အခြားစကြာဝဠာခေတ်....
Vol. 28 Ch. 434
" အဲ့ဒီရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ငါ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကနေ အသက်နဲ့ရင်းပြီး ရခဲ့တာပဲ။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
" တကယ်တော့ အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ နာမည်ကို ငါမသိခဲ့ဘူး။ ဒါကြောင့် လျို့ဝှက်နယ်မြေရဲ့ နာမည်အတိုင်း ပေးလိုက်တာပဲ။ " သူက ရှင်းပြလိုက်သည်။
" ငါ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရခဲ့တုန်းက ဒါက ထူးခြားတယ်ဆိုတာ သိခဲ့ရတယ်။ ကံမကောင်းစွာနဲ့ ငါက ဒါကို ကျင့်ကြံဖို့ အရည်အချင်း မမီခဲ့ဘူး။ " ချီခွန်ကြယ်သခင်က ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
၎င်းက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် ဆက်ခံသူတစ်ယောက်ကို ရှာဖွေလိုသည့် အကြောင်းရင်းလည်းဖြစ်သည်။
" ကျွန်တော်နားလည်ပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။
" ငါ့တပည့် ဖြစ်နိုင်ရင် မင်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို စူးစမ်းဖို့ ကြိုးစားကြည့်နိုင်တယ်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဲ့ဒီလျို့ဝှက်နယ်မြေက အမွေအနှစ်အချို့နဲ့ ဆက်စပ်နေလိမ့်မယ်လို့ ငါထင်တယ်။ " ချီခွန်ကြယ်သခင်က စိတ်ဝင်စားစွာ ပြောလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကြီးမားသော နယ်မြေတစ်ခုဖြစ်ပြီး ၎င်း၏ ပင်မနေရာသို့ သွားသော ဝင်ပေါက်က အဋ္ဌမအလွှာအောက်ရှိသူများ ဝင်၍မရပေ။ ထို့အပြင် လျို့ဝှက်နယ်မြေက ဒသမအလွှာများကို လက်ခံနိုင်ခြင်းမရှိဘဲ အဋ္ဌမအလွှာ တားဆီးမရသူများနှင့် နဝမအလွှာများသာ ဝင်ရောက်နိုင်ကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ချီခွန်ကြယ်သခင်မှ သူ၏ အစစ်အမှန်ပုံစံဖြစ်သော ကြယ်ပင်လယ်ခွန်၏ အရည်အချင်းများကို အသုံးပြုပြီး အဋ္ဌမအလွှာ တားဆီးမရသူများကြား လွှမ်းမိုးခဲ့သည်။
သို့သော် သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့လေသည်။ သေဆုံးခြင်းက အမှန်တကယ် သေဆုံးခြင်းကို မဆိုလိုပေ။ ကြယ်ပင်လယ်ခွန်တွင် ပင်မနှလုံးသားရှိပြီး ပင်မနှလုံးသား မပျက်စီးမချင်း မသေဆုံးနိုင်ပေ။
ချီခွန်ကြယ်သခင်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ မဝင်မီ ပင်မနှလုံးသားကို ပြင်ပကမ္ဘာတွင် ထားခဲ့လေသည်။ သို့သော် ကြယ်ပင်လယ်ခွန်၏ ခန္ဓာကိုယ်အရွယ်အစားနှင့် တစ်ကြိမ်ကျဆုံးပြီးလျှင် ပြန်လည်စုစည်းရန် လိုအပ်သည့်ပမာဏက ကြောက်စရာကောင်းပေလိမ့်မည်။
" အချိန်ကျရင် ကျွန်တော်သွားကြည့်လိုက်ပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ချီခွန်ကြယ်သခင်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ သွားဖူးပြီး ထိုနေရာအကြောင်း လင်းယွမ်ထက် ပိုသိလေသည်။ သူက လင်းယွမ်ကို စူးစမ်းလေ့လာသင့်သည်ဟု ခံစားရသောကြောင့် အကြောင်းပြချက်ရှိပေလိမ့်မည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ပွင့်တဲ့အခါ ဒီတစ်ခါ ငါမသွားတော့ဘူး။ " ချီခွန်ကြယ်သခင်က ခေါင်းခါလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ကြီးမြတ်သူများပင် အာရုံစိုက်ရသော လျို့ဝှက်ချက်များ ရှိသော်လည်း ယခုအချိန်တွင် ချီခွန်ကြယ်သခင်နှင့် ဘာမှမသက်ဆိုင်ပေ။ ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ နဝမအလွှာသို့ တက်လှမ်းရန်သာဖြစ်သည်။
ချီခွန်ကြယ်သခင်က လင်းယွမ်နှင့် စကားပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူက လင်းယွမ်ကို ဆက်သွယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ မူလကို အသိပေးရန်ဖြစ်သည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ဆက်စပ်နေပြီး လင်းယွမ်သိထားသင့်လေသည်။
နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က မျက်လုံးများဖွင့်ပြီး စဉ်းစားနေသည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..."
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသော်လည်း အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုလည်း လေ့ကျင့်ခဲ့သည်။ ၎င်းတို့အနက် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မပြည့်စုံသည်မှလွဲ၍ အခြေခိုင်မာပြီး အခြားအားနည်းချက်များ မရှိပေ။
အမှန်တွင် ဆင့်ကဲပြောင်းလဲသူ အများစုက သူတို့၏ ကိုယ်ပိုင်လမ်းစဉ်များအပြင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုပါ လေ့ကျင့်ကြသည်။
ကမ္ဘာပေါ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာရှိပြီး တစ်ခုစီက အားသာချက် အားနည်းချက်များ ရှိကြလေသည်။ လူတစ်ယောက်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုတည်းကိုသာ ကျင့်ကြံနေလျှင် ရန်သူ၏ ပစ်မှတ်ထားခြင်းကို အလွယ်တကူ ခံရနိုင်သည်။
သို့သော် လူတစ်ယောက်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို လေ့ကျင့်နိုင်သော်လည်း အဓိကဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ တစ်ခုတည်းသာဖြစ်သည်။ ၎င်းက ဆဋ္ဌမအလွှာသို့ ရောက်သောအခါ လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ပြည့်စုံစွာ ပေါင်းစပ်ထားသော လမ်းစဉ်ဖြစ်သည်။
အခြား လေ့ကျင့်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက လျို့ဝှက်နည်းစနစ်များနှင့် နိယာမများကဲ့သို့ ဖြည့်စွက်ပေးခြင်းသာ ဖြစ်ပြီး မမျှော်လင့်ထားသော အခြေအနေများကို ရင်ဆိုင်နိုင်စွမ်းရှိစေရန်ဖြစ်သည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ ဘာလျို့ဝှက်ချက်တွေရှိမလဲ ကြည့်ရမှာပေါ့။ "
လင်းယွမ်က အဆင့်ရှစ်နိုင်ငံသားနှင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဖြစ်နေပြီဖြစ်ရာ သူ၏ အာဏာက မြင့်မားလှသည်။ သူက ခဏအတွင်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအကြောင်း အချက်အလက်များကို ရှာတွေ့သွားသည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက လေဟာနယ်အလွှာတွေရဲ့ အနက်ရှိုင်းဆုံးမှာ ရှိပြီး အခြားစကြာဝဠာခေတ်ရဲ့ အကြွင်းအကျန်လို့ သံသယရှိတယ်။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ မိတ်ဆက်က ရိုးရှင်းသော်လည်း လင်းယွမ်၏ စိတ်ကို အနည်းငယ် တုန်လှုပ်သွားစေသည်။
" အခြားစကြာဝဠာခေတ်လား..." လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
စကြာဝဠာခေတ်ဟု ခေါ်ဆိုခြင်းမှာ စကြာဝဠာတွင်လည်း သက်တမ်းတစ်ခုရှိပြီး ထိုသက်တမ်းက ကြောက်မက်ဖွယ်ကောင်းအောင် ရှည်လျားလေသည်။
တစ်နေ့တွင် စကြာဝဠာက ပျက်ဆီးခြင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ပျက်ဆီးပြီးနောက် ပြန်လည်မွေးဖွားလာမည်ဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက စကြာဝဠာ၏ မွေးဖွားခြင်းနှင့် ပျက်ဆီးခြင်းကို ခံနိုင်ရည်ရှိသော အခြားစကြာဝဠာခေတ်မှ အမွေအနှစ်တစ်ခုဖြစ်နိုင်လေသည်။ ထို့ကြောင့်ပင် ကြီးမြတ်သူများ၏ အာရုံစိုက်ခြင်းကို ခံရခြင်းဖြစ်သည်။
လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို စိတ်ဝင်စားသော်လည်း သူက ကြီးမားသော အခွင့်အရေးတစ်ခုရရှိခဲ့လျှင်တောင် ထိန်းသိမ်းထားရန် ခက်ခဲသည်ကို သိထားလေသည်။
အဋ္ဌမအလွှာများဖြစ်လျှင် သူက အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။ သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်သူများမှာ အဋ္ဌမအလွှာများသာမက နဝမအလွှာများလည်း ပါဝင်လေသည်။ လင်းယွမ်က နဝမအလွှာတိုင်းကို အနိုင်ယူရန် မလုံလောက်သေးပေ။
" နဝမအလွှာ.... ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရဲ့ ကိစ္စကို မစဉ်းစားခင် ငါ အနည်းဆုံးတော့ နဝမအလွှာကို ဝင်ရောက်ထားသင့်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူ၏ လက်ရှိ နိယာမများပေါင်းစည်းခြင်းက ရှစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်သွားပြီး ကျန်သည့် နှစ်ဆယ်ရာခိုင်နှုန်းပြီးမြောက်ရန် အချိန်တစ်ခုသာ လိုလေသည်။ သူက အပြည့်အဝ ပေါင်းစည်းပြီးသည်နှင့် နဝမအလွှာသို့ တက်ရောက်နိုင်ပြီဖြစ်သည်။
ထိုအချိန်တွင် အဋ္ဌမအလွှာတွင် တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်ဖြင့် လင်းယွမ်၏ ခွန်အားက နဝမအလွှာသို့ ဝင်ရောက်သည်နှင့် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်လာပေလိမ့်မည်။
အတွင်းကမ္ဘာထဲတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" နဝမအလွှာကို ရောက်ရင် အတွင်းကမ္ဘာကလည်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့ဒါက အရွယ်အစားမဟုတ်ဘဲ အရည်အသွေးပြောင်းလဲမှုပဲ။ "
" လေဟာနယ်နိယာမကို အခြားနိယာမတွေ စကြာဝဠာစွမ်းအားတွေနဲ့ ပေါင်းစည်းလိုက်ရင် အတွင်းကမ္ဘာကို စကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားစေနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အတွင်းကမ္ဘာကို ဖန်တီးခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ လူသားမျိုးနွယ်အပြင် မူလကမ္ဘာမှ အခြားမျိုးနွယ်များကလည်း အတွငခးကမ္ဘာဖန်တီးသည့် နည်းလမ်းများကို လေ့လာကြသည်။
လင်းယွမ်က ဘူးသီးခြောက်ထဲမှ ပဉ္စမမြောက်အရည်ကို စုပ်ယူနေပြီး နောက်ထပ်အရည်နှစ်မျိုးကျနေသေးသည်။ သို့သော် သူက နဝမအလွှာသို့ ရောက်လည်း ဘူးသီးခြောက်ထဲမှ အရည်ကို ဆက်လက်စုပ်ယူနိုင်လေသည်။ အကြောင်းမှာ ဘူးသီးခြောက်ထဲမှ အရည်က အခြေခံကို တိုးမြှင့်ပေးခြင်းသာ ဖြစ်သည်။
" ကမ္ဘာသစ်ပင်..." လင်းယွမ်က သူ၏ အတွင်းကမ္ဘာထဲရှိ မီတာတစ်ရာထိမြင့်မားလာသော ကမ္ဘာသစ်ပင်ကို တစ်ချက်ကြည့်လိုက်သည်။
ယေဘုယျအားဖြင့် ကမ္ဘာသစ်ပင်များ၏ ကြီးထွားမှုမှာ အလွန်နှေးကွေးပြီး နှစ်ပေါင်းများစွာကြာမှ မီတာတစ်ရာသို့ ရောက်ကြလေသည်။
သို့သော် လင်းယွမ်၏ အတွင်းကမ္ဘာက အလွန်ကြီးမားပြီး မူလရင်းမြစ်က ပေါများလှသည်။ ထိုအချိန်တွင် ကမ္ဘာသစ်ပင်၏ ကြီးထွားမှုအရှိန်က မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့သည်။ ကမ္ဘာသစ်ပင်ကို ဗဟိုပြု၍ မိုင်ဆယ်သန်းအတွင်းရှိ ကမ္ဘာစွမ်းအားများ၏ အရည်အသွေးက ထိုနေရာအပြင်မှ စွမ်းအားများထက် ပိုမိုမြင့်မားလေသည်။ ထိုအပြင် ထိုအတွင်းမှ လေဟာနယ်ကလည်း အပြင်ထက် ပိုမိုတည်ငြိမ်လှသည်။
" တကယ်ရတနာပဲ။" လင်းယွမ်က ပြုံးလိုက်သည်။
တစ်ခုတည်းသော စိတ်မကောင်းစရာမှာ သူ၏ အတွင်းကမ္ဘာက ကမ္ဘာသစ်ပင်အပြည့်အဝ လွှမ်းမိုးနိုင်ရန် အလွန်ကျယ်ပြောလှခြင်းဖြစ်သည်။ သို့သော် ကမ္ဘာသစ်ပင် ဆက်လက်ကြီးထွားနေလျှင် အတွင်းကမ္ဘာကို ဖုံးလွှမ်းနိုင်ပေလိမ့်မည်။
" ကမ္ဘာသစ်သီး " လင်းယွမ်က ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများမှ အသီးပုံသဏ္ဍန်များကို သတိပြုမိသွားသည်။
" ရင့်မှည့်ဖို့ အချိန်အကြာကြီး လိုသေးတယ်။ "
အချိန်များကုန်လွန်လာပြီး သုံးလေးနှစ်ကြာသွားခဲ့သည်။
နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် အာကာသယာဉ်တစ်စီး ချဉ်းကပ်လာသည်။ ထို့နောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဆင်းသက်လာကြသည်။
" တောင်ထိပ်သခင်က ငါတို့ကို ဘာလို့ခေါ်တာလဲမသိဘူး။ " ညာဘက်မှ အမျိုးသမီးက ပြောလိုက်သည်။ သူမက ဝူလန်ဖြစ်ပြီး ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းစပ်မှုတွင် လင်းယွမ်ခေါ်ယူခဲ့သော တပည့်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
" မကောင်းတဲ့ ကိစ္စတော့မဟုတ်လောက်ပါဘူး။ ငါတို့တောင်ထိပ်သခင်က နဂါးငွေ့တန်းကြယ်သခင်ပဲ။ သူက ကြယ်မဟာမိတ်မှာ ကျော်ကြာပြီး မျိုးနွယ်ခြားတွေနဲ့ စစ်မြေပြင်တွေက သူ့ကြောင့် ပြောင်းလဲသွားခဲ့တယ်။ " သူမ၏ ဘေးမှ မိုလီက စိတ်လှုပ်ရှားနေသည်။
သူတို့နှစ်ယောက်က ပင်မကြယ်ပေါ်သို့ ဆင်းသက်သွားကြသည်။