မင်းက ဘယ်သူလဲ?
Vol. 13 Ch. 185
“ငါ့ကို ကျေးဇူးပြန်ဆပ်ဖို့ မလိုဘူး။ ငါ့စကားတွေကိုပဲ မှတ်ထား!"
ကျိရွှေရှန့်က လွမ်ဟုန်ကြောင့် လွမ်လူကြီးမင်းက စုံစမ်းပြီး ဝမ်ရှန့်ချန်က တိတ်ဆိတ်ခြေရာခံမိသွားမည်ကို စိုးရိမ်သောကြောင့် သူမကို သေချာအောင် ထပ်ပြောလိုက်သည်။
“အိုး”
ကျိရွှေရှန့်၏စကားကို ကြားလိုက်ရချိန်တွင် လွမ်ဟုန်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် သဘောတူလိုက်သည်။
သူမရဲ့အဖေက ဒီစီရင်စုရဲ့အုပ်ချုပ်ရေးမှူးလေ။ ဒီလောချန်မှာ ဘယ်သူက သူမရဲ့အဖေလောက် ရာထူးကြီးလို့လဲ? ပြီးတော့ သူမ ဒီအဖြစ်အပျက်ကို လုံးဝ ဒီအတိုင်း မထားနိုင်ဘူး။ တခြားမိန်းကလေးတွေ ထပ်ပြီး မထိခိုက်စေဖို့ သူမက သူမရဲ့အဖေကို စုံးစမ်းစေပြီး ဒီအဖွဲ့ကို ဖမ်းခိုင်းရမယ်။
“မင်းတို့ကို ဖမ်းခိုင်းတာက ဝန်ကြီးချုပ်ပဲ။ အုပ်ချုပ်ရေးအမတ်ဆိုတာက ဝန်ကြီးချုပ်ရဲ့မျက်လုံးမှာ ပုရွက်ဆိတ်သာသာပဲ ရှိတယ်”
လွမ်ဟုန်၏ ဒေါသမျက်ဝန်းများကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က ဤမိန်းခလေးတွင် သူမ၏ကိုယ်ပိုင်စိတ်ကူးများ ရှိနေကြောင်း နားလည်လိုက်ပြီး သူမကို ရှင်းရှင်းလင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သူမတို့ကို ဖမ်းခိုင်းသည်က ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် လွမ်ဟုန်က ကြောက်ရွံ့သွားပြီး ကျိရွှေရှန့်၏စကားကို အလေးအနက် မှတ်ထားလိုက်သည်။
ကျိရွှေရှန့်က စူးချင်း ပြန်ရောက်လာချိန်တွင် သူ မိန်းကလေးများကို လွှတ်ပေးပြီးသား ဖြစ်နေရန် စီစဥ်လိုက်သည်။
ကျိရွှေရှန့်က သူမတို့၏ဂုဏ်သိက္ခာ မထိခိုက်စေရန်အတွက် သူမတို့၏ရှုပ်ပွနေသော ဆံပင်များကို သပ်ရပ်အောင် ပြင်ဆင်စေပြီး တစ်ယောက်ချင်းစီ လူခွဲထွက်သွားရန် တောင်းဆိုခဲ့သည်။
လွမ်ဟုန်က နောက်ဆုံးမှ ထွက်သွားသူ ဖြစ်ပြီး သူမ ထွက်မသွားခင်တွင် သူမက ကျိရွှေရှန့်အား ကျောက်စိမ်းဆွဲပြားတစ်ခု ပေးခဲ့သည်။
“ကျွန်မကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရှင် တစ်ခုခုလိုအပ်ရင် ဒီကျောက်စိမ်းဆွဲပြားကိုယူပြီး ကျွန်မကို ရှာဖို့ စီရင်စုမှူးရဲ့အိမ်တော်ကို လာခဲ့ပါ"
"မလိုဘူး"
ကျိရွှေရှန့်က လွမ်ဟုန်နှင့် အဆက်အသွယ် မလုပ်ချင်သောကြောင့် ကျောက်စိမ်းဆွဲပြားကို မယူခဲ့ပေ။
ကျိရွှေရှန့်က ဘာတစ်ခုမှ ပြန်မတောင်းဘဲ တခြားသူများအား ကယ်တင်ပေးခဲ့ကြောင်း နားလည်သွားသောကြောင့် လွမ်ဟုန်က သူ့ကို ပိုသဘောကျသွားပြီး ကျိရွှေရှန့်ကို ဦးညွှတ်လိုက်ကာ "ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်ကြီး။ ကျွန်မတို့ ပြန်တွေ့ကြမယ်”
“မြန်မြန် သွားတော့။ ညတာရှည်ရင် အိပ်မက်ဆိုးတွေ အများကြီး မက်လိမ့်မယ်။ အိမ်ကို မြန်မြန်ပြန်တော့"
ကျိရွှေရှန့်က သူ့လက်ကို ဝှေ့ယမ်းကာ သူမကို အမြန် နှင်ထုတ်လိုက်သည်။
စူးချင်းက မကြာခင် ပြန်လာတော့မယ်၊ လွမ်ဟုန်က စူးချင်းရဲ့မျက်နှာကို မြင်သွားတာမျိုး သူ မဖြစ်စေချင်ဘူး။
စူးချင်းက ယောက်ျားလေးဝတ်စုံ အသစ်တစ်ထည်ကို ကိုင်ဆောင်ရင်း ပြန်ရောက်လာခဲ့သည်။ သူမ လမ်းကြားထဲသို့ ပြန်ဝင်လာချိန်တွင် မိန်းခလေးများက တယောက်ပြီး တယောက် လမ်းကြားထဲမှ ထွက်လာသည်ကို သူမ တွေ့လိုက်ရပြီး သူမတို့အားလုံး ကြောက်လန့်တကြားဖြစ်နေကာ အမဲလိုက်ခံနေရသည့် သားကောင်လေးများကဲ့သို့ ပတ်ပတ်လည်ကို လိုက်ကြည့်နေကြသည်။
စူးချင်းက အလျင်စလို ရှေ့မတိုးတော့ဘဲ မိန်းခလေးများ ထွက်သွားသည်ကို စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ထားသည့် လွမ်ဟုန်က လမ်းကြားထဲမှ အလျန်အမြန် ပြေးထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။
ဤသည်က မက်မွန်ပွင့်အပုပ် ဖြစ်သောကြောင့် စူးချင်းက မျက်နှာလွှဲထားလိုက်သည်။
လွမ်ဟုန်က လမ်းကြားထဲမှ ကြောက်လန့်တကြား ပြေးထွက်လာပြီး သူမ၏အိမ်သို့ အမြန် ပြန်ပြေးနေခဲ့သည်။
ဒီအချိန်မှာ သူမ ကြိုက်တဲ့ သခင်လေးကို ရှာဖို့ ဘယ်လို တွေးနိုင်တော့မှာလဲ?
နောက်ဆုံးတွင် လွမ်ဟုန်က လမ်းကြားထဲမှ ထွက်လာပြီး သိပ်မကြာခင်မှာပင် သူမကို ရှာဖွေရန် ကူညီပေးနေသည့် ယန်ကျစ်တို့အဖွဲ့နှင့် တွေ့သွားခဲ့သည်။
လွမ်ဟုန်က မကြာခဏဆိုသလို ယောက်ျားလေးတစ်ယောက်ကဲ့သို့ ၀တ်ဆင်ပြီး အပြင်သို့ ခိုးထွက်လေ့ရှိသည်။ ယန်ကျစ်က သူမကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီး လွမ်ဟုန်က ယောက်ျားကဲ့သို့ ၀တ်ဆင်ထားသော်လည်း ယန်ကျစ်က သူမကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကာ အမြန်ရောက်လာခဲ့သည်။
"လွမ်သခင်မလေး"
"ခေါင်းဆောင်ယန်၊ ကျွန်မကို အိမ်တော်ရောက်အောင် ပြန်ပို့ပေးပါ"
ယန်ကျစ်ကို မြင်လိုက်သည်နှင့် လွမ်ဟုန်ကလည်း သူမ၏ကယ်တင်ရှင်ကို တွေ့သွားပြီး သူမကို အိမ်ပြန်ပိုပေးရန် ယန်ကျစ်ကို တောင်းဆိုလိုက်သည်။
ယန်ကျစ်က လွမ်သခင်မလေး၏ ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ပြီး "လွမ်သခင်မလေး၊ မကြောက်ပါနဲ့။ သခင်မလေးကို ဘယ်သူခေါ်သွားတာလဲ? ပြောပါဦး"
"ဘယ်သူမှ ကျွန်မကို မခေါ်သွားဘူး"
လွမ်ဟုန်က ကျိရွှေရှန့်၏စကားကို ပြန်တွေးလိုက်ပြီး ယန်ကျစ်ကို ခေါင်းခါပြလိုက်သည်။ သူမက ခေါင်းခါနေသည်ကို မြင်လိုက်ရချိန်တွင် ယန်ကျစ်က နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ သူမကို စီရင်စုမှူးအိမ်တော်သို့ ပြန်ခေါ်သွားရန် သူ့လူများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
စူးချင်းက သူတို့ကို စောင့်ကြည့်နေပြီး လွမ်ဟုန်က ယန်ကျစ်နှင့် တခြားသူများကို လမ်းကြားထဲသို့ ပြန်မခေါ်သွားသည်ကို တွေ့လိုက်ရသောကြောင့် သူမလည်း စိတ်သက်သာရာရသွားခဲ့သည်။
ထိုလူများ အားလုံး ထွက်သွားပြီးချိန်တွင် စူးချင်းက ခြံဝင်းကျဥ်းကျဉ်းလေးဆီသို့ ပြန်လာခဲ့ပြီး ကျိရွှေရှန့်က ခြံဝင်းကို သန့်ရှင်းရေးထားသည်ကို တွေ့လိုက်ရသည်။ ကျိရွှေရှန့်က တံခါးဖွင့်သံကြောင့် သတိအပြည့်ဖြင့် လှည့်ကြည့်လိုက်ပြီး စူးချင်း ဖြစ်နေသည်ကို မြင်လိုက်မှသာ သူ့၏သတိကို လျော့ချလိုက်သည်။
"သူ့ကို အဝတ်အစားလဲပေးလိုက်။ ကျွန်မတို့ ဒီနေရာကနေ အမြန် ပြန်ထွက်ရမယ်!”
စူးချင်းက သူမ ဝယ်လာသည့် အဝတ်အစားများကို ကျိရွှေရှန့်ထံသို့ ပစ်ပေးလိုက်ပြီး အပြင်မှ အခြေအနေကို စောင့်ကြည့်ရန် နံရံပေါ်ကို ခုန်ဆင်းသွားပြန်သည်။
ကျိရွှေရှန့်က ဝမ်ယွိရှန်းကို စူးချင်း ဝယ်လာပေးသည့် သာမန်အဝတ်အစားများ လဲခိုင်းလိုက်ပြီး သူ့၏မူရင်းအဝတ်အစားများကို မီးရှို့ပြီး ရေတွင်းထဲကို ပစ်ချလိုက်သည်။
ဝမ်ယွိရှန်းက အရူးတစ်ယောက်လို ဖြစ်နေပြီး ကျိရွှေရှန့်၏အမိန့်အတိုင်း တစ်ချိန်လုံး လှုပ်ရှားနေခဲ့သည်။
"သွားကြရအောင်!"
ဝမ်ယွိရှန်း၏အဝတ်အစားများကို လဲပေးပြီးသည်နှင့် ကျိရွှေရှန့်က စူးချင်းကို ထွက်သွားရန် ပြောလိုက်သည်။
ဝမ်ယွိရှန်းက ကလေးတစ်ယောက်ကဲ့သို့ သူတို့နောက်မှ လိုက်ပါလာပြီး သူ့ကို စောင့်ကြည့်ရန်ပင် မလိုအပ်ပေ။
လမ်းကြားထဲမှ ချောချောမောမော ထွက်လာပြီးနောက်တွင် စူးချင်းက သူမ စူးအိမ်တော်သို့ သွားစရာရှိသေးသောကြောင့် ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။
"ရှင် သူ့ကို ခေါ်သွားပြီး အရင်ထွက်သွားလိုက်တော့။ ကျွန်မ တစ်ခုခု သွားလုပ်ဦးမယ်။ ပြီးရင် ရှင့်နောက်ကို လိုက်လာခဲ့မယ်!”
"အင်း သတိထားနော်!"
ကျိရွှေရှန့်က သဘောမတူခင် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ဝမ်ယွိရှန်းကို စူးအိမ်တော်သို့ ခေါ်ဆောင်သွားရန် အဆင်မပြေသည်ကို တွေးမိသွားပြီး သဘောတူလိုက်သည်။
“ဒါက ဖြေဆေး။ ဒါကို စားပြီးတာနဲ့ သူ ပုံမှန်ပြန်ဖြစ်လိမ်မ့ယ်။ ရှင်ကိုယ်တိုင် သူ့ကို ထိန်းထားလို့ ရတယ်!"
စူးချင်းက ဖြေဆေးကို ထုတ်ယူလိုက်ပြီး ကျိရွှေရှန့်ထံ လှမ်းပေးလိုက်သည်။ သူမက ဝမ်ယွိရှန်းကို ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည့် ကျိရွှေရှန့်၏ အတွေးများကို ခန့်မှန်းနိုင်လောက်အောင် ထက်မြက်လွန်းလှသည်။
ကျိရွှေရှန့်က အဆိပ်ဖြေဆေးကို လှမ်းယူလိုက်သော်လည်း စူးချင်းကို တအံ့တသြ စိုက်ကြည့်နေသေးသည်။
သူမက သူ့အတွေးတွေကို ခန့်မှန်းနိုင်မယ်လို့ သူ မမျှော်လင့်ထားမိဘူး။ သူမက အရမ်း ထက်မြတ်လွန်းတယ်။ ကံကောင်းတာက သူမက သူ့ရန်သူ မဟုတ်ဘဲ သူတို့ဘက်ကလူ ဖြစ်နေတာပဲ။
ကျိရွှေ့ရှန်း စူးချင်းကို ခေါင်းညိတ်ပြလိုက်ပြီး ဖြေဆေးကို သိမ်းလိုက်ကာ ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်!"
စူးချင်းက သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
သူ အဲ့လို ရုတ်တရတ် ယဥ်ယဉ်ကျေးကျေး ပြောတာမျိုးကို သူမ ကျင့်သား မရှိသေးဘူး။
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် အနက်ရောင်ကန့်လန့်ကာများ တပ်ဆင်ထားသည့် အစိမ်းရောင်ရထားလုံးတစ်စီးက သူတို့ ဆီသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
ကျိရွှေရှန့်နှင့်စူးချင်းတို့က ရထားလုံးကို စိုက်ကြည့်နေကြပြီး ထိုရထားလုံးက လမ်းကြားထဲသို့ ဦးတည်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။
မိန်းခလေးတွေကို ထပ်ဖမ်းလာတာလား? ဒါမှမဟုတ် ဖမ်းထားတဲ့ မိန်းခလေးတွေကို လာခေါ်တာလားတော့ သူတို့လည်း မသိနိုင်တော့ဘူး။
"သွားကြရအောင်!"
ကျိရွှေရှန့်က စူးချင်းကို တိုးတိုးလေး ပြောလိုက်ပြီး ဆန့်ကျင်ဘက်အရပ်သို့ ထွက်ခွာလာခဲ့ကြသည်။
ခြံဝင်းကျဥ်းကျဉ်းလေး၏ရှေ့တွင် အေးစက်ပြီး တင်းမာသည့် မျက်နှာထားရှိသော လူနှစ်ယောက်က ရထားလုံးပေါ်မှ ဆင်းလာပြီး တံခါးကို လေးကြိမ်ခန့် ခေါက်လိုက်သည်။ အရှည်သုံးချက်နှင့် အတိုတစ်ချက်က သူတို့သဘောတူထားသည့် လျှို့ဝှက်တံခါးခေါက်သံ ဖြစ်သည်။
တံခါးကို ခေါက်လိုက်ပြီး နှစ်ယောက်သား တိတ်တိတ်လေး စောင့်နေကြသေးသည်။ အချိန်အတော်ကြာအောင် စောင့်နေသော်လည်း တံခါးဖွင့်ပေးမယ့်သူ မရှိသောကြာင့် တစ်ယောက်က စိတ်မရှည် ဖြစ်လာပြီး မျက်မှောင်ကြုတ်လိုက်ကာ တံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်သောကြောင့် ရုတ်တရက် တံခါးပွင့်သွားခဲ့သည်။
သူတို့က တစ်ခုခု မှားနေသည်ကို ရိပ်မိသွားပြီး ခြံဝင်းထဲသို့ ဝင်ရန် တံခါးကို အမြန် တွန်းဖွင့်လိုက်ကြသည်။
ခြံထဲတွင် တစ်ယောက်မှ မရှိဘဲ တိတ်ဆိတ်နေသောကြောင့် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က အိမ်ထဲသို့ ဝင်သွားပြီး စစ်ဆေးကြည့်လိုက်သည်။ နောက်တစ်ယောက်က ကျောက်တောင်အတု၏နောက်မှ လျှို့ဝှက်လိုဏ်ဂူကို စစ်ဆေးရန် သွားခဲ့သည်။
"ဘယ်သူမှ မရှိဘူး!"
"ဘယ်သူမှ မရှိဘူး!"
နှစ်ယောက်သား လေးနက်သော အမူအရာဖြင့် ပြန်ရောက်လာကြပြီး "တစ်ခုခု ဖြစ်သွားပြီ!"
စူးချင်းကတော့ ထိုလူများကို လျစ်လျူရှုထားခဲ့ပြီး ကျိရွှေရှန့်နှင့် လမ်းခွဲကာ စူးအိမ်တော်သို့ တန်းတန်းမတ်မတ် ရောက်သွားခဲ့သည်။
ကျိရွှေရှန့်နှင့် မတူသည်က သူမက လက်ဆောင် မဝယ်လာခဲ့ခြင်းပင်။ သူမအနေနှင့် အခမဲ့ ဆေးကုသပေးခြင်းကပင် အကောင်းဆုံး လက်ဆောင် ဖြစ်နေပြီ ဖြစ်သည်။
သူမ တံခါးကို ခေါက်လိုက်ပြီး ခနလောက် စောင့်နေပြီးချိန်တွင် တံခါးစောင့်က ပြေးထွက်လာပြီး စူးချင်းကို ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
"ဒီကသခင်လေးက ဘယ်သူ့ကို ရှာနေတာလဲ?"
"ဒုတိယသခင်ကြီးစူး!"
"သခင်လေးရဲ့နာမည်ကို ဘယ်လိုခေါ်လဲ?"
"စူးမျိုးရိုး!"
စူးချင်းက ပြန်ဖြေလိုက်ပြီး တံခါးစောင့်က သူမကို ခဏစောင့်နေရန် ပြောခဲ့ပြီး သတင်းပို့ရန် ပြန်ထွက်သွားခဲ့သည်။
စူးချင်းက ထိုနေရာတွင် စောင့်ဆိုင်းနေသော်လည်း စိတ်ကတော့ မရှည်တော့ပေ။
ဒုက္ခတွေ များလိုက်တာ။ ချမ်းသာတဲ့ မိသားစုတွေရဲ့ ခြံဝင်းတွေက ကျယ်လွန်းလို့ အသွားအပြန်အတွက် နေ့တစ်ဝက်လောက် အချိန်ယူရမယ်။ ဘယ်သူက အချိန်တွေ ပေါနေလို့လဲ? သူမက ရွှေပိုးမျှင်မုန့်နှစ်ဗူးကြောင့် လူနာ ကြည့်ပေးဖို့ တွေးလိုက်မိတာ။ မဟုတ်ရင် ဘာကြောင့် ဒီကို လာနေမှာတုန်း။
မကြာခင်မှာပင် တံခါးစောင့်က ပြန်ထွက်လာပြီး စူးချင်းကို ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်လိုက်သည်။ "ကျွန်တော်တို့ရဲ့ဒုတိယသခင်ကြီးက သခင်လေးကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်!"
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး တံခါးစောင့်နှင့်အတူ စူးအိမ်တော်ထဲသို့ လိုက်သွားခဲ့သည်။ စူးအိမ်တော်တစ်ခုလုံး၏အလှဆင်မှုက အလွန်ခမ်းနားပြီး ရိုးရှင်းသော်လည်း အစီအစဥ်တကျ စီမံထားကြောင်း သိသာနေခဲ့သည်။ အဆောင်များက ထူးခြားပြီး စူးချင်းနှစ်သက်သည့် ပုံစံမျိုး ဖြစ်သည်။
တံခါးစောင့်က စူးချင်းကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားပြီး စူးဟန်ရွှမ်က စူးချင်းကို နှုတ်ဆက်ရန် ထွက်လာခဲ့သည်။
"ညီလေးစူး၊ ညီလေးကျိက မင်းကို အခုပဲ လာရှာသွားတယ်။ မင်း သူနဲ့ တွေ့ခဲ့သေးလား?"
"ကျွန်တော် သူ့ကို တွေ့တယ်။ သူ့မှာ လုပ်စရာရှိလို့ အထည်ဆိုင်ကို ပြန်သွားပြီ။ သခင်မက နေမကောင်းဘူးလို့ ကျွန်တော် ကြားခဲ့တယ်။ ကျွန်တော်က ဆေးအကြောင်းတွေ နည်းနည်းသိတယ်။ ဒုတိယသခင်ကြီးအတွက် စိတ်အနှောက်အယှက်မဖြစ်ရင် ကျွန်တော် သခင်မကို ကြည့်ပေးပါ့မယ်”
စူးချင်းက ဦးညွှတ် နှုတ်ဆက်လိုက်ပြီး သူမ ရောက်လာရသည့် ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်သည်။
သူမမှာ ဖြုန်းဖို့ အချိန်မရှိတာကြောင့် အာလာပ သလာပတွေ မပြောချင်တော့ဘူး။
စူးဟန်ရွှမ်က စူးချင်းထံတွင် ထက်မြက်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ရှိနေသည်ကို မယုံကြည်နိုင်သော်လည်း သူက စူးချင်းအပေါ် အမြဲတမ်း ငဲ့ညှာချင်နေပြီး မငြင်းဆန်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက အပြုံးဖြင့် လက်သီးအုပ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်... ညီလေးစူး!"
"အဖေ!"
ထိုအခိုက်အတန့်တွင် ချိုမြိန်သောအသံတစ်သံက စူးချင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားသော ကလေးလေးက သူ့၏ခြေတံတိုလေးများဖြင့် ချင်းကျူးအဆောင်ထဲသို့ ပြေးဝင်လာသည်ကို သူမ တွေ့လိုက်ရသည်။
ဆံထိုးလေးနှစ်ခုနှင့် ကလေးလေးက ချစ်စရာကောင်းလွန်းပြီး ကြွေရုပ်ဖြူဖြူလေးနှင့် ဆင်တူလှသည်။
ရှောင်ချန်ကလည်း စူးချင်းကို မြင်သွားပြီး ရပ်တန့်သွားခဲ့သည်။ သူက သူ့၏အနက်ရောင်မျက်လုံးလေးများဖြင့် စူးချင်းကို စူးစူးစိုက်စိုက် ကြည့်နေရင်း ချစ်စဖွယ် လှမ်းမေးလိုက်သည်။
"မင်းက ဘယ်သူလဲ?"