ခေါင်းပုံဖြတ်သူများ
Vol. 13 Ch. 193
"ဘယ်သူမှ မရှိဘူး?"
ယန်ရုပင်းက ဗီရိုအတွင်းရှိ အဝတ်အစားများ အားလုံးကိုပင် ဆွဲထုတ်ခဲ့သော်လည်း အတွင်းထဲတွင် ပုန်းအောင်းနေသည့် တစ်စုံတစ်ယောက်ကိုမျှ သူမ မတွေ့ခဲ့ရပေ။ သူမက သူမ၏ညီမကို လှည့်ကြည့်လိုက်ပြီး သူမ၏ညီမလေးကလည်း အံ့အားသင့်နေသည်ကို မြင်လိုက်ရသောကြောင့် သူမက လူတစ်ယောက် ပုန်းခိုနိုင်လောက်မည့် ကုတင်ပေါ်သို့ တက်သွားပြီး ကုတင်၏ကန့်လန့်ကာများကို မတင်လိုက်သည်။
ယန်ရုပင်းက ကုတင်၏ဘေးဘက်သို့ ထပ်ကပ်သွားလိုက်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။
“ထွက်လာခဲ့... ငါ မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး"
သူမ၏အစ်မက ထိုကဲ့သို့ ပြောနေသောကြောင့် ယန်ရုရွှယ်က အလွန်ကြောက်လန့်နေခြင်းမျိုး မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ်... ဖုံးကွယ်လို့ မရတော့ရင်တောင် ရှီအာကို အပြင်ထွက်လာခိုင်းပြီး သူမရဲ့အစ်မနဲ့ တွေ့ခွင့်ပေးလိုက်မယ်။ သူမရဲ့အစ်မကလည်း ရှီအာကို သနားနေတော့ သူမက ရှီအာအတွက် အသနားခံပေးလိမ့်မယ်။
ကုတင်အောက်က အလွန်ညစ်ပတ်သောနေရာ ဖြစ်ပြီး အလွန်လည်း နိမ့်နေသောကြောင့် သူမ၏သမီးလေးက ထိုအောက်တွင် ဒုက္ခရောက်နေရမည်ကို တွေးမိလာသော ယန်ရုရွှယ်က သူမ၏အစ်မကို ကူညီကာ သမီးဖြစ်သူကို ထွက်လာရန် လှမ်းပြောလိုက်သည်။
"ရှီအာ၊ ဒါက သမီးရဲ့ဒုတိယအဒေါ်ပါ၊ သမီးရဲ့အဒေါ်က သမီးကို ဒုက္ခပေးမှာ မဟုတ်ပါဘူး"
ယန်ရုရွှယ်က တိုးတိုးလေး လှမ်းပြောလိုက်သော်လည်း မည်သူကမျှ အဖြေပြန်မပေးခဲ့ပေ။ ယန်ရုရွှယ်က စိတ်ပူလာပြီး။ သူမ၏နုနယ်ပြီး အားနည်းနေသော ခန္ဓာကိုယ်ကို လျစ်လျူရှုကာ ဒူးထောက်လိုက်ပြီး ကုတင်အောက်သို့ ငုံကြည့်လိုက်သည်။
ယန်ရုပင်းက သူမကို အမြန် ပြန်ဆွဲထူလိုက်ပြီး “ကြမ်းပြင်က အရမ်းအေးတယ်။ မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက်အေးနေတာကို ဘာလို့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်ရတာလဲ?”
"ရှီအာ၊ မြန်မြန် ထွက်လာခဲ့။ သမီး စိတ်မပူပါနဲ့။ အဒေါ် မင်းကို ဒုက္ခမပေးပါဘူး"
ယန်ရုပင်းက သူမ၏ညီမကို ကုတင်ပေါ်သို့ ဆွဲတင်လိုက်ပြီး ထပ်ပြောလိုက်သော်လည်း ဘာသံမှ မထွက်လာသေးပေ။
"ရှီအာ.... သမီး ဘယ်မှာလဲ? ရှီအာ?"
ယန်ရုရွှယ်က ထိတ်လန့်သွားပြီး သမီးဖြစ်သူ၏အမည်ကို အသံကျယ်ကျယ်ဖြင့် အော်လိုက်ကာ သူမ၏ဒုတိယအစ်မကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူမက ကြမ်းပြင်ပေါ်သို့ ဝပ်ချလိုက်ကာ ကုတင်အောက်သို့ ငုံ့ကြည့်နေပြန်သည်။
ကုတင်အောင်မှာ ဘာမှ မရှိဘူး။ ရှီအာက ဘယ်မှာလဲ?
ယန်ရုရွှယ်က လဲပြိုကျသွားပြီး သူမ၏ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျလာကာ ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ထို့နောက် သူမက ကြောင်တက်တက်ဖြင့် သမီးဖြစ်သူ၏အမည်ကို ရေရွတ်နေပြန်သည်။
"ရှီအာ၊ ရှီအာ၊ မြန်မြန် ထွက်လာခဲ့ပါ"
အခန်းထဲတွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ရသောကြောင့် ယန်ရုပင်းက သူမ အတွေးလွန်သွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ညီမက သူမ နေမကောင်းသည့်အချိန်များတွင် ရှီအာ၏အမည်ကို ခေါ်တက်ပြီး “ရှီအာ ပြန်လာပြီ”ဟု မကြာခဏ ပြောလေ့ရှိသည်။ ယန်ရုပင်းက သူမ၏ညီမကို ကိုဘ်ကိုကိုယ့် နှိပ်စက်နေသည်အား ထပ်မြင်လိုက်ရပြီး ညီမဖြစ်သူကို နှစ်သိမ့်ပေးရန် ပွေ့ဖက်လိုက်သည်။
"ရုရွှယ်၊ စိတ်မကောင်း မဖြစ်ပါနဲ့။ ရှီအာက ပြန်လာမှာပါ"
"အစ်မ၊ သူ(မ) ပြန်လာပြီ။ ရှီအာက ပြန်လာပြီ"
ယန်ရုရွှယ်က အစ်မဖြစ်သူ၏ ရင်ခွင်ထဲတွင် ခိုကိုးရာမဲ့ လှဲလျောင်းနေပြီး သူမ၏မျက်လုံးများမှ မျက်ရည်များစီးကျနေပြန်သည်။
ဒါက နောက်ထပ် အိမ်မက်တစ်ခုဆိုတာကို သူမ လုံးဝ မယုံနိုင်သေးဘူး။ သူမရဲ့သမီးလေးက သူမကို ပွေ့ဖက်ထားတာကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်တယ်။ သမီးလေးရဲ့ရင်ခွင်ထဲမှာနေရတာက အရမ်း နွေးထွေးတယ်။
"ထိုင်ပြီး ရေသောက်လိုက်ဦး"
ယန်ရုပင်းက သူမ၏ညီမလေး နာကျင်ကြေကွဲနေသည်ကို မြင်နေရသောကြောင့် သူမ၏နှလုံးသားကိုလည်း ဓားဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ ရှီအာအကြောင်းကို ထပ်ပြောမိသည့်အတွက်လည်း နောင်တရနေမိသည်။
ယန်ရုပင်းက ယန်ရုရွှယ် ထိုင်နိုင်ရန် ကူညီပေးလိုက်ပြီး ရေယူရန် ပြန်လှည့်လိုက်ချိန်တွင် စားပွဲပေါ်တွင် တင်ထားသည့် ဆေးတစ်ထုပ်နှင့် စာတစ်စောင်ကို လှမ်းမြင်လိုက်ရသည်။
"ဒါက ဘာလဲ?"
ယန်ရုပင်းက စာကို ကောက်ကိုင်လိုက်ပြီး ထိုစာရွက်ပေါ်တွင် ရေးထားသည့် စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။
“အဖေ၊ အမေ၊ ရှီအာက အမေ့ကို ကူညီဖို့ အနှစ်တစ်ထောင်လင်ဇီး သွားရှာလိုက်ဦးမယ်၊ လင်ဇီးကို တွေ့တာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။ အမေတို့ စိတ်မပူပါနဲ့၊ ဒီဆေးထုပ်က အမေ့ကို ပြန်လည်ကျန်းမာလာစေလိမ့်မယ်။ အမေက ကိုယ်ကိုကိုယ် ဂရုစိုက်လိမ့်မယ်လို့ သမီး မျှော်လင့်တယ်!”
ထိုစာကြောင်းများက ဝါကျတိုလေးများသာ ဖြစ်သော်လည်း ရှီအာ တကယ် ပြန်လာခဲ့ကြောင်း သက်သေပြနေခဲ့သည်။
စူးချင်းက စူးအိမ်တော်၏ခေါင်မိုးပေါ်မှ ထွက်ခွာသွားခဲ့ပြီး နွေးထွေးသော အိမ်လေးကို ပြန်လှည့်ကြည့်လိုက်မိချိန်တွင် သူမ၏နှလုံးသားထဲမှ တွန့်ဆုတ်နေသော ဆန္ဒတစ်ခုကို သူမ ခံစားလိုက်ရသည်။
ဒီဘဝမှာ ပြန်လည်မွေးဖွားလာပြီးကတည်းက နွေးထွေးတဲ့အိမ်လေးတစ်လုံး ရှိပြီး ငြိမ်းချမ်းတဲ့ ဘဝနဲ့ နေထိုင်ဖို့ဆိုတဲ့ အတွေးတစ်ခုကိုပဲ သူမ တွေးထားခဲ့တာပါ။
အခု အဲ့လို ဘဝကို ရလာခဲ့ပေမယ့် သူမရဲ့မိဘတွေနဲ့ မောင်ငယ်လေးကို ကာကွယ်ပေးဖို့ သူမ ထွက်ခွာသွားတော့ရမယ်။ အနှစ်တစ်ထောင်လင်ဇီးကို ရှာဖွေဖို့ကလည်း သူမရဲ့ဦးစားပေး အလုပ်ပါပဲ။ သနားစရာကောင်းတဲ့ သူမရဲ့မိခင်ကို သူမ ကယ်တင်ပေးရမယ်။
စူးမိသားစုမှ ထွက်လာပြီးနောက်တွင် သူမ၏အဖေက သူမအား လိုက်ရှာမည်ကို စိုးရိမ်သောကြောင့် စူးချင်းက အထည်ဆိုင်သို့ မသွားတော့ပေ။ ကျိရွှေရှန့်နှင့် သူမ၏သဘောတူညီချက်ကို ပြန်တွေးမိချိန်တွင် ယခုအချိန်၌ သူမ လောချန်မှ ထွက်ခွာသင့်ပြီဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
သို့သော်လည်း စူးချင်းက အလျင်စလို ပြန်မထွက်ချင်သေးပေ။ သူမတို့ ခရီးဆက်ရမည့် လမ်းတစ်လျှောက်တွင် စပါးဆိုင်များ မရှိတော့ဘဲ စားနပ်ရိက္ခာများ မဝယ်နိုင်မည်ကို စိုးရိမ်သောကြောင့် စူးချင်းက ကောက်နှံများဝယ်ရန် စပါးဆိုင်သို့ အရင် သွားလိုက်သည်။
“ယုံဝမ် ကောက်နှံဆိုင်” ဟု အမည်ပေးထားသော ဆိုင်တစ်ဆိုင်ကို သူမ ရှာတွေ့ခဲ့ပြီး ထိုဆိုင်၏ရှေ့တွင် တံခါးပေါက် တစ်ဒါဇင်ကျော်ရှိသောကြောင့် ဤစပါးဆိုင်က ကြီးမားသည်ဟု ဆိုနိုင်သည်။ နေ့လည်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ကောက်နှံဆိုင်တွင် မနက်ကလောက် လူများများစားစား မရှိတော့ဘဲ သူမ ဝင်တန်းစီမည် ဆိုလျှင် လက်ဖက်ရည်တစ်ခွက်ကုန်စာလောက်သာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
သို့သော်လည်း သူမ ဝင်တန်းစီပြီးပြီးချင်းတွင် ဆိုင်အကူတစ်ယောက် ထွက်လာပြီး မူရင်းစျေးနှုန်းအား ပြောင်းလဲလိုက်သည်ကို သူမ တွေ့လိုက်ရသည်။
မူလက ငွေတလျန်ဖြင့် ဆန်လုံးညို လေးရှီ ဝယ်နိုင်သော်လည်း ယခု ငွေတလျန်လျှင် ဆန်လုံးညို သုံးရှိသာ ရနိုင်တော့သည်အထိ စျေးတက်သွားခဲ့သည်။ ထိုဈေးက ဓားပြတိုက်သလို ဖြစ်နေသောကြောင့် လူတန်း၏အနောက်ဘက်မှ သာမန်လူများက ပေါက်ကွဲကုန်ကြသည်။
"ဘာလို့ ဈေးက ခဏခဏ တက်နေတာလဲ?"
“ဒါက လှည့်စားနေတာ မဟုတ်ဘူးလား? တစ်ရက်တည်းကို နှစ်ခါတောင် ဈေးတက်တယ်။ ပြီးတော့ စျေးက ဘာကြောင့် ဒီလောက် တက်လာတာလဲ? မင်းတို့က အရမ်း ရက်စက်လွန်းတယ်။"
စူးချင်း၏အမူအရာကလည်း အလွန် ဆိုးရွားနေပြီ ဖြစ်သည်။
မနက်စောစောတုန်းက ဈေးတက်ထားတာနဲ့ ပတ်သက်ပြီး သူမ ဘာမှ မပြောချင်ဘူး။ အခု လူတွေ အများကြီး ဝယ်နေတာကို တွေ့မှ စျေးနှုန်းကို ထပ်မြှင့်တယ်ပေါ့၊ ဒါက ခေါင်းပုံဖြတ် အမြတ်ကြီးစားတာပဲ။
"မင်းတို့က ဘာလို့ ဒီလောက် အော်ဟစ်နေရတာလဲ? ဒုက္ခသည်တွေက နေရာအနှံ့ ဖြစ်နေပြီ၊ စားနပ်ရိက္ခာတွေကို သယ်လို့ မရတော့ဘူး။ မနက်ဖြန်လည်း ဈေးထပ် တက်ဦးမှာပဲ။ ဈေးကြီးတယ်ထင်ရင် ဘာမှ မစားကြနဲ့။ မြေကြီးပဲ စားရင်တော့ ပိုစျေးသက်သာလိမ့်မယ်”
ဆိုင်အကူကပင် အလွန်ရိုင်းစိုင်းလွန်းပြီး လူအများက သူတို့၏ထင်မြင်ချက်ကို ကြားရချိန်တွင် သူက စူးစူးဝါးဝါး ပြန်လိုက်အော်သည်။ လူအများက ဒေါသထွက်နေကြသော်လည်း ဘာမှ မတက်နိုင်ကြပေ။
သူတို့ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ အဲဒါကို ဝယ်ရမယ်၊ မဝယ်ရင်လည်း မနက်ဖြန် ဈေးက ထပ်တက်ဦးမယ်။ ဒီအချိန်က ကပ်ဘေးကာလဖြစ်နေတော့ စပါးရောင်းတဲ့သူတွေ သူဌေးဖြစ်မှာ သေချာတယ်။
ကောက်နှံလာဝယ်သူများက သူတို့၏စကားကို ရပ်တန့်လိုက်သောကြောင့် ဆိုင်အကူက ဂုဏ်ယူနေဟန်ဖြင့် မော့ကြည့်လိုက်ပြီး တန်ဖိုးကြီးသော အဝတ်အစားများ ဝတ်ဆင်ထားသော စူးချင်း၏အေးစက်စက်မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ သူက စူးချင်းကို တခြားလူများကဲ့သို့ မအော်ဟစ်ရဲဘဲ အပြုံးဖြင့် လှမ်းမေးလိုက်သည်။
"လူကြီးမင်း၊ ဆန်ကောင်းဆန်သန့် တွေရပါတယ်၊ ဘယ်လောက် ဝယ်ချင်ပါလဲ?"
ဒီလို ကောင်းမွန်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ သခင်လေးက ဆန်လုံးညိုတွေ ဝယ်မှာ မဟုတ်ဘူး။ သာမာန်လူတွေပဲ အဲဒီလိုအရာတွေကို စားတာလေ...
ဆိုင်အကူက သူ့အတွေးနှင့်သူ စူးချင်းကို ‘ဆန်ကောင်း ဘယ်လောက်ဝယ်ချင်လဲ?’ ဟု တိုက်ရိုက် မေးလိုက်သည်။
စူးချင်းက ဆန်လုံးညိုများကို ညွှန်ပြလိုက်ပြီး။
“ဒါကို လိုချင်တယ်။ အခုန ပေါက်ဈေးအတိုင်း ရှီတစ်ရာ လိုချင်တယ်”
ဆိုင်အကူက အံ့အားသင့်သွားသည်။
ဒီသခင်လေးက ဆန်လုံးညိုလိုချင်တာတဲ့လား?
“လူကြီးမင်း၊ ဒါကို ငါတို့ တကယ်မပေးနိုင်ဘူး။ စပါးတွေကို မသယ်နိုင်တော့ ဈေးက တက်နေတယ်။ ငါတို့လည်း အရှုံးနဲ့ မရောင်းနိုင်ဘူးလေ ဟုတ်တယ်မလား?”
စူးချင်းက သူ့စကားကို နားမထောင်ဘဲ အေးစက်စက် ထပ်ပြောလိုက်သည်။
“ငါ ပေးတဲ့ စျေးနှုန်းအတိုင်း မရရင် မင်းရဲ့ခွေးသွားတွေကို ရိုက်ချိုးပစ်မယ်!”
ထိုသခင်လေးက အသေးအမွှား မဟုတ်ဘဲ သူ ငြင်းဆန်ရန် မဖြစ်နိုင်ကြောင်း နားလည်သွားချိန်တွင် ဆိုင်အကူက ခေါင်းငုံ့လိုက်ပြီး စူးချင်းကို တောင်းပန်စကားဆိုလိုက်သည်။
“လူကြီးမင်း၊ ကျေးဇူးပြုပြီး ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့။ ငါက ဆိုင်အကူယောက်ပါ။ စျေးနှုန်းကို ဆိုင်ရှင်က သတ်မှတ်ပေးတာပါ”
စူးချင်း၏အကြည့်များက ပို၍ အေးစက်လာပြီး သူမ၏တင်းမာသော သဘောထားကို နားလည်သွားသော ဆိုင်အကူက သူ့၏သူဌေးထံသို့ အစီရင်ခံရန် အမြန် ပြန်ပြေးသွားခဲ့သည်။
အတွင်းဘက်မှ အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်ဖက်ရည်အိုးကို ကိုင်ဆောင်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ စူးချင်းက ချမ်းသာပြီး မြင့်မြတ်သူတစ်ဦးကဲ့သို့ ၀တ်ဆင်ထားသည်ကို မြင်လိုက်ရသဖြင့် သူက ဆိုင်အကူအား ညွှန်ကြားချက်အနည်းငယ် ထပ်ပေးလိုက်သည်။ ဆိုင်အကူက အပြင်ဘက်သို့ ပြန်ထွက်လာပြီး သူ၏အသံကို လျှော့ချကာ စူးချင်းကို ချော့မော့လိုက်သည်။
“လူကြီးမင်း၊ လူကြီးမင်းက နည်းနည်းလောက် လျှော့ယူမယ် ဆိုရင်ရော။ ကျွန်တော်တို့က လူကြီးမင်းကို ရောင်းပေးမှာပါ။ ဒါပေမယ့် လူကြီးမင်း လိုချင်တာက အရမ်း များနေတယ်။ ကျွန်တော်တို့ ဆိုင်မှာ ဆန်လုံးညို များများစားစား မရှိဘူး။ တခြားသာမာန်လူတွေအတွက်လည်း ချန်ထားပေးရဦးမယ်"
“ရှီငါးဆယ်”
စူးချင်းက ပမာဏကို ထက်ဝက်လျှော့ချပေးလိုက်သည်။
ဒီနေ့ရဲ့ အခြေအနေက တော်တော် ထူးခြားပြီးနေပြီ၊ သူမ ဒုက္ခတွေ ထပ်မရှာချင်တော့ဘူး။ မဟုတ်ရင် သူမ စိတ်ထိန်းနိုင်မှာ မဟုတ်တော့ဘူး။ သူမ စစ်နတ်ဘုရားဖြစ်နေတဲ့အချိန်က စိတ်မျိုးနဲ့ဆိုရင် ဒီလို ဘေးအန္တရာယ်ကျရောက်ချိန်မှာ စျေးတင်ပြီး အမြတ်ထုတ်နေတဲ့ လူတွေကို ဘာမှမပြောဘဲ သတ်ပစ်ပြီးနေလောက်ပြီ။
ဆိုင်အကူက စိတ်ရှုပ်နေပုံဖြင့် စူးချင်းကို ခဏလောက်စောင့်ခိုင်းကာ သတင်းပို့ရန် ပြေးထွက်သွားပြန်သည်။
စူးချင်းက ဆိုင်ထဲသို့ လှမ်းကြည့်လိုက်ပြီး ဆိုင်အကူနှင့် စကားပြောနေသည့်လူအား လှမ်းတွေ့လိုက်သည်။ သူက မှောင်ရိပ်ထဲတွင် ပုန်းနေပြီး လူအများကို ကြည့်နေသော သူ့မျက်လုံးများက ယုတ်မာပြီး ကောက်ကျစ်သော မြေခွေးတစ်ကောင်၏ခံစားချက်ကို ပေးနေခဲ့သည်။
စူးချင်းက သူ့ကို လှမ်းကြည့်နေသည်ကို မြင်သွားချိန်တွင် သူဌေးက ခေါင်းညိတ်ပြလိုက်သောကြောင့် ဆိုင်အကူက ဝမ်းသာအားရ ပြန်ပြေးလာခဲ့သည်။
“လူကြီးမင်းလေး... လူကြီးမင်းက ကံကောင်းတယ်။ ကျွန်တော်တို့ သူဌေးက လူကြီးမင်းနဲ့ မိတ်ဖွဲ့ချင်တာကြောင့် လူကြီးမင်း တောင်းဆိုတဲ့ ပမာဏကို ရောင်းပေးပါ့မယ်"
စူးချင်းက သူမ၏ခေါင်းကို ထပ်မော့ကြည့်လိုက်ရာ ဆိုင်ရှင်က သူမကို ပြုံးပြနေပြီး ထိုအပြုံးက အကြံအစည်များဖြင့် ပြည့်နှက်နေသဖြင့် သူမ၏ဦးရေပြားများကို ထုံကျင်သွားစေခဲ့သည်။
စူးချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီစပါးဆိုင်ရဲ့ပိုင်ရှင်က သာမန်ကုန်သည် မဟုတ်ဘူးပဲ။
"လူကြီးမင်း၊ လူကြီးမင်းရဲ့ကောက်နှံတွေ ထုတ်ပိုးပြီးရင် ဘယ်အိမ်တော်ဆီ ပို့ပေးရမလဲ?"
ဆိုင်အကူက စပါးချိန်ရန် ထွက်သွားပြီး ဆန်လုံးညို ရှီငါးဆယ်ကို အိတ်ငါးဆယ်အတွင်းသို့ ထည့်နေရင်း ပို့ရမည့်နေရာကို လှမ်းမေးလိုက်သည်။
“ဒီမှာ အရင် ချထားလိုက်။ ငါ လှည်းသွားယူ လိုက်မယ်"
စူးချင်းက သူ၏ရည်ရွယ်ချက်ကောင်းကို လျစ်လျူရှုကာ ထွက်ခွာသွားခဲ့သည်။
စူးချင်းက မူရင်းဈေးဖြင့် ဝယ်သွားသည်ကို မြင်နေရသောကြောင့် အနောက်မှ လူများကလည်း တူညီသောဈေးဖြင့် ဝယ်ချင်နေကြသည်။ ဆိုင်အကူက စူးချင်းအပေါ်တွင် ထားသည့် နှိမ့်ချသောသဘောထားကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ထိုလူများကို အော်ဟစ်လိုက်သည်။
စူးချင်းက စပါးဆိုင်၏ရှေ့တံခါးမှ ထွက်လာခဲ့ပြီး သူမက လှည်းကို အလျင်စလို မရှာဖွေခဲ့ပေ။ သူမက စပါးဆိုင်၏အနောက်ဘက်သို့ သွားလိုက်ပြီး စပါးများကို သယ်နေရင်း အလုပ်ရှုပ်နေကြသည့်လူများကို တချက်သွားကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် စပါးအိတ်များပေါ်မှ စကားလုံးများက သူမ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။