နဂါးငွေ့တန်းကြယ်သခင် ရှိတယ်....
Vol. 28 Ch. 424
ကျောက်ရုပ်တုရှန်းကျိက အနက်ရောင်မျှော်စင်၏ ဒုတိာအထပ်တွင် ပေါ်လာသည်။
ထိုအချိန်တွင် လင်းယွမ်ကလည်း ထိုနေရာတွင် ရပ်သည်။ ဒုတိယအထပ်ကို ဖြတ်ကျော်ရန် အသက်လေးကြိမ်ရှူသည့်အချိန်သာ ကြာမြင့်ခဲ့ပြီး အားဖြည့်ခြင်းနတ်စွမ်းရည်၏ သက်ရောက်မှုက အသက်ထြောက်ကြိမ်ရှူစာ ကျန်နေသေးသည်။
" အကြီးအကဲရှန်းကျိ ကျွန်တော် တတိယအလွှာကို စိန်ခေါ်လို့ရမလား။ " လင်းယွမ်က ကျန်ရှိသော အချိန်ကို အလဟဿမဖြစ်စေလိုပေ။
" ဟမ် ရတယ်လေ။ " လင်းယွမ်၏ အခြေအနေကို မြင်သောအခါ ကျောက်ရုပ်တုရှန်းကျိက ခေါင်းညိမ့်လိုက်သည်။
" ဒါဆို ကျွန်တော်တက်ပြီ။ " လင်းယွမ်က အနက်ရောင်လှေကားမှတစ်ဆင့် တတိယအထပ်သို့ ချက်ချင်း တက်သွားသည်။ အားဖြည့်ခြင်းနတ်စွမ်းရည်က အသက်လေးကြိမ်ရှူသည့်အချိန် ကျန်နေသေးသည်။
လင်းယွမ်က တတိယအထပ်သို့ ရောက်သည်နှင့် ကြောက်စရာကောင်းသော ဖိအားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုဖိအားက အလွန်ကြီးမားသောကြောင့် စကြာဝဠာတစ်ခုလုံး သူ့အပေါ်သို့ ပြိုကျလာသလို ခံစားလိုက်ရသည်။ သူ၏ ခွန်အားက ဆယ်ဆတိုးလာသော်လည်း သီးခြားလေဟာနယ်နှင့် စကြာဝဠာစွမ်းအားများက လျင်မြန်စွာ ပြိုကွဲနေသည်ကို ခံစားရလေသည်။
" ငါ ဒါကို ဘယ်လိုလုပ်ခုခံနိုင်မှာလဲ။ " လင်းယွမ်က တွေးလိုက်သည်။
နတ်စွမ်းရည်၏ အားဖြည့်မှုနှင့်ပင် အလွန်ခက်ခဲနေသည်။ အားဖြည့်မှုပြီးဆုံးသည်နှင့် ရလဒ်က ခန့်မှန်းစရာပင် မလိုပေ။
" ထားလိုက်တော့။ " တတိယအထပ်၏ ခက်ခဲမှုကို အကဲဖြတ်ပြီးနောက် လင်းယွမ်က ပြတ်သားစွာ ဆုတ်ခွာသွားသည်။
သူက တတိယအထပ်ကို ဖြတ်ကျော်ရန် စီစဉ်ထားခြင်းမရှိပေ။ သူက နတ်စွမ်းရည်၏ အားဖြည့်မှုကို အလဟဿမဖြစ်စေလိုသည့်အပြင် တတိယအထပ်ကိုလည်း စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။
" အနက်ရောင်မျှော်စင်ရဲ့ တတိယအထပ်က နဝမအလွှာရဲ့ အသန်မာဆုံးသူတွေနဲ့ ဒသမအလွှာတွေအတွက် အထူးပြုလုပ်ထားတာပဲ။ မင်းမဖြတ်ကျော်နိုင်တာ ပုံမှန်ပါပဲ။ " လင်းယွမ် ပြန်ရောက်လာသည်ကို မြင်သောအခါ ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။
နဝမအလွှာ၏ အသန်မာဆုံးသူများက အဋ္ဌမအလွှာ၏ တားဆီးမရသူများနှင့် တူလေသည်။ သူတို့က သူတို့၏ အဆင့်ထက်ကျော်လွန်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
" ကျွန်တော်နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
တတိယအထပ်ကို ဖြတ်ကျော်ရန် မပြောနှင့် ထိုနေရာတွင် ရပ်နေရုံနှင့် အဖက်ဖက်မှလာသော ဖိအားများကို ခုခံရန်ပင် မလွယ်ကူပေ။
" မင်းက ဒုတိယအထပ်ကို ဖြတ်ကျော်သွားပြီဖြစ်လို့ သခင်သတ်မှတ်ထားတဲ့အတိုင်း ဆုလာဘ်တွေ ရလိမ့်မယ်။ ရတနာတွေရဲ့ တန်ဖိုးကတော့ ဒုတိယအထပ်မှာ မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တယ်။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ရတနာတွေ..." လင်းယွမ်က စိတ်လှုပ်ရှားသွား၏။
သူက အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်မှ ဆုလာဘ်များကို မြင်ဖူးလေသည်။ ထိုထဲတွင် ဆုလာဘ်များသွာက မူလကမ္ဘာတွင် ရှားပါးပြီး အချို့က ကြားပင်မကြားဖူးပေ။
" ဒုတိယအထပ်မှာ မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီးတော့ အမြန်နှုန်းအရဆိုရင်တော့ အတိတ်က ဒုတိယအထပ်ကို ဖြတ်ကျော်ခဲ့တဲ့သူတွေထဲမှာတော့ သာမန်လိုပဲ သတ်မှတ်နိုင်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။
" အမြန်နှုန်းကတော့ တကယ်မမြန်ဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက နောက်ဆုံးမီတာငါးဆယ်ရောက်မှ အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသက်သွင်းခဲ့သောကြောင့် ယခင်အကွာအဝေးက မြန်သည်ဟု မသတ်မှတ်နိုင်ပေ။
" ဒါပေမယ့် ခွန်အားအရဆိုရင်တော့..." ကျောက်ရုပ်တု ရှန်းကျိက စိတ်ရှုပ်ထွေးသော အသံနှင့် ပြောလိုက်သည်။
လင်းယွမ်က အဋ္ဌမအလွှာတွင်သာ ရှိသော်လည်း ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သမိုင်းတွင် မဖြစ်ပျက်ဖူးသော အရာဖြစ်လေသည်။
ဒုတိယအထပ်ကို ကြိုးစားခဲ့သော အဋ္ဌမအလွှာများရှိလေသည်။ သူတို့က တစ်ဝက်လောက်ရောက်ခဲ့သော်လည်း လင်းယွမ်ကဲ့သို့ ဖြတ်ကျော်နိုင်ခြင်းမရှိကြပေ။
" ဒါကြောင့် အဖက်ဖက်က အကဲဖြတ်ပြီးတဲ့နောက်မှာ မင်းက အနက်ရောင်မျှော်စင်ရဲ့ ဒုတိယအထပ် ဒါမှမဟုတ် တတိယအထပ်က ဆုလာဘ်တစ်ခုကို ရွေးချယ်နိုင်တယ်။ " ကျောက်ရုပ်တုရှန်းကျိက လေးနက်စွာ ပြောလိုက်သည်။
လင်းယွမ်က ပထမအထပ်ကို ဖြတ်ကျော်ချိန်တွင် ပထမအထပ်နှင့် ဒုတိယအထပ်မှ ဆုလာဘ်သုံးခုကို ရွေးချယ်ခြင်းနှင့် ယှဉ်လျှင် ယခု လင်းယွမ်က ဆုလာဘ်တစ်ခုကိုသာ ရွေးချယ်နိုင်သော်လည်း တတိယအထပ်ထိ ရွေးချယ်နိုင်ခြင်းဖြစ်သည်။
တတိယအထပ်မှ ဆုလာဘ်များက ပထမအထပ်နှင့် ဒုတိယအထပ်ထက် သာလွန်သည်မှာ ပြောစရာပင်မလိုပေ။ ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်အတွက် တတိယအထပ်မှ ဆုလာဘ်များကို ဖွင့်ပေးခြင်းမှာ အမှန်ပင် ထူးဆန်းလေသည်။
သို့သော် မျှော်စင်သခင်ပြန်လာလျှင်တောင် သူ၏ ဆုံးဖြတ်ချက်အား ကန့်ကွက်မည်မဟုတ်ဟု ကျောက်ရုပ်တုရှန်းကျိက ယုံကြည်လေသည်။ အကြောင်းမှာ လင်းယွမ်၏ အရည်အချင်းက အလွန်ထူးချွန်သောကြောင့် ဖြစ်သည်။
" ဒါက တတိယအထပ်ရဲ့ ဆုလာဘ်စာရင်းပဲ။ အချိန်ယူပြီး ရွေးချယ်ပါ။ " ကျောက်ရုပ်တု ရှန်းကျိက လက်ဝှေ့ရမ်းလိုက်ပြီး ဆုလာဘ်စာရင်းက သူတို့၏ ရှေ့တွင် ပေါ်လာသည်။
စစ်မြေပြင် B0001။
လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က အကြီးဆုံး ထာဝရလေဟာနယ်အက်ကြောင်းအနီးသို့ ရောက်လာသည်။
" အဲ့ဒီအက်ကြောင်းက...." လင်းယွမ်က အဝေးမှ ကောက်မက်ဖွယ်ကောင်းသော အက်ကြောင်းကို ကြည့်လိုက်သည်။ ၎င်းက မီတာသုံးသောင်းကျော်ရှည်ပြီး လူတစ်ယောက်၏ စိတ်ကို တုန်ခါစေနိုင်သော ရှေးဟောင်းအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ စုဆောင်းမှုအရှိန်ကို ကြည့်ရအောင်။ " လင်းယွမ်က ဂရုတစိုက် ခံစားကြည့်လိုက်သည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်ရှိသော အလတ်စားစစ်မြေပြင်ရှိ ထာဝရလေဟာနယ်အက်ကြောင်းက မီတာတစ်သောင်းကျော်သာ ရှိလေသည်။
ခဏကြာသောအခါ လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ စုဆောင်းမှုအရှိန်က ရက်ပေါင်း ၁၅၀မှာ တစ်ခုလား။ " လင်းယွမ်က ပြုံးလိုက်သည်။
ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ မူလစုဆောင်းမှုမှာ ၃၃၃ရက်လျှင် တစ်မျှင်ဖြစ်သည်။ စစ်မြေပြင်ငယ်မှ ထာဝရလေဟာနယ်အက်ကြောင်းကို အသုံးပြုခြင်းဖြင့် ၂၈၀မှ ၂၉၀ရက်လျှင် တစ်မျှင်ထိ ရောက်သွားခဲ့သည်။ အလတ်စားစစ်မြေပြင်သို့ သွားရောက်ပြီးနောက် ရက် ၂၀၀ သာ လိုအပ်ခဲ့သည်။ ယခုတော့ ရက်ပေါင်း ၁၅၀ထိ ကျဆင်းသွားခဲ့သည်။
" ထျန်းယုမျိုးနွယ်နဲ့ စစ်ပွဲခဏရပ်သွားရင်တောင် မူလစိတ်ဝိညာဉ်က ဒီမှာနေသင့်တယ်။ " လင်းယွမ်က စဉ်းစားလိုက်၏။
သူ၏ လက်ရှိခွန်အားဖြင့် စစ်မြေပြင် B0001က သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်တော့ပေ။
အချိန်များကုန်လွန်လာပြီး နှစ်နှစ်ကြာသွားခဲ့သည်။ စစ်မြေပြင် B0001 ၏ အလယ်တွင် ထျန်းယုမျိုးနွယ်နှင့် လူသားမျိုးနွယ် နှစ်ဖက်လုံးမှ အင်အားကြီးသူများက စစ်တပ်များကို မျက်နှာချင်းဆိုင် နေရာချထားကြသည်။
ပိုင်ယွင်ကြယ်သခင်နှင့် အခြားအဋ္ဌမအလွှာ တားဆီးမရသူများက ကောင်းကင်တွင် ရပ်နေကြပြီး ထျန်းယုမျိုးနွယ်ဘက်သို့ လေးနက်စွာ ကြည့်နေကြသည်။
" ပိုင်ယွင် ထျန်းယုမျိုးနွယ်က ဒီတစ်ခါ အနိုင်ရဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ အဆုံးအဖြတ်စစ်ပွဲကို ဒီလောက်မြန်မြန်စတာ အောင်ပွဲအတွက် ယုံကြည်မှုရှိနေတာကို ပြနေတယ်။ " အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြောလိုက်သည်။
အင်အားက တန်းတူဖြစ်လျှင် သို့မဟုတ် သူတို့က သာခြင်းမရှိလျှင် ထျန်းယုမျိုးနွယ်က အဆုံးအဖြတ်စစ်ပွဲကို ထိုမျှ အလျင်စလို စတင်မည်မဟုတ်ပေ။ သူတို့က အောင်ပွဲအတွက် သေချာစေရန် အချိန်ယူပြီး ပြင်ဆင်ကြပေလိမ့်မည်။
အထွတ်အထိပ်မျိုးနွယ်စုအနေဖြင့် ထျန်းယုမျိုးနွယ်က လူသားမျိုးနွယ်ထက် များစွာ အားနည်းခြင်းမရှိပေ။ သူတို့က စစ်မြေပြင်တွင် မကြာခဏ အပြန်အလှန် အသာစီးရနေကြသည်။
" ငါတို့လူသားမျိုးနွယ်က အင်ဆက်မျိုးနွယ်ကြောင့် အင်အားကြီးသူတွေကို ခေါ်မထားဘူးဆိုရင် ထျန်းယုမျိုးနွယ်က အဲ့ဒီငှက်တွေ ဒီလိုအခွင့်အရေးမျိုး ဘယ်လိုရနိုင်မှာလဲ။ " အခြားအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
လူသားမျိုးနွယ်က ချဲ့ထွင်ထားသော စစ်မြေပြင်များတွင် ယေဘုယျအားဖြင့် အသာစီးရနေသော်လည်း တစ်ခါတစ်ရံ အားနည်းချက်များ ရှိလေသည်။ ယခုတစ်ကြိမ်တွင် လူသားမျိုးနွယ်က အခြားစစ်မြေပြင်များကို အားဖြည့်နေရသည့်အတွက် အင်အားမလုံလောက်မှုကို ဖြစ်ပေါ်စေလေသည်။
" ကိစ္စမရှိဘူး။ " ပိုင်ယွင်ကြယ်သခင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က စစ်မြေပြင်ကို ရောက်နေပြီ။ သူက အခုတောင် ငါတို့ကို ကြည့်နေနိုင်တယ်။ အချိန်ကျရင် လွတ်လွတ်လပ်လပ် တိုက်ခိုက်ရုံပဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို စောင့်ကြည့်နေတာလား။ "
လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများက စိုးရိမ်နေကြသည်။ စစ်မြေပြင်ကို နဝမအလွှာ သို့မဟုတ် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများက အာရုံစိုက်နေကြသော်လည်း ၎င်းက အာရုံစိုက်ရုံသာဖြစ်သည်။
လူသားမျိုးနွယ်ဘက်မှ ကြီးမားသော ဆုံးရှုံးမှုကို ရင်ဆိုင်နေရလျှင်တောင် သူတို့က ဝင်ရောက်စွပ်ဖက်မည်မဟုတ်ပေ။
ထျန်းယုမျိုးနွယ်ကလည်း ထို့အတူပင် သူတို့၏ နဝမအလွှာနှင့် ဒသမအလွှာ အင်အားကြီးသူများက ထိုနေရာကို စောင့်ကြည့်နေပြသည်။
အလတ်စားစစ်မြေပြင်များ၏ စစ်ပွဲရလဒ်က အခြေခံမားဖြင့် နဝမအလွှာများနှင့် မသက်ဆိုင်ပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာမဟုတ်ပေ။ သူ၏ စောင့်ကြည့်မှုက လူသားမျိုးနွယ်အတွက် တွန်းအားတစ်ခုဖြစ်သည်။
နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားဖြင့် သူ၏ ဝင်ရောက်စွက်ဖက်မှုက အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင်က ဘယ်မှာလဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က စစ်မြေပြင်ကို ဘယ်တုန်းကရောက်လာတာလဲ။ ငါတောင် မသိလိုက်ဘူး။ "
" နဂါးငွေ့တန်းကြယ်သခင်က ငါတို့လူသားမျိုးနွယ်ရဲ့ အရေးပါတဲ့သူတစ်ယောက်ပဲ။ သူ့ရဲ့ တည်နေရာကို ပိုင်ယွင်ကြယ်သခင်ပဲ သိလိမ့်မယ်။ "
အဋ္ဌမအလွှာ တားဆီးမရသူအချို့က အသံတိုးတိုးနှင့် ဆွေးနွေးနေကြပြီး သူတို့၏ စိတ်ခံစားမှုများက သိသိသာသာ လျှော့ကျသွားကြသည်။ ယနေ့မတိုင်မီ ပိုင်ယွင်ကြယ်သခင်က နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်သမျှကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ သူတို့က ဖိတ်ခေါ်မှုမှာ အခက်အခဲအချို့နှင့် ကြုံတွေ့ရသည်ဟုသာ ထင်ခဲ့ကြသည်။