← Chapters

ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်ရှိခြင်း

Vol. 5 Ch. 463

ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်ရှိခြင်း

Vol. 5 Ch. 463

နတ်ဘုရား သတ်မှတ်ချက်သည် စီအိုင်အေ၏ အထူးဌာနမှ ကမ္ဘာပေါ်ရှိ တန်ခိုးရှင် အဆင့်များကို စီထားသည့် ဇယားဖြစ်၏။

အမေရိကန်၏ စီအိုင်အေ အဖွဲ့သည် ၁၉၄၆ ခုနှစ်၌ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အထူးဌာနမှာမူ စီအိုင်အေ အဖွဲ့ထက်ပင် ပိုမို သမိုင်းကြောင်း ရှည်လျားသည်။

ထိုဌာနကို အမေရိကန် တော်လှန်ရေး စစ်ပွဲအတွင်း၌ အင်အားကြီး မိသားစုများက စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကား သွေးစုပ်ဖုတ်ကောင်၊ သမန်း ဝံပုလွေ စသည့် သဘာဝလွန် သတ္တဝါများ အကြောင်း စုံစမ်းရန် ဖြစ်သည်။

နောက်ပိုင်း၌ အဖွဲ့၏ ပုံစံမှာ အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး အထူးဌာနဟူ၍ ဖြစ်လာခဲ့သည်။ အထူးဌာန၏ လွှမ်းမိုးနိုင်စွမ်းနှင့် အခန်း ကဏ္ဍမှာ ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ် အတွင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

တဖြည်းဖြည်းနှင့် အထူးဌာနသည် သဘာဝလွန် လူသားများအား စုံစမ်းရင်း  အမှောင်ကမ္ဘာနှင့် ထဲထဲဝင်ဝင် ဆက်စပ် ပတ်သက် လာခဲ့သည်။ ထို့ကြောင့်ပင် အထူးဌာနကို "နိုင်ငံတကာ သဘာဝလွန်လူသား ကွပ်ကဲရေး အဖွဲ့အစည်း သို့မဟုတ် IAMSH" ဟု ခေါ်ကြသည်။

ထိုအဖွဲ့အစည်းကား တဖြည်းဖြည်းနှင့် ကမ္ဘာ့ အကြီးဆုံး အထူးဌာန ဖြစ်လာခဲ့ပြီးနောက် အမှောင် သတ်မှတ်ချက်နှင့် နတ်ဘုရား သတ်မှတ်ချက် တို့ကို ထုတ်ပြန် ကြေငြာခဲ့သည်။ ရှေးယခင် အင်တာနက် မရှိခင်က ရေဒီယို လှိုင်းများကို အသုံးပြု၍ ထုတ်ပြန်ခဲ့သည်။

ထိုစဉ်ကတည်းက အမှောင် သတ်မှတ်ချက်နှင့် နတ်ဘုရား သတ်မှတ်ချက်တို့ ထွက်လာတိုင်း တစ်ကမ္ဘာလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားရ စမြဲပင်။

သို့သော် ဒုတိယ ကမ္ဘာစစ် အတွင်း အမေရိကန်က နျူကလိယဗုံးကို စတင် မိတ်ဆက်အပြီးတွင်မူ တန်ခိုးရှင် အဆင့်များစွာမှာ ပျောက်ချင်းမလှ ပျောက်ကုန် ကြတော့သည်။ ထိုအချိန်မှ စ၍ အထူးဌာနမှာ နတ်ဘုရား သတ်မှတ်ချက်ကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း နှစ်ပေါင်းခြောက်ဆယ် အကြာ၌ နတ်ဘုရား သတ်မှတ်ချက်ကား ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

"နတ်ဘုရား သတ်မှတ်ချက် ပြန်ပြီး ပေါ်ထွက်လာတာက ခေတ်သစ် တစ်ခုရဲ့ အစလို့ ပြောရမယ်… ဒီခေတ်သစ်ကို ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်က ချန်းပေ့ရွှမ်းပဲ"

မစ္စတာ လေ့လာသူက ပို့စ် (post) တစ်ခု ရေးတင်၏။ နတ်ဘုရား သတ်မှတ်ချက် ပြန်လည် ပေါ်ထွက်လာသော သတင်းကား ကမ္ဘာတစ်ခုလုံးသို့ မုန်တိုင်းသဖွယ် ပျံ့နှံ့ သွားတော့သည်။

အနောက် ဥရောပ၊ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင် အာရှ … စသည့် ကမ္ဘာ တစ်လွှားရှိ အင်အားကြီး မိသားစု၊ ကလန်များစွာမှ အဖွဲ့ဝင်များစွာမှာ နတ်ဘုရား သတ်မှတ်ချက်ဝင် တန်ခိုးရှင်ထံမှ တုန့်ပြန်မည့် သတင်းကို နားစွင့် နေကြသည်။

နတ်ဘုရား သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်တိုင်းမှာ ကမ္ဘာကြီး၏ အစစ်အမှန် အုပ်ချုပ်သူများ ဖြစ်ခဲ့ကြသည်။ နိုင်ငံ၏ ဧကရာဇ်များပင်လျှင် သူတို့အား လေးစားမှု အပြည့်ဖြင့် ဆက်ဆံခဲ့ရသည်။ သို့သော်လည်း သေမျိုးများ၏ နျူကလိယကို ရှာဖွေ တွေ့ရှိမှုက အရာရာကို ပြောင်းလဲ စေခဲ့သည်။

ထို့ကြောင့်ပင် နတ်ဘုရား သတ်မှတ်ချက် အသစ် ပေါ်ထွက် လာခြင်းအား လူတိုင်း စိတ်ဝင်စားမိကြသည်။ ထိုအပြောင်းအလဲတွင် တန်ခိုးရှင် အဆင့်များ ပြန်လည် လွှမ်းမိုး လာမည်လား အမှန်ပင် သိချင်ကြသည်။

"ချန်းပေ့ရွှမ်း…"

ထိုနာမည်ကား တစ်ကမ္ဘာလုံးရှိ လူများ၏ စိတ်တွင် စွဲမြဲ နေကြတော့သည်။

***

ထိုအချိန်၌ ချန်းဖန်သည် အမအန်နှင့် အတူ ကျင်းမြို့တော်သို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မိသားစုနှင့် အတူ ရက်အနည်းငယ်ခန့် အချိန်ဖြုန်းပြီးသည်နှင့် ချန်းဖန်သည် အစိမ်းရောင် နဂါး အစီအရင်ရှိရာသို့ ပြန်ကာ တံခါးပိတ် ကျင့်ကြံတော့သည်။

လအနည်းငယ် ကြာပြီးနောက် …

ယူကီရှီရိုဆာသည် ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေသည့် မြောက်ပိုင်းချုံး နန်းတော်ရှေ့၌ ရပ်လျှက် ရှိ၏။

အစိမ်းရောင် နဂါး အစီအရင် အတွင်း ကာလရှည်ကြာ အချိန်ဖြုန်းပြီးနောက် သူမကား ပို၍ တည်ငြိမ်လာခဲ့၏။ သူမ၏ အသွင်အပြင်မှာလည်း အဆများစွာ လှပ သန့်ရှင်းလာရာ နတ်သမီး တစ်ပါးဟုပင် ထင်မှတ်ရသည်။

သူမ၏ ကျောတွင်မူ စီးချက် ရစ်သမ်ကျနသော ဓားတစ်ချောင်းကို လွယ်ထား၏။ ထိုဓားသည် ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေပြီး သူမ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားနှင့် တိုက်ရိုက်ပင် ချည်နှောင်ထားသည်။ ဓားနှင့် မိန်းကလေး အကြား၌ ချီစီးဆင်းမှုသည် မြစ်တစ်စင်း အလား တည်ငြိမ်နေ၏။

ယူကီရှီရိုဆာသည် အဇူရာပန်းပွင့် ဓားကျင့်စဉ်ကို တတ်မြောက်ပြီး ကတည်းက တစ်ချိန်မျှပင် မနားခဲ့ချေ။ မဆုတ်မနစ် ကြိုးစားမှုကြောင့် ယခု ဆိုလျှင် သူမသည် အတွင်းအား ကျင့်ကြံခြင်း၏ ထိပ်ဆုံး အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။

သူမ၏ အသွင်အပြင်၊ အငွေ့အသက် အရာရာမှာလည်း ထက်မြက်သော ဓားသမား တစ်ယောက်၏ ရင့်ကျက်ခြင်းကို သယ်ဆောင် ထားနိုင်ခဲ့ပြီ ဖြစ်သည်။

"ထုံရှန်း… ဆရာ အထဲမှာ ရှိနေတာ တစ်လကျော်ပြီ… သူ အဆင်ပြေမယ်လို့ နင်ထင်လား"

ယူကီရှီရိုဆာက သူမ ဘေးနားတွင် တောင်တစ်လုံးကဲ့သို့ ရပ်နေသော ထုံရှန်းအား မေးလိုက်သည်။

ယခုဆိုလျှင် ထုံရှန်းမှာ သုံးမီတာခန့် အထိ ရှည်လျားနေပြီ ဖြစ်ပြီး သူ၏ တည်ရှိမှုက လူများစွာကိုပင် စိတ်နှလုံး ချောက်ချား စေနိုင်သည်။

သူကား အနည်းဆုံး ယူကီရှီရိုဆာထက် ဆယ်ဆခန့် ပိုမို အစွမ်းထက် နေပြီ ဖြစ်သည်။ သူ၏ စွမ်းအားမှာ အဇူရာ နဂါးနှင့် ဧဒင်တို့ကိုပင် သွေးလန့် စေနိုင်လောက်သည်။

"ဘာပဲဖြစ်ဖြစ်လေ… နင်က စက်ရုပ်တစ်ရုပ် ဆိုတာ ငါမေ့သွားတယ်"

အဖြေမပေးသော ထုံရှန်းအား မြင်သည်နှင့် ယူကီရှီကိုဆာက ခေါင်းခါရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူမက မြောက်ပိုင်း ချုံးနန်းတော်ကို စိုးရိမ်စွာဖြင့် ပြန်လည် ငေးကြည့်လိုက်သည်။

သန့်စင်သော စွမ်းအားများ လင်းလက်နေသည့် မြောက်ပိုင်းချုံး နန်းတော်ကား နတ်ဘုံနတ်နန်း တစ်ခု အလား တည်ငြိမ်စွာ ရှိနေဆဲပင်။ ထိုအရာ၏ ပတ်ဝန်းကျင်ရှိ သိပ်သည်းသော ဝိညာဉ်ချီများက တိမ်တောင် ကဲ့သို့ အလိပ်လိုက် မျောလွင့်နေကာ ကောင်းကင်ဘုံ အလား ခံစားချက်ကို ဖန်တီးနေခဲ့၏။

"သူ တစ်နှစ်လောက် ပျောက်ပြီး ပြန်လာကတည်းက စကားတောင် မပြောရသေးဘူး… တန်းပြီး တံခါးပိတ် ကျင့်ကြံတော့တာပဲ… တစ်ခုခု အဆင်မပြေတာများ…"

ယူကီရှီရိုဆာမှာ အမျိုးမျိုး တွေးနေခဲ့မိသည်။ သူမ၌ ရှိသည့် အရာအားလုံးမှာ ချန်းဖန် တစ်ယောက်သာ ဖြစ်သည်။ သူမသည် ချန်းဖန်အား သူမကိုယ် သူမထက်ပင် ပိုမို စိတ်ပူသည်။ ထုံရှန်းမှာမူ တိတ်ဆိတ်လျှက်ပင်။

သူတို့ နှစ်ယောက် စောင့်ဆိုင်း နေတုန်းမှာပင် ဝမ်ရှောက်ယွင်၊ ချန်းဟွိုက်အန်း၊ အန်ရာတို့မှာ ချန်းဖန်ထံသို့ လာရောက် လည်ပတ်ကြသည်။ သို့သော်လည်း ဆက်မစောင့်နိုင်ကြသဖြင့် ပြန်သွားကြ၏။

ဝမ်ရှောင်ယွင်မှာမူ ချန်းဖန် တံခါးပိတ် ကျင့်ကြံနေကြောင်း သိရသည်နှင့် ကျောင်းဟိုင်သို့ တန်းပြန်သွားသည်။ ချန်းဟွိုက်အန်း တစ်ယောက်သာ အစိမ်းရောင် နဂါး အစီအရင် အတွင်း နေ့စဉ် ရောက်လာတတ်သည်။ ဤသို့ဖြင့် နာရီ ရက်စွဲများမှာ တရွေ့ရွေ့ စီးဆင်းသွားတော့၏။

တစ်ရက်…

နှစ်ရက်…

သုံးရက်…

…

တစ်ဆယ်…

နှစ်ဆယ်…

သုံးဆယ်…

…

သုံးလကြာပြီးနောက်…

ယူကီရှီရိုဆာမှာ ညအိပ်ရာဝင်ရန် ပြင်လိုက်၏။ သို့သော်လည်း ဝိညာဉ်ချီ တိမ်တောင်များမှာ အလွန် လျှင်မြန်သော နှုန်းဖြင့် ထူထပ်လာကြောင်း သူမ သတိထားမိလိုက်သည်။

တစ်ရာ မီတာ…

နှစ်ရာ မီတာ…

သုံးရာ မီတာ…

အဆုံး၌ တိမ်တောင်များကား တစ်ကီလိုမီတာခန့် အထိ ထူထဲလာသည်။ ထိုပမာဏကား အစိမ်းရောင် နဂါး အစီအရင်ကို ကျော်လွန်၍ အရှေ့တောင်ကြား တစ်ခုလုံးကိုပင် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။ လှည့်စားခြင်း အစီအရင်ကြောင့်သာ မဟုတ်လျှင် ကျင်းမြို့တော် တစ်ခုလုံး တုန်လှုပ် နေလောက်ပြီ ဖြစ်သည်။

"ဒါက…"

ယူကီရှီရိုဆာ၏ မျက်လုံးများမှာ ထိုအဖြစ်အပျက်အား ကြည့်ရင်း ဝိုင်းစက်သွားသည်။

"ဘုန်း…"

ရုတ်တရက် မြောက်ပိုင်းချုံး နန်းတော်မှ အဇူရာ အလင်းရောင် တစ်ခု ပေါက်ကွဲ ထွက်လာကာ ဝိညာဉ်ချီ တိမ်တောင်များနှင့် ချိတ်ဆက်၏။ ထို့နောက် အလင်းက တဖြည်းဖြည်း ပြန့်ကား ထွက်လာကာ တိမ်တောင်များအား အဇူရာရောင်ကို ခြယ်သသည်။ အဝေးမှ ကြည့်ပါက တိမ်တောင်များကို မိုးပြာရောင် မှိုတစ်ပွင့်ဟုပင် ထင်မှတ် ရလောက်သည်။

"ချီတိမ်တောင် မီတာ တစ်ရာလောက်ကို စုစည်းနိုင်ရင် တန်ခိုးရှင် အဆင့်တဲ့… အခု ဝိညာဉ်ချီတွေက ကီလိုမီတာချီတောင် စုစည်းနေတာဆိုတော့… ဆရာက မြေကမ္ဘာ နတ်ဘုရား ဖြစ်သွားပြီလား"

ယူကီရှီရိုဆာက အံ့အားတကြီး ရေရွတ် လိုက်မိသည်။

မိနစ် ငါးဆယ်ခန့် ကြာပြီးနောက် ကောင်းကင်၌ အဇူရာ တိမ်တိုက်များမှာ တဖြည်းဖြည်း ကြဲပါး ပျောက်ကွယ် သွားတော့သည်။

ထိုအတောအတွင်းမှာပင် မြောက်ပိုင်းချုံး နန်းတော် အတွင်းမှ သန့်စင် နူးညံ့သော စွမ်းအားတစ်ခု စီးဆင်း ထွက်လာကာ အရှေ့ တောင်ကြား တစ်ခုလုံးအား ညင်သာ ဖြတ်သန်းသွား၏။ ထို့နောက် ဝိညာဉ် ဆေးပင် အားလုံးမှာ နွမ်းခြောက် သွားတော့သည်။

" … "

ခဏအကြာ၌ … မြောက်ပိုင်းချုံး နန်းတော်၏ တံခါးက ညင်သာစွာ ပွင့်လာခဲ့၏။

"ဝင်လာခဲ့…"

ကြည်လင် သန့်စင်သော အသံတစ်ခုက ယူကီရှီရိုဆာထံသို့ စီးဆင်းလာသည်။

"ဟုတ်ကဲ့…"

ယူကီရှီရာဆာက ခေါင်းညိတ်ရင်း ထုံရှန်းနှင့် အတူ ပွင့်ဟနေသော တံခါးကို ဖြတ်၍ မြောက်ပိုင်းချုံး နန်းတော် အတွင်း ဝင်လာခဲ့သည်။

အခန်းအတွင်းတွင်မူ … ချန်းဖန်သည် တံခါးအား နောက်ကျောပေးကာ ထိုင်နေခဲ့၏။ သူ၏ ရှေ့တွင်မူ နတ်သမီး အလား လှပသော မိန်းကလေး တစ်ယောက်၏ ပန်းချီကား ရှိနေခဲ့သည်။

"ဆရာ… အောင်မြင်ရဲ့လား"

ယူကီရှီရိုဆာက မေးလိုက်သည်။

"ပြန်ပြီး မွေးလာတဲ့ အချိန်တည်းက ငါ နေ့ရောညပါ အလုပ် ကြိုးစားခဲ့တယ်… နောက်ဆုံးတော့ ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ…"

ချန်းဖန်က ရေရွတ်လိုက်သည်။

"ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ရဲ့ ထိပ်ဆုံးကို လွန်ခဲ့တဲ့ သုံးလက ငါရောက်ခဲ့တယ်.. အဲဒီနောက် ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်ဖို့ သုံးလ အချိန်ယူခဲ့ရတယ်… ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက တကယ် ခက်ခဲတာပဲ"

ဝိညာဉ်ချီ ရှားပါးခြင်းမှာ ကျင့်ကြံသူများ အတွက် အကြီးမားဆုံး ပြဿနာ ဖြစ်သည်။ အတိတ်ဘဝ၏ မှတ်ဉာဏ်များကြောင့်သာ မဟုတ်လျှင် ဝိညာဉ် ပင်လယ် အဆင့်သို့ ချန်းဖန် ကပ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။

ချီသန့်စင်ခြင်း အဆင့်၏ အဆင့်သုံးဆင့်မှာ အခြေခံ တည်ဆောက်ခြင်း၊ ဉာဏ်အလင်း စုဆောင်းခြင်း၊ ဝိညာဉ် ပင်လယ် အဆင့်တို့ ဖြစ်သည်။

ဝိညာဉ်ပင်လယ် အဆင့်မှာ မူလဝိညာဉ် အဆင့်သို့ မရောက်ခင် နောက်ဆုံး အဆင့်ဖြစ်သည်။ မူလ ဝိညာဉ် အဆင့်သို့ ရောက်မှသာ ချန်းဖန်၏ တန်ခိုးရှင် ကျင့်ကြံခြင်းမှာ စတင်သည်ဟု ဆိုနိုင်သည်။ ကျင့်ကြံခြင်း ကမ္ဘာတွင် မူလဝိညာဉ် အဆင့်သို့ မရောက်သေးသူများအား ကျင့်ကြံသူဟုပင် မခေါ်ကြချေ။

"ဟင်း…"

ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း ယူကီရှီရိုဆာ ရှိရာသို့ လှည့်ကြည့်လိုက်သည်။ ယူကီရှီရိုဆာက ချက်ချင်းပင် မျက်လွှာချကာ ခေါင်းငုံ့လိုက်သည်။ ချန်းဖန်၏ မျက်လုံးများကား အလွန်တရာ တောက်ပနေရာ သူမ၏ ဝိညာဉ်ကိုပင် စုပ်ယူတော့မလို ခံစားရသည်။

လူတစ်ယောက်မှာ ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအင်နှင့် နတ်ဘုရား ဝိညာဉ်တို့မှာ သာမန် လူများ မခန့်မှန်းနိုင်သည် အထိ သန်မာလာသည်။ ယခု ဆိုလျှင် သိုင်းပညာရှင် တစ်ယောက်ကို သတ်ရန် ချန်းဖန်အတွက် လက်တစ်ချက် လှုပ်စရာပင် မလိုတော့ချေ။ အတွေးတစ်ချက်ဖြင့် ဝိညာဉ် စွမ်းအားကို သုံးကာ ပြိုင်ဘက်၏ အသက်ဓာတ်ကို ဖျက်ဆီး ပစ်နိုင်နေပြီ ဖြစ်သည်။

"ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်ပြီဆိုတော့ သူ့ရဲ့ နတ်ဘုရားစွမ်းအားကို နည်းနည်း ကြည့်ရအောင်…"

ချန်းဖန်က ပြုံးရင်း တစ်စုံတစ်ခုကို သူ၏ ထွက်သက်နှင့် အတူ မှုတ်ထုတ်လိုက်၏။

"နိုးထ…"

ယူကီရှီရိုဆာ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ဦးခေါင်းထက်၌ နတ်ဘုရား ဝိညာဉ် ဖွဲ့စည်းလာ၏။ ထိုနတ်ဘုရား ဝိညာဉ်မှာ ချန်းဖန်နှင့် ချွတ်စွပ်ပင် တူညီပြီး ခရိုင်စတယ် ရုပ်တု တစ်ခုဟုပင် ထင်မှတ်ရသည်။

"ရှူး…"

နတ်ဘုရား ဝိညာဉ်က အဆောက်အဦအား ထိုးဖောက်၍ အမြင့်သို့ ထိုးတက်သွား၏။ ထိုအရာက အစိမ်းရောင် နဂါး အစီအရင်၏ ထိပ်ဆုံးသို့ ရောက်သွားသည့်တိုင် ရပ်တန့်မည့်ပုံ မရပေ။ ထိုအရာက ဆက်လက်၍ အစီအရင်အား ထိုးဖောက်ကာ နေဆီသို့ တိုးဝင်ပျောက်ကွယ် သွား၏။

"တန်ခိုးရှင် အဆင့်တွေက ဝိညာဉ် စွမ်းအင်ကို သုံးပြီး ကမ္ဘာ အနှံ့ ခရီးသွားနိုင်တယ်တဲ့… ဒါက တကယ် မှန်ကန်တာပဲ"

တာအိုဝါဒနှင့် ဗုဒ္ဓဝါဒတို့၏ တစ္ဆေ၊ သရဲ ဒဏ္ဍာရီ ဇာတ်လမ်းများက ယူကီရှီရိုဆာ၏ စိတ်အတွင်း ဝင်ရောက် လာခဲ့သည်။

ဝိညာဉ် ဖွဲ့စည်းခြင်း…

ထိုအရာကား ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများနှင့် မဟာ အိုမိုင်ယိုချီများ အကြား၌ လူသိများသည့် စွမ်းအား တစ်ခုဖြစ်သည်။

သခင်ကြီး စုဆမ်နိုနှင့် အခြားသော နတ်ဆိုးသခင်များမှာ "ဝိညာဉ် ဖွဲ့စည်းခြင်း" စွမ်းအားကို သုံးပြီး ဆက်လက် အသက်ရှင်သန် နိုင်ခဲ့ခြင်း ဖြစ်သည်။

ယူကီရှီရိုဆာ တွေးတော နေတုန်းမှာပင် ချန်းဖန်၏ နတ်ဘုရား စိတ်ဝိညာဉ်မှာ ကျင်းမြို့တော် တစ်ခုလုံးကို  လှည့်ပတ်ပြီး ပြန်လည် ရောက်လာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ ပြန်လည် ပေါင်းစပ်ပြီးသည်နှင့် ချန်းဖန်က ထိုင်နေရာမှ ထလိုက်၏။

"ငါက ဝိညာဉ်ပင်လယ် အဆင့်ကို ရောက်သွားပြီ ဆိုတော့ ကျင့်ကြံခြင်းရဲ့ ပထမ ရည်ရွယ်ချက်ကို အောင်မြင်သွားပြီ လို့ ဆိုနိုင်တယ်… ဒီနေ့က စလို့ ငါက သေမျိုးတစ်ယောက် မဟုတ်တော့ဘူး… ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ငါဆက်ပြီး အသက်ရှင်နိုင်ပြီ"

"နောက်ဆုံးတော့ ကမ္ဘာကို လွှမ်းမိုးနိုင်မယ့် စွမ်းအား အစစ်အမှန်ကို ငါပိုင်ဆိုင်ခဲ့ပြီပဲ"

ချန်းဖန်က ခံစားချက် ကင်းမဲ့စွာ ရေရွတ်လိုက်တော့၏။

***

All Chapters