ သူတို့ အလုပ် လုပ်နိုင်ဖို့ ကုန်ပစ္စည်းတစ်ခု အပ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်။ အဲ့လိုမှမဟုတ်ရင် သူ စိတ်ကောင်းမှာ မဟုတ်ဘူး။
"ခေါင်းဆောင်ယန်၊ ဂွမ်းသားဖြည့်ထားတဲ့ အနွေးထည်တွေအတွက်ရော စာရွက်စာတမ်းတွေ လိုသေးလား?"
ကျိရွှေရှန့်က ယန်ကျစ်ကို ရုတ်တရက် လှမ်းမေးလိုက်သည်။ လူတစ်ရာကျော်အတွက် လိုအပ်သော အနွေးအင်္ကျီများက သေးငယ်သောပမာဏ မဟုတ်ပေ။ သို့သော်လည်း ထိုအရာများက သူတို့ ကျင့်ရှီလျိုမြောင်တွင် နေထိုင်နိုင်ရန် အသက်ကယ်ပစ္စည်းများ ဖြစ်ပြီး သယ်ယူရန် နေရာအလွန်ယူသောကြောင့် သူတို့ ကိုယ်တိုင်သယ်ယူရန်လည်း သိပ်တော့ အဆင်မပြေကြောင်း သူ တွေးလိုက်မိသောကြောင့် ထိုအလုပ်ကို အပ်နှံရန် ဆုံးဖြတ်လိုက်သည်။
ဂွမ်းသားအနွေးအင်္ကျီများဟု ကြားရချိန်တွင် ယန်ကျစ်က ချက်ချင်း ပြန်ဖြေလိုက်သည်။ "အဲ့တာက အဆင်ပြေတယ်၊ စာရွက်စာတမ်းတွေ မလိုဘူး"
တကယ်တော့ ဝါဂွမ်းသီးသန့်ဆိုရင်တော့ အလုပ်မဖြစ်ပါဘူး။ တော်ဝင်နန်းတော်က ဝါဂွမ်းကို သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားပြီး အရမ်းတင်းကျပ်ထားတယ်။ ဒါပေမယ့် ဂွမ်းသားအဝတ်အထည်တွေကျတော့ အဆင်သင့်ရက်လုပ်ပြီးသား အဝတ်တွေ ဖြစ်နေတာကြောင့် နန်းတွင်းက ဂရုမစိုက်ဘူး။
တကယ်တော့ ဒါကလည်း ယိုပေါက်တစ်ခုပါပဲ။ ဝါဂွမ်းက အလုပ်မဖြစ်ရင်တောင် ဂွမ်းသားအထည်တွေ သယ်သွားပြီး ဝါဂွမ်းတွေကို ပြန်ထုတ်လို့ ရရှိနိုင်သေးတယ်။
“ကောင်းပြီလေ၊ အဲ့တာဆိုရင် ခေါင်းဆောင်ယန်မှာ အရမ်းစျေးမကြီးတဲ့ ဂွမ်းသားအနွေးအင်္ကျီတွေ ရနိုင်မယ့် နည်းလမ်းရှိလား? ကျုပ်တို့က အစုံတစ်ရာကျော်လောက် လိုချင်တာ"
ကျိရွှေရှန့်က စိတ်သက်သာရာရသွားပြီး ယန်ကျစ်ကို လက်သီးအုပ်ကာ ထပ်မေးလိုက်သည်။
သူ လိုအပ်တဲ့ ပမာဏက အရမ်းများနေတာကြောင့် သူ့မှာ ဝယ်ဖို့ နည်းလမ်းလည်း မရှိသေးဘူး။
“ကျုပ်မှာ နည်းလမ်းရှိတယ်။ ကျုပ်ရဲ့ငယ်သူငယ်ချင်းမိသားစုက ဒီလောချန်ရဲ့အကြီးဆုံးအထည်ဆိုင်ဖြစ်တဲ့ ချင်းကျိုးအထည်ဆိုင်ကို ဖွင့်လှစ်ထားတာလေ။ သူတို့ဆီမှာ အသင့်ချုပ်ပြီးသား အနွေးထည်တွေ အများကြီး ရှိတယ်။ အခုက ဆောင်းရာသီ ရောက်ခါနီးပြီဆိုတော့ အဲ့လိုအ၀တ်အထည်တွေ ရောင်းလို့ ကောင်းတဲ့ ရာသီပေါ့။ ကျုပ် စာတစ်စောင် ရေးပေးလိုက်ရင် သူတို့က သခင်လေးတို့ကို စျေးလျှော့ပေးလိမ့်မယ်"
ယန်ကျစ်က စိတ်ပါလက်ပါ ကူညီရန် ဆန္ဒရှိနေခဲ့သည်။ ထိုအရာက ကျိရွှေရှန့်ကို ကူညီပေးရုံသာမက သူ့သူငယ်ချင်းကောင်းအတွက် လုပ်ငန်းကြီးတစ်ခုရလာအောင်လည်း ကူညီပေးနိုင်မည် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ယန်"
ကျိရွှေရှန့်က ယန်ကျစ်ကို အမြန်ကျေးဇူးတင်လိုက်သည်။
"ထားလိုက်ပါတော့၊ ကျုပ် မင်းတို့နဲ့ တခါတည်း လိုက်ခဲ့ပေးမယ်၊ မင်းတို့အတွက် အနိမ့်ဆုံးဈေးရအောင် ကူညီပေးပါ့မယ်"
ကျိရွှေရှန့်က အလွန်ယဉ်ကျေးသည်ကို မြင်လိုက်ရသဖြင့် ယန်ကျစ်က သူတို့ကို ထိုနေရာသို့ ခေါ်သွားပေးပြီး အနိမ့်ဆုံးစျေးနှုန်းဖြင့် ရရှိနိုင်အောင် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
"အဲဒါအတွက် ကျေးဇူးထပ်တင်ရတော့မှာပါပဲ"
ကျိရွှေရှန့်က ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ သက်တော်စောင့်လုပ်ငန်းတွင် အဆင်ပြေသွားချိန်၌ စူးချင်းက လက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်နှင့် တွေ့ဆုံနေခဲ့သည်။