အခန်း (၁၈၄)
Vol. 13 Ch. 184
စူးချင်း၏ဓါးဖျားက သခင်ကြီးလု၏မျက်ခွံနှင့် ကပ်နေပြီ ဖြစ်ကာ သူမ ဓားကို အသာအယာ တွန်းလိုက်လျှင်ပင် သူက ကောင်းကင်မှ နေကို နောက်တစ်ကြိမ် မမြင်နိုင်တော့ဘဲ သူ့ကမ္ဘာကြီးက အပြီးတိုင်မည်းမှောင်သွားတော့မည် ဖြစ်သည်။
“ပြောမယ်၊ ငါ ပြောမယ်။ ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်သတ်ပေးပါ"
ကြီးမားသော အကြောက်တရားက သခင်ကြီးလုကို လက်မြှောက်သွားစေခဲ့သည်။
သူ့ရှေ့က မိန်းမက အရမ်းရက်စက်လွန်းတယ်။ သူမက သူတို့မိသားစုက အာဏာပါးကွက်သားထက်တောင် ပိုပြီး ရက်စက်နေသေးတယ်။
အခုအချိန်မှာ သူ ဒီနတ်ဆိုးမကြီးရဲ့လက်သည်းတွေကြားကနေ လွတ်မြောက်ပြီး မြန်မြန် သေနိုင်ဖို့ကလွဲရင် ဘာကိုမှ မတောင်းဆိုချင်တော့ဘူး။
“ပြော”
စူးချင်းက သူမ၏ဓားဖျားကို လုံးဝ သူ့မျက်ခွံပေါ်သို့ ဖိထားဆဲဖြစ်ကာ အေးစက်စွာ တွန်းအားပေးလိုက်သည်။
"ငါ့နာမည်က ဝမ်ယွိရှန်းပါ၊ လက်ရှိ ဧကရာဇ်ယောက္ခမတော်ရဲ့ အငယ်ဆုံးသားပါ"
ဝမ်ယွိရှန်းက လေရှုံနေသော ဘောလုံးတစ်လုံးနှင့် တူနေပြီး ထိုသို့ ပြောပြီးသည်နှင့်တပြိုင်နက် သူ့ဒူးများက တုန်ယင်လာခဲ့သည်။
ဒီနေ့ သူ သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့မှန်း သူ သိပါတယ်။
သူက အငယ်ဆုံးသားလို့ သူ့ကိုယ်သူ ပြောခဲ့ပေမယ့် သူက ဝမ်လူကြီးမင်းရဲ့တရားမ၀င်သားပါပဲ။ သူ့အမေက ပွဲလယ်မတင့်နိုင်တဲ့ ပြည့်တန်ဆာအမျိုးသမီး ဖြစ်တာကြောင့် သူက ဝမ်အိမ်တော်ရဲ့အပြင်ဘက်မှာ ကြီးပြင်းလာတဲ့ ဝန်ကြီးချုပ်ဝမ်ရဲ့တရားမဝင်သား ဖြစ်ခဲ့ရတယ်။
ဝမ်ယွိရှန်းဆိုတဲ့ သူ့နာမည်က ဝမ်မိသားစုရဲ့မျိုးရိုးသစ်ပင်ပေါ်မှာ မရှိဘူး။ ဝမ်မိသားစုရဲ့ သားအကြီးတွေကလည်း သူ့ကို သူတို့ရဲ့ညီငယ်လေးအဖြစ် အသိအမှတ် မပြုကြဘူး။ သူရဲ့အထောက်အထားက အရမ်း ရှက်စရာကောင်းတယ်။
ဒါပေမယ့် သူ့ရဲ့မိခင်က ဝန်ကြီးချုပ်ဝမ် ကျေနပ်လောက်အောင် ချော့မော့ခစားနိုင်ခဲ့တာကြောင့် သူ့လို တရားမဝင်သားတောင်မှ အကျိုးအမြတ်တွေ ရလာခဲ့တယ်။ ဝန်ကြီးချုပ်ဝမ်က သူ့ကို မိသားစုရဲ့မျိုးရိုးသစ်ပင်မှာ မထည့်ပေးထားပေမယ့် သူ့ကို ဂရုတစိုက် ပြုစုပျိုးထောင်ပေးပြီး စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲခွင့် ပေးထားခဲ့တယ်။ ဒါက သူ့ကို ဝမ်မိသားစုဆီ ပြန်ခွင့်ပြုတယ်လို့ ယူဆနိုင်တယ်။
“ဒီစာရင်းစာအုပ်က ဝမ်ရှန့်ချန် အလွှဲသုံးစားလုပ်ထားတဲ့ငွေတွေလား? ပထမစကားလုံးက မြို့နာမည်၊ နောက်ဆုံးစာလုံးက အဲ့မြို့က အရာရှိတွေရဲ့ မျိုးရိုးနာမည်လား?"
သူ၏မျိုးရိုးအမည်က ‘ဝမ်’ ဖြစ်ကြောင်း ကြားလိုက်သည်နှင့် ကျိရွှေရှန့်က သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်နေပြီ ဖြစ်သည်။ သို့သော်လည်း ကျိရွှေရှန့်က သူ့ဒေါသကို မျိုသိပ်ထားပြီး ဝမ်ယွိရှန်း၏ဆံပင်ကို ဆွဲကာ စာရင်းစာအုပ်ကို ကြည့်စေလိုက်သည်။
“ဟုတ်တယ်”
ဝမ်ယွိရှန်းက စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အခုအချိန်မှာ သူ့နှလုံးသားကို တူးထုတ်နေသလို ခံစားရစေတဲ့ နာကျင်ကိုက်ခဲမှုတွေက သူ့ကို သေစေလိုတဲ့ ဆန္ဒကို ဖြစ်ပေါ်စေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက သူ့ကို တရားဝင်ရာထူးမပေးခဲ့တဲ့ သူ့ဖခင်ကိုလည်း မုန်းတီးနေမိတယ်။ သူ့အဖေကသာ သူ့ကို ရာထူးတစ်ခုခု ပေးထားရင် အခုလို ညှဉ်းပန်းနှိပ်စက်ခံရဖို့ မဖြစ်နိုင်ဘူး။
“မင်း ဧကရာဇ်ရှေ့ ဒီစာရင်းစာအုပ်အကြောင်းကို ဝန်ခံရမယ်”
ကျိရွှေရှန့်က ဝမ်ယွိရှန်းကို အသုံးပြုပြီး ဝမ်ရှန့်ချန်ကို ဆွဲချရန် တွေးလိုက်သည်။ ဝမ်ရှန့်ချန် အဂတိလိုက်စားခဲ့သည့် ပမာဏက အလွန်ကြီးမားပြီး တစ်နှစ်တာအတွင်း သူ အလွဲသုံးစားလုပ်ခဲ့သည့် ငွေကြေးပမာဏက တိုင်းပြည်၏ဘဏ္ဍာထက်ပင် အဆပေါင်းများစွာ ပိုများနေခဲ့သည်။
ဝမ်ယွိရှန်းက ခါးခါးသီးသီး ပြုံးလိုက်ပြီး "ငါ ပြောရင်တောင် အသုံးမဝင်ဘူး။ ငါက တရားမ၀င်မွေးထားတဲ့ ကလေးတစ်ယောက်ပဲ။ ငါ့အဖေကတောင် ငါ့ကို လက်မခံဘူး”
ဒီအချိန်မှာ သူ့ရဲ့အဖေက သားဖြစ်သူကို ကာကွယ်ဖို့ သူ့ကိုယ်သူ အထိခိုက်ခဲမှာ မဟုတ်ဘူး။ ပြီးတော့ လက်ရှိဧကရာဇ်ကလည်း သူ့အဖေကို ဘာမှ မလုပ်ရဲလောက်ဘူး။ ဧကရာဇ်က သူ့အဖေရဲ့စကားကို နားထောင်ရတဲ့ ရုပ်သေးရုပ်ပဲ။ ဒီစာရင်းစာအုပ်တောင်မှ ဧကရာဇ်ရဲ့လက်ထဲကို မရောက်ခင် သူ့အဖေရဲ့လူတွေက ကြားဖြတ်ယူသွားတာကို ခံရနိုင်တယ်။
သူက ဒီစာရင်းစာအုပ်ကို ပေါက်ကြားစေပြီး သတင်းပေးတဲ့သူ ဖြစ်နေတာကို သူ့အဖေ သိသွားရင် သူ့အဖေက သူ့ကို သတ်ရုံတင်မကပဲ သူ့အမေကိုပါ သတ်ပစ်မှာ အသေအချာပဲ။
ကျိရွှေရှန့်က သူ့ရှေ့မှ ဝမ်ယွိရှန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားခဲ့သည်။
လူယုတ်မာကောင် ဝမ်ရှန့်ချန်က ဒီတရားမ၀င်ကလေးတစ်ယောက်ရဲ့ဘဝကို ဂရုမစိုက်မှာ သေချာတယ်။
ကျိရွှေရှန့်က ရုတ်တရက် အကြံကောင်းတစ်ခုကို တွေးလိုက်မိသည်။
သူ ဒီဝမ်ယွိရှန်းကို မသတ်တော့ဘူး။ ဒီလူက အသုံးဝင်တဲ့ နယ်ရုပ်ပဲ။ သူ ဧကရာဇ်မင်းကို လက်ဆောင်ကြီးကြီးတစ်ခု ပေးရမယ်။ ဒီကိစ္စက သူ ဒီလူ့ကို ကောင်းကောင်း အသုံးချနိုင် မချနိုင်ဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်။
"သူ့ကို ဒီကနေ ခေါ်ထုက်သွားဖို့ နည်းလမ်းရှိလား?"
ကျိရွှေရှန့်က သူ့အသံကို လျှော့ချပြီး စူးချင်းကို လှမ်းမေးလိုက်ရာ စူးချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ရှိတယ်”
ကျိရွှေရှန့်က စူးချင်းကို ကျေးဇူးတင်သည့်အမူအရာဖြင့် ခေါင်းဆတ်ပြလိုက်သည်။
သူမက သူ့ရဲ့ပြဿနာကြီးတွေကို ဖြေရှင်းနိုင်ဖို့ အမြဲကူညီပေးခဲ့တယ်။
စူးချင်းက ရှောင်ချီအား အသွင်ပြောင်းဆေးလုံးနှင့် လူများ အမိန့်နာခံလာစေမယ့် မှော်ဆေးမှုန့်ကို ပြုလုပ်ခိုင်းလိုက်ပြီး ထိုဆေးများကို ကျိရွှေရှန့်ထံသို့ လွှဲပေးလိုက်သည်။
"သူ့ကို တိုက်လိုက်"
ကျိရွှေရှန့်က လုံးဝ တွန့်ဆုတ်မနေဘဲ ဆေးကို ယူကာ ဝမ်ယွိရှန်း၏ပါးစပ်ကို ညှစ်ပြီး ဖွင့်စေလိုက်သည်။
ဝမ်ယွိရှန်းက ထိုဆေးက ဘာဆေးဖြစ်သည်ကို မသိပေ။ သို့သော်လည်း သူ အရင်က သောက်ခဲ့ရသော ဆေးလုံးက သူ့ကို ပုရွက်ဆိတ်ပေါင်း ထောင်သောင်းမက ကိုက်ခဲနေသလို ဖြစ်စေပြီး သေချင်စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူက ဤအမျိုးသမီး၏ဆေးကို နောက်ထပ် မသောက်ဝံ့တော့ပေ။
သို့သော်လည်း သူက အသတ်ခံရုံသာ စောင့်ဆိုင်းနေရသော စဥ်းတုံးပေါ်ရှိ ငါးတစ်ကောင်နှင့် တူနေပြီး ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
ကျိရွှေရှန့်က ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး သူ့မေးစေ့ကို ကြမ်းကြမ်းတမ်းတမ်း မြှောက်ထားလိုက်သည်။ ဝမ်ယွိရှန်းက ဆေးလုံးကို ပြန်တွန်းထုတ်ရန် သူ့လျှာနှင့် ဦးခေါင်းကို အသုံးပြုချင်ခဲ့သော်လည်း ဆေးလုံးက သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ကျိရွှေရှန့်က သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ကိုင်ထားသောကြောင့် တံတွေးပင် မထွေးနိုင်ခဲ့ပေ။
ဆေးဝင်သွားချိန်တွင် ဝမ်ယွိရှန်းက မြေပြင်ပေါ်တွင် တွန့်လိမ်သွားခဲ့ပြီး သူက နာကျင်လွန်းသောကြောင့် သေချင်နေပြီ ဖြစ်သည်။ ခဏအကြာတွင် သူ့မျက်နှာက ပြောင်းလဲသွားပြီး သူ့၏ချောမွတ်သော အသားအရည်က မီးလောင်ကျွမ်းနေသလို ဖြစ်သွားကာ အမာရွတ်များ ပေါ်လာသောကြောင့် သူ၏အသွင်အပြင်က မူလနှင့် လုံးဝ မတူတော့ပေ။
စူးချင်းက ဝမ်ယွိရှန်းအား နောက်ထပ် အဆိပ်ဖြေဆေး ထပ်ပေးခဲ့ပြီး ဝမ်ယွိရှန်း ခံစားနေရသည့် သေခြင်းထက် ပိုဆိုးသော ဝေဒနာက သက်သာလာခဲ့သည်။ သူက ချွေးများရွှဲနှစ်နေပြီး မြေကြီးပေါ်တွင် လဲလျောင်းနေကာ သူ့မျက်လုံးများတွင် ပါးနပ်သော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး ရုပ်သေးရုပ်တစ်ရုပ်၏မှုန်မှိုင်းသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
“ကျွန်မ အပြင်ထွက်ပြီး သူ့အတွက် အဝတ်တစ်ထည် သွားရှာလိုက်မယ်။ ရှင် ရှင့်မျက်နှာကို ဖုံးကွယ်ပြီး မိန်းကလေးတွေကို လွှတ်ပေးလိုက်။ သူတို့ ဆေးခတ်ခံထားရရင် ရေက ဆေးရှိန်ပျယ်ဖို့ အကူအညီ ပေးနိုင်လိမ့်မယ်”
ဝမ်ယွိရှန်း၏အဝတ်အစားများကိုလည်း ဖျက်ဆီးပစ်ခဲ့ရမည် ဖြစ်သည်။ စူးချင်းက သူမ မထွက်သွားသေးခင် ကျိရွှေရှန့်အား မိန်းကလေးများကို လွှတ်ပေးရန် ညွှန်ကြားလိုက်သည်။
အစကတော့ သူမက ယန်ကျစ်ကို မျက်နှာသာပေးချင်ပေမယ့် ဝမ်ယွိရှန်းရဲ့ နောက်ကြောင်းကို သိပြီးတဲ့နောက်မှာ မိန်းခလေးတွေကို ကယ်ဖို့က ယန်ကျစ်အတွက် မသင့်တော်တော့ဘူး။ သူ့ကိုပါ ဒုက္ခဖြစ်စေလိမ့်မယ်။
ကျိရွှေရှန့်ကလည်း စူးချင်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့သည်။ ကျိရွှေရှန့်က သူ့ဘေးနားတွင် ကလေးတစ်ယောက်လို နာခံမှုရှိရှိ ရပ်နေသည့် ဝမ်ယွိရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ကျောက်တုံးကြီး၏နောက်တွင် ရပ်နေပြီး မလှုပ်ရှားရန် အမိန့်ပေးလိုက်သည်။ ဝမ်ယွိရှန်းက တကယ်ပင် မလှုပ်ရှားတော့ပေ။
ကျိရွှေရှန့်က ခြံဝင်းအတွင်းမှ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက်ရာခြေရာများကို ရှင်းထုတ်လိုက်ပြီး ကျိုးနေသောဓားများကိုလည်း ရေတွင်းပျက်ထဲသို့ ပစ်ချလိုက်သည်။ သူက ထိုအရာများကို မည်သူမှ မမြင်နိုင်စေရန်အတွက် ကျောက်တုံးအကြီးကြီး နှစ်လုံးကိုပါ ရေတွင်းပျက်ထဲသို့ ပစ်ချလိုက်သည်။
ထိုအရာများအားလုံးကို လက်စသတ်ပြီးနောက်တွက် ကျိရွှေရှန့်က ကျောက်ဂူထဲသို့ ၀င်လာခဲ့သည်။
သူ အတွင်းသို့ ဝင်လိုက်သည်နှင့် မစင်နှင့် ဆီးနံ့များကို ရလိုက်ပြီး ထိုနေရာတွင် မိန်းကလေးများကို ခွေးများကဲ့သို့ သံကြိုးဖြင့် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။ သခင်မလေးလွမ်၏ ခြေထောက်များကိုလည်း သံကြိုးများဖြင့် ချည်နှောင်ထားပြီး သူမ ရုန်းကန်ရင်းဖြင့် သူမခေါင်းပေါ်မှ ခေါင်းဆောင်းက ပြုတ်ကျသွားပုံရကာ သူမ၏ဆံပင်များက ရှုပ်ထွေးနေပြီး သူမလည်း ထိတ်လန့်နေပုံရသည်။
အခြားမိန်းကလေးများ၏ဆံပင်များကလည်း ရှုပ်ပွနေပြီး သူမတို့၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေခဲ့သည်။ သူမတို့ ငိုထားပုံရပြီး သူမတို၏မျက်လုံးများပင် ရောင်ရမ်းနေသော်လည်း ဝံပုလွေအုပ်ထဲသို့ ကျရောက်သွားသော သိုးကလေးများကဲ့သို့ ကြောက်လန့်နေကာ ရုန်းကန်ရန် အတွေးကိုပင် စွန့်လွှတ်လိုက်ကြပုံပေါ်သည်။
ထိုမိန်းကလေးများ၏ တစ်ဖက်တွင် အညစ်အကြေးစွန့်သည့်ပုံးနှစ်ပုံး ရှိပြီး အခြားတစ်ဖက်တွင် စားစရာများကို မြေကြီးပေါ်သို့ ပစ်ချထားသည်။ သူမတို့က တိရစ္ဆာန်များထက် ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့ကြသည်။
ကျောက်တုံးတံခါးအတုကြီး ပွင့်သွားပြီး မျက်နှာကို ဖုံးအုပ်ထားသည့် ကျိရွှေရှန့် ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ထိုမိန်းကလေးများက ကြောက်ရွံ့သွားကြပြီး အချင်းချင်း ပွေ့ဖက်ကာ သူ့ကို ထိတ်လန့်တကြား ကြည့်နေကြသည်။
လွမ်ဟုန်ကတော့ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဆေးအာနိသင်က လုံးဝ ပျောက်ကွယ်မသွားသေးဘဲ သူမ၏ခြေလက်များက အားနည်းနေသေးသောကြောင့် သူမ ထွက်ပြေးချင်လျှင်ပင် မပြေးနိုင်သေးပေ။
သူမက ကျောက်နံရံကို မှီနေခဲ့ပြီး မိဘများ၏ အလိုလိုက်မှုကြောင့် ဘာကိုမှ မကြောက်တက်သည့် မိန်းကလေးက ဤမှောင်မိုက်ပြီး အနံ့အသက်ဆိုးသော နေရာတွင် အဖမ်းခံလိုက်ရသောကြောင့် အမှန်တကယ် ထိတ်လန့်နေပြီ ဖြစ်သည်။ ကျိရွှေရှန့်က ဂူထဲသို့ ဝင်လာသည်ကို မြင်လိုက်ချိန်တွင် သူမက တုန်ရီနေသော အသံဖြင့် လှမ်းပြောလိုက်သည်။
“ကျွန်မရဲ့ဦးလေးက ချင်းကျိုးအထည်ဆိုင်က ဒုတိယသခင်ကြီးစူးပါ။ ရှင်တို့ လိုချင်သလောက် ငွေကို ပေးနိုင်ပါတယ်။ ကျွန်မကို ဒုက္ခမပေးပါနဲ့"
လွမ်ဟုန်က အလွန်ထက်မြက်ပြီး သတိရှိနေသေးသည်။ သူမ၏အဖေက စီရင်စုမှူးဖြစ်ကြောင်း သူမက လုံးဝ မပြောခဲ့ပေ။
သူမရဲ့အဖေက အရာရှိဆိုတာကို ပြောလိုက်ရင် ဒီလူတွေက ပိုက်ဆံမတောင်းဝံ့တော့ဘဲ သူမကို နှုတ်ပိတ်ဖို့ သတ်ပစ်မှာကို သူမ ကြောက်တယ်။ အဲ့တာကြောင့် သူမက သူမရဲ့ဦးလေးနာမည်ကို ပြောပြလိုက်တာပါ။ သူမ ဦးလေးရဲ့နာမည်ကို ပြောပြလိုက်ရင် သူတို့က သူမကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ တကယ်တော့ ပြန်ပေးဆွဲသူတွေ လိုချင်တာက ငွေပဲ မဟုတ်ဘူးလား?
ကျိရွှေရှန့်က ဒုတိယသခင်ကြီးစူး၏အမည်ကို ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။ စီရင်စုအုပ်ချုပ်ရေးအမတ်က ဒုတိယသခင်ကြီးစူးနဲ့ ညီအကိုတွေ ဖြစ်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိဘူး။ အဲ့တော့ ဘာပဲဖြစ်ဖြစ် သူ လွမ်သခင်မလေးကို ကယ်တင်ပေးရတော့မှာပေါ့။
သူ မျက်နှာကို အုပ်ပြီးမှ ဝင်လာမိတာကို တွေးပြီး စိတ်သက်သာရာရသွားရ ပြန်တယ်။ မဟုတ်ရင် လွမ်သခင်မလေးက သူ့ကို မြင်သွားတာနဲ့ သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့ဘူး။
ကျိရွှေရှန့်က လွမ်ဟုန်ကို တမင်တကာ လျစ်လျူရှုလိုက်ပြီး တခြားမိန်းကလေးများကို ကြည့်ကာ “မကြောက်ပါနဲ့။ ငါက မင်းတို့ကို ကယ်တင်ဖို့ ဒီကို ရောက်လာတာပါ။ ဒါပေမယ့် မင်းတို့ကို ဖမ်းခဲ့တဲ့လူက လက်ရှိမင်းဆက်ရဲ့ဂုဏ်သရေရှိ အမတ်ကြီးတစ်ယောက်ပဲ။ အဲ့ဒါကြောင့် မင်းတို့ ပြန်သွားတဲ့အခါ ဒီကိစ္စကို မပြောကြနဲ့။ မဟုတ်ရင် မင်းတို့ရဲ့မိသားစုဝင်တွေကိုပါ သေစေလိမ့်မယ်”
ဝမ်ယွိရှန်းနဲ့ စာရင်းစာအုပ် ပျောက်ဆုံးသွားတာကို သိတာနဲ့ ဝမ်ရှန့်ချန်က စာရင်းစာအုပ်ကို ရှာဖွေဖို့ သူ တက်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မယ်။ ဒီမိန်းကလေးတွေ ဒီနေရာက လွတ်မြောက်သွားမှန်း သိတာနဲ့ သူမတို့ကိုပါ ဒုက္ခရောက်စေလိမ့်မယ်။
ဝမ်ယွိရှန်းနဲ့ စာရင်းစာအုပ်အကြောင်းကို သူမတို့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဝမ်ရှန့်ချန်က သူမတို့ကို အသက်ရှင်လျက် လွတ်ပေးမှာ မဟုတ်ဘူး။
ကျိရွှေရှန့်၏စကားကို ကြားလိုက်ရသော လွမ်ဟုန်က အံ့အားသင့်နေပြန်သည်။ အမတ်ကြီးက ဘာကြောင့် သူမတို့ကို ဖမ်းချင်ရတာလဲ?
ကျိရွှေရှန့်က သူ့စကား ဆုံးသည်နှင့် သူ၏ရတနာဓားကို ထုတ်ကာ မိန်းကလေးများ၏ခြေထောက်များတွင် ချည်ထားသော သံကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။ သူ သံကြိုးများကို ဖြတ်ပြီး သူမတို့ကို လွှတ်ပေးနေသောကြောင့် သူက ကူညီပေးမှန်း သေချာသွားချိန်တွင် လွမ်ဟုန်က သူ့ကို ကျေးဇူးဆပ်ချင်သောကြောင့် သူ့ကို လှမ်းမေးလိုက်သည်။
"ကျေးဇူးရှင်ကြီး၊ ရှင့်ရဲ့နာမည် ဘယ်လိုခေါ်လဲ? ကျွန်မ ကျွန်မအဖေ့ကို ပြန်ပြောပြပြီး ရှင့်ကို ကျေးဇူးပြန်ဆပ်ပါ့မယ်..."