← Chapters

အစည်းအဝေး

Vol. 5 Ch. 467

အစည်းအဝေး

Vol. 5 Ch. 467

ဝမ်ရှောက်ယွင်တွင် သားရှိကြောင်း သိသူ သိပ်မရှိလှချေ။ သူမက သမီးဖြစ်သူ အန်ရာနှင့်သာ ကျောင်းဟိုင်သို့ လာရောက်၍ ကျင်းရှို့ လုပ်ငန်းစုကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုဆိုလျှင် ကျင်းရှို့ လုပ်ငန်းစုမှာ ကျောင်းဟိုင်၏ အကြီးမားဆုံး အိမ်ခြံမြေ အကျိုးဆောင် အဖွဲ့သုံးဖွဲ့ဝင် ဖြစ်နေပြီ ဖြစ်သလို ဝမ်ရှောက်ယွင်မှာခည်း ကျောင်းဟိုင်၏ ထိပ်တန်း သူဌေး ဆယ်ယောက်တွင် ပါဝင် နေခဲ့ပြီ ဖြစ်သည်။

"သူဌေးမှာ သားတစ်ယောက် ရှိသေးတာပဲ… သူ့မှာ သမီးတစ်ယောက်ပဲ ရှိတယ် ထင်နေတာ…"

"သူဌေးရဲ့ ယောက်ျား နာမည်က ချန်းနဲ့ စတာလေ… အန်ရာက သူ့ရဲ့ သမီး အရင်း မဟုတ်ပါဘူး"

"ဒါဆို ဒီလူငယ်လေးက ငါတို့ ကုမ္ပဏီရဲ့ ဆက်ခံသူ အစစ်ပေါ့…"

လူများစွာ၏ တီးတိုး ရေရွတ်သံက အခန်းအား ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ ထိုအချိန်၌ သခင်လေးဖုန့်၏ မျက်နှာမှ အပြုံးများကား ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက ချန်းဖန်အား မနာလို အားကျစွာ ကြည့်လိုက်မိသည်။

"သူဌေး လက်ထောက်အန် သခင်လေးချန်း… ရုံးခန်းထဲကို သွားရအောင်လေ ဒီနေရာက သိပ်အဆင်မပြေဘူး"

မန်နေးဂျင်း ဒါရိုက်တာဟယ်က နဖူးပေါ်မှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်သည်။ သူကား သခင်လေးဖုန့်ကို မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

"အင်း ကောင်းသားပဲ…"

ဝမ်ရှောက်ယွင်က ခေါင်းညိတ်ရင်း အမိန့်ပေးလိုက်သည်။

"ရှောင်ဟယ်… အားလုံးကို သေချာ ရှင်းလင်းထားလိုက် ငါ ဒီနေ့ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး"

"ဟုတ်ကဲ့ ဟုတ်ကဲ့ သူဌေး…"

ဒါရိုက်တာဟယ်က အဖြေပေးလိုက်သည်။

သူကား ဝမ်ရှောင်ယွင် အလုပ်မလုပ်သော နေ့ကို တစ်ခါမျှပင် မတွေ့ခဲ့ဖူးချေ။ သို့သော်လည်း သခင်လေးချန်း ရောက်လာသည်နှင့် သူမက အလုပ်များကို ရှင်းလင်းထားခိုင်းသည်။ ထိုအရာက သူဌေးဝမ်မှာ သူမ၏ သားကို မည်မျှ ဂရုစိုက်ကြောင်း ဖော်ပြနေခြင်းပင်။

"ကြည့်ရတာ သူဌေးဝမ်က သခင်လေးကို တော်တော်ချစ်ပုံ ရတယ်…"

ဒါရိုက်တာဟယ်က မှတ်ချက်ချလိုက်၏။

ထို့နောက် သူတို့ အုပ်စုမှာ ဓာတ်လှေကား အတွင်းသို့ ဝင်၍ အပေါ်သို့ တက်သွားတော့သည်။ သခင်လေးဖုန့်မှာမူ ကြောင်စီစီဖြင့် ဧည့်ကြိုနေရာတွင် တစ်ယောက်တည်း ကျန်ခဲ့တော့၏။

ထိုအချိန်၌ အစည်းအဝေးခန်း အတွင်းရှိ ဒါရိုက်တာများ၊ မန်နေဂျာများမှာ စိတ်ရှည်မှုများ ကုန်ဆုံးလာခဲ့ပြီ ဖြစ်သည်။

"ဘာအရေးပေါ် ကိစ္စ ရှိလို့ သူဌေးဝမ်က အလောတကြီး ထွက်သွားရတာလဲ…"

"အစိုးရ အရာရှိပိုင်းက လူတချို့ လာတာများလား… လက်ထောက်အန်တောင် သူနဲ့ အတူ လိုက်သွားတယ်"

"ဟီးဟီး … ကျောင်းဟိုင်ရဲ့ ခေါင်းဆောင်လာမှပဲ ခင်ဗျားပြောသလို ဖြစ်နိုင်တယ်"

လူများစွာ ပြောဆို ဆွေးနွေး နေချိန်မှာပင် တံခါး ပွင့်ဟ လာကာ ဝမ်ရှောက်ယွင်၊ အန်ရာနှင့် လူငယ် တစ်ယောက်တို့ ဝင်လာကြ၏။

လူငယ်မှာ အသက်နှစ်ဆယ်ခန့် ရှိပြီး မျက်နှာ တစ်ခုလုံး အမွေးအမျှင် ကင်းမဲ့နေသည်။ သူက သာမန် ကောလိပ်ကျောင်းသား ဆန်သော ဝတ်စုံကို ဝတ်ဆင်ထားသည်။

"အားလုံးကို မိတ်ဆက် ပေးရဦးမယ်… ဒါက ကျွန်မသား ချန်းဖန်ပါ…"

ဝမ်ရှောက်ယွင်က စားပွဲထိပ်သို့ လျှောက်လာရင်း မိတ်ဆက် ပေးလိုက်သည်။

"အားလုံး… ကျွန်တော်က ချန်းဖန်..."

ချန်းဖန်က ခေါင်းညိတ်ရင်း ဆိုဖာရှိရာ နေရာသို့ လျှောက်သွားကာ ယူကီရှီရိုဆာနှင့် အတူ နောက်သို့ မှီ၍ ထိုင်လိုက်သည်။ ထို့နောက် သူက အန်ရာ၏ လက်ကိုပါ ဆွဲရင်း သူ့ဘေး၌ ထိုင်ရန် အချက်ပြလိုက်သည်။

အန်ရာက ဝမ်ရှောင်ယွင်ကို လှမ်းကြည့်ရာ ဝမ်ရှောက်ယွင်က ခေါင်းညိတ်ပြသည်။ ထို့ကြောင့် သူမက ချန်းဖန်၏ ဘေး၌ ကပ်ကာ ထိုင်လိုက်သည်။

"ဟမ့်…"

ချန်းဖန်၏ ယဉ်ကျေးမှု မရှိသော အပြုအမူက အခန်း အတွင်းရှိ လူများကို အမြင်ကတ်စေသည်။

"သူဌေးဝမ်က သူ့သားကို မိတ်ဆက်ပေးချင်လို့ ငါတို့ကို စောင့်ခိုင်းထားတာပဲ… သူ့သားကတော့ အခြေခံ လေးစားမှုလေးတောင် မရှိဘူး… သူ့ကိုလည်း ကြည့်စမ်းပါဦး… ဘေးမှာ မိန်းကလေး နှစ်ယောက်နဲ့ … သူ့ကိုယ်သူ ကေတီဗွီ (KTV) ရောက်နေတယ် ထင်နေလား မသိဘူး…"

အချို့ စီနီယာ ဒါရိုက်တာ အချို့က ခေါင်းခါရင်း တွေးနေမိ ကြတော့သည်။

"သူဌေးဝမ်ရဲ့ ယောက်ျားက ကျင်းလင်မြို့ ချန်းမိသားစုကတဲ့… ချန်းမိသားစုက ကျင်းလင်မြိုရဲ့ ထိပ်တန်း မိသားစုကြီး ဖြစ်နေပြီ ဆိုတော့ ဒီလူငယ်လေး ဘဝင်မြင့်တာ မဆန်းပါဘူး… ဒါပေမဲ့ စိတ်မကောင်း စရာက ကျင်းရှို့သာ သူ့လက်ထဲ ရောက်ရင် ကျိန်းသေ ပျက်စီးမှာပဲ"

မန်နေဂျာ၊ ဒါရိုက်တာများမှာ ချန်းဖန်၏ ပေါ့ပျက်ပျက် အမူအရာကို ကြည့်ရင်း ကျင်းရှို့ လုပ်ငန်းစု အတွက် ရင်လေးနေမိကြတော့သည်။

"ကဲ ဆက်လိုက်ရအောင်… တတိယ မြို့ပတ်လွှဲလမ်း ပရောဂျက်က ပြဿနာ အချို့ကြောင့် လအနည်းငယ်လောက် နှောင့်နှေးခဲ့ရတယ်… ကျွန်မတို့ အဲဒီ ပရောဂျက်ကို လာမယ့် နိုင်ငံ အားလပ်ရက် မတိုင်ခင် ပြန်စကြမယ်…"

ဝမ်ရှောက်ယွင်က စားပွဲထိပ် ထိုင်ခုံတွင် ထိုင်ရင်း အစည်းအဝေးကို ဆက်လိုက်သည်။

လူတိုင်းမှာ လျှင်မြန်စွာပင် ပေါ့ပျက်ပျက် လူငယ်၏ အကြောင်းကို ခေါင်းထဲမှ ထုတ်ရင်း ဝမ်ရှောက်ယွင်၏ စကားကိုသာ အာရုံစိုက်လိုက် ကြတော့သည်။

"သူဌေးဝမ်… ကျွန်တော် အစီရင်ခံစရာ တစ်ခု ရှိပါတယ်"

မန်နေဂျာ တစ်ယောက်က ထရပ်ကာ တင်ပြသည်။

"ကျွန်တော်တို့ ပရောဂျက်ကို စတင်ဖို့ နယ်ခံ အုပ်ချုပ်သူတွေရဲ့ ခွင့်ပြုချက် လိုပါတယ်… ဒါပေမဲ့ အဲဒီ ကိစ္စက ခုထိ အဆုံး မသတ်ရသေးပါဘူး… သူတို့ဆီက ခွင့်ပြုချက် မရဘဲ ပရောဂျက်ကို ကျွန်တော်တို့ စလို့ မရဘူး"

"ဟုတ်ပါတယ် သူဌေးဝမ်… နယ်ခံ အုပ်ချုပ်သူတွေက ကျွန်တော်တို့ ပရောဂျက်ကို နှောင့်နှေးအောင် တမင်သက်သက် လုပ်နေတာပါ… စုံစမ်း ရသလောက် ဆိုရင် နယ်ခံ အုပ်ချုပ်သူတွေကို ကျိမိသားစုက ထိန်းချုပ်ထားတယ် တဲ့"

အခြား တစ်ယောက်ကလည်း ထ၍ တင်ပြသည်။

"ကျိမိသားစု…"

ဝမ်ရှောက်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။

ချန်းဖန် ပြန်ရောက်သည်နှင့် တန်မိသားစုနှင့် နင်းမိသားစုတို့က သူမအား လာရောက် တောင်းပန်ခဲ့သည့်တိုင် ကျိမိသားစုမှာမူ တိတ်ဆိတ် နေဆဲပင်။ သူတို့က ကျင်းရှို့ လုပ်ငန်းစု အပေါ် ကျူးလွန် ထားခဲ့သော ဖိနှိပ်မှု များကိုပင် ပြင်ဆင် မပေးခဲ့ချေ။

"သူဌေးဝမ်… ကျွန်တော်တို့ ဘက်က သခင်ကြီးကျိကို စပြီး တောင်းပန်သင့်တယ်… ကျွန်တော်တို့ ကျင်းရှို့နဲ့ ကျိမိသားစု ကြားမှာ တင်းမာမှုတွေ ဖြစ်နေတာ တစ်နှစ်လောက် ရှိနေပြီ… အခုက အဆုံးသတ်ဖို့ အချိန်ရောက်ပြီ… တကယ်လို့ ကျွန်တော်တို့ ဘက်က စတောင်းပန်ရင် သူတို့ဘက်က ဖြေလျှော့ ပေးမှာပါ"

"ဟုတ်ပါတယ် သူဌေးဝမ်… ကျိမိသားစုက ကျောင်းဟိုင်ရဲ့ ထိပ်တန်း မိသားစု တစ်ခု ဆိုတော့ ရန်သူ မဖြစ်တာ ကောင်းမယ် ထင်တယ်"

အခြားသော ဒါရိုက်တာနှင့် မန်နေဂျာများက အကြံပေးကြသည်။

"အာ…"

ဝမ်ရှောက်ယွင် ဒွိဟ ဖြစ်နေစဉ်မှာပင် အသံတစ်ခုက ပေါ်ထွက် လာခဲ့၏။

"ကျိမိသားစုက သေချင်နေတာပဲ… အဲဒီအတွက် စိတ်ပူ မနေနဲ့ အမေ… ကျွန်တော် ကျိမိသားစုကို တာဝန်ယူလိုက်မယ်"

လူတိုင်းက အသံလာရာသို့ လှည့်ကြည့် လိုက်ကြရာ ဆိုဖာပေါ်၌ ပျင်းရိ ပျင်းတွဲ နောက်သို့ မှီ၍ ထိုင်နေသော လူငယ်လေးကို မြင်သည်။

"လူငယ်လေး… မင်းက အသုံးမကျတဲ့ ဆန်ကုန်မြေလေး နှာဘူးကောင်လေးလေ… ဒါတောင် မင်းက ကျောင်းဟိုင်ရဲ့ ကျိမိသားစုကို ကိုင်တွယ် ချင်နေတာလား"

မန်နေဂျာများက ချန်းဖန်အား ကြည့်ကာ နှာခေါင်းရှုံလိုက်သည်။ ဝမ်ရှောက်ယွင်၏ မျက်နှာကြောင့် သူတို့၏ အတွေးများမှာမူ စကားလုံးများ အဖြစ် ပြောင်းလဲ မသွားကြပေ။

သို့သော်လည်း ဝမ်ရှောက်ယွင်၏ နောက်ထပ် ပြောလိုက်သော စကားကြောင့် သူတို့ ဆွံ့အ သွားကြတော့သည်။

"အရမ်းကောင်းတယ်… ကျိမိသားစုကို ကိုင်တွယ်ပေးမယ် ဆိုရင် ညစာအတွက် အမေ ဟင်းနှစ်မျိုး ပိုချက် ပေးပါ့မယ်… ဒါပေမဲ့ မှတ်ထားနော် သူတို့ကို သတိပေးရုံတင် လုပ်… ဆိုးဆိုးဝါးဝါးတွေ အမေ မမြင်ချင်ဘူး…"

"ဘာလားဟ…"

ဒါရိုက်တာနှင့် မန်နေဂျာများက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးငေါ့လိုက်သည်။

"ငါနားကြားများ လွဲနေတာလား… ကျိမိသားစုကို ကိုင်တွယ်ဖို့ ဝမ်ရှောက်ယွင်က သူ့ရဲ့ အသက် နှစ်ဆယ် မပြည့်သေးတဲ့ သားကို တကယ်ကြီး ခိုင်းတာလား… နောက်ပြီး ဆိုးဆိုးဝါးဝါး မလုပ်ဖို့တောင် မှာလိုက်သေးတယ်"

အစည်းအဝေးပွဲ ပြီးဆုံး၍ ဝမ်ရှောက်ယွင်၊ ချန်းဖန်တို့ ပြန်လည် ထွက်ခွာသွားချိန်၌ အချို့ ဒါရိုက်တာ၊ မန်နေဂျာများက သက်ပြင်းချရင်း ရေရွတ် လိုက်မိကြသည်။

"သူဌေးက သူ့သားကို တော်တော်လေး အထင်ကြီး နေတာပဲ… သူ အနှေးနဲ့ အမြန် နောင်တ ရရလိမ့်မယ်"

"ဟုတ်တယ် သူတို့က ကိုယ့်ရဲ့ ရန်သူကိုတောင် ကိုယ်သေချာ သိရဲ့လား အဲဒါက ကျောင်းဟိုင်ရဲ့ ကျိမိသားစုနော် ကစားစရာ မဟုတ်ဘူး… ဟာသပဲကွာ"

လူအများ မကျေမနပ် ရေရွတ်နေစဉ်မှာပင် အသက်လတ် ဒါရိုက်တာ တစ်ယောက်က မျက်မှောင်ကြုတ်ရင်း…

"ငါ သူဌေးရဲ့ သားအကြောင်း ကောလာဟလတွေ ကြားဖူးတယ်… သူက ကျန်းပေ့ရဲ့ ဆရာချန်း ဆိုတဲ့ နာမည်နဲ့ ကျန်းပေ့၊ ကျန်းနန် နှစ်နယ်ကို အုပ်စိုး နေတာတဲ့… တန်မိသားစုနဲ့ နင်းမိသားစုတို့တောင် သူ့ကို တွေ့ရင် ဒူးထောက်ရတယ် တဲ့"

"လော့ဟောင်… ကောလာဟလတွေ လျှောက်ဖြန့် မနေနဲ့ကွ.. မင်းပြောတဲ့ ကောလာဟလတွေက ချန်းမိသားစုမှာ အသက် နှစ်ဆယ် မပြည့်သေးတဲ့ ဗိုလ်ချုပ် တစ်ယောက် ရှိတယ် လို့တောင် ပြောကြသေးတာလဲ… အဲဒီလောက် ငယ်ငယ်နဲ့ ဗိုလ်ချုပ် ဖြစ်ချင်တာလား… ဖြစ်ချင်ရင် ကလေးဗိုလ်ချုပ်ပဲ ရမယ်"

အခြား မန်နေဂျာ တစ်ယောက်၏ အရွှန်းဖောက်မှုကြောင့် အစည်းအဝေး ခန်းမ အတွင်း ရယ်သံများ ဖုံးလွှမ်းသွားတော့သည်။

***

ထိုအချိန်၌ ဝမ်ရှောက်ယွင်က ချန်းဖန်၊ အန်ရာနှင့် ယူကီရှီရိုဆာတို့ကို ဦးဆောင်ကာ မြို့အတွင်းရှိ အကောင်းဆုံး ကြယ်ငါးပွင့် ဟော်တယ် တစ်ခုသို့ ခေါ်လာခဲ့၏။ ဟော်တယ်သို့ ရောက်သည်နှင့် စားသောက်ခန်းမသို့ တန်းကာ ဦးတည်လိုက်သည်။

"သား ဒီကိုလာတာ ကျိမိသားစုကို ကိုင်တွယ်ဖို့လား…"

ဝမ်ရှောက်ယွင်က မေးလိုက်သည်။

"ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး … ဒီကို လာရတဲ့ အဓိက အကြောင်းရင်းက အမေနဲ့ အစ်မအန်ကို တွေ့ချင်လို့ပါ"

ချန်းဖန်က ပြုံး၍ အဖြေပေးလိုက်သည်။ သူတို့ စားသောက်ခန်းမ ရှိရာ အပေါ်ဆုံး အထပ်သို့ ရောက်သည်နှင့် စောင့်ကြပ်နေသော အနက်ရောင် ဝတ်စုံဝတ် လူများကို တွေ့လိုက်ရသည်။ ဆိုင်၏ မန်နေဂျာက သူတို့ကို တွေ့သည်နှင့် ကပျာကယာ ပြေးလာကာ တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ် သူဌေးဝမ်… အခြား ဧည့်သည် တစ်ယောက်က ဒီအထပ် တစ်ခုလုံးကို နေ့ပြတ် ယူထားတာ မလို့ပါ… VIP အခန်းလောက်နဲ့ဆို အဆင်ပြေမလား မသိဘူး…"

***

All Chapters