မဖိတ်ခေါ်ထားတဲ့ ဧည့်သည်များ (၂)
Vol. 13 Ch. 191
ယန်ရုပင်းက ရှောင်ချန့်ကို သူမ၏ခင်ပွန်းဖြစ်သူထံ လှမ်းပေးလိုက်ပြီး သူမ၏စကတ်ရှည်ကို မကာ အတွင်းခန်းဆီသို့ ဦးတည်လိုက်သည်။ သူမ၏ခြေလှမ်းများက သူမ၏ တက်ကြွသော စရိုက်နှင့် ကိုက်ညီနေပြီး အလွန်သွက်လက်လှသည်။ စူးဟန်ရွှမ်က သူမနောက်မှ လိုက်လာခဲ့သော်လည်း သူမက တံခါး၏အဝနားသို့ ရောက်နေပြီ ဖြစ်သည်။
စူးဟန်ရွှမ်၏နှလုံးက သူ့လည်ချောင်းထဲသို့ ရောက်ရှိလာပြီး ယန်ရုပင်းကို လှမ်းခေါ်လိုက်သည့် သူ့အသံတွင် သူ့၏ပုံမှန်ကျက်သရေရှိမှုနှင့် တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့သည်။
“ဒုတိယမရီး၊ မဝင်ပါနဲ့”
“ငါ ဆူညံအောင် မလုပ်ပါဘူး။ စိတ်မပူပါနဲ့။ ငါက ရုရွှယ် နိုးလာအောင် မလုပ်ပါဘူး"
ယန်ရုပင်းက နောက်သို့ လှည့်ကာ စူးဟန်ရွှမ်ကို ပြန်ပြောလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုတံခါးခုံကို ကျော်လိုက်လျှင် သူမက အိမ်ထဲသို့ ရောက်သွားတော့မည် ဖြစ်သည်။
သူမ အိမ်ထဲသို့ မဝင်မီ သူမကို တားချင်နေသောကြောင့် ခြေလှမ်းကျယ်များဖြင့် လိုက်ပါလာခဲ့သည့် စူးဟန်ရွှမ်၏မျက်လုံးများက စိုးရိမ်စိတ်ကြောင့် ပို၍ တောက်ပလာခဲ့သည်။
"ဒုတိယအစ်မ ရောက်နေတာလား?"
စူးဟန်ရွှမ်က ယန်ရုပင်းကို ထပ်တားရန် ပြင်ဆင်လိုက်ချိန်တွင် တံခါးပွင့်သွားပြီး အသံတစ်သံ ထွက်လာခဲ့သည်။ ရိုးရှင်းသော လည်ထောင်ပြောင်အင်္ကျီနှင့် ဘရိုကိတ်စကတ်ရှည်ကို ၀တ်ဆင်ထားသည့် ယန်ရုရွှယ်က တံခါးဝတွင် ရပ်နေပြီး သူမ၏ပိန်ပါးသော ခန္ဓာကိုယ်ဖြင့် တံခါးကို ပိတ်ဆို့ထားခဲ့သည်။
ယန်ရုပင်းက သူမ၏ညီမကို မြင်လိုက်ရသောကြောင့် အံ့သြတကြီး မေးမြန်းလိုက်သည်။
"ရုရွှယ်၊ မင်း...အဆင်ပြေရဲ့လား?"
"အင်း... အစ်မရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒုတိယအစ်မ... ကျွန်မ အများကြီး ပိုကောင်းလာပါပြီ"
ယန်ရုရွှယ်က အပြုံးလေးဖြင့် ညင်ညင်သာသာ ပြန်ဖြေလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
“ဒုတိယအစ်မ၊ ကျွန်မ ကြာရေကန်နားမှာ လမ်းလျှောက်ချင်တယ်၊ အစ်မ ကျွန်မကို အဖော်လုပ်ပေးနိုင်မလား?"
"မင်း လမ်းလျှောက်နိုင်လို့လား?"
ယန်ရုပင်းက သူမ ညီမလေး၏ နုနယ်သော ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး သူမ၏ညီမလေးက ရေကန်ဘေးရှိ လေအေးဒဏ်ကို မခံနိုင်မည်အား သူမ စိုးရိမ်နေခဲ့သည်။
ယန်ရုပင်းက တက်ကြွသော လူတစ်ယောက် ဖြစ်ပြီး တက်လောင်နေသော မီးတောက်တစ်စနှင့် ဆင်တူလှသည်။ ထို့အပြင် သူမက အနီရောင်ဝတ်ရုံကို အထူးတလည် နှစ်သက်သောကြောင့် ယနေ့တွင်လည်း သူမက အနီရောင်၀တ်ရုံရှည်ကို ၀တ်ဆင်ထားခဲ့သည်။ သူမက အရပ်ရှည်ရှည်နှင့် ခပ်ဖွံ့ဖွံ့ အသွင်အပြင် ရှိသောကြောင့် ပိန်ပိန်ပါးပါးနှင့် ရိုးရိုးလေး ဝတ်ဆင်ထားသည့် ယန်ရုရွှယ်၏ဘေးတွင် သူမ ယှဥ်ရပ်လိုက်ရာ တစ်ယောက်က တောက်ပပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေကာ နောက်တစ်ယောက်က နူးညံ့ပြီး သိမ်မွေ့ညင်သာမှန်း ပေါ်လွင်စေခဲ့သည်။ သူမတို့က ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ခဲ့ရခြင်း မရှိသာကြာင့် အချိန်က သူမတို့၏အလှတရားများကို ဘယ်သောအခါမှ မတိုက်စားနိုင်ခဲ့ပေ။ သူမတို့၏ကျောက်စိမ်းဖြူရောင် ပါးပြင်များပေါ်တွင် မည်သည့်အမှတ်အသားမျှ ထင်ကျန်နေခြင်း မရှိပေ။
“ကျွန်မ လမ်းလျှောက်နိုင်ပါတယ်။ အကြာကြီး လှဲနေရတော့ လမ်းလျှောက်ချင်တယ်"
ယန်ရုရွှယ်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ အခန်းအတွင်းရှိ စူးချင်းက အပြင်မှ ညီအစ်မနှစ်ယောက်၏စကားများကို နားထောင်နေရင်း စိတ်မကောင်း ဖြစ်သွားခဲ့သည်။
လူတွေဆီကနေ ပုန်းအောင်းနေရတဲ့ ဒီလိုနေ့ရက်တွေက သူမကို စိတ်အနှောက်အယှက် ဖြစ်စေတယ်။ သူမ စူးမိသားစုဆီကို ပြန်လာပြီး အနာဂတ်မှာ ကြွက်တစ်ကောင်လို ပုန်းအောင်းနေရမယ်ဆိုရင် သူမ ထွက်သွားတာကမှ ပိုကောင်းဦးမယ်။
ပြီးတော့ သူမ လုပ်ခဲ့တာတွေနဲ့ သူမ ထပ်လုပ်မယ့်အရာတွေက စူးမိသားစုကို ဘေးဒုက္ခ ဖြစ်စေလိမ့်မယ်။ တကယ်တော့ သူတို့ရဲ့ဘဝက အရင်တည်းက အရမ်းအေးချမ်းနေခဲ့ပြီးသားလေ။ သူမ ရောက်လာတာကြောင့် သူမရဲ့မိဘတွေက ကြောက်ရွံ့တုန်လှုပ်မှုတွေကို ရင်မဆိုင်ရသင့်ဘူး။ အဲ့တာဆို သူတို့က နေ့တိုင်းနေ့တိုင်း ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရသလို ကျီးလန့်စာစား နေထိုင်ရလိမ့်မယ်။
ချစ်စရာကောင်းတဲ့ ရှောင်ချန်လေးကလည်း အေးချမ်းသာယာတဲ့ ဘဝလေးကို ပိုင်ဆိုင်သင့်တယ်။ သူမက သူတို့ကို ပိုမိုကောင်းမွန်တဲ့ ဘဝနဲ့ မထားနိုင်သေးရင်... သူမမှာ သူတို့ကို ကာကွယ်ပေးနိုင်တဲ့အထိ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ မရှိသေးရင် သူမ ချက်ချင်း ပြန်ထွက်ခွာသွားသင့်တယ်။
စူးချင်းက ပြန်ထွက်သွားရန် ရည်ရွယ်လိုက်ပြီဖြစ်ကြောင်း ယန်ရုရွှယ်က မသိသေးဘဲ သူမက ယန်ရုပင်းကို အောင်မြင်စွာ ခေါ်ထုတ်သွားခဲ့သည်။ စူးဟန်ရွှမ်က ရှောင်ချန် တစ်ခုခု မှားပြောမိမည်ကို စိုးရိမ်သောကြောင့် အထိန်းတော်တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး ရှောင်ချန့်ကို ခေါ်သွားခိုင်းလိုက်သည်။
"ချန်အာ မသွားချင်ဘူး။ ချန်အာက အစ်မနဲ့ ကစားချင်သေးတယ်"
ရှောင်ချန်က မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးလေးများက သူ့အဖေကို ဝမ်းပန်းတနည်း စိုက်ကြည့်နေလေသည်။
စူးဟန်ရွှမ်၏မျက်နှာက မည်းမှောင်သွားပြီး “မင်း ပြန်သွားပြီး အက္ခရာသုံးလုံးဂန္တဝင်ကို အလွတ်ကျက်ထားလိုက်။ အဖေ ဒီည မင်းကို ပြန်စမ်းစစ်မယ်"
"ဦးလေး၊ ရှောင်ချန့်ကို ခဏလောက် ကစားခွင့်ပြုလိုက်ပါ"
လွမ်ဟုန်က ရှောင်ချန်အတွက် တောင်းဆိုပေးလိုက်သည်။ သူမကလည်း ဤဝမ်းကွဲမောင်လေးကို အလွန်ချစ်ခင်ပြီး ဤကောင်လေးက လောချန်တွင် အချောဆုံးကလေးလေးဟု သူမ သတ်မှတ်ထားခဲ့သည်။
"ဟုတ်တယ်... ရှောင်ချန့်ကို ခဏလောက် ကစားခွင့်ပြုလိုက်ပါ"
လွမ်ချင်းရှန်ကလည်း ရှောင်ချန်ကို လွှတ်ပေးရန် တွန့်ဆုတ်နေသဖြင့် သူ့သမီးနှင့်အတူ တောင်းဆိုလိုက်သည်။
“မရဘူး၊ သူက ငယ်သေးပေမယ့် စာကို ကြိုးစားသင်ရမယ်။ သူ ခက်ခက်ခဲခဲ မကြိုးစားရင် ဘိုးဘေးတွေအတွက် ဘယ်လို ဂုဏ်တက်အောင် လုပ်နိုင်မှာလဲ?”
စူးဟန်ရွှမ်က ခေါင်းမာစွာဖြင့် ရှောင်ချန်အား ခေါ်သွားရန် သူ့လူများကို အမိန့်ပေးလိုက်ပြီး ရှောင်ချန် ထွက်သွားချိန်တွင် သူ့မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နေခဲ့သည်။
အဖေက ဘာလို့ သူ့ကို အစ်မနဲ့ မကစားခိုင်းတာလဲ? သူ နားမလည်နိုင်ဘူး။
နို့ထိန်းက ရှောင်ချန်အား ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသဖြင့် စူးဟန်ရွှမ်က သက်ပြင်းချလိုက်ပြီး မူလစီစဉ်ထားသည့်အတိုင်း လွမ်ချင်းရှန်ကို အိမ်ရှေ့ဘက်သို့ ဖိတ်ခေါ်လိုက်သည်။
ယန်ရုရွှယ်နှင့် ယန်ရုပင်းတို့က ရေကန်အတွင်းရှိ ရွှေငါးလေးများကို အစာကျွေးရန် ခုံးတံတားလေးပေါ်တွင် ရပ်နေကြသည်။ သူမတို့ဆီသို့ ကူးခတ်လာသော ငါးများကို မြင်လိုက်ရချိန်တွင် ယန်ရုပင်းက သူမ၏လက်ထဲမှ ငါးစာများကို ပစ်ချပေးလိုက်ပြီး သူမဘေးနားတွင် စိတ်မပါလက်မပါ ရပ်နေသည့် ညီမဖြစ်သူကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ရုရွှယ်၊ မနက်က အစ်မ အမှား လုပ်ခဲ့မိတယ်။ အဲဒီပုံတူက ရုံးတော်က အလိုရှိနေတဲ့ရာဇဝတ်သားရဲ့ပုံတူ မဟုတ်ဘူး။ အဲ့အမျိုးသမီးက တော်ဝင်ရုံးတော်က အဆင့်မြင့်အရာရှိတစ်ဦးကို ကယ်တင်ပေးခဲ့တယ်လို့ သိရတယ်။ သူ(မ)ကို ရှာနေတာက ဆုလာဘ်တွေ ပေးဖို့ပါ၊ သူ့(မ)ကို ရှာတွေ့ရင် ငါတို့က သူ့(မ)ကို လေးလေးနက်နက် ကျေးဇူးတင်ပြီး ဆုချီးမြှင့်ပေးရမယ်တဲ့”
"သြော်...အဲ့လိုလား? ဒီလိုဆိုရင် ကျွန်မ စိတ်သက်သာရာရသွားပါပြီ"
ယန်ရုရွှယ်က သူမ၏အစ်မကို မော့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
လွမ်ဟုန်က သူမဘာသာသူမ နေရသည်ကို ငြီးငွေ့လာသောကြောင့် အစာရရန် တိုက်ပွဲဝင်နေကြသော ရွှေငါးလေးများကို ကြည့်ရန် ခုံးတံတားငယ်လေးဆီသို့ လိုက်လာခဲ့သည်။ သူမက ယခင်ကကဲ့သို့ မတက်ကြွတော့ဘဲ ရေမျက်နှာပြင်ကို ငေးကြည့်နေလေသည်။
စူးချင်းက တံခါးပေါက်ကြားမှ ကြည့်နေခဲ့ပြီး ခြံဝင်းအတွင်းမှ အခြေအနေများအားလုံးကို မြင်နေရသည်။ အနီးနားတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသောကြောင့် စူးချင်းက စူးအိမ်တော်မှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။
အခုအချိန်မှာ ထွက်မသွားရင် သူမ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။
သူမနှင့် ကျိရွှေရှန့်တို့ လုပ်ဆောင်ကြမည့်အရာများက မိသားစုတစ်ခုလုံး ကွပ်မျက်ခံရနိုင်သည့် ကိစ္စများ ဖြစ်သောကြောင့် သူမက သူမ၏မိဘများကို မထိခိုက်စေချင်ပေ။
ထို့ကြောင့် စူးချင်းက သူမ မထွက်ခွာခင် သူတို့ကို မျှော်လင့်ချက်ပေးရန်အတွက် မိခင်ဖြစ်သူအတွက် အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးတစ်ခု သွားရှာမည့်အကြောင်း စာတစ်စောင်ရေးပြီး ချန်ထားခဲ့လိုက်သည်။
သူမနှင့်ဝေးနေချိန်တွင် ယန်ရုရွှယ် နေမကောင်းပြန်ဖြစ်မည်ကိုလည်း စိုးရိမ်သောကြောင့် စူးချင်းက သူမ၏မိခင်အတွက် စိတ်ငြိမ်ဆေးမှုန့်ပြင်ဆင်ပေးရန် ရှောင်ချီ့ကို တောင်းဆိုခဲ့သည်။
"ရုရွှယ်... မင်း နေလို့ အဆင်မပြေဘူးလား? အစ်မ မင်းကို အခန်းကို ပြန်ပို့ပေးရမလား?"
ယန်ရုပင်းက သူမ၏ညီမကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ပြီး သူမ၏ညီမလေးက အေးနေသလိုပုံစံမျိုးဖြင့် အပေါ်ရုံကို ဆွဲစေ့နေသည်အား မြင်လိုက်ရသောကြောင့် သူမက စိုးရိမ်စိတ်ဖြင့် ထပ်မေးလိုက်သည်။
"ရပါတယ်၊ မအေးပါဘူး"
အစ်မဖြစ်သူက သူမကို အခန်းထဲသို့ ပြန်ပို့တော့မည်ဟု ကြားလိုက်ချိန်တွင် ယန်ရုရွှယ်က သူမ၏အဝတ်များကို ဆုပ်ကိုင်ထားသော သူမ၏လက်ကို အမြန် ပြန်လွှတ်လိုက်ပြီး အစ်မဖြစ်သူကို နူးညံ့စွာ ပြုံးပြလိုက်သည်။
ယန်ရုပင်းအတွက် သူမ ညီမလေး၏အပြုံးကို မတွေ့ရသည်မှာ ဆယ်နှစ်ကျော်နေပြီ ဖြစ်ကာ ယခု ယန်ရုရွှယ်၏ရှားပါးသောအပြုံးကို မြင်လိုက်ရသောကြောင့် ယန်ရုပင်းက သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ငိုချလိုက်သည်။
ယန်ရုရွှယ်က အစ်မဖြစ်သူ၏မျက်ရည်များကို သုတ်ပေးရန် သူမ၏လက်ကိုင်ပုဝါကို အမြန် ထုတ်ယူလိုက်ရင်း စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
"ဒုတိယအစ်မ... အစ်မက ဘာလို့ ငိုနေတာလဲ?"
“အဆင်ပြေပါတယ်။ အစ်မ ပျော်လို့ပါ”
ယန်ရုပင်းက ညီမဖြစ်သူ၏လက်ထဲမှ လက်ကိုင်ပုဝါကို လှမ်းယူလိုက်ပြီး သူမ၏မျက်ရည်များကို သုတ်လိုက်သည်။ ထိုအချိန်တွင် သူမက အမှတ်တမဲ့ နောက်သို့ လှည့်ကြည့်လိုက်ရာ အပြာရောင်အရိပ်တစ်ခုက ခေါင်မိုးပေါ်သို့ ခုန်တက်လာသည်ကို သူမ တွေ့လိုက်ရသည်။ သူမက သူမ၏မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ပြီး ပြန်ကြည့်လိုက်ချိန်တွင်တော့ အိမ်ခေါင်မိုးပေါ်တွင် မည်သူမျှ မရှိတော့ပေ။
ယန်ရုပင်းက သူမ၏ညီမကို မပြောရဲသောကြောင့် သူမ၏ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်လိုက်ပြီး အသံတိုးတိုးဖြင့် သူမ၏သမီးကို ကပ်မေးလိုက်သည်။
"ဟုန်ဟုန်၊ အိမ်ခေါင်မိုးပေါ်ကို တစ်ယောက်ယောက် ခုန်တက်သွားတာကို တွေ့လိုက်လား?"
“မတွေ့ပါဘူး!”
လွမ်ဟုန်က ဝန်ကြီးချုပ်ဝမ်က သူမနှင့် ထိုမိန်းကလေးများကို အဘယ်ကြောင့် ဖမ်းဆီးချင်နေသည်ကို တွေးတောရင်း ငိုင်တွေနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမထံတွင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရန် စိတ်ခွန်အားများ လုံးဝ မရှိတော့ပေ။ သူမက တံတားပေါ်မှ နေပြီး ငါးများ ကြည့်နေရခြင်းကိုပင် စိတ်ပျက်နေခြင်း ဖြစ်သည်။
သူမအမေ၏မေးခွန်းကို ကြားလိုက်ရချိန်တွင် သူမက သူမအဒေါ်၏အိပ်ခန်း ခေါင်မိုးကို အမှတ်တမဲ့ လှည့်ကြည့်လိုက်သည်။ ယန်ရုရွှယ်က အမေနှင့်သမီး တီးတိုးတီးတိုးပြောပြီး နောက်လှည့်ကြည့်သည်ကို မြင်သွားသောကြောင့် သူမ၏အိပ်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက အလွန်ကြောက်လန့်သွားပြီး သူတို့၏မြင်ကွင်းကို အမြန် ပိတ်ဆို့လိုက်သည်။
“ဒုတိယအစ်မ၊ ကျွန်မ အစ်မနဲ့ ခဲအိုကို မတွေ့ရတာ ကြာနေပြီ။ အိမ်ရှေ့ခန်းကို သွားပြီး စကားပြောကြရအောင်"
"ကောင်းပြီလေ... ဒါပေမယ့် ငါ သန့်စင်ခန်းကို အရင်သွားလိုက်ဦးမယ်"
ယန်ရုပင်းက သူမ သွားမကြည့်ရလျှင် သူမ စိတ်မသက်မသာ ဖြစ်နေမည်ကို ကြိုသိနေပြီး ယန်ရုရွှယ်ကို လိမ်ညာကာ သူမကို ခေါ်သွားပေးရန် လွမ်ဟုန်ကို အကူအညီတောင်းလိုက်သည်။
တကယ်လို့ တစ်ယောက်ယောက်က သူမညီမလေးရဲ့အခန်းထဲကို ခိုးဝင်နေပြီး သူမရဲ့ညီမလေး လန့်သွားမှာကို သူမ စိုးရိမ်တယ်။
လွမ်ဟုန်က သူမအမေ၏အရိပ်အကဲကို နားလည်နိုင်ပြီး အဒေါ်ဖြစ်သူကို ခြံရှေ့သို့ လိုက်ပို့ပေးရန် ကူတွဲပေးလိုက်သည်။
ယန်ရုရွှယ်ကလည်း အခန်းထဲမှ သမီးဖြစ်သူအတွက် စိုးရိမ်နေသော်လည်း သူမ၏ဒုတိယအစ်မက သူမနောက်ကို လိုက်လာပြီး သူမ၏သမီးအား ရှာတွေ့မည်ကို စိုးရိမ်သောကြောင့် သူမ၏အခန်းသို့ ပြန်သွားရန် မပြောရဲပေ။
သူမက သူမ၏သမီးလေးကို ရှာတွေ့ပြီ ဖြစ်ကြောင်း သူမ၏ဒုတိယအစ်မကို ပြောပြချင်နေသော်လည်း သူမ၏ခင်ပွန်းဖြစ်သူ ပြသခဲ့သည့် သဘောထားနှင့် သူမ၏ ဒုတိယအစ်မ လိမ်ညာပြောဆိုခဲ့သည့် စကားများအရ သူမ၏သမီးက အပြင်ဘက်တွင် ပြသနာအများကြီး ရှာခဲ့ပြီး သူမတို့မိသားစုက သမီးလေးကို ကာကွယ်ပေးနိုင်ရန် မသေချာကြောင်း ယန်ရုရွှယ်က နားလည်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူမက ဤလျှို့ဝှက်ချက်ကို သူမ၏နှလုံးသားထဲတွင်သာ ဖုံးကွယ်ထားနိုင်ပြီး သူမကို အလွန်ချစ်သော ဒုတိယအစ်မကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။
ယန်ရုပင်းက ယန်ရုရွှယ်အား လွမ်ဟုန် ခေါ်ဆောင်သွားသည်ကို စောင့်ဆိုင်းနေခဲ့ပြီး သူမက သူမညီမ၏အခန်းဆီသို့ လျှောက်လာခဲ့သည်။ တံခါးနားသို့ အရောက်တွင် သူမက အခန်းထဲသို့ ချက်ချင်း မဝသေးဘဲ တံခါးနှစ်ချပ်ကို အပြင်မှ လှမ်းတွန်းဖွင့်ကာ အထဲသို့ ကြည့်ရန် တံခါးဝတွင် ရပ်နေခဲ့သည်။
ယန်ရုပင်း၏ အနီးကပ်အစေခံဖြစ်သော ရှောင်ဖျင်က ယန်ရုရွှယ်၏အိပ်ခန်းထဲသို့ ဝင်ရန် အလွန်သတိထားနေပုံရသည်ကို သူမ၏သခင်မကို တွေ့လိုက်ရသဖြင့် တိုးတိုးလေး မေးလိုက်သည်။
"သခင်မ... ဘာဖြစ်လို့လဲ?"
“ခုနက အိမ်ခေါင်မိုးပေါ်မှာ အပြာရောင်၀တ်စုံဝတ်ထားတဲ့ လူတစ်ယောက်ကို ငါ တွေ့လိုက်သလိုပဲ၊ သူက ဒီအခန်းထဲမှာ ရှိနေတယ်လို့ ငါ သံသယရှိတယ်။ ငါရဲ့ညီမကို အနှောင့်အယှက် မဖြစ်စေနဲ့၊ ဂရုတစိုက်နဲ တိုးတိုးတိတ်တိတ် ရှာဖွေဖို့ လူတွေ သွားခေါ်လိုက်"