← Chapters

တူညီတဲ့ အသွင်အပြင်

Vol. 13 Ch. 187

တူညီတဲ့ အသွင်အပြင်

Vol. 13 Ch. 187

စူးချင်းက စူးသခင်မ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ရှောင်ချန်နှင့်အတူ အတွင်းထဲသို့ ထပ်ဝင်သွားလိုက်သည် ။

သို့သော် ဒုတိယသခင်ကြီးစူးက သူမ၏အမြင်အာရုံကို ပိတ်ဆို့ထားပြီး ယန်ရုရွှယ်က စူးဟန်ရွှမ်၏ရင်ခွင်ထဲတွင် သူမ၏မျက်နှာကို မြှုပ်နှံထားသောကြောင့် စူးချင်းက သူမမျက်နှာကို မမြင်ရဘဲ အဖြူရောင်ချည်ထည်ဖြင့် ပတ်ထားသည့် စူးသခင်မ၏လက်မောင်းကိုသာ မြင်နိုင်ခဲ့သည်။

စူးချင်းက အနည်းငယ် စိတ်လောနေမိသည်။

စူးဟန်ရွှမ်ကို လှမ်းခေါ်ပြီး သူမလည်း ဒီနေရာမှာ ရှိနေတဲ့အကြောင်း သတိပေးသင့်လား?

ရှောင်ချန်က သူမကို ကူညီပေးခဲ့ပြီး သူ့အမေကို စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"အမေ၊ အစ်မ ရောက်လာပြီ!"

စူးချင်းက သူမကိုယ်သူမ 'အစ်မ' ဟု ပြောခဲ့မိသည့်အတွက် ရှောင်ချန်က သူမကို 'အစ်ကို' ဟု မခေါ်တော့ဘဲ 'အစ်မ' ဟုသာ ပြောလိုက်တော့သည်။

သူ့အမေက သူ့ကို ‘ရှီအာ’ လို့ အမြဲခေါ်လေ့ရှိပြီး သူ့အဖေက အဲ့တာက သူ့အစ်မရဲ့ နာမည်လို့ ပြောပြဖူးတယ်။ သူ့အစ်မ ပြန်ရောက်လာရင် သူ့အမေရဲ့ရောဂါလည်း သက်သာလာမယ်လို့ သူ့အဖေက ပြောခဲ့ဖူးတယ်။ သူက သူ့အမေရဲ့ရောဂါကို ချက်ချင်း ပျောက်ကင်းစေချင်တယ်။

"ရှီအာ!"

ယန်ရုရွှယ်က သူမ၏ခင်ပွန်းကို တွန်းထုတ်လိုက်ပြီး စူးချင်းဆီသို့ ပျော်ပျော်ရွှင်ရွှင် ပြေးလာခဲ့သည်။

သို့သော်လည်း သူမ၏အကြည့်များက စူးချင်းထံတွင် မရှိဘဲ သူမ၏ရင်ခွင်ထဲမှ ရှောင်ချန့်ကို ကြည့်နေခြင်း ဖြစ်သည်။ သူမက သူမ၏လက်နှစ်ဖက်လုံးကို မြှောက်ကာ ရှောင်ချန်ကို ပွေ့ချီရန် ပြင်လိုက်ပြီး သူမ၏မျက်လုံးများကလည်း အလွန်တရာ နူးညံ့လာသည်။ သူမက ချစ်စနိုးအမူအရာဖြင့် "ရှီအာ၊ အမေ့ဆီကို လာ။ အမေက သမီးကို ကာကွယ်ပေးမယ်!"

ရှောင်ချန်က ခါးသီးသော မျက်နှာလေးဖြင့် စူးချင်းကို ညည်းညူပြလိုက်သည်။

"အမေက သားကို အစ်မလို့ မှားပြီး ပြောနေပြန်ပြီ!"

စူးချင်းက ရှောင်ချန်ကို ဘာမှ ပြန်မပြောနိုင်တော့ဘဲ ထိုအစား သူမနှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့်တူသော သူမ ရှေ့မှ မျက်နှာကို စိုက်ကြည့်နေခဲ့သည်။

ကျန်နှစ်ဆယ်ရာခိုင်နှုန်းက သူမရှေ့မှ အမျိုးသမီးက ပိန်လွန်းသောကြောင့် အသွင်အပြင် ကွာခြားနေခြင်း ဖြစ်သော်လည်း မျက်ခုံးနှင့် မျက်လုံးများကတော့ အတူတူပင် ဖြစ်သည်။

အရေးအကြီးဆုံးက သူတို့၏ပျောက်ဆုံးသွားသော သမီးလေး၏အမည်ကို ရှီအာဟု ခေါ်သော်လည်း ပျောက်ဆုံးသွားသည့်နေရာက ကွဲပြားနေခြင်း ဖြစ်သည်။ လျိုပေါင်ကျူးက သူ့အမေက မူလပိုင်ရှင်ကို စူးကျိုးမှာ တွေ့ခဲ့သည်ဟု ပြောခဲ့ပြီး စူးဟန်ရွှမ်၏မိသားစုက လောချန်တွင် နေထိုင်ကြခြင်း ဖြစ်သည်။

“အမေ၊ ဒါက အစ်မလေ... သားက ရှောင်ချန်ပါ!"

ရှောင်ချန်က သူ့အမေ၏မျက်နှာကို ပွတ်သတ်ကာ စူးချင်းကို လက်ညှိုးထိုးပြလိုက်သည်။

ထိုမှသာ ယန်ရုရွှယ်က စူးချင်းကို ကြည့်ရန် သူမ၏ခေါင်းကို မော့လိုက်သည်။ ငယ်ရွယ်ချောမောသော သခင်ငယ်လေးတစ်ဦးကို မြင်လိုက်ရသဖြင့် ယန်ရုရွှယ်က သူမ ခင်ပွန်းသည်နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။ သို့သော်လည်း နားမလည်နိုင်သော ရင်းနှီးမှုတစ်ခုကြောင့် သူမက စူးချင်းကို ခိုးကြည့်နေကာ သူမ၏အကြည့်များကို လုံးဝ မလွှဲနိုင်ခဲ့ပေ။

"တစ်ခုလောက်မေးပါရစေ၊ ရှင်တို့ရဲ့သမီးက ဘယ်မြို့မှာ ပျောက်သွားတာလဲ?”

စူးချင်းက သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ စူးဟန်ရွှမ်ကို လှမ်းမေးလိုက်သည်။ သူမက စိတ်လှုပ်ရှားလွယ်သူ မဟုတ်သလို သူမက စူးသခင်မနှင့် ရုပ်တူနေသောကြောင့် ထိုလူများကို သူမ၏မိဘများအဖြစ် မျက်စိမှိတ် အသိအမှတ်ပြုမည် မဟုတ်ပေ။

"စုကျိုး မှာပါ။ ဒါပေမယ့် ငါ သူ(မ)ကို နေရာတိုင်းမှာ ဆက်တိုက်ရှာနေတာ ဆယ်နှစ်ကျော်လောက် ရှိနေပြီ၊ ဘာရလဒ်မှ မရှိခဲ့ဘူး။ သူ(မ) အသက်ရှင်နေသေးလားတောင် မသိရသေးဘူး”

သူ့၏သမီးလေးက သူ့နှလုံးသားထဲမှ ထာဝရနာကျင်မှု ဖြစ်ပြီး သူ့သမီးအကြောင်းကို ပြောလိုက်ချိန်တွင် စူးဟန်ရွှမ်၏မျက်လုံးများက နီရဲလာပြန်သည်။

သူ့မိန်းမရဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ သူလည်း မျှော်လင့်မိတာပါပဲ။ သူ့သမီးလေးက အသက်ရှင်ရက် ပြန်လာပြီး “အဖေ၊ သမီး ပြန်လာပါပြီ” လို့ သူ့ရှေ့မှာ ပြောမှာကို သူ တကယ်ကို တမ်းတနေမိတယ်။

"ရှီအာ...အမေ့ရဲ့ရှီအာ!"

ယန်ရုရွှယ်က ခင်ပွန်းဖြစ်သူ၏စကားကို ကြားသွားပြီး သူမ၏စိတ်အခြေအနေက ဆိုးရွားလာပြန်သည်။ သူမက သူမ၏နှလုံးသားထဲမှ သူမသမီးလေး၏အမည်ကို အော်ဟစ်နေပြီး သူမကိုယ်သူမ နာကျင်စေရန် ကတ်ကြေးကို အသုံးပြုချင်နေသော်လည်း စူးဟန်ရွှမ်က သူမကို နောက်ကျောမှ သိုင်းဖက်ထားခဲ့သည်။

"သူ(မ)က ပန်းရောင်အဝတ်အစားတွေ ဝတ်ထားခဲ့တာလား?"

စုကျိုးဟု ကြားလိုက်ချိန်တွင် သူမအတွက် ထက်ဝက်ကျော် သေချာသွားပြီ ဖြစ်သောကြောင့် စူးချင်း၏ အရာရာ လျစ်လျူရှုတက်သော မျက်လုံးများတွင် ပြောင်းလဲမှုတစ်ချို့ ပေါ်လာခဲ့သည်။

“ဟုတ်တယ်၊ အဲ့ဒါက ရှောင်ချန် အခုဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ အတူတူပဲ။ မင်း သူ့(မ)ကို အရင်က တွေ့ဖူးတာလား? စူးမိန်းခ‌လေး..."

စူးချင်းက အဝတ်အစားများအကြောင်း ပြောလိုက်ချိန်တွင် စူးဟန်ရွှမ်လည်း အံ့အားသင့်သွားခဲ့သည်။ သူက သူမကို မျှော်လင့်တကြီး စိုက်ကြည့်နေပြီး သူ စိတ်လှုပ်ရှားလွန်းသောကြောင့် သူ့အသံကပင် အနည်းငယ် တုန်ယင်နေခဲ့သည်။

“....”

စူးချင်းက သူ့မေးခွန်းကို ပြန်မဖြေဘဲ ရှောင်ချန်၏ ပန်းရောင်ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ စောစောက သူမ သတိမထားမိခဲ့သော်လည်း အနီးကပ်ကြည့်လိုက်ပြီးနောက် လျိုမိသားစုတွင် သူမ တွေ့ဖူးသော ကလေးမလေး၏၀တ်စုံနှင့် တူနေကြောင်း တွေ့လိုက်ရသည်။ ဝတ်စုံပေါ်မှ ပန်းထိုးရုပ်လှလှလေးများကပင် အတူတူ ဖြစ်နေသေးသည်။

စူးဟန်ရွှမ်က စူးချင်းကို စိုးရိမ်တကြီး စိုက်ကြည့်သည်။ သူ အလွန် စိတ်​လှုပ်​ရှား​နေ​သောကြောင့်​ သူ့လက်များမှ ​ချွေးများ ထွက်နေပြီး သူ့နှလုံးက လည်​ချောင်းထဲသို့ ခုန်တက်လာ​လုနီးပါး ဖြစ်နေခဲ့သည်​။

နှစ်ပေါင်းများစွာ ကြာခဲ့တဲ့အချိန်တွေမှာ လူတော်တော်များများက ပိုက်ဆံအတွက်ကြောင့် ရှောင်ရှီ ဘယ်မှာရှိတယ်ဆိုတာကို သူတို့သိတယ်လို့ ပြောဖူးကြတယ်။ ဒါပေမယ့် သူတို့ထဲက တစ်ခုမှ မှန်အောင် မပြောနိုင်ကြဘူး။ စူးချင်းကတော့ သူ့သမီးက ပန်းရောင်အဝတ်အစားတွေ ဝတ်ထားတယ်လို့ ပြောနိုင်တယ်။

"ခဏစောင့်ပါဦး"

စူးချင်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူမမှာ နောက်ဆုံးပစ္စည်းတစ်ခု ရှိနေသေးတယ်။ အဲ့ဒါကို အတည်ပြုနိုင်ခဲ့ရင် သူမရှေ့က စုံတွဲက သူမရဲ့မိဘတွေဖြစ်ပြီး ချစ်စရာ ရှောင်ချန်ကတော့ သူမရဲ့ မောင်‌လေးအရင်း ဖြစ်လာလိမ့်မယ်။

ထိုအတွေးက သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ စူးချင်းက နွေးထွေးမှုတစ်ခုကို အထူးတလည် ခံစားလိုက်ရသည်။

သူမက ဘယ်သူမှ မလိုချင်တဲ့ လေတိုက်တိုင်း ရေပေါ်မှာ မျောနေရတဲ့ ဘဲစာပင်လေး မဟုတ်တော့ဘူး။ အခု ချက်ခြင်း သူမရဲ့အမြစ်ကို ရှာတွေ့လိုက်သလိုပဲ။

"ဘာကို စောင့်ရမှာလဲ?"

စူးဟန်ရွှမ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ရဲတင်းသော အတွေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထိုအတွေးကြောင့် သူက စူးချင်းကို မီးလောက်မတက် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ တကိုယ်လုံး တုန်ယင်နေသည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။

"ဒါက ရှင်တို့ သမီးရဲ့ ခြေကျင်းလား?"

စူးချင်း စကားဆုံးသည်နှင့် ရှောင်ချီက စူးချင်း၏နောက်ခံနှင့်ပတ်သက်သည့် ခြူပါသည့် ခြေကျင်းလေးကို ထုတ်ပေးလိုက်သည်။

စူးဟန်ရွှမ်က စူးချင်း၏လက်ထဲမှ အနက်ရောင်ခြူသီးလေးကို လှမ်းကြည့်လိုက်ပြီး ခြူပေါ်ရှိ ပုံစံက တိရစ္ဆာန်လေးနှင့် တူနေကာ ထိုခြူလေးကို ချည်ထားသည့်ကြိုးကလည်း အနက်ရောင်ဖြစ်နေပြီး ကြိုးက အရမ်းပါးလွှာကာ ကလေးဝတ်မှန်း သိသာထင်ရှားနေခဲ့သည်။

စူးဟန်ရွှမ်၏မျက်​လုံးများက နီရဲလာပြီး မျက်​ရည်များ စီးကျလာခဲ့သည်။ သူ့၏နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေပြီး စကားပင် မပြောနိုင်တော့ပေ။ သူက စူးချင်း၏လက်ထဲမှ ခြူသီးလေးကို ယူကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး စူးချင်းကို ကြည့်နေရင်း တုန်ရီနေသောအသံဖြင့် မေးလိုက်သည်။

"ဒီခြူလေးက ငါ့သမီးရဲ့ပစ္စည်းပါ၊ မင်းက ရှောင်ရှီလား?"

စူးချင်းက မူလပိုင်ရှင်၏ မိဘအရင်းများကို ဤကဲ့သို့မတော်တဆတွေ့နိုင်ရန် မမျှော်လင့်ထားခဲ့ပေ။ ဤကဲ့သို့ ရုတ်တရက် ပြန်လည်ဆုံဆည်းလိုက်ရသောကြောင့် သူမ မည်သို့ ဖြေရှင်းရမည်ကို မသိတော့ပေ။

ဒါပေမယ့် သူမလည်း ခံစားချက်တွေရဲ့ လွှမ်းမိုးခြင်ကို ခံနေရတယ်။ ဒီလို စိတ်လှုပ်ရှားမှုမျိုးက သူမ တစ်ခါမှ မခံစားဖူးတဲ့ အရာတစ်ခုပါပဲ။ ဒါက မူလပိုင်ရှင်က သူမရဲ့မိဘတွေကို ရှာဖွေဖို့ စွဲလမ်းနေတာကြောင့်လည်း ဖြစ်နိုင်တယ်၊ အခု‌လောက်ဆို သူမလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူပြန်ဝင်စားနိုင်လောက်ပြီ။

ယန်ရုရွှယ်က ခင်ပွန်းဖြစ်သူ၏လက်ထဲမှ ခြူလေးကို တွေ့သွားပြီး လှမ်းယူလိုက်ကာ သမီးဖြစ်သူ၏အမည်ကို အော်ခေါ်နေပြန်သည်။

"ရှောင်ရှီ.... အမေ ဒီမှာ ရှိတယ်။ အမေ သမီးကို ထပ်ပြီး မပျောက်စေရပါဘူး"

စူးချင်းက သူမကို လှမ်းကြည့်လိုက်ပြန်သည်။ သမီးကို ဆုံးရှုံးလိုက်ရသည့်အတွက် မိမိကိုယ်ကို အပြစ်တင်ရင်း ရူးသွပ်သွားရသည့် သူမ၏မိခင်းအရင်းအတွက် ပထမဆုံး လက်ဆောင်အဖြစ် ဆေးကုသပေးရတော့မည် ဖြစ်သည်။

စူးချင်းက သူမကို နီရဲသော မျက်လုံးများဖြင့် စိုးရိမ်တကြီး ကြည့်လိုက်ပြီး စူးဟန်ရွှမ်ကို ပြန်ပြောလိုက်သည်။

“ဒီအကြောင်း လောလောဆယ် မပြောဘဲ ခဏထားလိုက်ကြရအောင်။ ကျွန်မ သူ(မ)ကို အရင် ကုသပေးမယ်"

"မင်းသာ ရှောင်ရှီ ဆိုရင် ရုရွှယ်က ဆေးဝါး မပါဘဲ ပြန်ကောင်းလာလိမ့်မယ်"

စူးဟန်ရွှမ်က စူးချင်း အလွန်တည်ငြိမ်နေသည်ကို မြင်လိုက်ရသောကြောင့် သူမက သူ့သမီး ဟုတ် မဟုတ် မသေချာတော့သည့်အတွက် သွေးတိုးစမ်းလိုက်သည်။

“ဟုတ်တယ်၊ ဒါပေမယ့် သူ(မ)က အခု အရမ်း နာကျင်နေပြီ။ သူ(မ)က တစ်နှစ်ပတ်လုံး ပြဒါးပါတဲ့ဆေးတွေကို သုံးစွဲခဲ့ပြီး သူ(မ)ရဲ့ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ပျက်စီးနေပြီ။ ပြီးတော့ သူ(မ)က သူမ သမီးလေး ပျောက်ဆုံးသွားတဲ့နှစ်တွေကို စိတ်ထဲမှာ စွဲနေပြီး အဲ့အချိန်ထဲမှာ နစ်မွန်းနေတယ်။ ရှောင်ရှီ ကြီးပြင်းလာတာကို သူ(မ) မယုံနိုင်သေးဘူး”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး သူမက စူးဟန်ရွှမ်၏သမီးဖြစ်ကြောင်း အတိအလင်း ဝန်ခံလိုက်သည်။

ဒါပေမယ့် အခုအချိန်မှာ သူမရဲ့အမေက သူမကု အသိအမှတ်ပြုရင်တောင် ဘာမှ အသုံးမဝင်တော့ဘူး။ ရူးသွပ်နေတာကို ထည့်မပြောရင်တောင် သူမနှစ်ပေါင်းများစွာ သောက်သုံးခဲ့ရတဲ့ ဆေး‌တွေကြောင့် သူမရဲ့ကျောက်ကပ်နဲ့ အသည်းက ပျက်စီးနေခဲ့ပြီ၊ အဲ့တာအပြင် နာတာရှည်စိတ်ကျရောဂါကြောင့် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပြိုလဲကျလုနီးပါး ဖြစ်နေခဲ့တယ်။

အခု သူမ အချိန်မီရောက်လာနိုင်တာတောင် သမီးဖြစ်သူကို ပြင်းပြင်းထန်ထန် စွဲလမ်းနေတဲ့ စိတ်က သူမရဲ့မိခင်ကို ပံ့ပိုးပေးနေတာကြောင့်ပဲ။ ဒီလိုမှမဟုတ်ရင် သူမရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကြောင့် သူမ အသက်ရှင်ဖို့ အချိန်သိပ်ရတော့မှာ မဟုတ်ဘူး။

စူးချင်းက သူတို့၏သမီးဖြစ်ကြောင်း ဝန်ခံလိုက်သည်ကို ကြားလိုက်ရချိန်တွင် စူးဟန်ရွှမ်က သူ့၏မျက်ရည်များကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ သူက သူ့သမီး၏အမည်ကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

"ရှီအာ!"

ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူ ရှီအာရဲ့နာမည်ကိုတောင် မပြောရဲခဲ့ဘူး။ သူ အဲ့လို ပြောလိုက်တိုင်း သူ့နှလုံးသားက နာကျင်လွန်းလို့ သူ့ကို သေချင်စိတ်တွေ ပေါ်လာစေတယ်။ ဒီနေ့တော့ သူ့စိတ်ထဲက စူးစူးရှရှ တောင့်တမှုကြောင့် သူ သူသမီးလေးရဲ့နာမည်ကို အော်ခေါ်လိုက်မိတယ်။

“အင်’” စူးချင်းက ခေါင်းညိတ်ပြရုံသာ တုံ့ပြန်လိုက်သည်။

သူမက မူလပိုင်ရှင် မဟုတ်ဘူး။ သူမရဲ့နှလုံးသားကလည်း တုန်လှုပ်နေတယ် ဆိုပေမယ့် အရမ်း အဆိုးကြီးတော့ မဟုတ်ဘူး။ သူမ မှတ်မိသလောက်တော့ သူမက တစ်ယောက်တည်း နေခဲ့ရတယ်။ အဲ့တာကြောင့် သူမမှာ မိသားစုရှိနေတာကို အသားမကျသလို သူတို့နဲ့ ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာကိုလည်း မသိဘူး။

စူးဟန်ရွှမ်က ဘာမှ မထူးခြားသလို ခံစားချက်မဲ့ပုံဖြင့် လျစ်လျုရှုနေသော စူးချင်းကို ကြည့်နေခဲ့သည်။

သူ့သမီးလေးက ငယ်ငယ်တုန်းက အပြစ်ကင်းစင်ပြီး ပျော်ပျော်ရွှင်ရွှင် နေတက်ခဲ့တယ်။ သူမလေးက အမြဲတမ်း ပြုံးနေတက်ပြီး သူ့ကို ‘အဖေ’ လို့ ချိုချိုသာသာ ခေါ်တက်တယ်။

အခုတော့ ရှီအာက အရမ်းအေးစက်သွားပြီ။ မိဘတွေကို ပြန်ရှာတွေ့တာတောင် သူမရဲ့မျက်လုံးတွေက ပြောင်းလဲမသွားဘူး။ အဖေနဲ့အမေလို့တောင် မခေါ်သေးဘူး။

သိုသော်လည်း စူးချင်း၏စကားများက စူးဟန်ရွှမ်ကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။

သူ့ဇနီးက ဒီနှစ်တွေအတွင်း ဆေးဘယ်လောက်သောက်ခဲ့ရတယ်ဆိုတာကို သူ အသိဆုံးပါ။ သူမရဲ့စိတ်ကို ဖြေလျော့ပေးဖို့ လိုအပ်တာကြောင့် သမားတော်တွေရဲ့ဆေးစာတွေမှာ ပြဒါးတွေ အမြဲတမ်း ပါဝင်နေခဲ့သည်။

ပြဒါးက မကောင်းဘူးဆိုတာ သူလည်း သိနေပေမယ့် ဇနီးဖြစ်သူကို စိတ်ငြိမ်ဆေး မပေးထားရင် သူမက သူမဘာသာသူမ သတ်သေသွားမှာကိုလည်း စိုးရိမ်ခဲ့ရတယ်။ အဲ့တာကြောင့် သူ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။

အခု သူ့သမီးလေးက သူ့ဇနီးရဲ့သွေးခုန်နှုန်းကိုတောင် မစမ်းကြည့်ဘဲ သူ့ဇနီး ပြဒါးတွေ သုံးစွဲခဲ့တာကို သိနိုင်ခဲ့တယ်။ သူမက တကယ်ကို ကျွမ်းကျင်တဲ့ သမားတော်တစ်ယောက်လား?

စူးဟန်ရွှမ်က သူ့သမီးအား သူ့ဇနီးကို ကုသခွင့်ပေးရန် စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ စူးချင်းကို ထိုအကြောင်း ပြောခါနီးတွင် ယန်ရုရွှယ်က တစ်ခုခု ဖြစ်သွားခဲ့သည်။

All Chapters