← Chapters

နှစ်တစ်ရာ လျှို့ဝှက်ချက်

Vol. 5 Ch. 465

နှစ်တစ်ရာ လျှို့ဝှက်ချက်

Vol. 5 Ch. 465

ပါ့ကျင်းတောင်မှာ ကျောင်းဟိုင်မြို့ အနီး၌ များစွာသော တောင်ကုန်း ငယ်များ၏ ဝန်းရံမှု အလယ်တွင် တည်ရှိသည်။

ထိုတောင်ထိပ်ကား အလွန် ကျော်ကြားသော အပန်းဖြေ စခန်း တစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် နွေရာသီများတွင် တောရိပ်၊ တောင်ရိပ်မှာ နေ၏ အပူချိန်ကို ကောင်းစွာ လျှော့ချပေးနိုင်သည်။

တောင်ထိပ်၌ ယခုကဲ့သို့ ကျော်ကြားသော နေရာတစ်ခု ဆောက်လုပ် ထားခြင်းမှာ ပိုင်ရှင်၏ လွှမ်းမိုးနိုင်မှုကို ထင်ရှားစွာ ဖော်ပြနေသည်။

ကျောင်းဟိုင်၏ ဒေသခံ လူကြီးပိုင်းမှာမူ ထို အပန်းဖြေ စခန်းမှာ ကျောင်းဟိုင် ဒေသကို နှစ်ရာချီ လွှမ်းမိုးထားသည့် ဟွာမိသားစု ပိုင်ဆိုင်ကြောင်း ကောင်းစွာ သိရှိကြသည်။

"ပုန်းကွယ်နေသော နဂါး စံအိမ်…"

လူငယ်က ထိုင်ရာမှ ထရပ်ရင်း အဆောက်အဦ၏ နာမည်ကို အသံထွက် ရေရွတ်လိုက်၏။ ထို့နောက် အဘိုးအိုဘက်သို့ လှည့်ရင်း စိတ်ဝင်တစား မေးလိုက်သည်။

"အဘိုး… ဘာလို့ ပုန်းကွယ်နေသော နဂါးလို့ နာမည် ပေးထားတာလဲ… ဒီတောင်ရဲ့ တစ်နေရာရာမှာ အစစ်အမှန် နဂါးတစ်ကောင် ရှိနေလို့လား"

လူငယ် မေးခွန်း မေးလိုက်သည့် အချိန်၌ အဘိုးအိုမှာ စစ်တုရင်ပြားပေါ်ရှိ ကျောက်တုံးများကို ပြန်လည် နေရာချနေခဲ့သည်။ အားလုံး ပြင်ဆင်ပြီးသည်နှင့် သူက လှုပ်ရှားနေသော လက်များကို ရုတ်ကာ လူငယ်အား ကြည့်ရင်း ပြန်ဖြေလိုက်၏။

"ဒါက နာမည် တစ်ခုပါပဲ… တကယ် မဟုတ်ပါဘူး…  လာ နောက်တစ်ပွဲ ကစားရအောင်… မင်းလို ထိုက်တန်တဲ့ ပြိုင်ဘက်မျိုးက ရှာတွေ့ခဲတယ်"

လူငယ်က ပြုံးကာ ခေါင်းညိတ်ရင်း ကျောက်တုံးဖြူကို ကောက်ယူလိုက်သည်။ ထို့နောက် ခဏမျှ စဉ်းစားရင်း လွတ်နေသော အကွက် တစ်ခုအား ရွှေ့လိုက်၏။

သူတို့ နှစ်ယောက်၏ ဘေးတွင်မူ သိမ်မွေ့ဟန် ရသော အသက်သုံးဆယ်ခန့် မိန်းကလေး တစ်ယောက်က ငြိမ်သက်စွာပင် ထိုင်နေခဲ့သည်။

သူမကား အသက်နှင့် မလိုက်ဖက်အောင် နုပျိုနေကာ ချပ်ကပ်သော ချီပို ဝတ်စုံအား ဝတ်ထားခဲ့သည်။ သူမ၏ လက်ကောက်ဝတ်တွင်မူ ရိုးရှင်းသော လက်ပတ် တစ်ခုကို ဝတ်ဆင်ထားသည်။ သူမက လက်ဘက်ရည်ပူအိုးကို ကျွမ်းကျင်စွာ ကိုင်ရင်း ခွက်ငယ်ထဲသို့ လှပစွာ လောင်းထည့်လိုက်၏။ ကျွမ်းကျင်သော အဖျော်ဆရာများပင် ထိုမြင်ကွင်းကို မြင်ပါက ဆွံ့အ သွားနိုင်လောက်သည်။

"အဒေါ်ချင်ရဲ့ လက်ဘက်ရည် ကျွမ်းကျင်မှုကတော့ စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်တော့ဘူး… ကမ္ဘာကျော် အဖျော်ဆရာတွေတောင် အဒေါ်ချင်ထက် ပိုကောင်းအောင် ဖျော်နိုင်မယ် မထင်ဘူး"

လူငယ်က လက်ဘက်ရည် တစ်ခွက်ကို သောက်ရင်း စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။

"ပို့ကျွင်း… မင်းကြိုက်ရင် အဒေါ် အချိန်မရွေး ဖျော်ပေးပါ့မယ်"

မိန်းကလေး၏ အသက်အရွယ်က လူငယ်ထက် ပိုကြီးဟန် မရသည့်တိုင် သူမက သူ့ကိုယ်သူ အဒေါ် ဟူသော နာမ်စားကို သုံးနှုန်းရင်း ပြောလိုက်သည်။

အကယ်၍ ကျောင်းဟိုင်ရှိ လူများသာ ထိုလူငယ်နှင့် မိန်းကလေးတို့၏ စကားဝိုင်းကို တွေ့ပါက ကျိန်းသေ အံ့အားသင့် သွားလောက်သည်။

ထိုမိန်းကလေးကား ကျောင်းဟိုင် မြေအောက် လောက၏ အရှင်သခင်မ ချမ့်တန့်ချင်ပင် ဖြစ်သည်။ သူမကား အေးစက်မှုနှင့် မောက်မာမှုတို့ကြောင့် အလွန် ကျော်ကြားသည်။

"မင်းတို့ မျိုးဆက်မှာ ဆိုရင် မင်းနဲ့ရဲ့ မိသားစုက ကလေးမလေးက အထူးချွန်ဆုံးပဲ… မင်းတို့ မတိုင်ခင် မျိုးဆက်ကိုတော့ လဲ့ချန်းကျွယ်၊ အဇူရာ နဂါး၊ ရဲ့နန်ထင်းနဲ့ တန့်ချင်တို့က စိုးမိုး နိုင်ခဲ့တယ်…"

အဘိုးအိုက ဖြည်းညင်းစွာ ပြောလိုက်၏။ အဘိုးအို၏ စကားအရ ဆိုလျှင် မိန်းကလေးမှာ လဲ့ချန်းကျွယ်၊ အဇူရာ နဂါး၊ ရဲ့နန်ထင်းတို့နှင့် မျိုးဆက် တစ်ခုတည်းဟု ဆိုသည်။ ပုံပန်း သွင်ပြင် အရ ကြည့်လျှင်မူ သူမသည် အသက်ပင် သုံးဆယ်ကျော်ပုံ မပေါ်သေးသလို သိုင်းပညာရှင်နှင့်လည်း လားလားမျှ မတူချေ။ သို့သော်လည်း လူငယ်က ခေါင်းညိတ်လိုက်၏။

"လဲ့ချန်းကျွယ်က ဆယ်စုနှစ် တစ်ခုလောက် အထီးကျန် ကျင့်ကြံခဲ့ပြီး မာယာတစ်ထောင် ကွန်ယက် နည်းစနစ်ကို ဖန်တီးနိုင်ခဲ့တယ်… အဇူရာ နဂါးကတော့ ဓားတစ်ချောင်းတည်းနဲ့ နိုင်ငံ တစ်နိုင်ငံကို သိမ်းပိုက်ခဲ့တယ်… ရဲ့နန်ထင်းကလည်း စက္ကန့်မလပ် တန်ခိုးရှင် အဆင့်ရောက်ဖို့ ကြိုးစား ကျင့်ကြံနေခဲ့တယ်… ကျွန်မကတော့ သာမန် မိန်းကလေးပါ… သူတို့နဲ့ ဘယ်လို နှိုင်းယှဉ် နိုင်မှာလဲရှင်…"

ချမ့်တန့်ချင်က လှပစွာ ပြုံးရင်း ငြင်းဆန် လိုက်၏။

"ဟားဟား… အဒေါ်ချင်က နှိမ့်ချနေပြန်ပြီ… ကျွန်တော်တို့ မိသားစု ခေါင်းဆောင်တောင် လေးယောက်ထဲမှာ တန်ခိုးရှင် အဆင့်ကို ပထမဆုံး ဝင်ရောက်မယ့်သူက အဒေါ်လို့ ခန့်မှန်းထားတာပဲ"

လူငယ်က ရယ်ရယ်မောမော ပြောလိုက်သည်။

"အို… သခင်ကြီး ရှု့မင်က ငါ့ကို သတိထားမိ နေတာလား… ဂုဏ်ယူ စရာပဲ"

မိန်းကလေးက ပြောလိုက်၏။

လင်းပို့ကျွင်းက မိန်းကလေးအား ပြုံးပြပြီးသည်နှင့် ကျောက်တုံးဖြူ တစ်ခုကို ကောက်ကာ ရွှေ့ရင်း စကား ဆက်လိုက်၏။

"ဒါပေမဲ့ အဘိုးဟွာ ပြောတဲ့ စကား တစ်ခုကတော့ မှားနေတယ်လို့ ကျွန်တော် ထင်တယ်… ကျွန်တော်တို့ မျိုးဆက်ရဲ့ အထူးချွန်ဆုံးက ကျွန်တော်ရော ရဲ့မိသားစုက ကောင်မလေးရော မဟုတ်ဘူး…"

"ဒါဆို ဘယ်သူများလဲ…"

အဘိုးအိုက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"နတ်ဘုရား သတ်မှတ်ချက်ကို ပြန်ပြီး အသက်သွင်းခဲ့တဲ့ စိတ်တိုကြီးချန်းပါ…"

လင်းပို့ကျွင်းက အပြုံးဖြင့် အဖြေ ပေးလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင်မူ ထူးဆန်းသော တစ်စုံတစ်ရာက တောက်ပနေသည်။

"ချန်းပေ့ရွှမ်းလား…"

ထိုနာမည်ကြောင့် အဘိုးအိုဟွာနှင့် ချမ့်တန့်ချင်တို့ တိတ်ဆိတ် သွားကြ၏။ ခဏအကြာ၌ အဘိုးအိုက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

"ငါက အသက်ကြီးပြီ ဆိုတော့ ချန်းပေ့ရွှမ်းက အသက် နှစ်ဆယ်ပဲ ရှိသေးတယ် ဆိုတာကို မေ့သွားခဲ့တယ်… သူက ရှေးဟောင်း တန်ခိုးရှင် နတ်ဘုရား တစ်ပါး ပြန်ဝင်စားတာ ဖြစ်နိုင်တယ်လို့ လူတွေက ခန့်မှန်း နေကြတယ်"

"ကျွန်မလည်း ဒီလိုပဲ ခန့်မှန်းတယ်… ချန်းပေ့ရွှမ်းရဲ့ ကျင့်စဉ်၊ နည်းစနစ်တွေက တော်တော်လေး ထူးဆန်းတယ်… နောက်ပြီး သူ့ဆရာက ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး… သူက အစွမ်းထက်တဲ့ နတ်ဘုရား တစ်ပါး ပြန်ပြီး မွေးဖွားလာတာ အဖြစ်နိုင်ဆုံးပဲ"

ချမ့်တန့်ချင်ကလည်း သဘောတူလိုက်၏။

"တန်ခိုးရှင် အဆင့်တွေထဲမှာတောင် ချန်းပေ့ရွှမ်းလို အစွမ်းထက်တဲ့သူ မရှိဘူး… ပြောစကားတွေ အရဆို သူက ကျွန်တော်တို့ မိသားစု လက်ရှိခေါင်းဆောင် ထက်တောင် ဆယ်ဆလောက် ပိုပြီး အစွမ်းထက်တယ်တဲ့…"

လင်းပို့ကျွင်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာက တရုတ်မှာ သခင်ကြီးရှု့မင် ပေါ်ထွက်တယ်… လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်မှာ ဗိုလ်ချုပ်ရဲ့ ပေါ်ထွက်ခဲ့တယ်… အခုလည်း ချန်းပေ့ရွှမ်း ပေါ်လာပြန်ပြီ… ဒါက ဆုလာဘ်လား ကျိန်စာလား ဆိုတာ စိတ်ဝင်စား စရာပဲ"

အဘိုးအိုက ရေရွတ်လိုက်သည်။

"ဗိုလ်ချုပ်ရဲ့" ဆိုသော အမည်အား ကြားသည်နှင့် လင်းပို့ကျွင်း၏ မျက်နှာက တင်းမာသွားကာ နှာခေါင်း ရှုံ့လိုက်သည်။

"ရဲ့မိသားစု အစိမ်းရောင်ဂိုဏ်းကို လုပ်ခဲ့တဲ့ ကိစ္စ အဘိုးမေ့နေပြီလား… ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေကို အဘိုးမေ့နေပြီလား…"

အဘိုးအိုမှာ လူငယ်၏ စကားကြောင့် ခဏမျှ ဆွံ့အသွား၏။ ထို့နောက် စိတ်များကို ပြန်လည် စုစည်းရင်း အနက်ရောင် ကျောက်တုံး တစ်ခုအား ကောက်ယူကာ နေရာလွတ် တစ်ခုသို့ ချလိုက်၏။

"ငါ သတိရတာ သတိမရတာက အဓိက ကိစ္စ မဟုတ်ပါဘူး…"

"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက အစိမ်းရောင်ဂိုဏ်း၊ ဟောင်ဂိုဏ်းနဲ့၊ နဂါးခန်းမတို့က တရုတ်ရဲ့ ထိပ်သီး ဂိုဏ်းတွေပဲ… အစိမ်းရောင် ဂိုဏ်းဆိုရင် တရုတ်နိုင်ငံ တစ်ဝက်လောက်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ အပြင် အစိုးရရဲ့ ဥပဒေကို တိုက်ရိုက် ချိုးဖောက်နိုင်တဲ့ ကျန်းရှောင်လင်၊ ဟောင်ကျင်းရုန် တို့လို ခေါင်းဆောင်တွေကိုပါ မွေးထုတ် ပေးနိုင်ခဲ့တယ်… ဒါပေမဲ့ အဲဒီလို ခေါင်းဆောင်တွေကတောင် ဟွာမိသားစုကို လေးစားသမှု့နဲ့ ဆက်ဆံရတယ်"

လင်းပို့ကျွင်းက ခဏမျှ ရပ်နားကာ ဆက်ပြောလိုက်၏။

"အစိမ်းရောင်ဂိုဏ်းက ဟွာမိသားစုရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ ထွန်းတောက်ခဲ့တယ်… အဲဒီ အချိန်တွေတုန်းက ဟွာမိသားစုဟာ တရုတ်မှာ အင်အား အကြီးဆုံး မိသားစုကြီးပဲ… ဒါပေမဲ့ ခုကျတော့ ဘယ်လိုဖြစ်သွားလဲ… အစိမ်းရောင်ဂိုဏ်းလည်း သမိုင်းမှာ ကျန်ခဲ့ပြီ… ခေါင်းဆောင်တွေလည်း သေပြီ… ဟွာမိသားစုလည်း ကျောင်းဟိုင်ရဲ့ မိသားစုလေး အဖြစ်နဲ့ ခွန်းလွန်ရဲ့ ဩဇာကို လိုက်နာ နေရတယ်"

"အဘိုးက ဒီလို တရား မျှတမှု မရှိတာတွေကို တကယ်ပဲ ဂရု မစိုက်ဘူးလား…"

လင်းပို့ကျွင်းက အဘိုးအိုကို စူးစိုက်ကြည့်ရင်း မေးလိုက်၏။

အဘိုးအိုက မျက်လုံးများကို ပိတ်ရင်း တိတ်ဆိတ် သွားတော့သည်။ သူ၏ မျက်နှာကမူ အရောင် အမျိုးမျိုး ပြောင်းလဲနေကာ အတွင်း စိတ်ရိုင်းကို ပယ်သတ်ရန် ကြိုးစားနေ၏။

ထိုအဘိုးအိုကား ဟွာမိသားစု၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။ သူကား ကောင်းကင် စာအုပ်တွင် နံပါတ်လေး ချိတ်ကာ ကျောင်းဟိုင်အား ဆယ်နှစ်ကျော် လွှမ်းမိုးခဲ့သည်။

သူ၏ အမည်သည်ကား ဟွာရန်ဖန်း ပင်။

"အဲဒီတော့ ဘာဖြစ်လဲ… အချိန်တွေ ပြောင်းလဲ သွားတာနဲ့ အမျှ အစိမ်းရောင်ဂိုဏ်း မရှိတော့တာ မထူးဆန်းပါဘူး… ငါတို့သာ အမိန့်ကို ဆန့်ကျင်ခဲ့ရင် ဒုတိယ နဂါးခန်းမနဲ့ ဟောင်ဂိုဏ်း ဖြစ်သွားလိမ့်မယ်"

ဟွာရန်ဖန်းက မျက်လုံးများကို ပြန်ဖွင့်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။

"ဒါပေမဲ့ အစိမ်းရောင်ဂိုဏ်းက ဖျက်သိမ်း ခံလိုက်ရပြီး ဟောင်ဂိုဏ်းကတော့ ဆက်ရှိ နေသေးတုန်းပဲလေ… နောက် နဂါးခန်းမ၊ လင်းမိသားစုနဲ့ အဘိုးတို့ပါ ဆက်ရှိနေတုန်းပဲ… အဘိုးရဲ့ ကျင့်ကြံမှုက လွန်ခဲ့တဲ့ ဆယ်နှစ် အတွင်း အရမ်း တိုးတက်လာတာ ကျွန်တော်တို့ သိပါတယ်… အမှောင် သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ပုဂ္ဂိုလ်တောင် အဘိုးအို အနိုင်မယူနိုင်တော့ပါဘူး… အဘိုး အနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ခွန်းလွန်တောင်က အုပ်စုကို လက်စားချေသင့်တယ်"

လင်းပို့ကျွင်းက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

"မဖြစ်နိုင်ဘူး…"

ဟွာရန်ဖန်းက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

"မင်းက ငယ်သေးတော့ အဲဒီလူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ဘယ်သိပါ့ မလဲ… ဟောင်ဂိုဏ်း၊ အစိမ်းရောင်ဂိုဏ်းနဲ့ နဂါး ခန်းမ အင်အား အတောင့်ဆုံး အခြေအနေမှာတောင် သူ့ကို မနိုင်ခဲ့တာ… အခုဆို ပိုဆိုးမှာပေါ့"

"ငါတို့တွေ ဘာဖြစ်သွားခဲ့တယ် ဆိုတာ မမေ့ပါနဲ့… အစိမ်းရောင်ဂိုဏ်း ဖျက်ဆီးခံရတယ်… ဟောင်ဂိုဏ်နဲ့ နဂါးခန်းမတို့ တရုတ်ကနေ ကန်ထုတ်ခံရတယ်… လေးထောင့် မျှော်စင်လည်း ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတယ်…"

"သူက တရုတ်ကို နှစ်ခြောက်ဆယ် လွှမ်းမိုးခဲ့တယ်… ဒီနှစ်ခြောက်ဆယ် အတွင်း သူ ဘယ်လောက် ပိုပြီး အစွမ်းထက်လာလဲ ဆိုတာ ဘုရားပဲ သိနိုင်မယ်… နောက်ပြီး တရုတ်ကလည်း မဟာ အင်အားကြီး နိုင်ငံ ဖြစ်လာနေပြီ… အရာရာက အရင်ကလို မလွယ်ကူတော့ဘူး"

ဟွာရန်ဖန်း၏ စကား အဆုံး၌ တိတ်ဆိတ် ငြိမ်သက် သွားပြန်တော့၏။ ခဏအကြာ၌ လင်းပို့ကျွင်းက လေးနက်သော အမူအရာဖြင့်…

"ကျွန်တော်တို့ မိသားစု ခေါင်းဆောင်ကြီးက ဒီတစ်ကြိမ်မှာ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်ရော…

"ဘယ်လို…"

ဟွာရန်ဖန်း၏ မျက်လုံးများမှာ အံအားသင့်မှု၊ စိတ်လှုပ်ရှား မှုတို့ဖြင့် တောက်ပ လာခဲ့၏။

"ဟုတ်တယ်… ခေါင်းဆောင်ကြီးက သူ့ရဲ့ မိတ်ဆွေဟောင်းကြီးတွေ နဲ့တောင် ဆွေးနွေးပြီးနေပြီ… ဒီတစ်ကြိမ်တော့ ရဲ့မိသားစု အတွက် မလွယ်ကူတော့ဘူး"

လင်းပို့ကျွင်းက စကားဆက်လိုက်သည်။

"အင်း… သခင်ကြီးရှု့မင်သာ ကူညီဖို့ ဆန္ဒရှိမယ် ဆိုရင်တော့ အခြေအနေတွေ ပြောင်းလဲ သွားနိုင်တယ်"

ဟွာရန်ဖန်းက ခေါင်းညိတ်ရင်း မေးလိုက်သည်။

"အဲဒီ ကိစ္စကြောင့်ပဲ မင်း ဒီကို လာခဲ့တာလား…"

"ကျွန်တော်တို့ လင်းမိသားစုက လျှို့ဝှက်ပြီး အင်အား စုဆောင်းနေတာ နှစ်ခြောက်ဆယ် ရှိပြီ… အခုက ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ အရာရာကို ပြန်သိမ်းပိုက်ဖို့ အချိန်ရောက်ပြီ… ကျွန်တော် ဒီကို လာတာက အဘိုးကို ကျွန်တော်တို့နဲ့ ပူးပေါင်းမလား လာမေးတာ"

လင်းပို့ကျွင်းက ပြောလိုက်၏။

ဟွာရန်ဖန်းက ခဏမျှ စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။

"သခင်ကြီးရှု့မင်က ငါတို့ မိသားစုရဲ့ ကာကွယ်သူပဲ… ငါ့ရဲ့ဓားက လင်းမိသားစု အတွက် အမြဲတမ်း အဆင်သင့်ပါပဲ"

"အရမ်းကောင်းတယ်… အဘိုးသာ ကျွန်တော်တို့ ဘက်မှာ ရှိမယ် ဆိုရင် တရုတ် မြေအောက်လောက တစ်ဝက်လောက်ကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီ… နောက်ထပ် လှုပ်ရှားဖို့ ဆိုလို့ ရဲ့မိသားစုဆီ အလည်သွားဖို့ပဲ ကျန်တော့တယ်"

လင်းပို့ကျွင်းက ပြုံးရင်း ပြောလိုက်သည်။

"ပို့ကျွင်း… ချန်းပေ့ရွှမ်းကို မင်းမေ့နေတာလား… သူက အနာဂတ်မှာ အစွမ်း အထက်ဆုံးသူ ဖြစ်လာနိုင်တယ်… သူ ဘယ်ဘက်မှာ နေမှာလဲ ဆိုတာက ထည့်စဉ်းစားရမယ်"

ဟွာရန်ဖန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

"သူ ဘယ်ဘက်မှာ နေနေ ကိစ္စ မရှိပါဘူး… သူက တစ်ယောက်တည်း သမားပဲ… ကျွန်တော်တို့ရဲ့ စုပေါင်း အင်အားကို မယှဉ်နိုင်ပါဘူး…"

လင်းပို့ကျွင်းက ယုံကြည်ချက် ရှိစွာ ဆိုသည်။

"စိတ်မပူပါနဲ့… လင်းမိသားစုရဲ့ စွမ်းအားနဲ့ဆို သူ့ကို ထည့်တွက်စရာ မလိုပါဘူး"

ထို့နောက် သူက ဟွာရန်ဖန်းကို နှုတ်ဆက်ကာ တောင်အောက်သို့ ဆင်းသွားခဲ့တော့၏။

ဟွာရန်ဖန်းက တဖြည်းဖြည်း ဝေး၍ ပျောက်ကွယ်သွားသော လင်းပို့ကျွင်းကို မျှော်ကြည့်ရင်း သက်ပြင်း ချလိုက်သည်။ သူ၏ စိတ်များများ ပိုက်ကွန်ကဲ့သို့ ရှုပ်ထွေး နေခဲ့သည်။

ချမ့်တန့်ချင်ကမူ အခက်တွေ့ဟန်ဖြင့် မျက်မှောင်ကိုသာ ကြုတ်နေခဲ့တော့သည်။

***

All Chapters