မဖိတ်ခေါ်ထားတဲ့ ဧည့်သည်များ (၁)
Vol. 13 Ch. 190
စူးဟန်ရွှမ်က သူ့ကို ကြိုဆိုရန် အပြင်မထွက်သွားသေးဘဲ ထိုအစား သူက အိပ်ခန်းထဲသို့ အမြန် ပြန်ဝင်လာပြီး စူးချင်းကို စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
“အဲဒါ သမီးရဲ့ဦးလေးပဲ။ သမီး ထွက်မလာနဲ့ဦး။ အဖေ သူ့ကို သွားကြိုလိုက်ဦးမယ်"
ဦးလေး? ဒါဆို သူက လောချန်ရဲ့ စီရင်စုအမတ်မင်းလား?
စူးချင်းက သူမ နားလည်ကြောင်း ခေါင်းဆတ်ပြလိုက်သည်။ ယန်ရုရွှယ်ကတော့ သူမ၏သမီးကို ရှာတွေ့ကြောင်း လူတိုင်းကို သိစေချင်သူဖြစ်သောကြောင့် သူမက စိတ်ရှုပ်သွားဟန်ဖြင့် စူးဟန်ရွှမ်ကို ပြန်မေးလိုက်သည်။
“ခဲအိုနဲ့ တခြားသူတွေကလည်း ရှီအာအတွက် အရမ်း စိုးရိမ်နေကြတာလေ။ ဘာလို့ အစ်ကိုဟန်ရွှမ်က သမီးလေးကို အပြင်မထွက်ခိုင်းတာလဲ?"
"နောက်မှ ပြောမယ်"
စူးဟန်ရွှမ်အတွက် သူ့မိန်းမကို ရှင်းပြရန် အချိန်မရှိသေးပေ။
အခုအချိန်မှာ သူ့သမီးလေးက ရုံးတော်ကနေ အလိုရှိနေတဲ့ ရာဇဝတ်ကောင်ဖြစ်နေတုန်းပဲ။ သူ့ရဲ့ယောက်ဖက သူ့အနာဂတ်အတွက် သူ့သမီးလေးကို စွန့်လွှတ်လိုက်ရင်ကော? သူကတော့ သူ့သမီးရဲ့ဘေးကင်းမှုအတွက် အရင်သေချာအောင် လုပ်ရမှာပဲ။ သူ့ သမီးလေးက ဘယ်သူကို သတ်ခဲ့တာလဲဆိုတာ သိအောင် အရင် လုပ်ရမယ်။ အဲ့နောက်မှပဲ ရှီအာ ပြန်လာပြီဆိုတာကို သူ့ယောက်ဖကို အသိပေးဖို့ အဆင်ပြေလိမ့်မယ်။
"အပြင်မထွက်လာဖို့ မမေ့နဲ့"
သူက အပြင် မထွက်ခင် စူးချင်းကို ထပ်သတိပေးလိုက်သောကြောင့် ယန်ရုရွှယ်က ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
"ရှီအာ... သမီး အပြင်မှာ ဘာတွေဖြစ်ခဲ့တာလဲ?"
“ကျွန်မ အမေ့ကို နောက်မှ ပြောပြမယ်နော်"
စူးချင်းက အပြင်မှ အသံများကို နားစွင့်နေပြီး သူမနှင့် စကားပြောရန် အချိန်မရှိသေးပေ။ ယန်ရုရွှယ်ကတော့ ပို၍ပင် စိတ်ပူလာခဲ့သည်။
စူးဟန်ရွှမ်က အပြင်သို့ ထွက်လာပြီး သူ့ဇနီး၏ အစ်မ၊ သူမ၏ခင်ပွန်းနှင့် သမီးလေးလွမ်ဟုန်တို့က ခြံဝင်းထဲသို့ လျှောက်လာနေကြပြီး အိမ်တံခါးဝဆီသို့ ရောက်လာတော့မည်ကို သူ တွေ့လိုက်ရသည်။ ထို့ကြောင့် သူက သူတို့ကို တားဆီးရန် အမြန် ထွက်လာခဲ့သည်။
“ရုရွှယ်က အိပ်ပျော်သွားပြီ။ သူ(မ) မနှိုးသွားအောင် အိမ်ရှေ့မှာ စကားသွားပြောကြမယ်လေ"
"ရုရွှယ်... ဘယ်လိုနေသေးလဲ?"
ယန်ရုပင်းက ယန်ရုရွှယ်၏ အစ်မအရင်းဖြစ်သည်။ ယန်ရုရွှယ်ကို နွေဦးလေညင်းနှင့် နှိုင်းယှဥ်မည်ဆိုလျှင် သူမက ပြင်းထန်သောမြောက်လေသာ ဖြစ်သည်။ သူမထံတွင် တောက်ပသော ကိုယ်ရည်ကိုယ်သွေးရှိပြီး သူမရှေ့တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
သူမတို့ ညီအစ်မနှစ်ယောက်ကြားမှ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်နေခဲ့ပြီး နှစ်များစွာကြာမြင့်လာသည်တိုင် ယန်ရုပင်းက သူမ၏ညီမလေးအတွက် နာမည်ကြီးသမားတော်များ ရှာဖွေရန် ကူညီပေးနေဆဲဖြစ်ပြီး သူမကိုယ်တိုင်က သူမ၏ညီမလေးအတွက် နာကျင်နေရသူ ဖြစ်သည်။
သိပ်မကြာခင်က စီရင်စုရုံးတော်တွင် သူမ၏ညီမလေးနှင့် ဆင်တူသော ပုံတူပန်းချီကို သူမ တွေ့ရှိခဲ့သည်။ သူမက ထိုပုံတုကို ရှီအာ၏ပုံတူဖြစ်သည်ဟု သံသယဝင်မိသောကြောင့် သူမ၏ညီမကို ပြောပြရန် စိတ်အားထက်သန်စွာ ပြေးလာခဲ့သည်။
သူမ၏ညီမအိမ်မှ ပြန်သွားပြီး သူမ၏အိမ်သို့ ပြန်ရောက်သည့်အခိုက်တွင် ယန်ရုပင်းက သူမ၏ဆုံးဖြတ်ချက်အတွက် နောင်တရနေခဲ့သည်။ သူမက အိမ်တော်တွင် မငြိမ်မသက် ဖြစ်နေသောကြောင့် လွမ်လူကြီးမင်းက သူမ၏စိုးရိမ်ပူပန်မှုကို မြင်သွားပြီး သူမကို မေးလာခဲ့သည်။ သူမက သူမ၏ညီမ ကြည့်ရန် ပုံတူပန်းချီ ယူသွားခဲ့ကြောင်း သိသွားချိန်တွင် ခင်ပွန်းဖြစ်သူက သူမကို ဒေါသတကြီး ကြိမ်းမောင်းခဲ့သည်။
“ရုရွှယ်က အဲ့ဒါတွေကို ဘယ်လိုသိနိုင်မှာလဲ? သူ(မ)ရဲ့ရောဂါက ဘာကြောင့် ဖြစ်နေတယ်ဆိုတာကို မင်း မသိဘူးလား?"
ခင်ပွန်းဖြစ်သူ၏ ကြိမ်းမောင်းခြင်းကို ခံရပြီးနောက် ယန်ရုပင်းက ပို၍ပင် မနေနိုင် မထိုင်နိုင်ဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမက သူမ၏ညီမလေးကို သွားကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ယန်ရုရွှယ်ကို လှည့်ဖြားရန်ပင် တွေးတောလာခဲ့ပြီး ဖြစ်သည်။ ထိုပုံတူက ရုံးတော်မှ အလိုရှိသော ရာဇ၀တ်ကောင် မဟုတ်ဘဲ သူမကို ကယ်တင်ပေးခဲ့သည့်လူက သူ့၏ကျေးဇူးရှင်ကို ရှာဖွေရန် ပုံတူပေးခဲ့ကြောင်း ပြန်ပြင်ပြောရန် ပြင်ဆင်လာခဲ့သည်။ သူမ၏ညီမက သူမ၏စကားများကို ယုံကြည်စေရန် သူမ၏ခင်ပွန်းကိုပါ ဤနေရာသို့ ဆွဲခေါ်လာခဲ့သည်။
ယန်ကျစ်က လွမ်ဟုန်ကို သူမ၏အိမ်တော်သို့ ပြန်ပို့ပေးပြီးနောက် လွမ်ဟုန်က စိတ်မငြိမ်ဖြစ်နေခဲ့သည်။ သူမက တစ်စုံတစ်ယောက်က သူမကို လာဖမ်းတော့မည်ဟု ခံစားနေရပြီး သူမ၏မိဘများက တတိယအဒေါ်ကို သွားတွေ့မည်ဟု ကြားချိန်တွင် သူမတစ်ယောက်တည်း အိမ်တွင် မနေရဲသည့်အတွက် အတူလိုက်ရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။
ထို့ကြောင့် မိသားစုဝင်သုံးယောက်လုံး စူးအိမ်တော်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
“ဒါတွေအားလုံးက ငါ့အမှားပါ။ ငါ အဲ့ပုံတူအကြောင်း သူ့(မ)ကို မပြောသင့်ဘူး”
စူးဟန်ရွှမ်၏မရီးဖြစ်သူ ယန်ရုပင်းက သူမကိုယ်သူမ အလွန် အပြစ်တင်နေခဲ့သည်။
သူမ အခုနလေးတင်ပဲ ရုရွှယ်ကို ခစားတဲ့ အားကျစ်ဆီကနေ သူမ ညီမလေးရဲ့ရောဂါက ဒီတကြိမ်မှာ ပိုပြီး ပြင်းထန်လာတာကို သူမ သိခဲ့ရတယ်။ သူမရဲ့နှလုံးသားက ဆူပွတ်လာပြီး ကိုယ်ကိုကိုယ် ပါးနှစ်ချက်လောက် ပြန်ရိုက်ချင်နေတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် သူ(မ)ကို ချော့ထားပြီးပါပြီ"
စူးဟန်ရွှမ်က သူ၏ စိတ်မြန်လက်မြန်ရှိပြီး ဘာကိုမှ ဂရုမစိုက်တက်သော မရီးကို အားကိုးရာမဲ့ ကြည့်နေလေသည်။
ရှီအာသာ သူမရဲ့အမေကို ကယ်တင်ဖို့ ပြန်မရောက်လာခဲ့ရင် ရုရွှယ်က သူ့မရီးရဲ့ ပေါ့လျော့မှုကြောင့် အသက်တောင် ဆုံးရှုံးရနိုင်တယ်။
ထိုအတွေးကြောင့် သူ့၏လေသံထဲတွင် မကျေမနပ်သော အရိပ်အမြွက်များ ပါဝင်နေခဲ့သည်။
"ငါ တောင်းပန်ပါတယ်။ ငါ့ပါးစပ်က တော်တော် ဆိုးတယ်"
ယန်ရုပင်းက သူမ၏မျက်နှာကို သူမကိုယ်တိုင် နှစ်ကြိမ်ခန့် ရိုက်လိုက်ပြီး သူမကိုယ်သူမ အပြစ်တင်လိုက်သည်။ သူမက သူမ၏ညီမအတွက် စိုးရိမ်နေပြီး စူးဟန်ရွှမ်ကို တောင်းပန်ပြီးသည်နှင့် ညီမဖြစ်သူကို သွားတွေ့ရန် တွေးထားခဲ့သည်။
"ငါ သူ(မ)ကို သွားတွေ့လိုက်ဦးမယ်"
“ဒုတိယမရီး၊ ကျွန်တော် ရုရွှယ် အိပ်ပျော်သွားအောင် မနည်းချော့မော့ပြီးမှ သူ(မ) အိပ်ပျော်သွားတာပါ။ သူ(မ) ပြန်နိုးလာရင် သူ့ကိုယ်သူ နာကျင်အောင် ထပ်လုပ်လိမ့်မယ်”
စူးဟန်ရွှမ်က အတင်းဝင်ချင်နေသော ယန်ရုပင်းကို ထပ်တားလိုက်သည်။ သူ့၏စကားက ယန်ရုပင်းကို ထိတ်လန့်သွားစေခဲ့သည်။
ယန်ရုရွှယ် နေမကောင်းဖြစ်တဲ့အချိန်မှာ ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ သူမကိုယ်တိုင်လည်း မြင်ဖူးပါတယ်။ သူမရဲ့ညီမလေးက သွေးတွေ ထွက်လာတဲ့အထိ သူမကိုယ်သူမ ဓားနဲ့ လှီးတာမျိုး၊ ကပ်ကြေးနဲ့ ထိုးတာမျိုးတွေ လုပ်တက်ပြီး အဲ့မြင်ကွင်းက တကယ်ကို တုန်လှုပ်ဖို့ကောင်းတယ်။
“ရှင်မ၊ မဝင်ပါနဲ့တော့၊ အိမ်ရှေ့ကနေ စောင့်ကြရအောင်။ ရုရွှယ် နိုးလာမှ ငါတို့ ရုရွှယ်ကို ဝင်ကြည့်ကြမယ်လေ"
လွမ်လူကြီမင်းကလည်း သူ့ဇနီးသည်ကို စည်းရုံးရာတွင် ကူညီပေးခဲ့သည်။ သူက စိတ်မြန်သော သူ့ဇနီးနှင့် မတူဘဲ အေးဆေးတည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိကာ အရာများစွာကို နည်းလမ်းတကျ လုပ်ဆောင်တက်သည်။
လွမ်လူကြီးမင်းနှင့် ယန်ရုပင်းတို့က နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်ခဲ့ကြပြီး ယခုအချိန်အထိ ဆက်ဆံရေးကောင်းများ ရှိနေဆဲ ဖြစ်သည်။ လွမ်လူကြီးမင်း၏ နာမည်အပြည့်အစုံက လွမ်ချင်းရှန်ဖြစ်ပြီး သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက စေ့စပ်ပေးထားခဲ့ခြင်း ဖြစ်သည်။ အတိတ်တွင် လွမ်မိသားစုက မိတ်ဆွေဖွဲ့ရာတွင် ပေါ့ဆခဲ့မိသောကြောင့် ဆင်းရဲတွင်းထဲသို့ ထိုးကျသွားခဲ့ရဖူးသည်။ ယန်မိသားစုက ဆင်းရဲသားကောင်လေးနှင့် သမီးဖြစ်သူကို လက်ထပ်ပေးရန် တွန့်ဆုတ်နေခဲ့ပြီး စေ့စပ်ပွဲကို ဖြတ်တောက်ပစ်ချင်ခဲ့သည်။ နောက်ဆုံးတွင် ဒေါသမီး တောက်လောင်နေသော ယန်ရုပင်းက သူမ၏လည်ပင်းပေါ်သို့ ဓားတစ်ချောင်း တင်ကာ သူမ၏မိဘများနှင့် ညှိနှိုင်းခဲ့သည်။ သူမက မိန်းမကောင်းလေးတစ်ယောက်ဖြစ်ပြီး အမျိုးသားနှစ်ယောက်နှင့် လက်မထပ်နိုင်ကြောင်း အခိုင်အမာ ငြင်းဆိုကာ သူမ၏မိဘများကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့သည်။ တစ်ခုက သူမကို လွမ်ချင်းရှန်နှင့် လက်ထပ်ခွင့်ပေးရန်နှင့် နောက်တစ်ခုက သူမ၏အလောင်းကို ကောက်ယူရန် ဖြစ်သည်။
ယန်မိသားစုမှ မိဘများက သမီးဖြစ်သူ၏ အိမ်ထောင်ရေးကို သဘောတူမှ လွဲ၍ ရွေးချယ်စရာ မရှိကြတော့ပေ။ သူတို့က သူတို့၏သမီး ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် ခန်းဝင်ပစ္စည်း အမြောက်အများပေးကာ သူတို့ကို လက်ထပ်ခွင့်ပေးခဲ့ရသည်။ လွမ်ချင်းရှန်က ဇနီးဖြစ်သူ၏ ခန်းဝင်ပစ္စည်းကို အမှီပြုပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူက ကျင်းရှီစာမေးပွဲကို အောင်မြင်ခဲ့ပြီး လောချန်တွင် စီရင်စုအမတ်အဖြစ် လုပ်ကိုင်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
သူ ထိပ်တန်းသို့ ရောက်လာပြီးနောက်တွင်လည်း လွမ်ချင်းရှန်က ဇနီးသည်ကို မပစ်ပယ်ခဲ့ပေ။ လွမ်ဟုန်ကို မွေးဖွားပြီးနောက် ယန်ရုပင်းထံတွင် နောက်ထပ်ကလေးတစ်ဦး ကိုယ်ဝန်ရှိခဲ့ဖူးသည်။ နောက်ဆုံးတွင် သူမက ကလေး ငါးလသားအရွယ်တွင် လဲကျခဲ့ပြီး ဗိုက်ထဲမှ ကလေးငယ်လေး သေဆုံးခဲ့ရသည်။ သူမလည်း ထိခိုက်ခဲ့သောကြောင့် ကိုယ်ဝန်ထပ် မရှိနိုင်တော့ပေ။
အိမ်ထောင်ရှင်မိန်းခလေးများ စောင့်ထိန်းရမည့် ကျင့်ဝတ်သုံးမျိုးရှိပြီး ထိုအထဲတွင် ကလေးမမွေးနိုင်ခြင်းက အဆိုးဆုံးဖြစ်သည်။ နည်းလမ်းတကျပြောရလျှင် လွမ်ချင်းရှန်က ကိုယ်လုပ်တော်ယူနိုင်ပြီး ကလေး ထပ်ယူနိုင်သည်။ သို့သော်လည်း လွမ်ချင်းရှန်က သူ ဆင်းရဲနွမ်းပါးချိန်တွင် အတူတူ ရှိနေပေးခဲ့သည့် ဇနီးသည်ကိုသာ ချစ်မြတ်နိုးပြီး မယားငယ် ထပ်ယူရန် ငြင်းဆိုခဲ့သည်။ သူက ဘယ်သောအခါမှ ကိုယ်လုပ်တော် မခေါ်ဆောင်ခဲ့သလို ယန်ရုပင်းက ခေါ်လာလျှင်ပင် သူက ထိုမိန်းခလေးများကို ငွေပေးပြီး အိမ်ပြန်စေခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦးတွင် အဖိုးတန်မိန်းကလေး လွမ်ဟုန် တစ်ဦးတည်းသာ ရှိပြီး သူတို့က သူမကို အထူးတလည် ချစ်ခင်အလိုလိုက်ကြခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့က စူးဟန်ရွှမ်နှင့် ယန်ရုရွှယ်တို့၏ သမီးဖြစ်သူအား တမ်းတစိတ်ကို နားလည်ပေးနိုင်ခဲ့ကြသည်။
အိမ်အတွင်းရှိ ယန်ရုရွှယ်က သူမအစ်မနှင့် ခဲအိုတို့၏စကားဝိုင်းကို ကြားနေရပြီး တိတ်ဆိတ်နေကာ သူမ၏သမီးလေးကိုသာ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိသည်။ ယန်ရုရွှယ်က နှစ်အနည်းငယ်ကြာ နေမကောင်းဖြစ်ခဲ့သော်လည်း သူမ၏ပင်ကိုစရိုက်က ထက်မြက်လွန်းလှသည်။ ရာဇဝတ်သားပုံတူနှင့် ခင်ပွန်းဖြစ်သူ၏ စကားများအရ သူမ၏သမီးလေးက အပြင်ဘက်တွင် ဒုက္ခများ ရှာဖွေမိခဲ့ပြီး ထိုအရာက ကြီးမားသော ဒုက္ခဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့သည်။
ဒါပေမယ့် သူမကတော့ သူမရဲ့သမီးလေး အပြင်မှာ ဘယ်လောက်ဘဲ ပြသနာရှာခဲ့ ရှာခဲ့ လုံးဝ ဂရုမစိုက်ဘူး။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူမက သူမရဲ့သမီးလေးအတွက် ကူထမ်းပေးနိုင်တယ်။
စူးချင်းကလည်း ယန်ရုရွှယ်၏အမူအရာ အပြောင်းအလဲကို အကဲခတ်နေခဲ့သည်။ အစပိုင်းမှာတွင် သူမ သံသယများကို ဆက်စပ်ကြည့်နေပုံရပြီး တဖြည်းဖြည်း နားလည်လာသည်နှင့်အမျှ သူမက ပို၍ ပို၍ စိတ်ပိုင်းဖြတ်လာနိုင်ပုံရသည်။
သူမက ပိန်လှီကာ ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ယခုအချိန်တွင် သူမက သူမ၏သမီးအတွက် အားကိုးရမည့် တောင်ကြီးတစ်ခုပမာ ဖြစ်နေခဲ့သည်။
"ရှီအာ၊ မကြောက်ပါနဲ့။ အမေက သမီးကို ကာကွယ်ပေးနိုင်ပါတယ်"
စူးချင်းက တောင်တန်းကြီးကဲ့သို့ ခိုင်မာသော မိခင်မေတ္တာကို ခံစားနေရပြီး ရှောင်ချန်က တံခါးဖွင့်ကာ ပြေးထွက်သွားသည်ကို သူမတို့ နှစ်ယောက်လုံး သတိမထားမိလိုက်ကြပေ။
"ဦးလေး၊ ဒုတိယအဒေါ်၊ အစ်မဟွမ်"
ရှောင်ချန်က သူ့၏ခြေထောက်တိုတိုလေးများဖြင့် ယန်ရုပင်းနှင့် လွမ်ချင်းရှန်ဆီသို့ ပြေးသွားခဲ့သည်။ သူက သူတို့ဆီသို့ မရောက်ခင်မှာပင် အားလုံးက သူ့၏ချိုမြိန်သောအသံလေးကို ကြားလိုက်ကြရသည်။
ယန်ရုပင်းက သားလေးတစ်ဦးကို ကိုယ်ဝန်ပျက်ကျခဲ့ဖူးသောကြောင့် ရှောင်ချန်ကိုလည်း အထူး ချစ်ခင်ခဲ့သည်။ ရှောင်ချန်က ယန်ရုရွှယ်ထံမှ မိခင်မေတ္တာကို မခံစားခဲ့ရသော်လည်း ယန်ရုပင်းထံမှ မိခင်မေတ္တာကို ခံစားခဲ့ရသောကြောင့် ရှောင်ချန်က ယန်ရုပင်း၊ လွမ်ချင်းရှန်တို့နှင့် အလွန်ရင်းနှီးသူ ဖြစ်လာခဲ့သည်။
"ရှောင်ချန်"
ရှောင်ချန့်ကို မြင်လိုက်သည်နှင့် ယန်ရုပင်းက အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး သူ့ကို ပွေ့ချီလိုက်သည်။ သူမက ကလေးလေး၏ ပန်းရောင်အဝတ်အစားများနှင့် သူ့ခေါင်းပေါ်ရှိ ဆံထုံးသေးသေးလေး နှစ်ခုကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ရုရွှယ်၊ မြန်မြန်နေကောင်းလာမှ ဖြစ်မယ်။ မဟုတ်ရင် ရှောင်ချန်က မိန်းကလေး ဖြစ်သွားလိမ့်မယ်"
“ဟုတ်တယ်”
စူးဟန်ရွှမ်က ခပ်တောင့်တောင့် ပြန်ဖြေလိုက်သည်။ ရှောင်ချန် ပြေးထွက်လာချိန်တွင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပွင့်နေသောတံခါးကို လှည့်မကြည့်ဘဲ မနေနိုင်သောကြောင့် နောက်သို့ပင် လှည့်ကြည့်လိုက်မိသည်။
"ရှောင်ချန်"
လွမ်ချင်းရှန်ကလည်း ရှောင်ချန်ကို ကြည့်နေပြီး ပြုံးနေကာ သူ့၏နာမည်ကို ချစ်ခင်သည့်အမူအရာဖြင့် လှမ်းခေါ်လိုက်သည်။
"မင်္ဂလာပါ ဦးလေး"
ရှောင်ချန်က သူ့ဦးလေးကို နာခံမှုရှိရှိ ပြန်နှုတ်ဆက်လိုက်ပြီး သူ့ဦးလေး၏မုတ်ဆိတ်မွေးများကို သွားဆွဲရန် သူ့၏လက်ဖောင်းဖောင်းလေးများကို ဆန့်ထုတ်လိုက်သည်။ ရှောင်ချန်၏မျက်လုံးဝိုင်းဝိုင်းလေးများက လခြမ်းလေးများကဲ့သို့ ဖြစ်နေပြီး သူ အရမ်းပျော်နေမှန်း သိသာလှသည်။
လွမ်ချင်းရှန်က ရှောင်ချန်၏လက်ကို မရှောင်ဘဲ သူ့၏မုတ်ဆိတ်မွေးများကို ကစားခွင့်ပေးထားခဲ့သည်။ ထိုမြင်ကွင်းက သူတို့နှစ်ယောက်ဆုံတွေ့တိုင်း ကြုံနေရသည့်မြင်ကွင်းတစ်ခုသာ ဖြစ်သည်။
"ရှောင်ချန်က အခု အိမ်ထဲက ထွက်လာတာဆိုတော့... ရုရွှယ် နိုးပြီလား? မဖြစ်သေးဘူး၊ ငါ သူ့(မ)ကို သွားကြည့်ရမယ်”