ထျန်းယုမျိုးနွယ်၏ ပါရမီရှင်များ....
Vol. 28 Ch. 429
နဂါးငွေ့တန်းကြယ်သခင်က ကိုယ်ပွားတစ်ခုဖြစ်လျှင်တောင် ကိုယ်ပွားမှတစ်ဆင့် မူလခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သော နည်းလမ်းများ ရှိလေသည်။ ရှီလန်က နဂါးငွေ့တန်းကြယ်သခင်ကို စစ်ပွဲရလဒ်ထက် ပို၍ အလေးထားလေသည်။
ထျန်းယုမျိုးနွယ်ကို ရှုံးနိမ့်၍ရသော်လည်း နဂါးငွေ့တန်းကြယ်သခင်ကို ထိခိုက်၍ မရပေ။ လိုအပ်လျှင် နဂါးငွေ့တန်းကြယ်သခင်၏ လုံခြုံမှုအတွက် စည်းမျဉ်းများပင် ချိုးဖောက်ရပေလိမ့်မည်။
စစ်မြေပြင်၏ အလယ်တွင် လင်းယွမ်က တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ သိုလှောင်လက်ကောက်ထဲမှ အရာများကို စစ်ဆေးနေသည်။
" တကယ်ဆင်းရဲတာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။ သိုလှောင်လက်ကောက်အတွင်း၌ တန်ဖိုးရှိသော မည်သည့်အရာမျှမရှိပေ။ အားလုံးပေါင်းလိုက်လျှင် စကြာဝဠာသလင်းကျောက် အနည်းငယ်သာ ရှိပေလိမ့်မည်။
စစ်မြေပြင်သို့ လာသော အဋ္ဌမအလွှာ တားဆီးမရသူများက သေရန် ပြင်ဆင်ထားကြပြီး သူတို့နှင့်အတူ တန်ဖိုးကြီးသော ရတနာများကို သယ်ဆောင်လာကြမည်မဟုတ်ပေ။
" ဒါပေမယ့် ဒီလေဟာနယ်ရတနာကတော့ တော်တော်တန်ဖိုးရှိလိမ့်မယ်။ " လင်းယွမ်က အဖြူရောင်ကုဗတုံးကို ကြည့်လိုက်သည်။
ထိုရတနာက လူသားမျိုးနွယ်ဘက်မှ နဝမအလွှာ လျို့ဝှက်ရတနာ အသုံးပြုခြင်းကို တားဆီးရန် ပြင်ဆင်ထားသော ထျန်းယုမျိုးနွယ်၏ ဝှက်ဖဲ ဖြစ်လေသည်။ ယခုတော့ လင်းယွမ်၏ လက်ထဲသို့ ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ကျောတွင် တောင်ပံရှစ်စုံပါသော ထျန်းယုမျိုးနွယ်၏ အင်အားကြီးသူတစ်ယောက်က ခရမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လေဟာနယ်လှိုင်းများနှင့်အတူ စစ်မြေပြင်တွင် ပေါ်လာသည်။
" ငါ့နာမည်က ဆိုလန်။ နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ပြိုင်ဘက်က ငါ့ပဲ။ " ဆိုလန်ပေါ်လာသည်နှင့် ထိတ်လန့်နေကြသော ထျန်းယုမျိုးနွယ် အဋ္ဌမအလွှာ တားဆီးမရသူများက အနည်းငယ် တည်ငြိမ်သွားကြသည်။
ဆိုလန်က ထျန်းယုမျိုးနွယ်တွင် နဝမအလွှာအောက် ထိပ်ဆုံးဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ယခင် တောင်ပံခြောက်စုံရှိသော အကြီးအကဲထက် ပို၍ သန်မာလေသည်။
ဆိုလန်ဝတ်ဆင်ထားသော ခရမ်းရောင်ချပ်ဝတ်က နက်ရှိုင်းသော အော်ရာကို ထုတ်လွှတ်နေပြီး နဝမအလွှာ ကာကွယ်ရေးရတနာဖြစ်သည်မှာ ထင်ရှားလေသည်။
ဆိုလန်၏ ခွန်အားနှင့် နဝမအလွှာ ကာကွယ်ရေးရတနာတို့ ပေါင်းစပ်လိုက်သောအခါ နဂါးငွေ့တန်းကြယ်သခင်ပင် သူ့ကို ကိုင်တွယ်ရန် လွယ်ကူမည်မဟုတ်ပေ။
လင်းယွမ်က တောင်ပံရှစ်စုံရှိသော ဆိုလန်ကို ကြည့်လိုက်သည်။
" နဝမအလွှာ ကာကွယ်ရေးရတနာလား။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။ ထိုရတနာက အဖြူရောင်ကုဗတုံးနှင့်မတူဘဲ နဝမအလွှာ အင်အားကြီးသူတစ်ယောက်က အားထုတ်မှုများစွာဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင့် သူက သိလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် ငါက ထျန်းယုမျိုးနွယ်ရဲ့ အဋ္ဌမအလွှာ အသန်မာဆုံးဆယ်ယောက်ထဲက တစ်ယောက်ပဲ။ သွေးမျိုးဆက်စွမ်းရည် သုံးခုကို ပိုင်ဆိုင်ပြီး အခု နဝမအလွှာ ရတနာတစ်ခုကိုလည်း ကိုင်ဆောင်ထားတယ်။ ငါက အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်နိုင်တယ်လို့ ခံစားနေရတယ်။ " ဆိုလန်က ဖိအားအနည်းငယ်ကို ခံစားနေရသော်လည်း တဖြည်းဖြည်း ယုံကြည်မှုရှိလာသည်။
နဂါးငွေ့တန်းကြယ်သခင်က ဘယ်လောက်တောင် အင်အားကြီးနိုင်မှာလဲ။ အဆုံးတွင် သူက နဂါးငွေ့တန်းကြယ်သခင်ကို အနိုင်ယူရန် ရည်ရွယ်ချက်မရှိဘဲ အချိန်ဆွဲထားရုံသာ ဖြစ်သည်။
" မင်းအရင်စပါ။ မဟုတ်ရင် မင်းမှာ အခွင့်အရေးမရှိဘဲ နေလိမ့်မယ်။ " လင်းယွမ်က ဆိုလန်ကို ကြည့်ပြီး ပြောလိုက်သည်။
ပြိုင်ဘက်ကို တိုက်ခိုက်ခြင်းက လင်းယွမ်၏ မောက်မာမှုကြောင့် မဟုတ်ပေ။ သူက ပြိုင်ဘက်၏ နည်းလမ်းများကို ကြည့်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲသို့ ပေါင်းထည့်နိုင်မလား ကြည့်ချင်သောကြောင့် ဖြစ်သည်။
လင်းယွမ်ကဲ့သို့ မယုံကြည်နိုင်လောက်အောင် နားလည်နိုင်စွမ်းရှိသူတစ်ယောက်က တိုက်ပွဲများမှတဆင့် အကျိုးအမြတ်များ ရရှိနိုင်လေသည်။
" ကောင်းပြီ။ " ဆိုလန်က ခေါင်းညိမ့်လိုက်ပြီး သူ၏ ပတ်ပတ်လည်ရှိ မိုင်သန်းပေါင်းများစွာအတွင်း အဆုံးမဲ့လျှပ်စီးများ အရပ်မျက်နှာအားလုံးတွင် ပေါ်လာသည်။
လျှပ်စီးများက လျင်မြန်စွာ ရွေ့လျားသွားပြီး လေဟာနယ်အလွှာများစွာကို ထိုးဖောက်ကာ သူ၏ ပတ်ပတ်လည်တွင် ကျယ်ပြန့်သော မိုးကြိုးအကာအကွယ်တစ်ခု ဖြစ်ပေါ်လာသည်။
မိုးကြိုးအနည်းငယ်က လင်းယွမ်ဆီသို့ ဦးတည်သွားခဲ့သည်။ ဆိုလန်က နဂါးငွေ့တန်းကြယ်သခင်အကြောင်း သိထားသောကြောင့် တိုက်ခိုက်ခြင်းထက် ကာကွယ်ခြင်းကို အဓိကထားလိုက်သည်။
" မိုးကြိုးနိယာမကို သုံးတာ မဆိုးဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
မိုးကြိုးနိယာမက အဓိကနိယာမတစ်ခုမဟုတ်သော်လည်း ဖျက်ဆီးနိုင်စွမ်းနှင့် ပက်သက်၍ အင်အားကြီးမားလေသည်။
" သွား..." လင်းယွမ်က သူ၏ စွမ်းအားကို ထုတ်ဖော်ပြီး ဆိုလန်၏ လျှပ်စီးစွမ်းအားကို ရင်ဆိုင်လိုက်သည်။ သူက အသာစီးရနေသော်လည်း ဆိုလန်အား လျင်မြန်စွာ အနိုင်ယူနိုင်မည်မဟုတ်သည်ကို သိထားလေသည်။
နဝမအလွှာ ကာကွယ်ရေးရတနာနှင့် နဂါးငွေ့တန်းကြယ်သခင်၏ တိုက်ခိုက်မှုများက ဆိုလန်ကို မထိခိုက်စေခဲ့ပေ။
" ငါ နဂါးငွေ့တန်းကြယ်သခင်ကို တားထားနိုင်တာလား။ " ဆိုလန်က ဝမ်းသာသွားပြီး သူ၏ လှုပ်ရှားမှုများကို ပို၍ အားစိုက်လိုက်သည်။
" ငါတို့ နဂါးငွေ့တန်းကြယ်သခင်ကို ထိန်းထားနိုင်ပြီ။ " ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ကျွမ်းကျင်သူကလည်း ကြည့်နေသည်။ " ဒါပေမယ့် ဒီနဂါးငွေ့တန်းကြယ်သခင်ရဲ့ ကြီးထွားမှုနှုန်းနဲ့ နောက်ဆုံးမှာ ငါတို့မျိုးနွယ်အတွက် အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာသေချာတယ်။ "
လက်ရှိတွင် နဂါးငွေ့တန်းကြယ်သခင်က အလတ်စားစစ်မြေပြင်မှ အခြေအနေများကို ပြောင်းလဲနိုင်စွမ်း ရှိနေပြီဖြစ်သည်။ နောက်ပိုင်း သူကြီးထွားလာချိန်တွင် စစ်မြေပြင်ကြီးများအထိပင် သက်ရောက်မှုရှိလာပေလိမ့်မည်။
" ဟားဟားဟား ငါတို့ရဲ့ အဋ္ဌမအလွှာက ထိပ်တန်းပါရမီရှင်က နဂါးငွေ့တန်းကြယ်သခင်ကို တားလိုက်နိုင်ပြီ။ "
" ဒါတောင် နဂါးငွေ့တန်းကြယ်သခင်က သခင်ဆိုလန်ကို ဖိအားပေးနိုင်တုန်းပဲ။ အဲ့ဒီ နဝမအလွှာ ကာကွယ်ရေးရတနာသာ မရှိရင်...."
" ဘာပဲဖြစ်ဖြစ် ငါတို့က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်ရင်ဆိုင်စရာမလိုတော့ဘူး။ "
ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူများက သက်ပြင်းချလိုက်ကြသည်။
" အချိန်ပြည့်ပြီ။ " ဆိုလန်နှင့် ခဏရင်ဆိုင်ပြီးနောက် လင်းယွမ်က ပြင်းထန်သော စိတ်ဝိညာဉ်တိုက်ထိုက်မှုဖြင့် ဆိုလန်၏ စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။
" နဝမအလွှာ ကာကွယ်ရေးရတနာ.."
ဆိုလန်သေဆုံးပြီးသောအခါ ထိုနဝမအလွှာ ကာကွယ်ရေးရတနာက လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားသည်။
" နဂါးငွေ့တန်းကြယ်သခင်က စိတ်ဝိညာဉ်တိုက်ခိုက်မှုမှာလည်း ထူးချွန်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ "
ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ကျွမ်းကျင်သူက ခဏစဉ်းစားပြီး သူ၏ မျိုးနွယ်ကို ဆက်သွယ်လိုက်ပြန်သည်။ " ဘာလက် မင်းက နဝမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ကိုင်ဆောင်ထားတယ်။ စစ်မြေပြင်ကို လာခဲ့။ "
ဘာလက်ကလည်း ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာတွင် အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်ပြီး တိုက်ရိုက်တိုက်ခိုက်ရေးစွမ်းအားတွင် ဆိုလန်ထက် သာလွန်လေသည်။
ဆိုလန်က နဂါးငွေ့တန်းကြယ်သခင်ကို ထိုမျှ အချိန်ဆွဲထားနိုင်လျှာင် နဝမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ကိုင်ဆောင်ထားသော ဘာလက်က နဂါးငွေ့တန်းကြယ်သခင်ကို ချုပ်နှောင်ထားနိုင်မည်မှာ သေချာလေသည်။ ထျန်းယုမျိုးနွယ်အတွက် အချိန်များစွာ ရရှိပေးလိမ့်မည်။
ဘာလက်က သာမန် ထျန်းယုမျိုးနွယ်ဝင်များနှင့်မတူဘဲ ထွားကျိုင်းပြီး အလွန်ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေသည်။
" ငါမှာ နဝမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာရှိတယ်။ မင်းရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက ငါ့အပေါ် အသုံးမဝင်ဘူး။ " ဘာလက်က ထိုစကားများကို လင်းယွမ်အား ပြောခြင်းထက် သူ့ကိုသူ ယုံကြည်မှု မြှင့်တင်ရန် ဖြစ်လေသည်။
ဘာလက်နှင့် နာရီဝက်ကြာ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် လင်းယွမ်က ပြိုင်ဘက်ကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် အနိုင်ယူလိုက်သည်။ ဘာလက်သေဆုံးသွားသောအခါ နဝမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကလည်း လင်းယွမ်လက်ထဲသို့ ရောက်သွားပြန်သည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကလည်း ကြောက်စရာကောင်းတာလား။ " ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ကျွမ်းကျင်သူက အတွေးနက်သွားသည်။
" ဂျာရာ့ မင်းက...." သူက မျိုးနွယ်ကို ဆက်သွယ်ပြီး အဋ္ဌမအလွှာ ထိပ်တန်းဆယ်ယောက်ထဲမှ တစ်ယောက်ကို ဆင့်ခေါ်လိုက်ပြန်သည်။
နှစ်နာရီ သုံးနာရီ ကြာပြီးနောက် ထျန်းယုမျိုးနွယ်၏ ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှ ခြောက်ယောက်က လင်းယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။
ထျန်းယုမျိုးနွယ်မှ ထိုအဋ္ဌမအလွှာ တားဆီးမရသူခြောက်ယောက်က လင်းယွမ်ကို ပစ်မှတ်ထားသော နဝမအလွှာ ရတနာများကို ကိုင်ဆောင်ထားကြသော်လည်း နောက်ဆုံးတွင် နဂါးငွေ့တန်းကြယ်သခင်၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။
" တစ်ခုခုတော့ မှားနေပြီ။ " ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ကျွမ်းကျင်သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ရတနာတစ်ခု ကိုင်ဆောင်ထားသော ပါရမီရှင်တစ်ယောက် တိုက်ခိုက်တိုင်း အနိုင်ရလုနီးပါး ဖြစ်ပြီးမှ နဂါးငွေ့တန်းကြယ်သခင်၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။ ၎င်းက တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်မှုဖြစ်နိုင်လေသည်။ သို့သော် ထိုအခြေအနေက ခြောက်ကြိမ်လုံး ဖြစ်ပျက်ခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ ခွန်အားကို ဖုံးကွယ်ထားတာလား။ " ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ကျွမ်းကျင်သူက သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။
" ငါတို့မျိုးနွယ်က နဝမအလွှာ ရတနာတွေကို ယူဖို့လား။ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ။ "
နဝမအလွှာ ကျွမ်းကျင်သူက အလွန်ဒေါသထွက်သွားသည်။ အထွတ်အထိပ်မျိုးနွယ်တစ်ခုအနေဖြင့် ထျန်းယုမျိုးနွယ်က နဝမအလွှာရတနာ ခုနှစ်ခု သို့မဟုတ် ရှစ်ခုက အရေးမကြီးပေ။
သို့သော် တစ်ယောက်ချင်းအတွက်မူ သူ့လို နဝမအလွှာ တစ်ယောက်အတွက်ပင် နဝမအလွှာရတနာ ခုနှစ်ခု ရှစ်ခုက သူ၏ ပိုင်ဆိုင်မှုထက် ကျော်လွန်နေသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို တားစရာမလိုတော့ဘူး။ စစ်မြေပြင် B0001 ကို စွန်လွှတ်ပြီး အားလုံးကို ပြန်ဆုတ်ခိုင်းလိုက်တော့။ " ထိုအချိန်တွင် နဝမအလွှာ ကျွမ်းကျင်သူ၏ နားထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။
" မျိုးနွယ်ရဲ့ ပညာရှင်အဖွဲ့..." နဝမအလွှာ ကျွမ်းကျင်သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူကြားခဲ့သောအသံက ထျန်းယုမျိုးနွယ်မှ ပညာရှင်အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်၏ အသံဖြစ်လေသည်။ ပညာရှင်အဖွဲ့က ထိုဆုံးဖြတ်ချက်ကို ချမှတ်ရန် ဖြစ်နိုင်ချေ တစ်ခုသာ ရှိလေသည်။ ၎င်းမှာ ပညာရှင်အဖွဲ့၏ တွက်ချက်မှုအရ ထျန်းယုမျိုးနွယ်က ထိုစစ်ပွဲကို အနိုင်ရရန် အခွင့်အရေးမရှိတော့ခြင်းဖြစ်သည်။