← Chapters

အဆင့်မြင့်ရန်ဟောင်များနှင့် တိုက်ခိုက်ခြင်း

Vol. 018 Ch. 1796

အဆင့်မြင့်ရန်ဟောင်များနှင့် တိုက်ခိုက်ခြင်း

Vol. 018 Ch. 1796

နတ်ဓားအလင်းက လေထုကို ဖြတ်သန်းသွားပြီး ဖြတ်သွားသည့်နေရာတိုင်းမှ အရာအားလုံးကို ဖျက်ဆီးသွားသည်။ ပဉ္စမအဆင့်နတ်ဝင်ရိုးနှင့် အလယ်အလတ်အဆင့် ရန်ဟောင်တစ်ယောက်သည် ရွှေရောင်ခန္ဓာအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူက ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်၏။

သို့သော် ဓားအလင်းက သူ၏ ရွှေရောင်ချပ်ဝတ်အား ချက်ချင်းထိုးဖောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲထွက်သွားလေသည်။

ရွှပ် ရွှပ် ရွှပ်

အသံများထွက်ပေါ်လာပြီးနောက် တော်ဝင်ရတနာခန်းဆောင်သို့ ဝင်ရောက်လာသည့် တန်ခိုးရှင်များမှာ ချက်ချင်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်ခဲ့သူများ၏ စွမ်းအားအရှိန်အဝါတို့က တုန်လှုပ်နေပြီး သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားတို့နှင့် ပြည့်နေခဲ့၏။ သူတို့သည် ရီဖူရှင်း၏ အထက်တွင် တောက်ပနေသည့် နတ်ဘုရားရောင်ဝါကို စိုက်ကြည့်နေကြသည်။

"အဲဒါက ဘာလဲ။"

သူတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ ရွှေရောင်အလင်းတန်းများက နေရာအနှံ့တွင် ရှိနေခဲ့သည်။ မမြင်ရသော ဓားစွမ်းအင်လှိုင်းများက သူတို့အနီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်နေပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းလာသည်။ ဤလောကသည် ဓားစွမ်းရည်ကမ္ဘာတစ်ခုဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်လာသည့် မည်သူမဆို အသတ်ခံရမည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

ထို့ပြင် ရီဖူရှင်းက ဤလောကသစ်၏ သခင် ဖြစ်ပုံရလေသည်။

သူ၏ ကျင့်ကြံဆင့်က မြင့်မားလာလေ သူက ဧကရာဇ်အသိကို သဘောပေါက်လာလေဖြစ်ကာ ပို၍ ကောင်းမွန်စွာ ခံစားနိုင်စွမ်းရှိလာပြီ ဖြစ်သည်။ ယခု သူသည် ဧကရာဇ်အသိက မည်သို့သော အမျိုးအစားဖြစ်သည်ကို ခပ်ရေးရေး ခံစားသိမြင်လာပြီး သူ့ထက် ပိုမြင့်မားသော အဆင့်ရှိသူများကိုပင် ဖိအားပေးနိုင်ပေသည်။

ရီဖူရှင်းက သူ၏ နတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူသည် လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူတို့အနီးရှိ ဓားစွမ်းအားများကို တဝီဝီအော်မြည်လာစေသည်။ ရုတ်တရက် ဓားအချင်းချင်း ထိခတ်မိသံများက ကု့ချင်းကြိုးများ တီးခတ်နေသလို ဖြစ်တည်လာပြီး တေးသွားနှင့် ဓားစွမ်းအားတို့က တသားတည်းဖြစ်လာကာ ထိုဝန်းကျင်တစ်ခုလုံးက ကြောက်မက်ဖွယ် ဓားချီများနှင့် ပြည့်နှက်လာသည်။

ရွှစ် ရွှစ်

အလွန်ထက်ရှသည့် ဓားများက ဆဋ္ဌမဆင့် နတ်ဝင်ရိုးရှိသည့် တန်ခိုးရှင်များ ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။ သူတို့အနီးရှိ မဟာလမ်းစဥ် အရှိန်အဝါများက ကွဲကြေသွားပြီးနောက် သူတို့သည် ကြောက်ရွံ့ထိတ်လန့်နေသော မျက်လုံးများနှင့် ရီဖူရှင်းအား ကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းက အလွန် အန္တရာယ်များသည်။ သူက သူတို့အား သတ်ဖြတ်ရန် မဟာလမ်းစဥ်စွမ်းအားများကို အသုံးပြုနေသည်။

ရီဖူရှင်းသည် သူတို့ထဲမှ တစ်ယောက်ဆီသို့ လှမ်းသွားခဲ့သည်။ သူက ဖြေးဖြေးချင်း လှုပ်ရှားလိုက်သော်လည်း ခြေလှမ်းတိုင်းတွင် ဓားစွမ်းအားများက ထွက်ပေါ်နေပြီး လေထုကို ဟက်တက်ခွဲကာ ဆဋ္ဌမဆင့် နတ်ဝင်ရိုး တန်ခိုးရှင်များထံ တိုးဝင်သွားခဲ့သည်။

ထိုအချိန်တွင် ရီဖူရှင်း ဦးတည်နေသည့် တန်ခိုးရှင်က သူ၏ ဝိညာဥ်လက်နက်ဖြစ်သော မှော်ဝတ်ရုံကို ဆင့်ခေါ်လိုက်သည်။ သူက ဝိညာဥ်လက်နက်အား ရှေ့သို့ ပစ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ် အနက်ရောင်တွင်းကြီး အဖြစ် ပြောင်းလဲသွားပြီး အနီးရှိ ဓားစွမ်းအားများကို စုပ်ယူလိုက်သည်။ ကြီးမားသော လေပွေက ပို၍ ကြီးမားကျယ်ပြန့်လာပြီး နေကိုပင် ဖုံးကွယ်သွားလုမတတ် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းနေကာ ရီဖူရှင်းကို ဆွဲယူရန် ကြိုးစားလိုက်သည်။ ၎င်းက ရီဖူရှင်းအား တွင်းနက်ထဲသို့ စုပ်ယူရန် ကြိုးစားနေ၏။

သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုဟူသည်မှာ သာမန်တိုက်ပွဲတစ်ခုနှင့် မတူညီပေ။ သူတို့၏ အင်အားစုများအတွင်း အဆင့်အတန်းမြင့်မားသော တန်ခိုးရှင်အများစုတွင် ဝိညာဥ်လက်နက်များ ရှိကြပြီး သူတို့၏ ဝိညာဥ်လက်နက်များက အလွန် အစွမ်းထက်ကြပေသည်။ အစွမ်းထက် အင်အားစုများတွင် ဝိညာဥ်လက်နက်များက ရှားပါးခြင်း မရှိပေ။

သို့သော် ရီဖူရှင်း နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ယူခဲ့သော နတ်ဓားနှင့် နှိုင်းယှဥ်လျှင် ထိုမှော်ဝတ်ရုံက အလွန် အရည်အသွေး နိမ့်ကျပေသည်။ ၎င်းတို့က တူညီသော အဆင့်အတန်း၌ ရှိမနေပေ။ ထိုဝိညာဥ်လက်နက်ကို ပိုင်ဆိုင်ထားသူမှာ အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးသာလျှင် ဖြစ်ပြီး သူက အလွန် မြင့်မားသော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ကြီး ဟုတ်မနေချေ။ ထို့ကြောင့် သူ အသုံးပြုသည့် ဝိညာဥ်လက်နက်မှာလည်း သူ့စွမ်းရည်နှင့် လိုက်ဖက်သော တိုက်ပွဲစွမ်းရည်ကိုသာ ပေးစွမ်းနိုင်၏။

သို့ပေမဲ့ သူ့ထံတွင် ကျင့်ကြံဆင့် သာလွန်မှု အားသာချက်က ရှိနေသေးပေသည်။

ဟူး...

ရီဖူရှင်းက ထိုမှော်ဝတ်ရုံ၏ တွင်းနက်ကြီးအတွင်းသို့ စုပ်ယူခံလိုက်ရပြီး သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တစ်ခဏအတွင်းမှာပင် တောက်ပသည့် နတ်အလင်းများ ပေါက်ကွဲထွက်လာကာ အနက်ရောင်တွင်းကြီးတွင် အက်ကြောင်းများ ပေါ်ပေါက်လာ၏။ နတ်ဓားအလင်းရောင်က ပေါက်ကွဲထွက်လာပြီး ဝိညာဥ်လက်နက်ကို ဖောက်ခွဲလိုက်ကာ ဓားစွမ်းအားများက မိုးကြိုးလျှပ်စီးအသွင်သို့ ပြောင်းလဲသွား၍ မှော်ဝတ်ရုံပိုင်ရှင်ဆီ ထိုးထွက်သွားလေသည်။

ဓားက အလွန် လျင်မြန်စွာ ကျဆင်းလာပြီး ရီဖူရှင်းသည် ဆဋ္ဌမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်၏ နောက်တွင် ထွက်ပေါ်လာခဲ့သည်။ ခဏချင်းအတွင်းမှာပင် ထိုလူက အပိုင်းအစများအဖြစ် ဖောက်ခွဲခံလိုက်ရပြီး ပျောက်ကွယ်သွားရတော့၏။

ရီဖူရှင်း၏ ဓားပညာသည် သူ့အား အမှုန်များအဖြစ် ပြောင်းလဲပေးလိုက်ပေသည်။

ကျန်ရှိနေသေးသည့် အချို့သော တန်ခိုးရှင်များ၏ မျက်လုံးများထဲ၌ အကြောက်တရားတို့ ထင်ဟပ်လာသည်။ သူတို့သည် လက်ရှိ ရီဖူရှင်း၏ စွမ်းအားက သူတို့ထက် သာလွန်နေသည်ကို ခံစားမိကြပေသည်။ သူက ဒုတိယဆင့်နတ်ဝင်ရိုးကိုသာ ဖန်တီးထားနိုင်သော်လည်း ဧကရာဇ်အသိ၏ စွမ်းအားအောက်၌  သူ့အရှိန်အဝါက နောက်ထပ်အဆင့်သစ်တစ်ခုသို့ တက်သွားခဲ့သည်။

သူ၏ ပြီးပြည့်စုံသော နတ်ဝင်ရိုးစွမ်းအားတွင် ဧကရာဇ်အသိနှင့် နတ်ဓားတို့၏ စွမ်းအားများကို ထပ်လောင်းပေါင်းထည့်ထားသည်။ မဟာလမ်းစဥ်၏ ဖိအားက တစ်ဖန် မြင့်တက်လာသောအခါ သူ၏ သဘာဝက ပြောင်းလဲသွားသည်။ သူ့ကို သတ်ဖြတ်ရန် လာရောက်သော တန်ခိုးရှင်များတွင် ပြီးပြည့်စုံသော နတ်ဝင်ရိုးပင် မရှိကြပေ။ ထို့ကြောင့် သူတို့က ဆဋ္ဌမဆင့် နတ်ဝင်ရိုးရှိနေလျှင်ပင် ရီဖူရှင်း၏ သတ်ဖြတ်မှုကို ခံကြရခြင်း ဖြစ်ပေသည်။

အလယ်အလတ်အဆင့် ရန်ဟောင်များက အပိုင်းပိုင်းအစစများ ဖြစ်အောင် ပိုင်းဖြတ်ခံလိုက်ရပေသည်။ ကျန်ရှိသော ဆဋ္ဌမဆင့် တန်ခိုးရှင်များတွင်လည်း အခွင့်အရေး တစ်ခုပင် မရှိပေ။

ကမ်းပါးမှ စောင့်ကြည့်နေကြသော တန်ခိုးရှင်များသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်အံ့အားသင့်သွားကြသည်။ လူအများသည် အဝေးရှိ အဆင့်မြင့်တန်ခိုးရှင်များ ကြားမှ တိုက်ပွဲကို လျစ်လျူရှူကာ ရီဖူရှင်း၏ တိုက်ပွဲအား အာရုံစိုက်လာကြသည်။

ထိုတိုက်ပွဲက အလွန်ပင် အံ့အားသင့်စရာကောင်းလှပေသည်။ ရွှေရောင်နတ်ရောင်ဝါများက ရီဖူရှင်း၏ အရှိန်အဝါကို ပြောင်းလဲသွားစေသည်။ သူက ထိုနေရာတွင် ရပ်နေပြီး သူ၏ ငွေဖြူရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံက ရွှေရောင်နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရသည်။ သူ့ထံ၌ နှိုင်း၍ပင်မယှဥ်သာသော မြင့်မြတ်တော်ဝင်ဆန်မှု အငွေ့အသက်များ ရှိနေသည်။ ထိုသည်မှာ မဟာဧကရာဇ်တစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ပင် ဖြစ်သည်။

သူတို့သည် ရီဖူရှင်း၏ ဤအရှိန်အဝါက အင်ပါယာအဆင့်တစ်စုံတစ်ယောက်၏ အမွေကိုဆက်ခံရာမှ ဖြစ်တည်လာသော နတ်အလင်းရောင်ဝါတို့ကြောင့် ​ဖြစ်ကြောင်း သိရှိကြပေသည်။

ထိုသည်မှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ သူရရှိခဲ့သော အမွေအနှစ်များကြောင့် ဖြစ်နိုင်ပေသည်။

ယခင်က သူတို့သည် ရီဖူရှင်းအား ဘုံကိုးဘုံရှိ သူ့မျိုးဆက်များအတွင်း အစွမ်းထက်ဆုံး ပါရမီရှင်ဖြစ်သည်ဟု ဆိုနိုင်သော်လည်း သူတို့သည် ရီဖူရှင်းက ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု တွေးမထင်ထားမိခဲ့ကြပေ။ သူသည် အလယ်အလတ်အဆင့်ရှိ ရန်ဟောင်တစ်စုအား သတ်ဖြတ်ပစ်ခဲ့သည်။ ကျန်နေသေးသည့် ဆဋ္ဌမဆင့် ရန်ဟောင်များသည် သူ့အား ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲတော့ဘဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေကြပေသည်။

သိပ်မကြာသေးခင်က သူတို့သည် ရီဖူရှင်းအား အင်းဆက်ပိုးမွှားသဖွယ် လိုက်ဖမ်းနေခဲ့ကြသည်။ ယခု ကြည့်ရသည်မှာ သူတို့ကမှ အင်းဆက်ပိုးမွှားများ ဖြစ်နေပုံရလေသည်။

တော်ဝင်ရတနာခန်းဆောင်၏ အပြင်ဘက်၌ ရှိနေသော သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်နှစ်ဦးမှာ အတော်လေး ရုပ်ပျက်ဆင်းပျက်​ ဖြစ်နေသည်။ သူတို့တွင် သူတို့၏ နောက်လိုက်များကို ကူညီနိုင်ရန် နည်းလမ်း ရှိမနေပေ။

ရှန်ကလန်မှ တန်ခိုးရှင်က သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင် ကြီးမားသော ဝိညာဥ်လက်နက် ဆေးပေါင်းအိုးတစ်ခုက လမ်းစဥ်ပင်လယ်ထက် တော်ဝင်ရတနာခန်းဆောင် အပေါ်တွင် ထွက်ပေါ်လာ၏။ ထိုဆေးပေါင်းအိုးက လှည့်ပတ်နေပြီး နတ်အလင်းရောင်များ ထုတ်လွှတ်ကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သူက လက်သီးဆုပ်လိုက်လျှင် ရုတ်တရက် ဆေးပေါင်းအိုးကြီးက ပြုတ်ကျလာသည်။ ၎င်း၏အတွင်းမှ အဆုံးမဲ့ဖျက်ဆီးခြင်း ရွှေရောင်အလင်းများ ထွက်ပေါ်နေပြီး တော်ဝင်ရတနာခန်းဆောင်ကို တိုက်ခိုက်ကာ တုန်ခါလာအောင် ပြုလုပ်နေသည်။ ထိုတော်ဝင်ရတနာခန်းဆောင်က အောက်သို့ ပြုတ်ကျလာပြီး ပင်လယ်ထဲ နစ်မြုပ်သွားတော့မလို ထင်မှတ်ရသော်လည်း ရတနာခန်းဆောင်အား ဖျက်ဆီးပစ်နိုင်ခြင်း မရှိပေ။ ထိပ်တန်းအဆင့် ဝိညာဥ်လက်နက်သည် အခြားသော တန်ခိုးရှင်များထက် သန်မာအားကောင်းသည့်အတွက် ၎င်းအား ဖျက်ဆီးချိုးဖျက်နိုင်ခြင်း မရှိချေ။

ထိုအချိန်တွင် ရီဖူရှင်းက သူ၏ နတ်ဓားကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် တန်ခိုးရှင်တစ်ယောက် ကျဆုံးသွားပြန်သည်။ တန်ခိုးရှင်များက ရီဖူရှင်း၏ အမဲလိုက်ခြင်းကို ခံရကာ တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံနေရ၏။ ထိုသည်မှာ အမှန်တကယ် ဆန့်ကျင်ဘက် ပြောင်းပြန်လှန်ခံလိုက်ရသည့် အခြေအနေပင် ဖြစ်ပေသည်။

ဒုတိယအဆင့် နတ်ဝင်ရိုးသာ ရှိသည့် တန်ခိုးရှင်တစ်ဦးက ထိုမျှ အစွမ်းထက်သော အစီအရင်ဝင်္ကပါကို မည်သို့ ထိန်းချုပ်နိုင်ခဲ့သနည်း။ ထိုသို့သောအဆင့် ရတနာမျိုးသည် သတ္တမဆင့် နတ်ဝင်ရိုးနှင့် အဆင့်မြင့် ရန်ဟောင်တန်ခိုးရှင်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ သူတို့က ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးကိုပင် ရင်ဆိုင်နိုင်အောင် လုံလောက်သည့် အဖွဲ့အင်အားနှင့် လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတွင် ဒုတိယအဆင့် နတ်ဝင်ရိုးသာ ရှိသော ရီဖူရှင်း၏ လက်ထဲ၌ အရေးမသာဘဲ ဖြစ်နေရ၏။

ဝိညာဥ်လက်နက် ဆေးပေါင်းအိုးက ဆက်လက်၍ ကျဆင်းလာနေပြီး ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် ထောင်ချီသော မိုးကြိုးလျှပ်စီးများ ထွက်ပေါ်​နေကာ တော်ဝင်ရတနာခန်းဆောင်အား ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။ သို့သော် ထိုဝိညာဥ်လက်နက် အစွမ်းကုန်လုပ်နိုင်သည်က ရတနာခန်းဆောင်နှင့် ရိုက်ခတ်သွားရာမှ ထွက်ပေါ်လာသော နားကွဲလုမတတ် ဆူညံသံသာ ဖြစ်သည်။

ရှန်ကလန်မှ တန်ခိုးရှင်တစ်ဦးထံမှ အော်ဟစ်ညည်းညူသံ ထွက်ပေါ်လာသည်။ နောက်ထပ် တစ်စုံတစ်ယောက်က ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုသူမှာ အပြင်ဘက်မှ သတ္တမဆင့်တန်ခိုးရှင်၏ ညီငယ် ဖြစ်ပေသည်။

မကြာလှသောအချိန်တွင် တော်ဝင်ရတနာခန်းဆောင်အတွင်း ရီဖူရှင်း တစ်ယောက်သာ ကျန်ရှိနေတော့သည်။

အခြားသူများအားလုံးက သတ်ဖြတ်ခံလိုက်ရပြီး တစ်ယောက်တစ်လေမျှပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

သူတို့ ရီဖူရှင်းနောက်သို့ လိုက်ဖမ်းခဲ့သောအခါက သူတို့ထဲက မည်သူကမှ ရီဖူရှင်း ထိုမျှထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ထိုအချိန်၌ ရီဖူရှင်းက တော်ဝင်ရတနာခန်းဆောင်အတွင်းမှ အပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် ခန်းမဆောင်က ပျောက်ကွယ်သွားပြီး ရီဖူရှင်းသာလျှင် ကျန်ရစ်ခဲ့၏။

ရုတ်တရက် ရီဖူရှင်းသည် လမ်းစဥ်ပင်လယ်အထက် လေထဲတွင် ပေါ်ထွက်လာသည်။ သူသည် ထိုနေရာ၌ မျောလွင့်နေပြီး ကောင်းကင်ကိုပင် လွှမ်းမိုးသွားနိုင်သော ကြောက်မက်ဖွယ် ရွှေရောင်အလင်းရောင်ဝါတို့နှင့် တောက်ပနေသည်။

နောက်ဆုံး၌ သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်နှစ်ဦးသည် ထိုရောင်ဝါ၏ စစ်မှန်သော စွမ်းအားကို ခံစားမိခဲ့ပေသည်။ သူတို့သည် ရီဖူရှင်းကို ကြည့်နေရင်းနှင့် ဒူးထောက်ကာ ခစားလိုသည့် ခံစားချက်မျိုး ဝေဝေဝါးဝါး ခံစားလိုက်ရသည်။

သူက ထိုမျှထိ သန်မာအားကောင်းသည်လား။ သူတို့သည် ရီဖူရှင်းအား မော့ကြည့်လိုက်ကြပြီး ဧကရာဇ်အသိ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားသိမြင်လိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းသည် ထိုစွမ်းအားများနှင့်အတူ မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။ ထိုသည်မှာ မဟာအင်ပါယာ၏ အမွေအနှစ်ပင် ဖြစ်သည်။

သူတို့သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အချို့ကို ကြားဖူးကြသည်။ ရီဖူရှင်း ထိုနေ့က မည်သည့် အမွေအနှစ်တို့ကို ရရှိခဲ့သန​ည်း။

သူတစ်ယောက်သာ သိပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအင်အသိက သူတို့ထံ ဦးတည်လာပြီး ကျယ်ပြောလှသည့် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ လမ်းစဥ်ပင်လယ်ထက် လေထဲတွင် တိုက်ခိုက်နေကြသော တန်ခိုးရှင်များသည် သူတို့၏ အကြည့်များကို ရီဖူရှင်းထံ ရွှေ့လိုက်ကြသည်။ ကြည့်ရသည်မှာ သူတို့အားလုံး ရီဖူရှင်း၏ ကြီးမားသော စွမ်းအားကို ခံစားမိကြပေသည်။

သတ္တမဆင့် နတ်ဝင်ရိုးနှင့် ရှန်ကလန်မှ တန်ခိုးရှင်၏ မျက်လုံးများက နတ်အလင်းတို့ဖြင့် တောက်ပလာပြီး အလင်းတန်းများက ရီဖူရှင်းထံ တိုးဝင်လာကာ စွမ်းအားများကို ဖိနှိပ်ထားသည်။ သို့သော် သူမြင်လိုက်ရသည်မှာ ရီဖူရှင်း၏ ကြောက်မက်ဖွယ် မျက်လုံးအစုံကိုသာ ဖြစ်၏။ ရီဖူရှင်း၏ အကြည့်များအတွင်း အစွမ်းထက်လှသည့် နတ်ဧကရာဇ်တစ်ပါး တည်ရှိနေကာ ရီဖူရှင်း၏ အသိစိတ်ကို စောင့်ကြပ်နေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ တိမ်များက ပြောင်းလဲသွားသည်။ စီးဆင်းနေသော မဟာလမ်းစဥ်စွမ်းအားများက သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်နှစ်ဦးကို သူတို့အနီး၌ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ယောင်များ ပေါ်ပေါက်လာပြီး သူတို့အနီးမှ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသလို ခံစားရစေသည်။

သူတို့နှစ်ယောက်လုံးသည် အလွန်အဆင့်မြင့်ပြီး မဟာလမ်းစဥ်ကို ကောင်းစွာ ထိိန်းချုပ်နိုင်သော်လည်း ယခုအခိုက်အတန့်တွင် ထူးဆန်းသည့်အရာ ဖြစ်ပွားခဲ့သည်။ သူတို့သည် မဟာလမ်းစဥ် အရင်းအမြစ်များ၏ ဖိနှိပ်မှုကို ခံနေရသည်ဟု ခံစားရပေသည်။

ဆိုလိုသည်မှာ ရီဖူရှင်းက သူတို့ထက် နိမ့်သည့် ကျင့်ကြံဆင့် ရှိသော်လည်း သူ၏ မဟာလမ်းစဥ် ထိန်းချုပ်မှုကျင့်ကြံခြင်းက သူတို့ထက် ပိုသာနေသည်။ ဤသည်မှာ ဖြစ်နိုင်ချေ မမြင့်မားသော်လည်း ယခု အမှန်တကယ် ဖြစ်ပျက်နေပေသည်။

ထိုသည်က ဧကရာဇ်လမ်းစဥ်ဖြစ်ရမည်ဟု သူတို့က တွေးလိုက်မိသည်။ သူတို့က နောက်ထပ် ထပ်မစောင့်နိုင်တော့ပေ။

ထိုအချိန်၌ သတ္တမဆင့် နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင် နှစ်ယောက်သည် ဒုတိယအဆင့် နတ်ဝင်ရိုးသာရှိသော တစ်စုံတစ်ယောက်၏ ဖိနှိပ်ခြိမ်းခြောက်မှုကို အမှန်တကယ် ခံနေကြရပေသည်။ အကယ်၍ သူတို့က ဤအကြောင်းကို ပြောထုတ်လာပါက မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။ သို့သော် ယခု ထိုအကြောင်းက အမှန်တကယ် ဖြစ်နေခဲ့သည်။ ထိုသည်က ကျင့်ကြံခြင်း၏ စည်းမျဥ်းများကို အကြွင်းမဲ့ ဆန့်ကျင်နေပေသည်။ ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် တစ်စုံတစ်ယောက်က ပြီးပြည့်စုံခြင်းမရှိသော နတ်ဝင်ရိုးနှင့် တစ်စုံတစ်ယောက်အား ရင်ဆိုင်ရသည့်အခါ၌ပင် ကျင့်ကြံဆင့်ကွာခြားမှုကို လျစ်လျူမရှူနိုင်ပေ။

အဆင့်နိမ့်ရန်ဟောင်နှင့် အဆင့်မြင့်ရန်ဟောင်ကြားမှ ခြားနားချက်မှာ မိုးနှင့်မြေကြားမှ အကွာအဝေးကဲ့သို့ပင် ဖြစ်သည်။

ရှန်ကလန်မှ တန်ခိုးရှင်က ရီဖူရှင်းကို လက်ညွှန်လိုက်လျှင် ညွှန်လိုက်ချင်း ရုတ်တရက်  ကောင်းကင်ထက်ရှိ ဒယ်စောက်မှ ထောင်ချီသော နတ်အလင်းရောင်တို့က တောက်ပလာသည်။ ရွှေရောင်အလင်းများက ပြိုင်ဘက်ကင်း လေဟာနယ်ဖြိုခွင်းစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး လေထုကို ဖြတ်ကာ ၎င်း၏ လမ်းကြောင်းအတွင်း ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ရီဖူရှင်း လက်ထဲမှ နတ်ဓားက ပြင်းပြင်းထန်ထန် အော်မြည်လာသည်။ သူက အဆုံးမဲ့ဓားစွမ်းအားများ စီးဆင်းနေသည့် လေထဲသို့ ပျံတက်သွားပြီး ဓားစွမ်းအင်လှိုင်းများက သူ့ဘက်သို့ လာနေသော ရောင်စဥ်တန်းများနှင့် တိုက်မိသွားကာ တိုက်ခိုက်မှုကို အလွယ်တကူ ဟန့်တားလိုက်သည်။

ဓားက အဆုံးမရှိ ဆက်လက် အော်မြည်နေသည်။ ပင်လယ်ထက် လေထုထဲ၌ စွမ်းအင်လှိုင်းများ လွှမ်းခြုံထား၏။ ရှန်ကလန်မှ တန်ခိုးရှင်သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဆေးပေါင်းအိုးက ရုတ်တရက် အောက်ဘက်သို့ တဟုန်ထိုး ထိုးဆင်းလာသည်။ ထွက်ပေါ်နေသော ရောင်စဥ်များက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။

"မင်းက အခုထိ ဘာမှ မလုပ်သေးဘူးလား။" ရှန်ကလန်မှ တန်ခိုးရှင်က သူ့ဘေးရှိ ရွှေရောင်နတ်ပြည်ထောင်မှ အဆင့်မြင့်တန်ခိုးရှင်ကို မေးလိုက်သည်။ ယခုအချိန်မှ သိက္ခာဆယ်ရန် ကြိုးစားနေစရာအကြောင်း မရှိတော့ပေ။ သူတို့က နောက်ထပ်အမှားတစ်စုံတစ်ရာ ထပ်မလုပ်နိုင်ချေ။ ရီဖူရှင်းအား သတ်ဖြတ်ရန်မှာ သူတို့အတွက် အသက်တမျှအရေးကြီးသော တာဝန်ဖြစ်လေသည်။

ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ခေါင်းညိတ်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကောင်းကင်ထက်တွင် နတ်ဘုရားတစ်ပါး၏ ပုံရိပ် ထွက်ပေါ်လာပြီး နတ်ဘုရားပူဆွေးခြင်း ပင့်သက်ရှိုက်သံ ထွက်ပေါ်လာသည်။ သူ၏ လက်ထဲတွင် အစွမ်းထက် ဝိညာဥ်လက်နက်ဖြစ်သော ရွှေရောင်လှံတစ်ချောင်း ပေါ်ပေါက်လာ၏။ ၎င်းမှ ဖျက်ဆီးခြင်းရွှေရောင်အလင်းတို့ တောက်ပနေသည်။

ဒုတိယအဆင့် နတ်ဝင်ရိုးနှင့် အဆင့်နိမ့်ရန်ဟောင်တစ်ပါးကို ရင်ဆိုင်ရန် အဆင့်​မြင့်ရန်ဟောင်နှစ်ယောက်က ပူးပေါင်းလိုက်ကြသည်။ ဤမြင်ကွင်းမှာ ပင်လယ်ကမ်းစပ်မှာ စောင့်ကြည့်နေသူများကို ဆွံ့အသွားစေပြီး သူတို့က တိုက်ပွဲသို့ မမှိတ်မသုန် စိုက်ကြည့်နေကြတော့သည်။

***

All Chapters