အမှန်အတိုင်း ပြောဖို့ အချိန်ရောက်ပြီ
Vol. 13 Ch. 192
ယန်ရုပင်းက သူမ၏အစေခံမိန်းကလေးကို အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ သူမက ညီမဖြစ်သူ၏အခန်းသို့ မကြာခဏ လာခဲ့ဖူးသောကြောင့် ဤနေရာနှင့် ရင်းနှီးနေပြီး လူတစ်ယောက် ပုန်းနေနိုင်မည့်နေရာများအားလုံးကို ခန့်မှန်းနိုင်သည်။ သူမ၏စူးရှသော အကြည့်များက တစ်စုံတစ်ယောက် ပုန်းအောင်းနေနိုင်မည့် နေရာတိုင်းကို စူးစူးရဲရဲ လိုက်ကြည့်နေခဲ့သည်။
တံခါးနောက်မှာ ဘယ်သူမှ မရှိနိုင်ဘူး။ သူမက တံခါးကို ရုတ်တရတ် တွန်းဖွင့်ခဲ့တာကြောင့် တစ်စုံတစ်ယောက်က တံခါးနောက်မှာ ပုန်းကွယ်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
အခန်းထဲမှာ လူတစ်ယောက် ပုန်းကွယ်နိုင်မယ့်နေရာတွေက ဗီရိုထဲနဲ့ ကုတင်အောက်ပဲ ကျန်တော့တယ်။
ယန်ရုပင်းက အခန်းထဲသို့ အလျင်စလို မဝင်သွားခဲ့ပေ။ သူမက မဆင်မခြင်ဖြင့် မိုက်မိုက်မဲမဲ ပြုမူတက်သော်လည်း ခေါင်မိုးပေါ်သို့ ခုန်တက်လာသည့်သူက အမြင့်ကိုတက်နိုင်သောကြောင့် သိုင်းပညာကျွမ်းကျင်နေမည်ကို သူမ နားလည်နိုင်သည်။ ထို့ကြောင့် အမျိုးသမီးတစ်ယောက်ဖြစ်သော သူမက အိပ်ခန်းထဲသို့ မဆင်မခြင် ပြေးဝင်သွားပါက သူခိုးကို မဖမ်းနိုင်ဘဲ သူမကိုပါ အန္တရာယ်ဖြစ်စေလိမ့်မည်။
ယန်ရုပင်းက အပေါ်ယံတွင် ငြိမ်သက်နေပုံရသော်လည်း သူမ၏ တင်းတင်းကြပ်ကြပ် ဆုပ်ထားသော လက်သီးများက သူမ၏ကြောက်ရွံ့မှုကို သိသာနေစေသည်။ သူမက အခန်းအတွင်းမှ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး သတိအပြည့်ဖြင့် အတွင်းထဲသို့ စိုက်လိုက်နေခဲ့သည်။
"အစ်မ ဘာတွေကြည့်နေတာလဲ?"
ရုတ်တရက် ယန်ရုရွှယ်၏အသံက သူမနောက်မှ ထွက်လာပြီး ထိုအသံက သိပ်မကျယ်သော်လည်း ယန်ရုပင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူမ၏လက်ဖဝါးများတွင် ချွေးအေးများ ဖုံးလွှမ်းလာပြီး သူမက သူမ၏ရင်ဘတ်ကို သူမ၏လက်ဖဝါးဖြင့်အုပ်ကာ ညီမဖြစ်သူ့ကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။
"မင်း...မင်း ဘာလို့ ပြန်လာတာလဲ?"
"ဒုတိယအစ်မမှာ စက္ကူဖြတ်စ မရှိမှာကို တွေးမိသွားလို့ ပြန်လာခဲ့တာ"
ယန်ရုရွှယ်က ယန်ရုပင်းထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရပြီး သူမ၏လှပသော မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။ သူမက အစ်မဖြစ်သူနှင့် စကားပြောနေသော်လည်း သူမ၏အကြည့်များက အစ်မဖြစ်သူကို ကျော်ကာ အခန်းထဲသို့ လှမ်းကြည့်နေလေသည်။
"ရုရွှယ်၊ အိမ်ရှေ့ကို အရင် သွားကြရအောင်။ ငါ ရုတ်တရက် သန့်စင်ခန်းကို မသွားချင်တော့ဘူး”
သူမ၏ညီမက အိပ်ခန်းထဲသို့ ဝင်တော့မည်ကို မြင်လိုက်ရသောကြောင့် ယန်ရုပင်းက သူမ၏ညီမကို အမြန်ပြန်ဆွဲခေါ်လိုက်သည်။ သို့သော် သူမညီမ၏လက်များက အေးစက်နေမှန်း သိလိုက်ရသောကြောင့် ယန်ရုပင်းက ညီမလေးဖြစ်သူ၏လက်ကို သူမ၏လက်ဖြင့် အမြန် အုပ်ကိုင်ပေးလိုက်ပြီး စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
“အေးနေပြီလား? အစေခံတွေကို မင်းအတွက် အပေါ်ရုံတစ်ထည် ယူလာခိုင်းလိုက်မယ်"
"မလိုပါဘူး။ အစ်မ၊ တံခါးအပြင်မှာ စောင့်နေလေ၊ ကျွန်မဘာသာ ကြိုက်တာ သွားရွေးလိုက်မယ်"
ယန်ရုရွှယ်က သူမ၏အစ်မကို အပြင်သို့ ဆွဲထုတ်လိုက်ပြီး အိမ်ထဲသို့ ဝင်သွားကာ စကားမဆုံးခင် တံခါး ပြန်ပိတ်လိုက်သည်။ သူမက အလွန်လျင်မြန်သောကြောင့် ယန်ရုပင်းတစ်ယောက် တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ပေ။
တင်းတင်းကြပ်ကြပ် ပိတ်သွားသောတံခါးကို ကြည့်နေရင်း ယန်ရုပင်းတစ်ယောက် ချွေးအေးများ ထွက်လာပြန်သည်။ သူမက သူမအတွက် အန္တရာယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တံခါးကို ပြန်တွန်းဖွင့်ကာ အထဲသို့ ပြေးဝင်သွားပြီး ယန်ရုရွှယ်ကို သူမနောက်သို့ ဆွဲခေါ်ကာ ကာကွယ်ပေးထားလိုက်သည်။ ထို့နောက် သူမက ကုတင်အောက်နှင့် ဗီရိုဆီသို့ လှမ်းကြည့်ရင်း လှမ်းအော်လိုက်သည်။
"ထွက်လာခဲ့စမ်း၊ ဒါက လောချန်က စီရင်စုအမတ်မင်းရဲ့ညီမ ပိုင်တဲ့ အိမ်တော်ပဲ။ မင်း အခု ထွက်လာရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်။ မင်းအသိစိတ်နဲ့ မင်း ထွက်လာရင် မင်းကို လောချန်ရဲ့အကျဥ်းထောင်ကို ပို့ရုံပဲ အပြစ်ပေးမယ်"
ယန်ရုရွှယ်က သူမ၏အစ်မ အိမ်ထဲသို့ လိုက်ဝင်လာမည့်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက အလွန်ကြောက်လန့်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်လာသလို ခံစားရသောကြောင့် သူမက ယန်ရုပင်းကို တံခါးအပြင်သို့ ပြန်ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။
“ဒုတိယအစ်မ၊ အစ်မ မှားနေပြီ။ ဒီအခန်းထဲမှာ ဘယ်သူမှ မရှိဘူး"
သို့သော်လည်း ယန်ရုရွှယ်က ပြင်းထန်သောရောဂါမှ ပြန်လည်သက်သာလာစဖြစ်ပြီး အလွန်အမင်းလည်း စိတ်လှုပ်ရှားနေသောကြောင့် ချွေးအေးများ ထွက်လာကာ တုန်တုန်ယင်ယင် ဖြစ်လာပြီး ယန်ရုပင်းကို ခြေလှမ်းနှစ်လှမ်းလောက်သာ ဆွဲခေါ်နိုင်ခဲ့သည်။
"ရုရွှယ်၊ မကြောက်ပါနဲ့။ ဒုတိယအမ ရှိတယ်!"
ညီမဖြစ်သူ၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရသဖြင့် ယန်ရုပင်းက ယန်ရုရွှယ် နှင်းဆီသစ်သားကုလားထိုင်ပေါ်တွင် ထိုင်နိုင်ရန် အမြန် ကူညီပေးလိုက်သည်။ ယန်ရုရွှယ်က စကားမပြောနိုင်တော့သည်အထိ အလွန့်အကျွံ စိတ်လှုပ်ရှားနေပြီး သူမ၏အစ်မကို အတင်းဆွဲထားကာ သူမ၏အိပ်ခန်းထဲသို့ ဝင်ခွင့် မပြုခဲ့ပေ။
ယန်ရုရွှယ်က သူမ၏ညီမကို သူမ၏လက်နှစ်ဖက်ဖြင့် ကမန်းကတန်း ကာကွယ်ပေးနေထားပြီး သူမ၏မျက်လုံးများက ကုတင်နှင့် ဗီရိုကို စိုက်ကြည့်နေခဲ့သည်။ အကယ်၍ သူခိုးက ပြေးထွက်လာလျှင်လည်း စားပွဲပေါ်မှ လက်ဖက်ရည်အိုးဖြင့် ရိုက်နှက်ရန် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။
ယန်ရုပင်း၏ အနီးကပ် အစေခံမိန်းကလေးက စူးအိမ်တော်မှ အစောင့်နှစ်ယောက်နှင့်အတူ အမြန် ပြန်ရောက်လာခဲ့သည်။ သူမ၏သခင်မနှင့် ယန်ရုရွှယ်တို့နှစ်ယောက်လုံး အိမ်ထဲတွင် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် အစေခံမိန်းခလေးက အလွန်ထိတ်လန့်သွားပြီး အစောင့်နှစ်ယောက်ကို အမြန် အမိန့်ပေးလိုက်သည်။
"မြန်မြန် အခန်းထဲ ဝင်သွားကြ။ သူခိုးက အိမ်ထဲမှာ ရှိနေတုန်းပဲ!"
အစေခံမိန်းကလေး၏စကားကို ကြားသည်နှင့်တပြိုင်နက် ဓားများကို ကိုင်ဆောင်ထားသည့် အစောင့်နှစ်ယောက်က အခန်းထဲသို့ ပြေးဝင်လာကြသည်။
“ကုတင်အောက်နဲ့ ဗီဒိုထဲကို သေသေချာချာ ရှာကြစမ်း”
စစ်ကူများ ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ယန်ရုပင်းက အိမ်တော်သခင်မတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီး အစောင့်နှစ်ယောက်ကို ရှာဖွေရန် အမိန့်ပေးလိုက်သည်။
“မရှာကြနဲ့။ ထွက်သွား။ မင်းတို့အားလုံး ထွက်သွားကြ"
ဓားရှည်များ ကိုင်ဆောင်ထားသည့် အစောင့်နှစ်ယောက်ကို မြင်လိုက်ချိန်တွင် ယန်ရုရွှယ်က အိပ်မက်မှ လန့်နိုးလာသလို ဖြစ်သွားပြီး ထိုအစောင့်နှစ်ယောက်ကို ပြန်နှင်ထုတ်လိုက်သည်။
"ရုရွှယ်?"
နောက်ဆုံးတွင် ယန်ရုပင်းက ညီမဖြစ်သူ၏ စိတ်အခြေအနေ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ရိပ်မိသွားခဲ့သည်။
အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတာကို ရုရွှယ်က သိနေတာလား? တခြားလူတွေက အဲ့လူကို မြင်သွားမှာကို ရုရွှယ်က ဘာကြောင့် ကြောက်နေတာလဲ?
သူမ၏ညီမလေးနှင့် မတ်ကလေးတို့၏ ပုံမှန်မဟုတ်သော အပြုအမူများကို ပြန်တွေးမိချိန်တွင် လိမ္မာပါးနပ်သော ယန်ရုပင်းက တစ်စုံတစ်ခုကို တွေးတောမိလိုက်ပြီး အစောင့်နှစ်ယောက်နှင့် အစေခံမိန်းကလေးကို အသံတိုးတိုးဖြင့် အမိန့်ထပ်ပေးလိုက်သည်။
"မင်းတို့ အရင်ထွက်သွားပြီး တံခါးကိုပါ ပြန်ပိတ်ပေးခဲ့"
အစပိုင်းတွင် လွမ်ဟုန်က သူမကို ပြန်ပေးဆွဲခဲ့သည့်လူများက သူမ နောက်သို့ လိုက်လာပြီး ဤနေရာသို့ ရောက်လာခဲ့သည်ဟု ထင်နေခဲ့သည်။ ထို့ကြောင့် သူမက အလွန်ကြောက်လန့်နေပြီး သူမ၏လက်ဖျားနှင့် ခြေဖျားများက ရေခဲကဲ့သို့ အေးစက်လာခဲ့သည်။ အစောင့်များ ရောက်လာချိန်တွင် သူမက သူမ၏အမေနှင့် အဒေါ်ဆီသို့ ပြေးလာခဲ့သည်။
သို့သော်လည်း သူမ၏အမေက ဘာကြောင့်မှန်းမသိဘဲ အစောင့်များကို ပြန်မောင်းထုတ်မည်ဟု သူမ မမျှော်လင့်ထားမိပေ။
“အမေ၊ ဒီမှာ လူဆိုးတွေ ပုန်းနေနိုင်တယ်။ မြန်မြန် ထွက်သွားကြရအောင်!"
အစောင့်များ ပြန်ထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် လွမ်ဟုန်က သူမ၏အမေကို အမြန်ပြန်ဆွဲခေါ်လိုက်သည်။
"မင်းလည်း အပြင်မှာ သွားနေလိုက်ဦး"
ယန်ရုပင်းက သူမသမီး၏ပင်ကိုယ်စရိုက်ကို သိနေပြီး သူမ၏သမီးက သူမစိတ်ထဲမှ အရာအားလုံးကို ဖုံးကွယ်မထားနိုင်သောကြောင့် တစ်စုံတစ်ရာ ရှိနေလျှင် သူမ၏သမီးကြောင့် ဖော်ထုတ်ခံရမည်ကို စိုးရိမ်သောကြောင့် သူမ၏သမီးကိုပါ နှင်ထုတ်လိုက်သည်။
“အမေ၊ ဒါက အန္တရာယ်များတယ်။ သမီး အပြင်ထွက်တုန်းက ဘာတွေကြုံခဲ့လဲဆိုတာ အမေ မသိဘူး...”
သူမ၏အမေက သူမကို နှင်ထုတ်ချင်နေကြောင်း နားလည်လိုက်သောကြောင့် လွမ်ဟုန်က စိုးရိမ်တကြီး ခြေထောက်စောင့်လိုက်သည်။ သူမက ကျိရွှေရှန့်၏ညွှန်ကြားချက်များကို မေ့လုနီးနီး ဖြစ်သွားပြီး တစ်ချို့စကားများကို ပြောပြီးချိန်မှ ပြန်မှတ်မိလိုက်သောကြောင့် အထိတ်တလန့်ဖြင့် သူမ၏ပါးစပ်ကို ပိတ်ကာ စကားရပ်လိုက်သည်။
ယန်ရုပင်းက သူမသမီး၏စကားထဲမှ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ချက်ချင်း ရှာတွေ့သွားခဲ့ပြီး သူမ၏သမီး ကြောက်စရာကောင်းသော တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့သည်ဟု တွေးကာ စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"သမီး ဘာတွေကြုံခဲ့လို့လဲ?"
"လုယက်တဲ့သူတွေ"
လွမ်ဟုန်က ကျိရွှေရှန့်၏ညွှန်ကြားချက်များကို ပြန်မှတ်မိသွားပြီ ဖြစ်သောကြောင့် သူမက အမှန်အတိုင်း မပြောဝံ့တော့ဘဲ အကြောင်းပြချက်တစ်ခု ပြန်ပေးလိုက်သည်။
“မြို့ပြင်မှာ သဘာဝဘေးဒုက္ခသည်တွေ ပိုများလာတယ်။ အဲ့တော့ မြို့အတွင်းအပိုင်းရဲ့လုံခြုံရေးကလည်း ဖရိုဖရဲလာမှာပဲ”
ယန်ရုပင်းက သမီးဖြစ်သူ ဓားပြများနှင့် တွေ့ပြီး လုယက်ခံခဲ့ရကြောင်း ကြားလိုက်ရသောကြောင့် သက်ပြင်းချလိုက်မိသည်။
“အခု သမီး အရင်ထွက်သွားလိုက်ဦး။ အမေ သမီးရဲ့တတိယဒေါ်လေးကို ပြောစရာ ရှိတယ်"
“ပြောစရာရှိရင် အပြင်မှာ ပြောလို့ ရတယ်လေ။ အခု သွားကြရအောင်!”
လွမ်ဟုန်၏မျက်က နှာနီရဲလာပြီး သူမက သူမ၏အမေကို ထပ်တိုက်တွန်းလိုက်သည်။ သူမက အမေဖြစ်သူကို သူမ၏လက်တစ်ဖက်ဖြင့် ဆွဲထားပြီး နောက်လက်တစ်ဖက်က တတိယအဒေါ်ကို ဆွဲထားတာ အခန်းထဲမှ ထွက်ရန် ဆွဲခေါ်နေခဲ့သည်။
အစ်မဖြစ်သူက သူမ၏သမီးအား ရှာတွေ့သွားမည်ကို စိုးရိမ်နေသောကြောင့် ယန်ရုရွှယ်က လွမ်ဟုန်၏အကြံပြုချက်ကို အတိအကျ လိုက်နာချင်နေပြီး ယန်ရုပင်းကို ဆွဲခေါ်ကာ လွန်ဟုန်၏နောက်မှ လိုက်သွားချင်နေခဲ့သည်။
ယန်ရုရွှယ်က အပြင်းအထန် နေမကောင်း ဖြစ်နေရာမှ ပြန်လည်သက်သာလာစဖြစ်သောကြောင့် သူမထံတွင် ခွန်အား မရှိသေးပေ။ လွမ်ဟုန်ကလည်း နူးညံ့သိမ်မွေ့သော မိန်းခလေး ဖြစ်ပြီး သူမ၏အမေလောက် မသန်မာပေ။ အဆုံးတွင် သူမတို့နှစ်ဦးက သူမတို့၏ခွန်အားများကို အကုန်အစင် အသုံးပြုခဲ့ကြသော်လည်း ယန်ရုပင်းကတော့ လုံးဝ မရွေ့လာသေးပေ။
"လွမ်ဟုန်၊ ပြသနာ မရှာနဲ့"
ယန်ရုပင်း၏အသံက အေးစက်လာပြီး လွမ်ဟုန်ကို အခန်းထဲမှ တွန်းထုတ်ကာ တံခါးကို အတွင်းဘက်မှ မင်းတုန်းချလိုက်သည်။ သူမက စိတ်ရှုပ်နေပုံရသော သူမ၏ညီမလေးကို လှည့်မေးလိုက်သည်။
"ရုရွှယ်၊ အစ်မကို အမှန်အတိုင်း ပြောဖို့ အချိန်ရောက်ပြီ မဟုတ်လား?"
"ဘာကိုလဲ?"
ယန်ရုရွှယ်က တမင်တကာ နားမလည်ဟန် ဆောင်နေလိုက်သည်။ သူမက ငယ်ငယ်လေးတည်းက တစ်ခါမှ မလိမ်ညာဖူးသောကြောင့် သူမက ငြိမ်သက်နေသည့်ဟန်ပန်ကို တမင်တကာ ဖော်ပြထားသော်လည်း သူမ၏ ပျာယာခတ်နေသော မျက်လုံးများနှင့် တင်းတင်းဆုပ်ထားသော လက်သီးဆုပ်များက သူမ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသနေခဲ့သည်။
ညီမဖြစ်သူက သူမကို မယုံကြည်နိုင်ကြောင်း နားလည်လိုက်သောကြောင့် ယန်ရုပင်းက အလွန် ဝမ်းနည်းသွားပြီး အသက်ကို ပြင်းပြင်းရှူကာ ယန်ရုရွှယ်ကို ထပ်မေးလိုက်သည်။
"ဒီအခန်းထဲမှာ ဘယ်သူ ပုန်းနေတာလဲ? သူ့ကို ခေါ်ထုတ်လိုက်!”
"မရှိဘူး၊ ကျွန်မ ဘယ်သူ့ကိုမှ မဖွတ်ထားပါဘူး"
အစ်မဖြစ်သူ၏စကားကို ကြားလိုက်ချိန်တွင် ယန်ရုရွှယ်က ထိတ်လန့်သွားပြီး ဗီရိုဆီသို့ စိတ်မသက်မသာ လှမ်းကြည့်လိုက်မိသည်။
သူမတို့တွေ ဒီအခန်းထဲကို ဝင်လာပြီး ဆူညံနေတာ အကြာကြီး ရှိနေပြီ။ သမီးလေးကြောက်နေလောက်ပြီလား?
သူမ၏သမီးလေး ထိတ်လန့်နေမည်ဟူသော အတွေးကြောင့် ယန်ရုရွှယ်၏နှလုံးသားက နာကျင်လာပြန်သည်။ ထို့ကြောင့် သူမက ယန်ရုပင်းကို တောင်းပန်လိုက်သည်။
“ဒုတိယအစ်မ... ကျေးဇူးပြုပြီး ဒီကိစ္စကို ဒီထားလိုက်ပါ။ ကျွန်မ တောင်းဆိုပါတယ်... နော်... အဆင်ပြေတယ်မလား?"
"ရုရွှယ်၊ ဘာပဲဖြစ်ဖြစ် အစ်မကို မင်းကို ကာကွယ်ပေးမယ်ဆိုတာကို မင်း မှတ်ထားရမယ်။ ဒီအစ်မက မင်းကို ဘယ်တာ့မှ ဒုက္ခပေးမှာ မဟုတ်ဘူး"
သူမ၏ညီမက နှိမ့်နှိမ့်ချချ တောင်းဆိုနေသည်ကို မြင်လိုက်ရသောကြောင့် ယန်ရုပင်းက ပို၍ပင် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
ရုရွှယ်က သူမကို ဘာလို့ မယုံတာလဲ?
သူမက ရိုးရိုးရှင်းရှင်း ဖွင့်မေးလိုက်သည်။
"ရှီအာ ပြန်လာပြီလား?"
အစ်မဖြစ်သူ၏စကားက ယန်ရုရွှယ်ကို မိုးကြိုးပစ်ခံသလို ခံစားရစေပြီး သူမက အမှတ်တမဲ့ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး၊ ပြန်မလာပါဘူး"
"ရုရွှယ်၊ ငယ်ငယ်လေးကတည်းက မင်းက ဘယ်လိုလိမ်ရမှန်း မသိခဲ့ဘူး။ မင်း လိမ်ညာနေတဲ့အခါ မင်းက လူတွေကို မကြည့်ရဲဘူး"
ယန်ရုပင်းက ယန်ရုရွှယ်၏တောင်းဆိုမှုကို လျစ်လျူရှုကာ ဗီရိုဆီသို့ လျှောက်သွားလိုက်သည်။