မင်းကတော့ အမှိုက် မဟုတ်ဘူးပေါ့... အဲ့တာဆိုရင် မင်း လာခဲ့
Vol. 13 Ch. 181
ထိုလူအုပ်စုက မရိုးရှင်းကြောင်း စူးချင်း၏ ပင်ကိုယ်အသိက သူမကို သတိပေးနေခဲ့သည်။ လူများကို ကယ်တင်ပေးခြင်းက ကုသိုလ်ပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသမီးများကို လူကုန်ကူးနေသော အဖွဲ့ကို ဖျက်ဆီးပေးခြင်းက ပို၍ ကောင်းမွန်သော ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအရာက သူမအတွက် အဆင့်တက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သောကြောင့် စူးချင်းက လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။
"မင်း သိချင်လား? မင်း သိချင်ရင် ငရဲမင်းဆီကို သွားမေးလိုက်”
ဤလူငယ်လေးက ဤမျှရဲရင့်လိမ့်မည်ဟု သခင်ကြီးလုက မထင်ထားခဲ့ပေ။ သူ၏အပြုံးက နွေဦးလေပြေကဲ့သို့ နူးညံ့နေသော်လည်း သူ့စကားများက သူ့၏လူသတ်ချင်စိတ်ကို ဖော်ပြနေခဲ့သည်။
"ငရဲမင်းက ငါ့ကို လက်မခံဘူး" စူးချင်းက သူမ၏မေးစေ့ကို ပင့်မော့ကာ ပြန်ပြောလိုက်ပြီး ခဏအကြာတွင် သူမက အေးစက်စွာ ထပ်ပြောလိုက်သည်။ "ငါ မင်းကို အဲဒီကို ပို့ပေးမယ်!"
သူမ၏လေသံက သခင်ကြီးလု ပြောခဲ့သည့်လေသံထက် ပိုမောက်မာနေပြီး သခင်ကြီးလုက မျက်ခုံးပင့်ကာ သူမကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူ့အကြည့်များက စူးချင်း၏အေးခဲနေသော မျက်လုံးများနှင့် ဆုံလိုက်ချိန်တွင် သူက ချက်ချင်းဆိုသလို တစ်ဖက်လူ၏သတ်ဖြတ်ခြင်းရောင်ဝါကို ခံစားလိုက်ရသည်။
သခင်ကြီးလုက မျက်မှောင်ကြုတ်လိုက်သည်။
ဒီကောင်လေးမှာ ဒီလောက် ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ရှိနေတာလား? သူက အားနည်းတဲ့ သခင်ငယ်လေးတစ်ယောက် ဆိုတာ သိသာနေပေမယ့် ဘာလို့ သူ့မှာ ဒီလောက် ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းရောင်ဝါ ရှိနေရတာလဲ?
စူးချင်းဆီမှ ဖိနှိပ်ခံရမှုက သခင်ကြီလုကို ပိုဒေါသထွက်သွားစေပြီး သူက လှောင်ပြောင်လိုက်သည်။
"ဟား၊ မင်းက တော်တော် မောက်မာတာပဲ"
ထို့နောက် သခင်ကြီးလုက သူ့၏နောက်လိုက်များကို အေးစက်စွာ အမိန့်ပေးလိုက်သည်။
"သူ့ကို ပါးပါးလှီးပြီး အသားတွေကို အချဥ်သိပ်လိုက်ကြ၊ သူ ဘယ်လိုမောက်မာနိုင်ဦးမလဲလို့ ကြည့်ရအောင်"
လူမိုက်များက ဆရာကြီးလု၏အမိန့်ကို စောင့်နေခြင်းဖြစ်ပြီး သခင်က အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် လူမိုက်များက သူတို့၏ဓားကို မြှောက်လိုက်ပြီး စူးချင်း၏ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
စူးချင်း၏ရွှေ့လျားမှုပုံသဏ္ဍာန်က လေပြင်းနှင့် ဆင်တူပြီး လူမိုက်များက သူမ၏ လှုပ်ရှားမှုများကိုပင် မမြင်နိုင်မီ သူမ၏ကန်ချက်ကို လက်ခံလိုက်ရသည်။
စူးချင်းက သူတို့ကို အသေသတ်ရန် ဆုံးဖြတ်ထားခဲ့သည်။ သူမ၏ စစ်နတ်ဘုရား စွမ်းရည်က ၃၁ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သောကြောင့် သူမ၏ ကန်ချက်က ကျင်းတစ်ရာကျော်လေးသည့်ကျောက်တုံးကိုပင် အလွယ်တတူ ကျိုးပဲ့သွားအောင် ဖျက်ဆီးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
လူမိုက်များအားလုံးနီးပါး အရိုးကျိုးသွားသည်အထိ ကန်ထုတ်ခံလိုက်ရပြီး သူတို့အားလုံး သွေးအန်နေကာ သူတို့၏ဓားများကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သခင်ကြီးလုက သူ့၏နောက်လိုက် လူမိုက်များကို အေးစက်စွာ စိုက်ကြည့်ရင်း မျက်မှောက်ကြုတ်ကာ ဆဲဆိုလိုက်သည်။
"အမှိုက်တွေ"
“မင်းကတော့ အမှိုက် မဟုတ်ဘူးပေါ့။ ဒါဆို မင်းကိုယ်တိုင် လာခဲ့"
စူးချင်းက သူမ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်မတ်မတ် ရပ်နေပြီး တိုက်ခတ်နေသည့်လေက သူမ၏အဝတ်များဆီသို့ တိုးဝင်သွားချိန်တွင် သူမက နှင်းများ ထူထပ်နေသည့် တောင်ထိပ်ပေါ်မှ ထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ ထည်ထည်ဝါဝါ ဖြစ်နေလေသည်။ သူမက ယခုအချိန်အထိ သူမကို အထင်အမြင်သေးနေပုံရသော သခင်ကြီးလုကို စိုက်ကြည့်နေခဲ့သည်။
"မင်းက ငါ့ကိုယ်တိုင် တိုက်ခိုက်ဖို့အထိ မထိုက်တန်သေးဘူး"
သခင်ကြီးလုက သူ့မျက်လုံးများကို မှေးကျဥ်းပြီး စူးချင်းကို ပြန်ကြည့်လိုက်သည်။ သူက မောက်မောက်မာမာ ပြောနေပုံရသော်လည်း သူ့မျက်လုံးထဲမှ အမူအရာက လေးနက်လာခဲ့သည်။ သူက သူ့နောက်ကျောမှ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
အနက်ရောင် ၀တ်စုံဝတ်ထားပြီး အနက်ရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် အမျိုးသားလေးဦးက ခြံဝင်းအတွင်း ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့က ယခင်က လူမိုက်များနှင့် မတူပေ။ ဤလူလေးယောက်က အသံမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ရောက်လာသော်လည်း သတ်ဖြတ်ရိပ်က အပြည့်အဝ ကပ်ပါလာခဲ့သည်။
ထို့အပြင် သူတို့က မြင့်မားသော ကိုယ်ခံပညာ စွမ်းရည်ရှိသည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်နေကြသည်။
စူးချင်းက ထိုကဲ့သို့သောရောင်ဝါများအပေါ် အလွန်အကဲဆတ်ပြီး သူမက ဤလူများ၏ လူသတ်ချင်စိတ်ကို ခံစားနိုင်သောကြောင့် တိုက်ပွဲကို ပိုအာရုံစိုက်လိုက်သည်။
သခင်ကြီးလုက စူးချင်းကို ဆိုးသွမ်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လူလေးယောက်ကို ခေါင်းဖြတ်သည့်အမူအရာ လုပ်ပြလိုက်သည်။
လူသတ်သမားလေးယောက်က အတူတူ လှုပ်ရှားလိုက်ကြသည်။ သူတို့၏လက်ထဲတွင် ရှိနေသော လက်နက်များက တခြားသူများ၏လက်နက်နှင့် မတူဘဲ စက္ကူကဲ့သို့ ပါးလွှာသော ဓားရှည်များဖြစ်နေကာ အဆိပ်ပြင်းသော မြွေများကဲ့သို့ စူးချင်းဆီသို့ တိုးဝင်လာကြသည်။
စူးချင်းက ထိုနေရာမှ ခုန်ထွက်လိုက်ပြီး သူတို့၏ပြင်းထန်သော ထိုးနှက်မှုကို ရှောင်ရှားရန် သူတို့၏ဓားဖျားများပေါ်သို့ တက်နင်းလိုက်သည်။
ထိုလူလေးယောက်ကလည်း တိတ်တဆိတ် နားလည်မှုရှိကြပုံပေါ်ပြီး ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ကာ သူတို့၏ လှုပ်ရှားမှုကို ချက်ချင်း ပြောင်းလိုက်ကြသည်။ မရေမတွက်နိုင်သော ဓားအရိပ်များက စူးချင်းကို ဓားပုံစံဖြင့် ဝန်းရံလာခဲ့သည်။
သူတို့က စူးချင်း တာ့ရှားပြည်ထောင်သို့ ရောက်လာပြီးကတည်းက သူမ ကြုံတွေ့ခဲ့ရသည့် အပြင်းထန်ဆုံး ပြိုင်ဘက်များဖြစ်သည်။ ထို့ကြောင့် စူးချင်းက မပေါ့ဆဝံ့ဘဲ သတိအပြည့်ဖြင့် သူတို့ကို ပြန်တိုက်ခိုက်နေခဲ့သည်။
သခင်ကြီးလုက ဘေးမှ ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။
သူရဲ့အရိပ်သက်တော်စောင့်လေးယောက်စလုံးက ထိပ်တန်းကျွမ်းကျင်သူတွေလေ။ သူတို့ အတူတကွ ပူးပေါင်းပုံဖော်တဲ့ ဓားအခင်းအကျင်းက သာမာန်လူဆယ်ယောက်တိုက်ခိုက်တာထက် ပိုပြီး အစွမ်းထက်တယ်။ ဒီအားနည်းပုံရတဲ့ သခင်ငယ်လေးက ဘယ်လိုလုပ်ပြီး သူတို့ရဲ့ဓားတွေကနေ လွတ်မြောက်နိုင်တာလဲ?
လက်ရှိအချိန်မှာ သူ စိတ်မပူဘဲ မနေနိုင်တော့ဘူး။
သခင်ကြီးလုက တဖြည်းဖြည်း ပူပန်လာခဲ့ပြီး သူ၏ မျက်ခုံးများကို စုကျုံရလွန်းသောကြောင့် ယင်ကောင်တစ်ကောင်ကိုပင် ဖျစ်ညှစ်သတ်နိုင်မည့်ပုံပေါ်လာခဲ့သည်။
ဓားသွားချင်း ထိတဲ့ အသံတွေက အခြားသူတွေကို ဆွဲဆောင်နိုင်တယ်။ အဲ့လိုသာဖြစ်လာရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။
သခင်ကြီးလုက သူ့၏အရိပ်သက်တော်စောင့်လေးယောက် အမိန့်ပေးသည်။
"ဒါကို မြန်မြန် အဆုံးသတ်လိုက်တော့"
“ကောင်းပါပြီ”
ထိုလေးယောက်က တညီတညွတ်တည်း အမိန့်ကို လက်ခံလိုက်ကြပြီး သူတို့၏လှုပ်ရှားမှုများက ပိုမြန်လာကာ စူးချင်းအပေါ်သို့ ဓားမိုးများ ရွာချလိုက်သလို ဖြစ်လာခဲ့သည်။
ထိုမတိုင်မီတွင် တစ်ဖက်မှ ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ဆိုင်တာဝန်ခံနှင့်အတူ ငွေစာရင်းကို ရှင်းလင်းလိုက်ကြပြီး သက်တော်စောင့်လုပ်ငန်းအတွက် ငွေတစ်ဝက်ကိုပါ အထည်ဆိုင်တွင် ချန်ထားခဲ့သောကြောင့် အရာအားလုံး ပြေလည်သွားခဲ့သည်။
သူတို့က စူးချင်း ပြန်လာမည့်အချိန်ကို စောင့်နေကြပြီး သူတို့ အကြာကြီး စောင့်ပြီးသည်အထိ စူးချင်းက ပြန်မလာသေးပေ။
သူမ လှည်းသွားပို့တာ ကြာနေပြီမလား? ဘာလို့ ပြန်မလာသေးတာလဲ?
ကျိရွှေရှန့်က စိတ်မသက်မသာဖြစ်လာသလို ခံစားနေရသောကြောင့် ချိုးယုံခန်းကို လှမ်းပြောလိုက်သည်။
“ငါ သွားကြည့်လိုက်ဦးမယ်။ မင်း ဒီမှာ စောင့်နေဦး။ စူးချင်း ပြန်ရောက်လာရင် ထပ်မသွားဖို့ ပြောထားလိုက်"
“ကောင်းပြီလေ”
ချိုးယုံခန်းက ခေါင်းညိတ်သဘောတူသည်။
သူကတော့ စူးချင်း ဘာမှဖြစ်မယ်လို့ မထင်ဘူး။ စူးချင်းရဲ့အစွမ်းအစကြောင့် ဘယ်သူကမှ သူမကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။
ကျိရွှေရှန့်က အထည်ဆိုင်၏အနောက်မှ ထွက်လာခဲ့ပြီး ဆိုင်အကူနှစ်ယောက်က ကြောက်ရွံ့နေသော အမူအရာများဖြင့် အချင်းချင်း တီးတိုးတီးတိုး ပြောနေသည်ကို သူ တွေ့လိုက်ရသည်။
ကျိရွှေရှန့် ထွက်လာသည်ကို မြင်လိုက်ချိန်တွင် ဆိုင်အကူနှစ်ယောက်က ကမန်းကတန်း ပါးစပ်ပိတ်လိုက်ကြပြီး သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ကျိရွှေရှန့်က သူတို့ အလွန်ထူးဆန်းနေသည်ဟု ခံစားမိသောကြောင့် သူတို့ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ အဆုံးတွင် ထိုနှစ်ယောက်က ပိုပြီး ထိတ်လန့်သွားကြသည်။
သို့သော်လည်း ကျိရွှေရှန့်က သူတို့ကို အာရုံစိုက်ရန် အချိန်မရှိသောကြောင့် ခြေလှမ်းကျဲကျဲများဖြင့် အထည်ဆိုင်ထဲမှ ထွက်လာခဲ့သည်။
အထည်ဆိုင်မှ ထွက်သွားပြီးမှသာ သူက စူးချင်း မည်သည့် ဟင်းခတ်အမွှေးအကြိုင်ဆိုင်မှ ဝယ်လာသည်ကို သူ မသိကြောင်း သတိရမိသွားသည်။ ကျိရွှေရှန့်က နောက်သို့ ပြန်လှည့်လာပြီး ဆိုင်အလုပ်သမား နှစ်ယောက်ကို ပြန်မေးရတော့သည်။
"ဘယ်လမ်းမှာ ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းလဲဆိုတာ မင်းတို့ သိလား?"
ကျိရွှေရှန့် ပြန်ရောက်လာချိန်တွင် အလုပ်သမားနှစ်ယောက်က အချင်းချင်း တီးတိုး ပြန်ပြောနေကြပြီး ကျိရွှေ့ရှန့်က ရုတ်တရတ် ပြန်ရောက်လာသောကြောင့် သူတို့က အလွန်ထိတ်လန့်သွားပြီး စမ်းပေါက်မှ ထွက်လာသော ရေများကဲ့သို့ ဆတ်ခနဲ အမြန် မတ်မတ်ရပ်လိုက်ကြသည်။
ကျိရွှေရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကို အေးစက်စွာ မေးမြန်းလိုက်သည်။ "မင်းတို့ ငါ့အကြောင်း ပြောနေတာလား?"
ဆိုင်အကူနှစ်ယောက်၏အမူအရာများက ပြောင်းလဲသွားခဲ့သည်။
သူတို့ ဧည့်သည်တော်ကြီးအကြောင်းကို သူ့နောက်ကွယ်ကနေ ပြောနေတာကို ဖမ်းမိသွားပြန်ပြီ။ ဒါက ဒုတိယသခင်ကြီးရဲ့ဧည့်သည်တွေထဲက တစ်ယောက်ပဲ။ ဒုတိယသခင်ကြီး သိသွားရင် မကောင်းတော့ဘူး။
ဆိုင်အကူ တစ်ယောက်က ဉာဏ်ကောင်းလွန်းပြီး သူက ရှေ့သို့ လှမ်းလာကာ ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။ "သခင်လေးက အပြာရောင်ဝတ်ရုံ ဝတ်ထားတဲ့ သခင်ငယ်လေးကို သွားရှာမလို့လား?"
“ဟုတ်တယ်”
ကျိရွှေရှန့်က မျက်ခုံးပင့်လိုက်သည်။
စူးချင်း ဘယ်သွားတယ်ဆိုတာကို သူတို့က သိနေတာလား?
“အဲဒီသခင်ငယ်လေးက ဆေးကုတက်တယ် ထင်တယ်၊ ကျွန်တော်တို့ သခင်မရဲ့ရောဂါကို ကုသပေးဖို့ သွားခဲ့တယ်”
သူ မှန်းဆထားသည့်အရာက မှန်သွားသောကြောင့် ဆိုင်အကူက စိတ်သက်သာရာရသွားပြီး ကျိရွှေရှန့်ကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ကျိရွှေရှန့်က အလွန် အံ့သြသွားခဲ့သည်။
ဒီတော့ စူးဟန်ရွှမ်က သူ့ဇနီး နေမကောင်းလို့ အမြန်ထွက်သွားတာပေါ့။ ဒါပေမယ့် စူးချင်းက စူးဟန်ရွှမ်ရဲ့ဇနီးက နေမကောင်းဖြစ်နေတာကို ဘယ်လို သိသွားတာလဲ?
"မင်းတို့ရဲ့ဒုတိယသခင်ကြီးက ဘယ်မှာနေတာလဲ?"
စူးချင်းက စူးဟန်ရွှမ်၏ဇနီးကို ကုသပေးမည်အကြောင်း သိလိုက်ရသောကြောင့် ကျိရွှေရှန့်က အလျင်စလို မဖြစ်တော့ပေ။ သို့သော် သူလည်း သွားလည်သင့်သည်ဟု သူ တွေးလိုက်မိသည်။
သူ မသိရင် အဆင်ပြေတယ်၊ ဒါပေမယ့် သူ သိပြီးမှ မသွားရင် နောင်မှာ ဘယ်လို မိတ်ဆွေကောင်းတွေ ဖြစ်နိုင်တော့မှာလဲ?
“ဒုတိယသခင်ကြီးက မြောက်ဘက်လမ်းက စူးအိမ်တော်မှာ နေပါတယ်။ ကျွန်တော် သခင်လေးကို လမ်းပြပေးလို့ ရပါတယ်"
ဤသည်မှာ ဒုတိယသခင်ကြီးထံမှ မျက်နှာသာရနိုင်မည့်အခွင့်အရေးဖြစ်သောကြောင့် ဆိုင်အကူက ကျိရွှေရှန့်အား ကူညီပေးရန် စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်သည်။
အဲ့သခင်ငယ်လေးကသာ သခင်မရဲ့ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်ရင် သူအတွက် ပိုကောင်းလိမ့်မယ်။
"မလိုဘူး၊ ငါ့ဘာသာ သွားလိုက်မယ်"
ကျိရွှေရှန့်အတွက်ကလည်း အိမ်လည်သွားမည် ဖြစ်သောကြောင့် စူးဟန်ရွှမ်၏ ဆိုင်ဝန်ထမ်းကို ခေါ်သွားရန် မဖြစ်နိုင်ပေ။
သူတို့ စကားပြောနေချိန်တွင် ဝယ်သူတချို့ ဝင်လာသောကြောင့် ဆိုင်အကူများက သူတို့ကို ကြိုဆိုရန် အမြန်ထွက်သွားကြပြီး ကျိရွှေရှန့်က အထည်ဆိုင်မှ တစ်ယောက်တည်း ထွက်လာခဲ့သည်။
ကျိရွှေရှန့်က လူနာအတွက် ဖြည့်စွက်စာများဝယ်ရန် ဆိုင်တစ်ဆိုင်သို့ သွားခဲ့သေးသည်။
လူနာ သွားကြည့်မှာဆိုတော့ လက်ဆောင်တော့ ဝယ်သွားရမယ်လေ။
သူက မြောက်ဘက်လမ်း၏တည်နေရာကို မေးမြန်းပြီး လက်ဆောင်များကို ကိုင်ကာ စူးချင်းကို ရှာဖွေရန် စူးအိမ်တော်ကို လိုက်လာခဲ့သည်။
သူ မြောက်ဘက်လမ်းသို့ ရောက်လာပြီး ဈေးသည်တစ်ယောက်ကို မေးလိုက်ချိန်တွင် စူးအိမ်တော်ကို ရှာတွေ့ခဲ့သည်။ သို့သော် သူ မမေးလျှင်ပင် စုမိသားစု၏အိမ်တော်ကို အလွယ်တကူ ရှာနိုင်မည် ဖြစ်သည်။ စူးအိမ်တော်က မြောက်ဘက်လမ်းတွင် အခမ်းနားဆုံးဖြစ်ပြီး တံခါးနားမှ ကဗ္ဗည်းပြားပေါ်တွင် 'စူးမိသားစု' ဟူသော စာလုံးများကို ရွှေစာလုံးများဖြင့် ရေးထိုးထားသည်။
တံခါးဝ၏တစ်ဖက်စီတွင် ကျောက်ခြင်္သေ့တကောင်စီ ရှိနေပြီး နေ့ခင်းဘက်တွင်ပင် ခြံတံခါးကို ပိတ်ထားကာ သေးငယ်သော တံခါးအသေးတစ်ပေါက်ကိုသာ ဖွင့်လှစ်ထားသည်။
ယဉ်ကျေးမှုအရ ကျိရွှေရှန့်က ခြံဝင်းအတွင်းသို့ တိုက်ရိုက် မ၀င်သွားဘဲ တံခါးကို နှစ်ကြိမ်ခန့် ညင်ညင်သာသာ ခေါက်လိုက်ရာ တံခါးစောင့်တစ်ယောက်က တံခါးခေါက်သံကို ကြားသွားပြီး ချက်ချင်းထွက်လာခဲ့သည်။ စူးမိသားစု၏ တံခါးစောင့်က အရပ်အလွန် မြင့်မားပြီး ခွန်အားကြီးမားပုံရသော်လည်း သူက တခြားချမ်းသာသော မိသားစုများ၏ တံခါးစောင့်နှင့် မတူဘဲ အလွန်ယဉ်ကျေးပုံရသည်။ သူက ကျိရွှေရှန့်ကို ယဉ်ယဉ်ကျေးကျေး မေးမြန်းလိုက်သည်။
"ဒီသခင်လေးက ဘယ်သူ့ကို ရှာနေတာလဲ?"
ကျိရွှေရှန့်ကလည်း လက်သီးအုပ်လိုက်ပြီး တံခါးစောင့်ကို ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
"ဒုတိယသခင်ကြီးဆီကို အလည်လာတာပါ၊ သူ့ဆီကို သတင်းပို့ပေးပါဦး"
ဒုတိယသခင်ကြီးထံသို့ အလည်လာကြောင်း ကြားလိုက်ချိန်တွင် တံခါးစောင့်က “ခဏလောက် စောင့်ပါဦး။ ကျွန်တော် အခု ဒုတိယသခင်ကြီးဆီကို သတင်းသွားပို့ပေးပါ့မယ်"
တံခါးစောင့် ထွက်သွားပြီးနောက် ကျိရွှေရှန့်က စူးအိမ်တော်၏အဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့သည်။ သူက စူးချင်းကို စူးအိမ်တော်တွင် ရှာတွေ့နိုင်မည်ဟုသာ တွေးထားခဲ့သည်။
...။.......