ဥာဏ်ပညာအပြည့်နဲ့ တွေးခေါ်မှု
Vol. 13 Ch. 183
သူ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ရန် သခင်ကြီးလုက ဘောလုံးပုံသဏ္ဍာန် ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ခဏတာအတွင်းတွင် ပေါက်ကွဲသံနှင့်အတူ ပန်းရောင်မီးခိုးများ ထွက်ပေါ်လာခဲ့သည်။
“အဆိပ်ရှိတယ်”
စူးချင်းက ကျိရွှေရှန့်ကို သတိပေးလိုက်ပြီး သူမ၏နှာခေါင်းကိုလည်း သူမ၏လက်ဖြင့် အုပ်ထားလိုက်သည်။ ကျိရွှေရှန့်ကလည်း သူ့ပါးစပ်နှင့် နှာခေါင်းကို သူ့အင်္ကျီလက်ဖြင့် အုပ်ထားပြီး ဖြစ်သည်။ သို့သော်လည်း မီးခိုးထဲတွင် ထိုလူ လုမျိုးရိုး၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
စူးချင်းက လုမျိုးရိုးထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ရှောင်ချီအား သူ ထွက်ပြေးနေသည့်လမ်းကြောင်းကို ညွှန်ပြပေးရန် တောင်းဆိုလိုက်သည်။
မီးခိုးက စူးချင်းနှင့် ကျိရွှေရှန့်အတွက် အားနည်းချက် ဖြစ်စေနိုင်သော်လည်း ရှောင်ချီအတွက်တော့ ထိရောက်မှု မရှိပေ။ သူမသခင်၏အမိန့်ကို ရရှိပြီးနောက်တွင် ရှောင်ချီက အနောက်ဘက် ၄၅ ဒီဂရီနေရာသို့ ညွှန်ပြလိုက်ပြီး "ဟိုမှာ... အနောက်ဘက် ၄၅ ဒီဂရီ"
ရှောင်ချီ၏စကားကို ကြားပြီးနောက်တွင် စူးချင်းက သူမ၏လက်ထဲမှ ဓားပျော့ကို ထိုလမ်းကြောင်းအတိုင်း ပစ်လွှတ်လိုက်သည်။
သခင်ကြီးလုက အဆိပ်ပါသည့် အလုံးကို ပစ်ချလိုက်ပြီး စူးချင်းနှင့် ကျိရွှေရှန့်တို့ အဆိပ်သင့်သွားချိန်တွင် သူတို့ကို ဖမ်းဆီးရန် စီစဉ်ထားခဲ့သည်။
သူ ဥမင်လိုဏ်ခေါင်းထဲသို့ ပြေးဝင်ခါနီးတွင် သူ့နောက်မှ ပြင်းထန်သောလေတိုးသံကို ကြားလိုက်ရပြီး သူက အမြန်ရှောင်တမ်းလိုက်သည်။ ထို့ကြောင့် သူ ထိုဓားပျော့ကို ရှောင်နိုင်ခဲ့သော်လည်း စူးချင်း နောက်ထပ်ပစ်လိုက်သည့် မြှားတိုလေးကိုတော့ မရှောင်နိုင်တော့ဘဲ ညာဘက်ပခုံးကို အပစ်ခံလိုက်ရသည်။
စူးချင်း၏မြှားတိုလေးများ အားလုံးတွင်လည်း အဆိပ်များ သုတ်လိမ်းသွားပြီး မြှားပစ်ခံရပြီးနောက်တွင် သခင်ကြီးလု၏ခန္ဓာကိုယ်က ထုံကျင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့၏ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်နေပြီး သူက အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
စူးချင်းက သူ့ပါးစပ်ကို ဆွဲဖွင့်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ဖြေဆေးပစ်ထည့်လိုက်သည်။
အခုက သူ့ကို သတ်ရမယ့် အချိန်မဟုတ်သေးဘူး။ သူ့ကို ခန အသက်ရှင်ခိုင်းလိုက်တာက သူမတို့အတွက် အသုံးဝင်နိုင်တယ်။
ဆေးဝင်သွားပြီးနောက်တွင် သခင်ကြီးလု၏မျက်နှာက တဖြည်းဖြည်း နီလာသည်။ ကျိရွှေရှန့်က စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် စူးချင်းကို လှမ်းမေးလိုက်သည်။
"မင်း သူ့ကို ဘာလို့ ကယ်လိုက်တာလဲ?"
“သူတို့က လွမ်သခင်မလေးကို ဖမ်းထားတယ်။ သူတို့ ပြောပုံအရ လွမ်သခင်မလေးတင်မကဘဲ တခြားမိန်းကလေးတွေကိုပါ ဖမ်းထားပုံရတယ်၊ ဒီနောက်ကွယ်မှာ တစ်ခုခုတော့ ရှိမယ် ထင်တယ်။ နောက်ပြီး သူက ဟို ဝမ်မျိုးရိုးအမည် ရှိတဲ့ လူနဲ့ တူနေတာကို ရှင် သတိမထားမိဘူးလား?"
“ရှင် သူ့ခန္ဓာကိုယ်ကို ရှာဖွေပြီး သူ့ရဲ့အထောက်အထားနဲ့ တခြားဟာတွေ ရှိ၊ မရှိ စစ်ကြည့်လိုက်လေ”
စူးချင်းက ထို ညစ်ညမ်းသော ယောက်ျားများကို မထိချင်သောကြောင့် ရှာဖွေရန် အလုပ်အား ကျိရွှေရှန့်ထံ လွှဲပေးလိုက်ပြီး အလောင်းများကို ကိုင်တွယ်ရန် ထွက်သွားခဲ့သည်။
သူမက အလောင်းများ အားလုံးကို ခြံဝင်းအတွင်းရှိ ရေတွင်းပျက်ထဲသို့ ပစ်ချလိုက်ပြီး အလောင်းများကို ဖျက်ဆီးရန်အတွက် အလောင်းပျော်မှုန့်များ လောင်းချလိုက်သည်။
ဝမ်မျိုးရိုးအမည်ရှိသော အမျိုးသားနှင့် ပတ်သက်နေကြောင်း သိလိုက်ရချိန်တွင် ကျိရွှေရှန့်၏မျက်လုံးများမှ မုန်းတီးတရားများက မဖုံးနိုင် မဖိနိုင် ထွက်ပေါ်လာပြန်သည်။ သူက ရှေ့တိုးသွားပြီး လူမျိုးရိုးအမည်ရှိ အမျိုးသား၏အပ်စိုက်အမှတ်ကို ဖိနှိပ်လိုက်သဖြင့် ထိုလူက စကားမပြောနိုင် မလှုပ်ရှားနိုင်တော့ပေ။
ကျိရွှေရှန့်က သူ့ကို အလွန် ဂရုတစိုက်ရှာဖွေခဲ့ပြီး သူ့ဖိနပ်များကိုပင် ချွတ်ကာ စစ်ဆေးနေခဲ့သည်။ ထို့နောက် သူ၏ ရင်ဘတ်များကြားနှင့် အင်္ကျီလက်ဝကျယ် အနားများကိုပါ တခုပြီး တခု ရှာဖွေလိုက်သည်။
နောက်ဆုံးတွင် သူက အမည်းရောင်တံဆိပ်ပြားတစ်ခုကို တွေ့ရှိသွားခဲ့ပြီး ထိုတံဆိပ်ပြားပေါ်မှ 'ဝမ်' ဟူသော စကားလုံးက အလွန်ထင်ရှားနေလေသည်။
"တကယ်ပဲက ဝမ်မျိုးရိုးလား?"
ကျိရွှေရှန့်၏မျက်လုံးများက နီရဲလာသည်။ သူက ယခုအချိန်တွင် ဝမ်မျိုးနွယ်တစ်ခုလုံးကို မဖယ်ရှားနိုင်သေးသော်လည်း ဝမ်မျိုးနွယ်မှ မိသားစုဝင်တစ်ဦးကို သတ်ဖြတ်ရလျှင် သူ၏မုန်းတီးမှုများထဲမှ အနည်းငယ်ကို လျှော့ချနိုင်မည် ဖြစ်သည်။ သို့သော်လည်း သူက သူ့စိတ်ကို အမြန် ပြန်ထိန်းလိုက်သည်။
စူးချင်းက သူတို့ မိန်းခလေးတွေ အများကြီးကို ဖမ်းဆီးထားတယ်လို့ ပြောခဲ့တယ်။ သူတို့က အဲ့ဒီမိန်းခလေးတွေကို ဘာလုပ်ချင်တာလဲဆိုတာ အရင် စစ်ဆေးကြည့်ရမယ်။
ထိုတံဆိပ်ပြားအပြင် ကျိရွှေရှန့်က စာရင်းစာအုပ်တစ်အုပ်ကိုလည်း ရှာတွေ့ခဲ့သည်။ ပထမဆုံး ကြည့်လိုက်ချိန်တွင် ထိုစာရင်းစာအုပ်က ဘာအမှားမှ မရှိဘဲ သာမန်စာရင်းစာအုပ် တစ်အုပ်နှင့် အတူတူသာ ဖြစ်နေခဲ့သည်။
သို့သော်လည်း ကျိရွှေရှန့်က ၎င်းကို သေသေချာချာ ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် တစ်ခုခု မှားယွင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ အရောင်းအ၀ယ်တစ်ခုစီကို ကိုင်တွယ်သူများ၏အမည်များက အထူးအဆန်း ဖြစ်နေပြီး သူတို့အားလုံးတွင် မျိုးရိုးအမည်တစ်ခုနှင့် အမည်တစ်လုံးသာ ရှိကြသည်။ ထို့အပြင် အမည်၏နောက်၌ ကိန်းဂဏန်းများလည်း ရှိနေသေးသည်။
ဥပမာအားဖြင့်.... ကောရူ ၂၀
ကျိရွှေရှန့် စာရင်းစာအုပ်ကို ရှာတွေ့သွားချိန်တွင် လုမျိုးရိုးက အလွန်စိုးရိမ်နေပုံပေါ်ပြီး သူက ထိတ်လန့်တကြားဖြင့် စာရင်းစာအုပ်ကို စိုက်ကြည့်နေခဲ့သည်။
ကျိရွှေရှန့်က စာမျက်နှာများကို တစ်ခုပြီး တစ်ခု လှန်ကြည့်နေခဲ့ပြီး အနီရောင်မှင်ဖြင့် အမှတ်အသားပြုထားသည့် ကျင်းကော်၏နောက်မှ ၅၈ ဆိုသည့် ကိန်းဂဏန်းကို တွေ့လိုက်ရချိန်တွင် သူ နားလည်လာခဲ့သည်။
သူ့အဖိုးက ကျင်းချန်က အကျင့်ပျက်အရာရှိ ကော်ကန်းကို ဖမ်းဆီးခဲ့ပြီး အဲ့လူက ငွေလျန်ပေါင်း ငါးသိန်းရှစ်သောင်း အလွဲသုံးစားလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ဖူးတယ်။
ဒါဆို ကော်ကန်းရဲ့အလွဲသုံးစားမှုက ဝမ်မိသားစုစစ်တပ်ရဲ့စေခိုင်းမှုပဲလား?
ကျိရွှေရှန့်က အလွန်ပျော်ရွှင်သွားခဲ့သည်။ ဒီအထောက်အထားတွေနဲ့ဆိုရင် သူ ဝမ်မိသားစုစစ်တပ်ကို အလွယ်တကူ ဖြုတ်ချနိုင်လိမ့်မယ်။
စူးချင်းက အလောင်း ၁၀ လောင်းကျော်ကို ရေတွင်းထဲသို့ အမြန် ပစ်ချလိုက်သည်။ အလောင်းများကို ကိုင်တွယ်ပြီးနောက် သူမ ပြန်ရောက်လာချိန်တွင် ကျိရွှေရှန့်က ထိုဝမ်မျိုးရိုးကို မသတ်ရသေးကြောင်း သူမ သိလိုက်ရသည်။
သူ အရင်လောက် မဆင်မခြင် မလုပ်တော့ဘူးပေါ့။ ဒါက သိသာထင်ရှားတဲ့ တိုးတက်မှုပဲ။
"ဘာတွေ့လဲ?"
စူးချင်းက ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။
“ဒါကို ကြည့်လိုက်”
ကျိရွှေရှန့်က စာရင်းစာအုပ်ကို စူးချင်းထံသို့ တက်တက်ကြွကြွ လွှဲပေးလိုက်ပြီး စူးချင်းကို ကြည့်ရန် ကျင်းကော် ၅၈ ကို ညွှန်ပြလိုက်သည်။
"ကော်ကန်း?"
စူးချင်းက တစ်ချက်ကြည့်ရုံဖြင့် ထိုစကားဝှက်ကို နားလည်နိုင်ခဲ့သည်။ သူမက ကော်ကန်းကို ရှင်းလင်းပြီး ညစ်ပတ်သော ငွေကို ရှာတွေ့အောင် ကူညီခဲ့သူဖြစ်သောကြောင့် သူမက ၎င်းကို နက်နက်ရှိုင်းရှိုင်း မှတ်မိနေခဲ့သည်။
"ဟုတ်တယ် ကော်ကန်း ငါးဆယ့်ရှစ်က သူ အလွှဲသုံးစားလုပ်တဲ့ ငွေပမာဏ”
ကျိရွှေရှန့်က စူးချင်း ဤမျှထက်မြက်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း သူက စူးချင်း၏စွမ်းရည်များကို အသားကျနေပြီ ဖြစ်သည်။ သူက အပြုံးဖြင့် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
"ထူးဆန်းတာက... ဘာလို့ နောက်ဆုံးအပိုင်းကို ထပ်ပြီး ပြင်လိုက်တာလဲ?" စူးချင်းက စာရင်းစာအုပ်ကို ထပ်လှန်ကြည့်နေပြီး ကော်ကန်း၏အမည်တစ်ခုတည်းသာ အနီရောင်ဖြင့် အမှတ်အသားပြုထားသည်ကို တွေ့လိုက်ရသောကြောင့် ထပ်ပြောလိုက်သည်။
“အသိမ်းခံရတာ မဖြစ်နိုင်ဘူးလား?”
ကျိရွှေရှန့်က သူမကို သတိပေးလိုက်ပြီး စူးချင်းက သူ့ကို စိုက်ကြည့်နေခဲ့သည်။
“နောက်ပိုင်းမှာ ငွေတွေ လုရက်ခံရတယ်လို့ မပြောဘူးလား? အဲ့တာကို ဝမ်မျိုးရိုးတွေက လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ သူတို့က ငွေတွေကို ခိုးပြီး ကပ်ဘေးဒုက္ခသည်တွေကို သူခိုးတွေလို့ စွပ်စွဲခဲ့တယ်။ အဲ့ဒါတွေ အားလုံးက သူတို့ရဲ့ အကြံအစည်တွေပဲ”
"ငွေက သူတို့ လက်ထဲ ရောက်သွားပြီဆိုရင် ဘာလို့ ဆက်ပြီး မှတ်ထားသေးတာလဲ?"
ကျိရွှေရှန့်က စူးချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီး စူးချင်းကလည်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့သည်။ ခဏအကြာတွင် သူမက "အခြားတစ်ယောက်ယောက်က လုယူသွားတာ ဖြစ်နိုင်မလား?"
"သူ့ကို မေးကြည့်မယ်"
ကျိရွှေရှန့်က အကြောပိတ်ခံထားရပြီး စာရင်းစာအုပ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသော သခင်ကြီးလုကို ကြည့်ကာ စူးချင်းကို ပြန်ပြောလိုက်သည်။
ကျိရွှေရှန့်က သူ့၏အိပ်စိုက်မှတ်ကို ပြန်မဖွင့်ပေးမီ စူးချင်းက သခင်ကြီးလုကို သေသည်ထက် ပိုဆိုးဝါးစေနိုင်သော အဆိပ်တစ်မျိုး ထပ်တိုက်လိုက်သည်။
စူးချင်းက ရှေးခေတ်က အကြောပိတ်သည့်နည်းလိမ်းကို အသုံးမပြုတက်ပေ။ ကျိရွှေရှန့်က သူ၏အကြောများကို ချက်ချင်း ပြန်ဖွင့်ပေးလျှင် နောက်တစ်ကြိမ် ထွက်ပြေးမည်ကို စိုးရိမ်သောကြောင့် ဆေး အရှိန်ရလာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
သခင်ကြီးလုကတော့ အတော်လေး ဒုက္ခရောက်နေပြီ ဖြစ်သည်။
သူ့ရဲ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ အရိုးတွေအားလုံးက ထုရိုက်ခံရပြီး ကြေမွသွားသလို ခံစားနေရတယ်။ နောက်ထပ် သူ့ရဲ့ အူတွေကို ဆွဲထုတ်ပြီး လှီးဖြတ်နေသလို ခံစားနေရတာကြောင့် အဲ့ဝေဒနာက သေရတာထက်ကို ပိုဆိုးနေသေးတယ်။ ဒီလူက သူ့ကို ဘာဆေးတွေ တိုက်ထားတာလဲ?
သူတပါး၏အသက်နှင့် သေခြင်းကို မိမိလက်ထဲ၌ ချုပ်ကိုင်ထားနိုင်သော အထက်လူကြီးတစ်ဦးက ယခုအချိန်တွင် မြေပြင်ပေါ်တွင် လူးလိမ့်နေရသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့နေရသော်လည်း အသံမထွက်နိုင်ခဲ့ပေ။ သူက မြေမှုန့်များ ဖုံးလွှမ်းနေသော လိပ်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေခဲ့သည်။
စူးချင်းနှင့် ကျိရွှေရှန့်က သူ့ကို အေးစက်စွာ ကြည့်နေကြပြီး သူ ချွေးအလွန်ထွက်ပြီး အသက်ရှုမဝတော့သည့်အချိန်တွင်မှ ကျိရွှေရှန့်က ရှေ့တိုးလာကာ သူ့၏အပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးလိုက်သည်။
“ပြောစမ်း... ဒီစာရင်းစာအုပ်က ဘယ်လို စာအုပ်မျိုးလဲ? ဒီပိုက်ဆံတွေကို ဘယ်သူ ယူသွားတာလဲ? ပြီးတော့ ဒီအနီရောင် အမှတ်အသားက ဘာကို ဆိုလိုတာလဲ?”
ကျိရွှေရှန့်က စာရင်းစာအုပ်ကို ဖွင့်လိုက်ပြီး သခင်ကြီးလု၏ရှေ့တွင် ထိုင်ချလိုက်ကာ ကော်ကန်း၏နေရာကို ညွှန်ပြရင်း မေးမြန်းလိုက်သည်။
“အနီက မရသေးတဲ့ ပိုက်ဆံ"
သခင်ကြီးလုက ယခင်က မည်သို့သော ဂုဏ်သိက္ခာမျိုး ရှိခဲ့စေကာမှု ယခုအချိန်တွင် သူ အလွန်နာကျင်နေသောကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး ကွေးညွှတ်နေကာ မေးသမျှကို ပြန်ဖြေနေရသည်။ ထိုလူက သူ့ကို ဒေါသထွက်မည်ကိုသာ သူ စိတ်ပူနေမိပြီး သူ့မှာ ထွက်ပြေးရန် ခွန်အားမရှိတော့သလို စကားပြောလျှင်ပင် အသက်ရှူမဝတော့ပေ။
"မင်းက ဘယ်သူလဲ?"
ကျိရွှေရှန့်က သခင်ကြီးလု၏မျက်လုံးများကို စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။ သခင်ကြီးလုက တုံ့ဆိုင်းသွားသောကြောင့် ကျိရွှေရှန့်က သူ့လက်ကို မြှောက်လိုက်ပြီး ထိုလူ၏ပါးကို ဖြတ်ရိုက်ချလိုက်သည်။ သခင်ကြီးလု၏နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်ကျလာချိန်တွင် ကျိရွှေရှန့်က ခပ်မာမာ အမိန့် ထပ်ပေးလိုက်သည်။
“ပြောစမ်း”
“ငါ… ငါက စာရင်းကိုင်တစ်ယောက်ပါ”
သခင်ကြီးလုက ခဏရပ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
နောက်ဆုံးတော့ သူ အမှန်အတိုင်း မပြောရဲတော့ဘူး။ လွမ်တောင်ကို ကိုင်ထားတဲ့လူနဲ့ ရှောင်းဟမ်ရဲ့ ဆက်နွယ်မှုက ဘယ်လိုလဲဆိုတာကို သူ မသိဘူး။ ဒီလူက ရှောင်ဟမ်ရဲ့သားစဉ်မြေးဆက် ဖြစ်နေရင် သူ ဒီနေ့ အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူး။
"အမှန်အတိုင်း မပြောသေးဘူးလား?"
စူးချင်းက သခင်ကြီးလု၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်ကို လှမ်းမြင်လိုက်သည်။ သူမက ကျိရွှေရှန့်၏လက်ထဲမှ လွမ်တာင်ကို လှမ်းယူလိုက်ပြီး သခင်ကြီးလု၏မျက်နှာအနှံ့ကို ခပ်နက်နက် လှီးဖြတ်လိုက်ရာ သွေးများ ဖြာခနဲ ပန်းထွက်လာသည်။
ထိုနာကျင်မှုက စူးချင်းပေးခဲ့သည့် အဆိပ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း စူးချင်း၏ အေးစက်သော မျက်လုံးများက သူ့ကို ကြောက်လန့်စေသည်။
ဒီလိုမျိုး ခံစားရတာထက် သေတာက ပိုကောင်းပေမယ့် အသက်ရှင်ဖို့ အခွင့်အလမ်းရှိရင် ဘယ်သူကမှ သေချင်ကြမှာ မဟုတ်ပါဘူး။
အချိန်ခဏလောက် တောင့်ခံနိုင်ရင် တစ်စုံတစ်ယောက် လာကယ်မှာကို စောင့်ဆိုင်းနိုင်သေးတယ်။ အဲ့ဒါဆိုရင် သူ သေရမှာ မဟုတ်ဘူး။
စူးချင်းက သခင်ကြီးလု၏မျက်လုံးများကို ဓါးဦးဖြင့် ချိန်ရွယ်လိုက်ပြီး "မင်းရဲ့မျက်လုံးတွေက အရမ်း ရွံ့စရာကောင်းတယ်။ ငါ မင်းအတွက် အဲ့မျက်လုံးတွေကို ကူပြီး တူးထုတ်ပေးရမလား?"
သခင်ကြီးလုက စူးချင်းကို ထိတ်လန့်စွာ ကြည့်လိုက်မ်သည်။
ဒီမိန်းမက ဘာလို့ ဒီလောက် ရက်စက်နိုင်ရတာလဲ?