ပြန်လည်ဆုံစည်းခြင်း (၂)
Vol. 13 Ch. 189
"လူသတ်မှု"
စူးချင်းက စူးဟန်ရွှမ်ကို မော့ကြည့်ကာ ဂရုမစိုက်သလို ခပ်အေးအေး ပြန်ဖြေလိုက်သည်။
ဖမ်းဝရမ်းအကြောင်းကို သူ သိထားပြီးသားဖြစ်နေမှတော့ သူမအနေနဲ့ ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူး။ ဒီကိစ္စကို သူ ဘယ်လိုမြင်သလဲဆိုတဲ့အပေါ်မှာ မူတည်တော့တယ်။
အဲ့ကိစ္စကြောင့် သူက သူမတို့ရဲ့တော်စပ်မှုကို အသိအမှတ် မပြုဝံ့ဘဲ ဖုံးကွယ်ထားမှာလား? ဒါမှမဟုတ် သူက သူမကို ကာကွယ်ပေးမှာလား?
သူ ပထမတစ်ခုကို ရွေးခဲ့ရင် သူမက ယန်ရုရွှယ်ရဲ့ရောဂါကို ကုသပေးပြီး အဲ့တာက မွေးကျေးဇူးကို ပြန်ဆပ်တယ်လို့ ယူဆနိုင်တယ်။ ပြီးသွားရင် တစ်ယောက်နဲ့ တစ်ယောက် ဘာအကြွေးမှ မတင်တော့ဘူး။
အကယ်၍ သူက နောက်တစ်ခုကို ရွေးချယ်ခဲ့ရင် သူမက သူတို့ကို သူမရဲ့မိဘအရင်းတွေအဖြစ် သတ်မှတ်ပြီး သူတို့ အသက်ကြီးလာတဲ့အထိ တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးသွားမယ်။
"ရှီအာ စိတ်မပူပါနဲ့၊ အရာအားလုံး ဆုံးရှုံးရမယ်ဆိုရင်တောင် အဖေက မင်းကို ကာကွယ်ပေးမှာပါ"
စူးဟန်ရွှမ်က သူ့သမီးလေး မည်မျှသွေးအေးလာသည်ကို မြင်တွေ့နေရပြီး သူ့ကိုယ်သူ ပို၍ပင် အပြစ်တင်လာမိသည်။
သူတို့သာ ရှီအာ မပျောက်ဆုံးသွားအောင် ကာကွယ်ထားနိုင်ခဲ့ရင် သူမက နတ်ဆိုးလို ဆရာသခင်ရဲ့လက်အောက်မှာ ကြီးပြင်းလာရမှာ မဟုတ်ဘူး။ ပြီးတော့ ဒီလို ကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး။
ဒါကြောင့် သူက သူ့သမီးလေးကို ကာကွယ်ပေးရမယ်။ သူတို့မိသားစုရဲ့ ကံကြမ္မာကောင်းတွေ ပျောက်ဆုံးပြီး သူတို့ရဲ့ စည်းစိမ်ချမ်းသာတွေ ကုန်ဆုံးသွားမယ်ဆိုရင်တောင် သူက သူ့သမီးလေးကို တစ်သက်လုံး ကာကွယ်ပေးမှာပါပဲ။
"ကျွန်မ ဘယ်သူ့ကို သတ်ခဲ့တာလဲလို့ အဖေ မေးရမှာ မဟုတ်ဘူးလား?"
စူးချင်းက မျက်ခုံးပင့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူမရဲ့နှလုံးသားကို အရမ်း ထိမိသွားစေခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စရဲ့လေးနက်မှုကို သိပြီးရင်ရော သူ ဒီလို ပြောနိုင်အုံးမှာလား?
သူ့သမီးလေး၏ အေးစက်သော မျက်လုံးများကို ကြည့်နေရခြင်းက စူးဟန်ရွှမ်အတွက် နှလုံးသွေးများ ယိုစီးလာသလို ခံစားရစေသည်။
သမီးလေးက သူ့ကို မယုံဘူးလား?
သူမက အရင်က ဘယ်လောက် ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း နေထိုင်ခဲ့ရလို့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့တာလဲ?
သူ့၏သမီးက တစ်ယောက်ယောက်ကို သတ်ခဲ့လျှင်ပင် ထိုလူက အရေးကြီးပုဂ္ဂိုလ် မဟုတ်လောက်ဘူးဟုသာ စူးဟန်ရွှမ်က တွေးထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် အာဏာရှိတဲ့လူတစ်ယောက်ကို သတ်ခဲ့မိရင်တောင် ဒါက ကြီးကြီးမားမား မဟုတ်ဘူး။ ပိုက်ဆံနည်းနည်း ပိုသုံးရလိမ့်ရင် အဆင်ပြေသွားလိမ့်မယ်။
ထိုအတွေးကြောင့် စူးဟန်ရွှမ်က စူးချင်းကို ထပ်နှစ်သိမ့်ပေးလိုက်သည်။ "သမီး ဘယ်သူကို သတ်ခဲ့လို့လဲ? သမီးရဲ့ဦးလေးက လောချန်ရဲ့ အုပ်ချုပ်ရေးအမတ်လေ။ အဖေ သူ့ကို ကိုင်တွယ်ဖြေရှင်းခိုင်းပေးမယ်။ ပိုက်ဆံ နည်းနည်း ပိုသုံးလိုက်ရင် ကြီးတဲ့အရာတွေက အသေးအမွှားတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
စူးချင်းက သူ့ကို စကားပြန်ပြောခါနီးတွင် အစေခံတစ်ယောက်က လင်ဇီးနှင့်အတူ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်က သူမကို ဆက်မပြောရန် လက်ဟန်ဖြင့် တားဆီးလိုက်သည်။
"ကျွန်မ ဆေးသွား ဖော်လိုက်မယ်။ အဖေက အမေ့ကို ခဏလောက် ကြည့်ထားပေးပါ!"
စူးချင်းက လင်ဇီးကို လှမ်းယူလိုက်ပြီး သူမ၏အဖေကို လှမ်းပြောလိုက်သည်။ စူးဟန်ရွှမ်က သူမကို ခေါင်းပြန်ညိတ်ပြလိုက်သည်။
သူ့သမီးက သူမရဲ့နှလုံးသားကို ဖွင့်မပြချင်သေးဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး၊ အနာဂတ်မှာ သူက သူ့သမီးလေးကို ဖြည်းဖြည်းချင်း အလင်းပြပေးပြီး မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် ကူညီပေးမယ်။
စူးချင်းက လင်ဇီးကို ယူသွားပြီး စူးအိမ်တော်၏အခန်းတစ်ခုဆီသို့ သွားကာ လူအားလုံးကို ပြန်မောင်းထုတ်လိုက်ပြီး တံခါးပိတ်လိုက်သည်။
“ရှောင်ချီ၊ ဆေးပြင်ပေးပါဦး”
စူးချင်းက လင်ဇီးကို စနစ်ထဲသို့ ထည့်ပေးလိုက်ပြီး ရှောင်ချီက ဆေးကို အလျင်အမြန် ပြင်ဆင်ပေးနေချိန်တွင် စူးချင်းက ပြတင်းပေါက်၏အပြင်ဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။
လောလောဆယ်မှာ သူမက ဘယ်သူ့ကိုမှ မယုံနိုင်သေးဘူး။ စူးဟန်ရွှမ်ကတော့ မူလပိုင်ရှင်ရဲ့အဖေ ဖြစ်ပေမယ့် သူမမှာ အပြစ်ရှိနေတာကို လက်ခံပေးပြီး အဲ့တာကို ဖြေရှင်းဖို့ သူ့ရဲ့ပိုက်ဆံတွေကို သုံးမယ်လို့ ပြောခဲ့တယ်။
ဒါပေမယ့် သူမက သြဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဝမ်ကို စော်ကားခဲ့တယ်ဆိုတာကို သူ သိသွားရင် သူ ဒီလို တွေးနိုင်ဦးမှာလား?
ဒါမှမဟုတ် သူ့ကိုယ်သူ ကာကွယ်ဖို့ သူမကို အစိုးရဆီကို လွှဲပေးလိုက်မှာလား?
သူမအနေနဲ့က အလောင်းအစား မလုပ်ရဲဘူး။ တခြားလူက ဘာတွေ တွေးနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ တကယ်လို့ ဒီအလောင်းအစားမှာ သူမ ရှုံးခဲ့ရင် သူမ အခြားသူတွေအပေါ်ထားတဲ့ ယုံကြည်မှုတွေပါ ဆုံးရှုံးသွားပြီး သူမက အရင်လို အေးစက်ပြီး နှလုံးသားမဲ့တဲ့သူ ပြန်ဖြစ်သွားလိမ့်မယ်။
လင်ဇီးကို ရသွားသော ရှောင်ချီက ဆေးကို အမြန်လုပ်ပေးခဲ့သည်။ သူမက သခင်ဖြစ်သူ၏ သံသယများကို ခံစားနိုင်သောကြောင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
သူမက သူမသခင်အတွက် ချစ်ရမယ်သူတွေ ပိုရှိစေချင်မိတယ်။
"သခင်၊ သခင်ရဲ့အဖေက သခင့်ကို အရမ်းချစ်ပုံရတယ်"
ရှောင်ချီက ဆေးလုံးကို ပြန်ပေးလိုက်ရင်း သူမ၏အတွေးကို သူမသခင်အား ဂရုတစိုက် ပြောပြလိုက်သည်။
“အင်း”
စူးချင်းက အလွယ်တကူ သဘောတူလိုက်ပြီး ဘာမှ ပြန်မပြောတော့ဘဲ ဆေးကို ယူကာ ဘေးခန်းမှ ထွက်လာပြီး အတွင်းခန်းဆီသို့ အမြန်ပြန်လာခဲ့သည်။
"ပြီးပြီလား?"
စူးဟန်ရွှမ်က ခဏတာအတွင်း စူးချင်း ပြန်ရောက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် သူမကို အံ့သြစွာ လှမ်းမေးလိုက်သည်။
“အင်း”
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ယန်ရုရွှယ်ကို ကူညီပေးရန် ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ သူမက ယန်ရုရွှယ်ကို သူမ၏လက်နှစ်ဖက်အတွင်း မှီထားစေပြီး ယန်ရုရွှယ်၏ပါးစပ်ကို ဖွင့်ကာ ဆေးတိုက်လိုက်သည်။
ထိုပိန်ပိန်ပါးပါး အမျိုးသမီးကို ပွေ့ဖက်ထားရချိန်တွင် စူးချင်း၏နှလုံးသားကို နာကျင်လာပြန်သည်။ သူမက ယန်ရုရွှယ်ကို ချက်ချင်း ပြန်မလွှတ်ပေးချင်သောကြောင့် ယန်ရုရွှယ်ကို ပွေ့ဖက်ထားပြီး သူမ၏ရင်ခွင်ထဲတွင် ခဏလောက် မှီထားစေလိုက်သည်။
စူးဟန်ရွှမ်နှင့် ရှောင်ချန်တို့က ယန်ရုရွှယ်ကို ထိတ်လန့်တကြား စောင့်ကြည့်နေပြီး အံ့ဖွယ်ဆေးစွမ်းကြောင့် သူမ ချက်ချင်းနိုးထလာရန် မျှော်လင့်နေမိကြသည်။
ဆေးတိုက်ပြီး သိပ်မကြာခင်မှာပင် ယန်ရုရွှယ်ထံတွင် အပြောင်းအလဲတချို့ ရှိလာခဲ့ပြီး သူမ၏ဖြူဖပ်ဖြူရော်မျက်နှာက အနီရောင်သန်းလာကာ သူမ၏အသက်ရှုသံကလည်း ပုံမှန် ဖြစ်လာခဲ့သည်။ စူးဟန်ရွှမ်နှင့် ရှောင်ချန်တို့၏ မျှော်လင့်ချက်များ ပြည့်နေသည့်အကြည့်များအောက်တွင် ယန်ရုရွှယ်က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး မျက်လုံး ဖွင့်လာခဲ့သည်။
"ရုရွှယ်"
စူးဟန်ရွှမ်က သူ့မိန်းမ၏အမည်ကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်မိသည်။
"အစ်ကိုဟန်ရွှမ်"
ယန်ရုရွှယ်က သူမ၏ရှင်းလင်းသောစိတ်အခြေအနေကို ပြန်လည်ရရှိသွားပြီး တိုးညှင်းသောအသံဖြင့် တုံ့ပြန်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက မှိုင်းမှုန်နေသေးသော်လည်း အသက်ကင်းမဲ့နေသော အမူအရာ မရှိတော့ဘဲ စိတ်ဝိညာဉ်ပြည့်ဝနေသော အရိပ်အမြွက်များ ရှိနေပြီ ဖြစ်သည်။
"ရှီအာ... ရှီအာ ဘယ်မှာလဲ? ရှီအာ ဘယ်မှာလဲ?"
ယန်ရုရွှယ်က သူမ၏လက်ကို ဆန့်တန်းပြီး စိတ်လှုပ်ရှားနေပုံဖြင့် စူးဟန်ရွှမ်ကို မေးမြန်း နေခဲ့သည်။ စူးဟန်ရွှမ်က သူမ၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြန်ဖြေကာ သူမနောက်သို့ ညွှန်ပြလိုက်သည်။
"ကိုယ်တို့ရဲ့သမီးက မင်းနောက်မှာ ရှိပါတယ်"
"အမေ၊ ကျွန်မ ဒီမှာ ရှိပါတယ်!"
စူးချင်းက “အမေ”ဟု ခပ်တောင့်တောင့် ခေါ်လိုက်ပြီး သူမ၏အသံက သဘာဝမကျသေးပေ။
"ရှီအာ?"
ယန်ရုရွှယ်က သူမ၏ခေါင်းကို နောက်သို့ လှည့်လိုက်ပြီး သူမ၏မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာသည်။ သူမ၏ပိန်ပါးသောလက်က စူးချင်း၏မျက်နှာကို ထိကြည့်နေပြီး "မင်းက အမေရဲ့ရှီအာလား? အမေ အိပ်မက်မက်နေတာလား?"
စူးချင်းက ယန်ရုရွှယ်၏လက်ကို ပြန်ကိုင်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ကျွန်မက ရှီအာပါ။ အမေ အိပ်မက်မက်နေတာ မဟုတ်ဘူး"
"ရှီအာ သမီးလေး ဘယ်ကို ရောက်နေခဲ့တာလဲ?"
စူးချင်းက သူမ၏သမီးဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် ယန်ရုရွှယ်က စူးချင်းကို ပွေ့ဖက်ကာ မျက်ရည်များ ကျလာပြန်သောကြောင့် စူးချင်း၏ လက်ခုံပေါ်သို့ မျက်ရည်ပူများ စီးကျလာသည်။ သူမက စူးချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူမ လက်လွှတ်လိုက်လျှင် သူမ၏သမီးလေးကို ထပ်ဆုံးရှုံးသွားမည်ကို ကြောက်နေပုံရသည်။
စူးချင်းက စကားတစ်ခွန်းမှ မပြောဘဲ ယန်ရုရွှယ်ကို တိတ်တဆိတ် ပွေ့ဖက်ပေးထားပြီး သူမ၏နှလုံးသားထဲမှ ကျေနပ်သည်အထိ ငိုခွင့်ပေးထားလိုက်သည်။
သမီးဖြစ်သူကို ဆယ်နှစ်ကျော်ကြာ တောင့်တခဲ့ရတဲ့ သနားဖို့ကောင်းတဲ့ ဒီအမျိုးသမီးက နာကျင်ညှဉ်းပန်းမှုတွေ အများကြီး ခံစားခဲ့ရရှာတယ်။ သူမ အားရအောင် ငိုပြီးရင် သူမရဲ့ရူးသွပ်မှုတွေ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
စူးဟန်ရွှမ်ကလည်း သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မျက်ရည်များ ကျလာပြီး ရှေ့သို့ တိုးလာကာ သူ့ဇနီးနှင့်သမီးကို ပွေ့ဖက်လိုက်သည်။
“ငါတို့ မိသားစု ပြန်ဆုံကြပြီ။ ငါတို့ ဘယ်တော့မှ ခွဲခွာရတော့မှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဘယ်တော့မှ နောက်တစ်ခါ မဖြစ်စေရတော့ဘူး”
ယန်ရုရွှယ်က ငိုနေရင်း ထောက်ခံလိုက်သည်။ အလုံအလောက် ငိုပြီးနောက်တွင် ယန်ရုရွှယ်က စူးချင်းကို မျက်ရည်များပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်နေပြန်သည်။ ယန်ရုရွှယ်က ယောက်ျားများဝတ်လေ့ရှိသည့် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည့် သူမ၏သမီးကို မြင်နေရပြီး သမီးဖြစ်သူ၏မျက်လုံးထောင်များမှ အေးစက်သော အရိပ်အယောင်များကိုလည်း ခံစားနိုင်ခဲ့သည်။ ထိုအေးစက်နေသော မျက်လုံးများကြောင့် သူမ၏သမီးလေး သူမတို့၏အဝေးသို့ ရောက်နေချိန်တွင် မည်မျှခံစားခဲ့ရသည်ကို ယန်ရုရွှယ်က သိချင်လာမိသည်။
ယန်ရုရွှယ်က သူမသမီး၏လက်ကို ဆုပ်ကိုင်ထားပြီး ညင်ညင်သာသာ မေးမြန်းလိုက်သည်။
"ရှီအာ၊ သမီး ဒီနှစ်တွေ အတွင်းမှာ ဘယ်လိုတွေနေထိုင်ခဲ့ရလဲ? အမေ့ကို ပြောပြပါဦး"
စူးဟန်ရွှမ်က စူးချင်းကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်ပြီး သူ့သမီးက သူ့ကို ပြောပြခဲ့သည့် ထိတ်လန့်ဖွယ်စကားများကို သူ့ဇနီးအား ပြောပြမည်ကို ကြောက်နေမိသည်။
"အဆင်ပြေပါတယ်။ ကျွန်မကို ခေါ်သွားတဲ့သူက ကျွန်မကို ပညာတွေ အများကြီး သင်ပေးခဲ့တယ်”
စူးချင်းက စူးဟန်ရွှမ်၏ အကြည့်ကို နားလည်နိုင်ပြီး သူက သူမအမေ၏ကျန်းမာရေးအတွက် စိတ်ပူနေမှန်းသိသောကြောင့် စူးဟန်ရွှမ်အား သူမ ပြောပြခဲ့သည့်စကားများကို ယန်ရုရွှယ်အား မပြောတော့ပေ။
"အဲဒါဆို အလိုရှိနေတဲ့ ပုံတူက သမီးလား?"
ယန်ရုရွှယ်က သူမ၏သမီးကို သေသေချာချာ ထပ်မေးလိုက်သည်။ စူးချင်းက ယန်ရုရွှယ်၏ စိုးရိမ်သောကရောက်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး”
စူးဟန်ရွှမ်တစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယန်ရုရွှယ်က ဆက်ပြီး မေးမြန်းနေမည်ကို စိုးရိမ်သောကြောင့် သူက သူမကို ကူတွဲပေးရန် အမြန် ရှေ့တိုးသွားလိုက်ပြီး အကြံပေးလိုက်သည်။
“ရှင်မ၊ ရှင်မက အခုမှ နေပြန်ကောင်းလာတာဆိုတော့ ကောင်းကောင်းအနားယူသင့်တယ်!"
"ကျွန်မ နေကောင်းနေပါပြီ။ သမီးလေးနဲ့ အတူနေချင်သေးတယ်။ ရှင် အမြန်သွားပြီး ရှီအာ အကြိုက်ဆုံးရွှေပိုးမျှင်မုန့်ကို ယူလာပေးဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်။ ပြီးရင် ရှီအာ အကြိုက်ဆုံးဟင်းလျာတွေ ချက်ဖို့ မီးဖိုချောင်ကို ပြောခိုင်းလိုက်"
ယန်ရုရွှယ်က နွေဦးလေညင်းတိုက်ခတ်ခံရသော ညှိုးနွမ်းနေသောမြက်ပင်နှင့် တူနေပြီး ထိုလေညင်းကြောင့် ပြန်တက်ကြွလန်းဆန်းလာပုံရသည်။ သူမက စူးချင်း၏လက်ကို ဆုပ်ကိုင်ထားပြီး လုံးဝ ပြန်မလွှတ်ပေးတော့ပေ။ သူမက စူးချင်းကို ဗီရိုရှိရာသို့ ဆွဲခေါ်သွားရင်း သမီးဖြစ်သူ၏အကြိုက်ဆုံး အစားအစာများကို ယူလာပေးရန် ခင်ပွန်းဖြစ်သူကို တောင်းဆိုလိုက်သည်။ သူမက ကလေးဝတ်များမှ မိန်းခလေးဝတ်များအထိ အဝတ်များဖြင့် ပြည့်နေသော ဗီရိုကို လက်ညှိုးထိုးပြလိုက်ပြီး စူးချင်းကို တိုးတိုးလေး ရှင်းပြနေပြန်သည်။
"ရှီအာ၊ ဒါတွေက အမေ သမီးအတွက် ဝယ်ထားခဲ့တဲ့ အဝတ်အစားတွေလေ။ သုံးနှစ်အရွယ်ကနေ အခုအချိန်အထိ အဝတ်အစားတွေ အားလုံး ရှိတယ်”
ထိုအဝတ်အစားများကို မြင်လိုက်ရခြင်းက စူးချင်း၏နှလုံးသားကို ကမောက်ကမ ဖြစ်သွားစေခဲ့ပြီး သူမ၏လှပသော မျက်လုံးလေးများကို မြူခိုးများ ဖုံးလွှမ်းသွားခဲ့သည်။
"ရှီအာ... သမီး မကြိုက်ဘူးလား?"
စူးချင်း၏တုံ့ပြန်မှုကို မြင်လိုက်ရသောအချိန်တွင် ယန်ရုရွှယ်က တွေဝေသွားပြီး သူမ၏သမီးကို သေသေချာချာ ပြန်မေးလိုက်သည်။
“အမေက သမီးအတွက် အဝတ်အစား အသစ်လုပ်ပေးဖို့ ချက်ချင်း အမိန့်ပေးလိုက်မယ်။ အဲအချိန်ရောက်ရင် သမီး စိတ်ကြိုက် လုပ်ခိုင်းလို့ရတယ်"
စူးချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြန်ပြုံးလိုက်ကာ “ကျွန်မ ကြိုက်ပါတယ်"
“အဲ့တာဆို ဒါတွေကို လဲဝတ်မလား? အမေ ကြည့်ပေးမယ်လေ"
စူးချင်းက သူမ ပြင်ဆင်ထားသော အဝတ်အစားများကို သဘောကျသည်ဟု ပြောလိုက်သောကြောင့် ယန်ရုရွှယ်က စိတ်သက်သာရာရသွားပြီး သူမ၏သမီးကို အမျိုးသမီးအဝတ်အစားများဖြင့် မြင်ချင်နေမိသည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ လူတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ဟန်ရွှမ်၊ ရုရွှယ်ရဲ့ရောဂါက ပြန်ဖြစ်လာတယ်လို့ ငါ ကြားတယ်"
ထိုအသံကို ကြားလိုက်ရချိန်တွင် စူးဟန်ရွှမ်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။